← Chapters

အခန်း (၅၇၃)

Vol. 41 Ch. 573

အခန်း (၅၇၃)

Vol. 41 Ch. 573

လေတောအုပ်ဓားဖိုအကြောင်းကို တွေးမိသောအခါတွင် ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သူ့ရှေ့တွင် ဓားဆယ်လက်ကျော် ပေါ်လာသည်။

သူက ဓားတစ်လက်ပေါ်တွင် လက်တင်လိုက်သည်။

ချီစွမ်းအင်အလင်းများ ဖြတ်ပြေးသွားပြီး ဓားချီများ လှုပ်ရှားနေသည်။ သူ့စိတ်ထဲတွင် မြင်ကွင်းများပေါ်လာသည်။

ထိုဓားကို မိန်းကလေးယု၊ ယုချင်းကျူးဆီမှ ရလာခဲ့သည်။ သို့သော် လေတောအုပ်ဓားဖို၏လက်ရာ မဟုတ်ပေ။

ဓားပိုင်ရှင်သည် ဓားတာအိုကျင့်ကြံခြင်း တိုးတက်သောနေရာမှ ရောက်လာခဲ့သည်။ သူက ဓားအများအပြားပိုင်ဆိုင်ထားပြီး လေတောအုပ်ဓားဖိုသို့ ရောက်လာသောအခါတွင် ဓားအချို့ကို သာမန်ကာလျှံကာပေးခဲ့သည်။ ယုချင်းကျူးကလည်း ဓားတစ်လက်ရခဲ့သည်။

ဓား၏မှတ်ဉာဏ်ထဲတွင် အမျိုးမျိုးသော သန့်စင်ခြင်းနည်းနစ်များနှင့် စိမ်းလန်းခြင်းနယ်မြေ၏မြင်ကွင်းများ ပါနေသည်။

စိမ်းလန်းခြင်းနယ်မြေတွင် ဓားကျင့်ကြံသူများသည် လေးစားခံရသည်။ ထိုအဓိကကမ္ဘာကြီးတွင် မရေမတွက်နိုင်လောက်သော ဓားကျင့်ကြံသူများ ရှိနေသည်။ ဓားတာအိုနှင့်ပတ်သတ်၍ သူတော်စင်ဖြစ်လာသော မဟာကျင့်ကြံသူကြီးများလည်း ရှိသည်။

ထိုဓားသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးနှင့် မယှဉ်နိုင်သော်လည်း ကိုယ်ပိုင်ထူးခြားချက်များရှိသည်။

ဓား၏မှတ်ဉာဏ်များအရ စိမ်းလန်းခြင်းနယ်မြေသို့ရောက်လာသော အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဓားကျင့်ကြံသူများ ရှိနေသည်။

ဟန်မူယဲ့က ထိုအကြောင်းကို ဂရုမစိုက်ပေ။

သို့သော် သူ၏ နတ်ဘုရားသားရဲပါ့ရှားကိုယ်ပွားက စိမ်းလန်းခြင်းနယ်မြေနှင့် သိပ်မဝေးသောနေရာတွင် ရှိနေသည်။

အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။

တာအိုပြိုင်ပွဲသည် နှစ်တစ်ရာကြာလိမ့်မည်။ ကိုယ်ပွားက နှစ်တစ်ရာအတွင်း၌ပြန်လာနိုင်လျှင် အဆင်ပြေသည်။

သူက ထိုကမ္ဘာသို့ ရောက်သွားလျှင် ဓားများစုဆောင်းပြီး ဓားစံအိမ်၏ခွန်အားကို တိုးမြှင့်ခြင်းနှင့် ကိုယ်ပိုင်ဓားတာအိုသုံးသပ်မှုတို့တွင် အကျိုးရှိလိမ့်မည်။

သူက ဓားကျင့်ကြံသူများကိုငှားရမ်းပြီး ကိုယ်ပိုင်အင်အားစုတစ်ခုကိုလည်း တည်ထောင်နိုင်သည်။

