အခန်း (၅၆၆)
Vol. 41 Ch. 566
“မင်းရဲ့ လုပ်ပုံကိုင်ပုံအတိုင်းဆိုရင် သူ့ထက်ပိုပြီး စီးပွားရေးကောင်းတော့မှာပဲ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
ဓားစံအိမ်၏တပည့်များသည် စီးပွားရေးကို အမှန်တကယ်ဂရုမစိုက်ပေ။
သူတို့က အဓိကအားဖြင့် ဓားများစုဆောင်းပြီး ဓားစံအိမ်အတွက်လိုအပ်သည့်အရာကို သိမ်းဆည်းထားမည်ဖြစ်သည်။
ပစ္စည်းကောင်းများကို ရောင်းချမည်မဟုတ်သောကြောင့် စီးပွားရေးမကောင်းနိုင်ပေ။
ဓားသုံးသပ်ပေးသော စီးပွားရေးတွင် အလကားနေရင်းတံခါးလာခေါက်သောလူများ သိပ်မရှိပေ။
“ဆိုင်ရှင်ဟန်က ဒီကို ပထမဆုံးအကြိမ်ရောက်လာတာမဟုတ်လား။ ငါတို့က ဒီနေ့ည ဟိုဘက်ကစားသောက်ဆိုင်မှာ မင်းအတွက် ကြိုဆိုပွဲတစ်ခုလုပ်ပေးဖို့ စီစဉ်ထားတယ်”
ကျားဝူက ဟန်မူယဲ့ကို ပြုံးပြသည်။
“ငါတို့အားလုံးက အိမ်နီးချင်းတွေပဲမဟုတ်လား။ မင်းက ဒီမှာရှိနေရင် ငါတို့နဲ့ မကြာခဏ တွေ့နေရမှာပဲ”
ထိုအရာသည် အမှန်ပင်ဖြစ်သည်။
“ကောင်းပြီလေ။ ကျွန်တော်က ညရောက်ရင် သေချာပေါက် လာခဲ့ပါ့မယ်”
ဟန်မူယဲ့က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး ကျားဝူ၏ဆိုင်ထဲမှ ထွက်လာသည်။
ဟန်မူယဲ့က လက်ရေးလှစာနှင့် ပန်းချီကားများကို ပရိဘောဂဆိုင်သို့ ပို့လိုက်ပြီး ဘောင်အတွက်လိုအပ်ချက်များကို ရှင်းပြလိုက်သည်။ ထို့နောက် ဓားဆိုင်သို့ ပြန်လာခဲ့သည်။
ထိုလက်ရေးလှစာနှင့် ပန်းချီကားများကို ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဘောင်သွင်းမည်ဆိုလျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးသန်းချီ၍ ကုန်ကျလိမ့်မည်။
သို့သော် ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် အရာအားလုံး လုံလောက်သည်။
ပရိဘောဂဆိုင်ရှင်က ဟန်မူယဲ့၏ မင်ရည်စက်ပန်းချီကားကို ကြည့်လိုက်ပြီး အလှဆင်ပန်းချီကားများတချို့ကို မိတ်ဆက်ပေးလိုက်သေးသည်။
ထိုပန်းချီကားများသည် ဟန်မူယဲ့၏ မင်ရည်စက်ပန်းချီကားထက် အရောင်အသွေးပိုစုံသည်။
“ဆိုင်ရှင်၊ ဧည့်သည်နှစ်ယောက်က ဓားဝယ်ဖို့အတွက် ရောက်လာပါသေးတယ်။ သူတို့က ဈေးမေးတဲ့အချိန်မှာ ကျွန်တော်က သေချာမသိတာကြောင့် ဆိုင်ရှင်ပြန်လာတာကိုစောင့်ဖို့ ပြောထားပါတယ်”