စိမ်းလန်းခြင်းနယ်မြေတွင် ဓားကျင့်ကြံသူများကို ငှားရမ်းနိုင်သည်။

လွတ်လပ်သောဓားကျင့်ကြံသူများက ဓားတာအိုတွင်တိုးတက်ရန် ကြိုးစားနေကြသည်။ သူတို့၏အမွေအနှစ်နှင့် အဖွဲ့အစည်းသည် တင်းကျပ်မှုမရှိဘဲ အကျိုးအမြတ်များရရှိမှ လှုပ်ရှားကြသည်။

သူက စိမ်းလမ်းခြင်းနယ်မြေသို့ရောက်သွားပြီး ဓားကျင့်ကြံသူများနှင့် အင်အားစုတစ်ခုတည်ထောင်လိုက်လျှင် အံ့အားသင့်စရာတစ်ခု ရှိလာလိမ့်မည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ သူ့ဝိညာဉ်စွမ်းအားက လှုပ်ရှားသွားသည်။

အာကာသထဲတွင်ပျံသန်းနေသော နတ်ဘုရားသားရဲပါ့ရှားက မျက်လုံးဖွင့်လိုက်သည်။ ခန္ဓာကိုယ်တွင်ရှိသော သွေးချီများက ချက်ချင်းလှုပ်ရှားလာသည်။

ပတ်ဝန်းကျင်တွင်စောင့်ကြည့်နေသော သန္ဓေပြောင်းသားရဲများက တုန်ခါနေပြီး လဲကျသွားကြသည်။

သွေးမျိုးဆက်စွမ်းအားကွာခြားမှုသည် မိစ္ဆာမျိုးနွယ်၏ ထူးခြားချက်ဖြစ်သည်။

နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်က ပေတစ်ထောင်ခန့်အထိ ကျုံ့ဝင်သွားသည်။ သာမန် ကောင်းကင်ဘုံတစ်ဝက်အဆင့်သားရဲ၏ အရွယ်အစားသို့ ရောက်လာ‌သောအခါတွင် ရပ်တန့်သွားသည်။

ပေတစ်ထောင်ကြီးမားသော လိပ်၏ခန္ဓာကိုယ်သည် ကြမ်းတမ်းပုံမရဘဲ သာမန်လိပ်တစ်ကောင်နှင့် ကွာခြားမှုမရှိတော့ပေ။

ဟန်မူယဲ့၏ဝိညာဉ်ကိုယ်ပွားက ချီစွမ်းအင်များကိုထုတ်လွှတ်၍ လိပ်၏ကျောပေါ်တွင် ရှိနေသည်။

ကျင်းခွန်း၏ အလင်းကျောက်စိမ်းသစ်သီးသည် အလွန်အကျိုးရှိသည်။ ဟန်မူယဲ့၏ဝိညာဉ်ကိုယ်ပွားက ဖြည်းဖြည်းချင်းစုစည်းလာပြီး သာမန်ခန္ဓာကိုယ်တစ်ခုနှင့် ကွာခြားမှုမရှိတော့ပေ။

သူ့နောက်တွင် ရွှေရောင်ဓားစံအိမ်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

စိမ်းလန်းခြင်းနယ်မြေသို့ ဓားစံအိမ်၏တပည့်တစ်ယောက်အနေဖြင့် မသွားလျှင် ပိုကောင်းလိမ့်မည်။

သူ့ခန္ဓာကိုယ် သိပ်သည်းလာသောအခါတွင် ဓားစံအိမ်က အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်ရောက်သွားသည်။ ဧရာမလိပ်ကြီးက ခြေလေးဖက်ကိုလှုပ်ရှား၍ ရှေ့တွင်ရှိသော တောက်ပနေသည့်ကမ္ဘာသို့ ဦးတည်လိုက်သည်။