ဟန်မူယဲ့က ဆိုင်သို့ပြန်ရောက်လာသောအခါတွင် ကျန့်တနျိုက လျင်မြန်စွာကြိုဆိုလိုက်ပြီး ဂရုတစိုက်ပြောသည်။
သူက စီးပွားရေးနှင့်ပတ်သတ်ပြီး ရဲတင်းမှုသိပ်မရှိသေးပေ။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“နောက်ကျ ငါမရှိတဲ့အချိန် ဧည့်သည်တွေလာရင် နာမည်ကတ်ချန်ထားဖို့ ပြောလိုက်ပါ။ အဲဒီလိုမလုပ်ချင်ဘူးဆိုရင်လည်း ငါပြန်လာသည်အထိ စောင့်ခိုင်းလိုက်ပါ”
မည်သို့ပင်ဖြစ်စေ သူက ဓားများရောင်းချရန် အလေးအနက်မထားပေ။ ဓားဝယ်ယူခြင်းနှင့်ပတ်သတ်၍ ဧည့်သည်များအပေါ်တွင်သာ မူတည်နေသည်။
သူက ထိုသို့တွေးလိုက်ပြီး သစ်သားစင်ပေါ်မှ စာလိပ်တစ်လိပ်ကို ဆွဲထုတ်သည်။ ထို့နောက် ဓားများ၏အချက်အလက်ကို ချရေးလိုက်သည်။
ဓား၏အရည်အသွေး၊ ပင်ကိုယ်လက္ခဏာနှင့် ဈေးနှုန်းတို့ ပါဝင်သည်။
သူက ဓားများကို အမှန်တကယ်မရောင်းချင်သောကြောင့် ဈေးနှုန်းကို ၃၀% တိုးထားလိုက်သည်။
လူသားအဆင့်လက်နက်အတွက် ဝိညာဉ်ကျောက်တုံးတစ်သောင်း ကုန်ကျမည်။
ဝိညာဉ်တစ်ဝက်အဆင့်ဓားရှည်များအတွက် ဝိညာဉ်ကျောက်တုံးငါးသောင်းဖြစ်သည်။
အဆင့်မြင့်ဝိညာဉ်လက်နက်အတွက် ဝိညာဉ်ကျောက်တုံး ရှစ်သိန်းဖြစ်သည်။
ကျန့်တနျိုက စာမတတ်သောကြောင့် ဟန်မူယဲ့က ဓားများ၏ဈေးနှုန်းကို အကြမ်းဖျင်းရှင်းပြလိုက်သည်။
လူတစ်ယောက်က ဓားဝယ်ချင်လျှင် ဈေးနှုန်းအတိုင်း ပေးချေရမည်။
သိန်းချီသောဝိညာဉ်ကျောက်တုံးအရေအတွက်ကြောင့် ကျန့်တနျိုက မျက်လုံးပြူးသွားသည်။
သူ့ခြေထောက်များက တုန်ခါနေသည်။
ပင်လယ်ထဲတွင် မည်သို့ပင် ရာသီဥတုဆိုးဝါးပြီး မုန်တိုင်းထန်နေပါစေ သူက ဤသို့ မစိုးရိမ်ဘူးပေ။
‘တန်ဖိုးသိပ်မရှိဘူးလို့ထင်နေတဲ့ဓားတွေက အရမ်းအဖိုးတန်တာလား’
သူက ဓားအတွက် ဝိညာဉ်ကျောက်တုံး သုံးတုံး၊ ငါးတုံးခန့် ဈေးပြောမည့်အချိန်ကို ပြန်တွေးမိသောအခါတွင် နောက်ကျောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားသည်။
ဟန်မူယဲ့က ညဘက်တွင် အပြင်ထွက်သွားပြီး ကျားဝူ၊ တခြားလူများနှင့်အတူ စားသောက်ဆိုင်တွင် သေရည်သောက်ခဲ့သည်။
ပြန့်ကျဲကြယ်ကျွန်းတွင် ပင်လယ်စာပေါကြွယ်ဝပြီး သေရည်ကောင်းများရှိသည်။