ဤနေရာသည် စိမ်းလန်းခြင်းနယ်မြေ၏ အစွန်အဖျားဖြစ်သည်။ လမ်းတစ်လျှောက်တွင် ဓားပျံစီးနင်းလာသော ဓားကျင့်ကြံသူများကို မြင်နိုင်သည်။

ဟန်မူယဲ့က တော်ဝင်ရှုခင်းဓားဆိုင်၏ ဒုတိယထပ်တွင် ကျင့်ကြံနေပြီး ရှောက်ထျန်းရီက ညဘက်တွင် ပြန်လာခဲ့သည်။

သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေသော်လည်း မျက်လုံးများက ပိုမိုတောက်ပလာသည်။

ကျန့်တနျိုက စိုးရိမ်စိတ်များနှင့်အတူ လျှောက်လာသည်။ ရှောက်ထျန်းရီက ကျန့်တနျို၏ပခုံးကို ပုတ်ပေးလိုက်သည်။ သူက အပြုံးတစ်ခုနှင့်အတူ ဓားစာလိပ်၏ရှေ့သို့သွားပြီး ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။

“ညီအစ်ကိုရှောက်၊ အဆင်ပြေရဲ့လား။ ဒီလက်ရေးလှစာက ဘာထူးခြားလို့လဲ”

ကျန့်တနျိုက ရှောက်ထျန်းရီအပြင်ထွက်သွားသောအကြောင်းကို မေးချင်သည်။ ထို့အပြင် သူကြုံတွေ့ခဲ့ရသောအကြောင်းကိုပြောပြ၍ အကြံတောင်းချင်သည်။

သို့သော် ရှောက်ထျန်းရီ၏ပုံစံကို မြင်လိုက်ရသောအခါတွင် သူက မနေနိုင်တော့ဘဲ နားမလည်နိုင်ဖြစ်သွားသည်။

“ဒီစာလုံးက ဘာလဲ”

ရှောက်ထျန်းရီက နောက်သို့လှည့်မကြည့်ဘဲ စာလိပ်ကိုသာ ကြည့်နေသည်။

“ဒီစာလုံးကို ငါသိတယ်။ ဓားလို့ရေးထားတာမဟုတ်လား။ အပြင်ဘက်ဆိုင်းဘုတ်ကစာလုံးထက် ပိုကြည့်ကောင်းတယ်”

ကျန့်တနျိုက ရေရွတ်လိုက်သည်။

“ဟားဟား၊ မင်းက ဓားစာလုံးကိုမြင်ပေမဲ့ ငါက ငါ့ဘဝကို မြင်တယ် ....”

ရှောက်ထျန်းရီက ရယ်လိုက်ပြီး သစ်သားစင်ကိုမှီ၍ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သည်။

သူက အဆုံးမဲ့ပင်လယ်၏တိုက်ပွဲကို ပြန်မြင်ယောင်မိသည်။

သူနှင့်အဆင့်တူ လုပ်ကြံသူများသည် သူ၏ ဓားကွက်ကို နှစ်ကွက်သုံးကွက်ထက်ပို၍ မခုခံနိုင်ပေ။

သူက ဂိုဏ်းခွဲမှူးအဆင့်ကျွမ်းကျင်သူကိုပင် အနိုင်ရခဲ့သည်။

သူက ဓားစာလုံးကို မြင်ယောင်နိုင်‌သောကြောင့် အသက်ရှင်လျက် ပြန်ရောက်လာခဲ့သည်။

ထိုစာလုံးက သူ၏ဘဝမဟုတ်လျှင် တခြားအရာမရှိတော့ပေ။

ရှောက်ထျန်းရီက မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် အလင်းများဖြင့် တောက်ပနေသည်။

သူက ဓားတာအို၏အမှန်တရားကို ဆက်လက်ရှာဖွေရမည်။ ထိုသို့မလုပ်နိုင်လျှင် နောက်တစ်ကြိမ်တွင် ရှင်သန်နိုင်မည်မဟုတ်ပေ။