ဟန်မူယဲ့က ဗဟုသုတနှင့်ပြည့်စုံသောကြောင့် ဧည့်ခံပွဲလာသောဆိုင်ရှင်များက သူ့ကို အထင်ကြီးသွားကြသည်။
အထူးသဖြင့် သူက အာခီမီနှင့် လက်နက်သန့်စင်ခြင်းတွင် ကျွမ်းကျင်ပုံရသည်။ ထို့ကြောင့် အာခီမီဆိုင်ရှင်နှင့် လက်နက်ရုံဆိုင်ရှင်တို့က သူ့ကို အမြင်သစ်ဖြင့် ကြည့်လိုက်ကြသည်။
ဧည့်ခံပွဲပြီးသွားသောအခါတွင် ဆိုင်ရှင်အများအပြားက ဟန်မူယဲ့နှင့်အတူ သီးသန့်ဆွေးနွေးရန်အတွက် ဆွဲထားခဲ့သည်။
ဟန်မူယဲ့က ဖိတ်ခေါ်မှုတိုင်းကို သဘောတူခဲ့သည်။ ထို့နောက် သူက ညဉ့်နက်နေသောအချိန်တွင် ဆိုင်သို့ပြန်လာခဲ့သည်။
ညသန်းခေါင်အချိန်သို့ ရောက်နေပြီဖြစ်သောကြောင့် လမ်းပေါ်တွင် လူသိပ်မရှိတော့ပေ။
တော်ဝင်ရှုခင်းဓားဆိုင်နှင့် သိပ်မဝေးသောနေရာမှတစ်ဆင့် ဆိုင်ရှေ့တွင်ရှိသော ကျောက်လှေကားပေါ်တွင်ထိုင်နေသည့် ကျန့်တနျိုကို လှမ်းမြင်နိုင်သည်။ ဆိုင်တံခါးကို စေ့ထားသည်။
“တာအိုရောင်းရင်း၊ မင်းက ငါ့နောက်ကို လမ်းတစ်ဝက်ကြာသည်အထိ လိုက်လာခဲ့ပြီးပြီ။ ငါနဲ့အတူ ဆိုင်ထဲကို လိုက်ချင်လို့လား”
ဟန်မူယဲ့က လမ်းပေါ်တွင်ရပ်လိုက်ပြီး ရုတ်တရက် စကားပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါ အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က နောက်ကျောဘက် ပေသုံးဆယ်အကွာတွင် ပေါ်လာသည်။
“ဓားကျင့်ကြံသူတစ်ယောက်က ဒီနေရာမှာ စုတ်ပြတ်နေတဲ့ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့အတွက် ငါက သိချင်ရုံပါပဲ”
“ဒါပေမဲ့ ငါက ဓားကျင့်ကြံသူတွေကိုသတ်ရတာ အကြိုက်ဆုံးပဲ”
“ဘာလို့လဲဆိုတော့ ငါကလည်း ....”
လူငယ်က စကားမဆုံးခင် လက်ထဲတွင်ရှိသော ပေါ့ပါးသည့်ဓားတစ်လက်ဖြင့် ဟန်မူယဲ့၏နောက်ကျောကို ထိုးချလိုက်သည်။
ဓားက ဟန်မူယဲ့နှင့် ပေသုံးဆယ်အကွာမှ သုံးပေအကွာသို့ ချက်ချင်းရောက်လာသည်။
သို့သော် သုံးပေသည် ဓား၏အကန့်အသတ် ဖြစ်ပုံရသည်။
လူငယ်က မျက်လုံးပြူးသွားပြီး ဓားကိုကြည့်သည်။ သူက နောက်ထပ်သုံးပေ ထပ်တိုးလိုက်သည်။ သို့သော် ဟန်မူယဲ့၏နောက်ကျောကို မထိုးဖောက်နိုင်ခဲ့ပေ။
“ဒါ ဒါက လေဟာနယ်စွမ်းအားလား”
လူငယ်၏မျက်နှာက ဖြူဖျော့နေသည်။ သူက ဓားကို တင်းကျပ်စွာဆုပ်ကိုင်ပြီး ရှေ့ဆက်တိုးလာသည်။
“ခလွမ် ....”
ဓားရှည်တစ်လက် ရုတ်တရက်ပေါ်ထွက်လာပြီး သူ့လက်ထဲတွင်ရှိသောဓားကို လွင့်ထွက်သွားစေသည်။
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး ဓားကိုဆုပ်ကိုင်၍ ချီစွမ်းအင်နှင့်ဓားချီများကို ထည့်သွင်းလိုက်သည်။
သူ့စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
“မင်းက အသက်ခိုးယူခြင်းမျှော်စင်ကလား”
ဓားဆုံးရှုံးသွားသောလူငယ်၏မျက်နှာက ဖြူဖျော့နေသည်။ သူက ဟန်မူယဲ့၏လက်ထဲတွင်ရှိနေသော သူ့ဓားကိုကြည့်လိုက်ပြီး စကားမပြောခဲ့ပေ။
တစ်ဖက်လူက သူ့ဓားကို တစ်ချက်တည်း ဆွဲယူသွားခဲ့သည်။ အသက်ခိုးယူခြင်းမျှော်စင်၏စည်းကမ်းများအရ သူက သေဆုံးသည်အထိ တိုက်ခိုက်ရမည်။
သို့သော် ထိုကျင့်ကြံသူမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူအသက်စွန့်မည်ဆိုလျှင်ပင် အသုံးမဝင်ပေ။
‘ဒီလိုကျွမ်းကျင်သူမျိုးကို ဝိညာဉ်ပုလဲလုံးသုံးရာနဲ့ သတ်လို့ရတာလား’
ဟန်မူယဲ့က ဓားပါးလေးမှတစ်ဆင့် လူငယ်၏နောက်ခံကို မြင်ခဲ့ရသည်။ အသက်ခိုးယူခြင်းမျှော်စင်၏ လုပ်ကြံသတ်ဖြတ်ရေးသမား လေ့ကျင့်မှုများကိုလည်း မြင်ခဲ့ရသည်။ ထို့အပြင် လူတစ်ယောက်က သူ့အသက်အတွက် တန်ဖိုးတစ်ခုပေးချေခဲ့ကြောင်း သိလိုက်ရသည်။
သူက ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် နှစ်ရက်ခန့်သာ နေထိုင်ရသေးသည်။ သူနှင့်ရန်စရှိသောလူများသည် ကျူးဝူရှစ်နှင့် ဇူအော်ထျန်းယာတို့ ဖြစ်သည်။
“ငါ့အသက်က ဝိညာဉ်ပုလဲလုံး ဘယ်လောက်တန်တာလဲ”
ဟန်မူယဲ့က လူငယ်ကို စနောက်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။
လူငယ်၏နာမည်က ရှောက်ထျန်းရီဖြစ်သည်။ သူက အသက်ခိုးယူခြင်းမျှော်စင်၏ မျိုးဆက်တူများထဲတွင် လက်ရွေးစင်တစ်ယောက်အဖြစ် ယူဆနိုင်သည်။
အိမ်တော်ထန်းက သူ့ကို တာဝန်ပေးခဲ့သည်။ သူက ထိုလူငယ်ကို တန်ဖိုးထားပုံပေါ်သည်။
“ဝိညာဉ်ပုလဲလုံး သုံး .... သုံးရာပါ”
ရှောက်ထျန်းရီက ပြောလိုက်ပြီး သူနှင့်အတူယူလာသော ကျောက်စိမ်းသေတ္တာကို ထုတ်ပေးသည်။
ဟန်မူယဲ့က ပြုံးသည်။
‘ကပ်စေးနှဲလိုက်တာ’
‘ငါ့လိုမျိုး မဟာကျင့်ကြံသူကြီးတစ်ယောက်ရဲ့အသက်က ဝိညာဉ်ပုလဲလုံးသုံးရာပဲ တန်တာလား’
သို့သော် တွေးကြည့်လိုက်လျှင် ကြားထဲတွင် ဖြတ်ခုတ်သွားမည့်လူ ရှိနေလိမ့်မည်။
သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အံ့ဖွယ်ကိုးပါးတောင်တွင် ဆေးလုံးသန့်စင်ခဲ့သောအချိန်၌ မတူညီသောဈေးနှုန်းများရခဲ့ကြောင်း ပြန်တွေးမိသည်။ ဟန်မူယဲ့က ရှောက်ထျန်းရီကို ကရုဏာသက်စွာကြည့်သည်။
‘သူကလည်း ခေါင်းပုံဖြတ်ခံလိုက်ရတာပဲ’
“မင်းကိုမသတ်ဖို့ အကြောင်းပြချက်တစ်ခုပေး”
ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားပါးလေးနှင့် ညွှန်ပြသည်။
သတ်ဖြတ်လိုစိတ်များက ရှောက်ထျန်းရီကို ချက်ချင်းလွှမ်းခြုံသွားသည်။
ရှောက်ထျန်းရီ၏လက်များက တုန်ခါနေပြီး အံတင်းတင်းကြိတ်ထားသည်။
သူ့အသက်သည် သူပြောလိုက်သောစကားအပေါ်တွင် မူတည်နေမည်။
မကောင်းမှုများလုပ်နေသောလူက အဖမ်းခံလိုက်ရပြီး နေရာတွင်သေဆုံးသွားမည်ဆိုလျှင်ပင် ဂရုစိုက်မည့်လူမရှိပေ။
အသက်ခိုးယူခြင်းမျှော်စင်က အလောင်းလာသိမ်းမည်မဟုတ်သလို လက်စားချေပေးမည်လည်း မဟုတ်ပေ။
သေဆုံးသွားသောလူအပေါ်တွင် မည်သူက အားထုတ်နေမည်နည်း။
သူ့ရှေ့တွင်ရှိသော မဟာကျင့်ကြံသူကြီးအတွက် သူ့အသက်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သည်။
သူက ရှင်သန်ချင်လျှင် ....
“ကျွန်တော်မသေရင် အသက်ခိုးယူခြင်းမျှော်စင်ရဲ့လူတွေက ခင်ဗျားကိုလာသတ်မှာမဟုတ်ဘူး”
ရှောက်ထျန်းရီက ဟန်မူယဲ့ကိုစိုက်ကြည့်နေပြီး အံတင်းတင်းကြိတ်ထားသည်။
သူက လောင်းကြေးထပ်နေသည်။
မဟာကျင့်ကြံသူတစ်ယောက်ဖြစ်သောဟန်မူယဲ့က ပိုးစုန်းကြူးကျွန်းတွင် ဆိုင်တစ်ဆိုင်ဖွင့်ထားသည့်အတွက် ပြဿနာများကို မလိုချင်လောက်ပေ။
အသက်ခိုးယူခြင်းမျှော်စင်သည် နန်းတော်သုံးခုနှင့် စံအိမ်ခုနစ်ခုတွင် တည်ရှိနေသည်။ ယနေ့တွင် ရှောက်ထျန်းရီသေဆုံးသွားခဲ့လျှင် တခြားလုပ်ကြံသူများ ရောက်လာလိမ့်မည်။
ရှောက်ထျန်းရီမသေလျှင် အနည်းဆုံး တစ်နှစ်ကြာသည်အထိ တခြားလူများ ရောက်လာမည်မဟုတ်ပေ။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားဆန္ဒသည် ရှောက်ထျန်းရီ၏နှလုံးသားကို ထိုးဖောက်လုနီးပါး သိပ်သည်းလာသည်။
အေးစက်နေသောစွမ်းအားသည် ရှောက်ထျန်းရီ၏ခြေလက်များကို ထုံထိုင်းသွားစေသည်။
သူက မျက်လုံးမှိတ်ထားပြီး ဓားထိုးခံရမည့်အချိန်ကို စောင့်နေလိုက်သည်။
‘လုပ်ကြံသူတစ်ယောက်ရဲ့အဆုံးသတ်က ဒီလိုပဲလား’
“ခလွမ် ....”