ကျန့်တနျိုက လက်ရေးလှစာနှင့်ပန်းချီကားများကို လေ့လာနေသော ရှောက်ထျန်းရီနှင့် ဒုတိယထပ်ကို ကြည့်လိုက်သည်။ သူက လမ်းပျောက်နေသည်။

‘ဒါက ကျင့်ကြံခြင်းလောကလား’

သူက ထိုလောကနှင့် ပေါင်းစပ်နေပြီဟု တွေးမိခဲ့သော်လည်း ထိုသို့မဟုတ်သေးကြောင်း နားလည်လိုက်သည်။

သူက တစ်ဖက်သို့လှည့်ထွက်သွားပြီး သော့၏ချီစွမ်းအင်အလင်းဖြင့် တံခါးပိတ်လိုက်သည်။ ထို့နောက် စားပွဲခုံဘေးသို့လျှောက်လာပြီး သူလေ့ကျင့်ခဲ့သော လက်သီးထိုးနည်းစနစ်အတိုင်း လေ့ကျင့်လိုက်သည်။

သူကလည်း ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ချင်သည်။

သုံးရက်အကြာတွင် ဟန်မူယဲ့က သီးသန့်ကျင့်ကြံရာမှ ပြန်ထွက်လာပြီး ရှောက်ထျန်းရီနှင့်ကျန့်တနျိုကို ဆိုင်စောင့်ရန် တာဝန်ပေးခဲ့သည်။ ထို့နောက် သူက အပြင်ထွက်သွားသည်။

အပြင်ဘက်တွင် ကျားဝူ၊ ရှန်းဖူကွေ့နှင့် တခြားလူများ ရှိနေသည်။

“ဆိုင်ရှင်ဟန်၊ ဒီနေ့ ဓားအကဲဖြတ်ပွဲမှာ မင်းကို အားပေးနေမယ်”

ရှန်းဖူကွေ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဟုတ်တယ်။ ငါတို့ ယွီလန်လမ်းမှာ မင်းရဲ့ဓားဆိုင်ပဲရှိတယ်။ ဓားအကဲဖြတ်ပွဲက ငါတို့ရဲ့ဂုဏ်သတင်းကို လျော့နည်းသွားစေမှာမဟုတ်ဘူး”

မီးခိုးရောင်ပိုးထည်ဝတ်စုံနှင့် ခပ်ဝဝလူအိုကြီးက ကျယ်လောင်စွာပြောလိုက်ပြီး ဝမ်းဗိုက်ကို ပွတ်သပ်သည်။

ကျားဝူနှင့်ရှန်းဖူကွေ့က ဓားအကဲဖြတ်ပွဲအကြောင်းကို တမင်သက်သက် ထုတ်မပြောခဲ့သော်လည်း ဟန်မူယဲ့၏နည်းစနစ်များကို ထုတ်ပြောခဲ့သည်။

လေတောအုပ်ဓားဖိုကို အနိုင်ရခဲ့သည့်အတွက် ဂုဏ်ယူသင့်သည်။

ထို့အပြင် ကျားဝူနှင့်ရှန်းဖူကွေ့က တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေးခဲ့သည်။ ထို့ကြောင့် ကြွားဝါနိုင်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လူတိုင်းကိုနှုတ်ဆက်သည်။ ထို့နောက် ဓားအကဲဖြတ်ပွဲရှိရာသို့ ဦးတည်လိုက်သည်။

မြို့သည် သိပ်မကြီးပေ။ သူတို့ နာရီဝက်အတွင်း၌ သက်ဝင်လှုပ်ရှားနေသောအဆောက်အအုံတစ်ခုသို့ ရောက်လာသည်။

“ပိုးစုန်းကြူးကျွန်းပေါ်မှာ ဒီမူယန်ခန်းဆောင်က အဆင့်အမြင့်ဆုံးဖြစ်လိမ့်မယ်”

ရှန်းဖူကွေ့က ခန်းဆောင်၏ရှေ့တွင်ရှိသောလူအုပ်ကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။

“မူယန်ခန်းဆောင်က အဆုံးမဲ့ပင်လယ်နဲ့ပတ်သတ်နေတယ်လို့ ပြောကြတယ်”

ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်အကြောင်းကို ပိုသိလာရသည်။

အဆုံးမဲ့ပင်လယ်တွင် မရေမတွက်နိုင်လောက်သော နတ်ဘုရားဘုရင်များသည် တာအိုရရှိခဲ့ကြသည်။ အဆုံးမဲ့ပင်လယ်၏စွမ်းအားသည် အကန့်အသတ်မရှိပေ။ ထို့ကြောင့် အဆုံးမဲ့ပင်လယ်ဟု ခေါ်ဆိုကြသည်။

အဆုံးမဲ့ပင်လယ်က အရာအားလုံးကို ဖိနှိပ်နိုင်သောကြောင့် အဆုံးမဲ့ပင်လယ်၏ ဝိညာဉ်သတ္တုများသည် တူညီသောဂုဏ်သတ္တိကို ပိုင်ဆိုင်ထားသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်များ၏ လက်အောက်တွင်ရှိသော အင်အားစုများသည် ထိုဝိညာဉ်သတ္တုများကိုရောင်းချပြီး စီးပွားရှာကြသည်။

ထို့ကြောင့် ပြန်ကျဲကြယ်ကျွန်းများကို တည်ထောင်ခဲ့သည်။

ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် အကြီးမားဆုံးနှင့် အမြတ်အရဆုံးစီးပွားရေးများသည် အဆုံးမဲ့ပင်လယ်မှ အင်အားစုများ၏လက်ထဲတွင် ရှိနေသည်။

သူတို့က မူယန်ခန်းဆောင်၏တံခါးဝသို့ ရောက်လာကြသည်။ အစေခံတစ်ယောက်ထွက်လာပြီး သူတို့၏ဖိတ်စာများကို စစ်ဆေးကြည့်လိုက်သည်။

ဖိတ်စာမရှိလျှင် အထဲသို့ဝင်ရန် ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးရမည်။

သို့သော် ဟန်မူယဲ့၏ဖိတ်စာသည် သိပ်မတူပေ။ သူက ဓားအကဲဖြတ်ပွဲတွင် ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ခံရသောကြောင့် ကျားဝူနှင့်တခြားလူများကိုလည်း ခေါ်သွားနိုင်သည်။

ထိုသို့မဟုတ်လျှင် သူတို့အားလုံးပေါင်း ဝိညာဉ်ကျောက်တုံးတစ်ထောင်ခန့် ပေးရလိမ့်မည်။

‘ဒီစီးပွားရေးက အရမ်းအမြတ်ရမှာပဲ’

သူတို့က အစေခံ၏နောက်မှလိုက်၍ ခန်းဆောင်ထဲသို့ ဝင်သွားသည်။ ခန်းဆောင်၏ အလှဆင်ပစ္စည်းများသည် ရိုးရှင်းသော်လည်း အဆင့်မြင့်သည်။

အလှသစ်ပင်အဖြစ်ချထားသော သွေးကျောက်စိမ်းသန္တာသစ်ပင်ကပင် ဝိညာဉ်ကျောက်တုံးဆယ်သန်းခန့် တန်ဖိုးရှိသည်။

ဟန်မူယဲ့က ဓားအကဲဖြတ်စင်မြင်ဆီသို့ သွားလိုက်ပြီး ကျားဝူနှင့်တခြားလူများက ပရိသတ်ထိုင်ခုံသို့ သွားလိုက်သည်။

ဟန်မူယဲ့က အစေခံ၏နောက်မှတစ်ဆင့် စင်ရှေ့သို့ ရောက်သွားသောအချိန်တွင် ဖြောင့်မတ်စွာထိုင်နေသော ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို မြင်လိုက်ရသည်။

“ဟီးဟီး၊ မိတ်ဆွေလေးဟန် ....”