ဓားသိမ်းလိုက်သောအသံကို ကြားနိုင်သည်။
ရှောက်ထျန်းရီက တုန်ခါသွားသောလက်ကို ခံစားမိသည်။ သူက မျက်လုံးပြန်ဖွင့်လိုက်သောအခါ ဟန်မူယဲ့က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ပေးခဲ့ကြောင်း မြင်လိုက်ရသည်။
တော်ဝင်ရှုခင်းဓားဆိုင်သို့ ဆက်လျှောက်သွားသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရှောက်ထျန်းရီက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ သူက နဖူးတွင်ရှိသောချွေးများကို သုတ်လိုက်သည်။
‘ငါကလည်း သေရမှာကြောက်တာပဲလား’
သူက တော်ဝင်ရှုခင်းဓားဆိုင်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုညှစ်ထုတ်၍ ဖြည်းဖြည်းချင်း ဆက်လျှောက်သွားသည်။
ကျန့်တနျိုက တံခါးပိတ်တော့မည့်အချိန်တွင် ရှောက်ထျန်းရီက သူ့ကို တားလိုက်သည်။
“ကျွန်တော်တို့ ဆိုင်ပိတ်ပါပြီ။ ဓားဝယ်ချင်တယ်ဆိုရင် ....”
ကျန့်တနျို၏စကားမဆုံးခင် ရှောက်ထျန်းရီက ညင်သာစွာပြောသည်။
“ညီအစ်ကို၊ ငါက ဆိုင်ရှင်ရဲ့ အလုပ်သမားအသစ်ပါ”
‘အလုပ်သမားအသစ်လား’
‘ဒီလက်တစ်ဝါးစာလောက်ရှိတဲ့ဆိုင်မှာ အလုပ်သမားနှစ်ယောက်လိုတာလား’
ကျန့်တနျိုက အလုပ်တွင် အမှားလုပ်မိတော့မည်ဖြစ်ကြောင်း ပြန်တွေးမိသည်။ သူက စာမတတ်ဘဲ လောကကိုလည်း မမြင်ဘူးချေ။ သူက ကျင့်ကြံသူတစ်ယောက်လည်း မဟုတ်ပေ။ သူ့နှလုံးသားက ရှုပ်ထွေးသွားသည်။
‘ငါက အလုပ်ထုတ်ခံရတော့မှာလား’
သူအသိဝင်လာသောအချိန်တွင် ရှောက်ထျန်းရီက ဆိုင်ထဲသို့တိုးဝင်လာပြီး တံခါးပိတ်လိုက်သည်။
“ညီအစ်ကို၊ ငါ့နာမည်က ရှောက်ထျန်းရီပါ။ နောက်ကျရင် အတူတူပူးပေါင်းကြတာပေါ့”
ရှောက်ထျန်းရီက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အိပ်ယာခင်းကို မြင်လိုက်ရသည်။
ကျန့်တနျိုက ခေါင်းကုတ်လိုက်ပြီး ရေရွတ်သည်။
“ငါဟောက်ရင် အပြစ်မတင်နဲ့နော် ....”
ဓားဆိုင်၏ဒုတိယထပ်တွင် ဟန်မူယဲ့က နတ်အာရုံကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး လက်မြှောက်၍ ဝင်္ကပါပြားကို အသက်သွင်းလိုက်သည်။ ထို့နောက် သူက တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်။
ရှောက်ထျန်းရီက အတော်လေးဉာဏ်ကောင်းသည်။ သူက ဆိုင်ကိုစောင့်ရှောက်ပေးပြီး အသက်ခိုးယူခြင်းမျှော်စင်မှ လူများထပ်လွှတ်မည်ကို တားဆီးထားသည်။
ဝင်္ကပါပြားသည် ရွှေရောင်အလင်းလွှာကို ထုတ်ပေးလိုက်သည်။ ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ လှုပ်ရှားလာသည်။
သူက ကောင်းကင်အဆင့်နှင့် သိပ်မဝေးတော့ပေ။ သို့သော် သူ၏စုဆောင်းမှုများသည် လုံလောက်စွာ နက်ရှိုင်းမှုမရှိသေးပေ။