စင်မြင့်ပေါ်တွင်ရှိနေသော ရှုချွမ်ဟန်က ရယ်လိုက်ပြီး ဟန်မူယဲ့ကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်သည်။ ထို့နောက် ပြောလိုက်သည်။

“မင်းက ဒီနေ့ မလာတော့ဘူးလို့ ထင်နေတာ ...”

‘ဒါက တမင်သက်သက် ရန်စနေတာလား’

ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ တည်ငြိမ်စွာပြောလိုက်သည်။

“ဒါက စိတ်ဝင်စားဖို့မကောင်းပေမဲ့ လာကြည့်သင့်တယ်လို့ ထင်မိတယ်”

စင်ပေါ်တွင် ဖြောင့်မတ်စွာထိုင်နေသော ကျင့်ကြံသူများက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

စင်အောက်တွင်ထိုင်နေသော ကျင့်ကြံသူများကလည်း ဟန်မူယဲ့နှင့် ရှုချွမ်ဟယ်ကို ကြည့်သည်။

သူတို့က ဟန်မူယဲ့ကို မသိပေ။ သို့သော် ရှုချွမ်ဟယ်က ဓားဆိုင်လောကတွင် နာမည်ကြီးသည်။

‘သူက တကယ်ပဲ ရှုချွမ်ဟယ်နဲ့ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိနေတာလား။ ဒါမှမဟုတ် မောက်မာနေတဲ့ လူသစ်လေးတစ်ယောက်ပဲလား’

သူတို့က တွေးမိသည်။

“ဟားဟား၊ ဒါက ယွီလန်လမ်းရဲ့ တော်ဝင်ရှုခင်းဓားဆိုင်က ဆိုင်ရှင်ဟန်ပဲ”

ရှုချွမ်ဟယ်က ဟန်မူယဲ့ကိုညွှန်ပြလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ကျယ်လောင်စွာပြောသည်။

“ဆိုင်ရှင်ဟန်ရဲ့လက်ရေးစာက တကယ်ထူးခြားတယ်”

‘လက်ရေးစာလား’

‘ဓားရောင်းတဲ့လူတစ်ယောက်ရဲ့ လက်ရေးစာနဲ့ပန်းချီကားက ထူးခြားတယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ’

သူတို့၏နောက်တွင် လူတစ်ယောက် ခပ်ဟဟရယ်လိုက်သည်။

စင်အောက်တွင်လည်း လူတချို့က ရယ်နေသည်။

ဟန်မူယဲ့က ရှုချွမ်ဟယ်နှင့် အငြင်းမပွားတော့ဘဲ ထိုင်ခုံလွတ်တွင် ထိုင်လိုက်သည်။

ရှုချွမ်ဟယ်က ကောင်းကင်အဆင့်တွင်ရှိနေသည်။ သူက ဓားအကဲဖြတ်ပွဲနှင့် ဓားဆိုင်များကို ဂရုစိုက်မည်မဟုတ်ပေ။

သူက ဓားဆိုင်ရှင်တစ်ယောက်အဖြစ် ပြုမူနေခြင်းသာဖြစ်သည်။

ဟန်မူယဲ့က ထိုင်ချလိုက်သောအခါတွင် ရှုချွမ်ဟယ်က စင်ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အရပ်မျက်နှာတိုင်းကို နှုတ်ဆက်သည်။

“ပိုးစုန်းကြူးကျွန်းပေါ်မှာ ဓားအကဲဖြတ်ပွဲမလုပ်တာ ဆယ်စုနှစ်ချီနေပြီဖြစ်တဲ့အတွက် ငါက ဒီနေ့ပွဲကို ကျင်းပလိုက်ရပါတယ်”

All Chapters