← Chapters

အခန်း (၅၇၄)

Vol. 41 Ch. 574

အခန်း (၅၇၄)

Vol. 41 Ch. 574

“ဒီနေ့မှာ ငါက လေတောအုပ်ဓားဖိုရဲ့ သခင်ယုချန်ကွမ်၊ ဟုန်ယွင်ဓားသွန်းစံအိမ်ရဲ့ သခင်ကျူးမင်ရှန်း၊ တိမ်တိုက်ဖြူဓားဖိုရဲ့ သခင်ပိုင်လင်းယွီ၊ မြစိမ်းဓားစံအိမ်ရဲ့ သခင်ချန်နဲ့ တခြားလူတွေကို ဂုဏ်ယူစွာ ဖိတ်ခေါ်နိုင်ခဲ့ပါတယ်”

ရှုချွမ်ဟယ်က ဓားဖိုနှင့် ဓားဈေးဆိုင်မှ လူများကို အပြုံးတစ်ခုနှင့်အတူ မိတ်ဆက်ပေးလိုက်သည်။

သူတို့က ဓားဆိုင်များ၏ ပစ္စည်းထောက်ပံ့သူဖြစ်ပြီး စီးပွားဖက်များဖြစ်ကြသည်။

ဓားအကဲဖြတ်ပွဲသည် ဓားဆိုင်၊ ဓားဖိုနှင့် ဓားသွန်းလုပ်သူများအတွက် နှစ်ဖက်အကျိုးရှိသော အခြေအနေဖြစ်သည်။

ထောင်ချီသောပရိသတ်များထဲတွင် အများစုသည် အလားအလာရှိသော ဖောက်သည်များဖြစ်ကြသည်။

ဓားအကဲဖြတ်ပွဲတွင် ဓားတစ်လက်က နာမည်ကောင်းရခဲ့လျှင် ဓား၏တန်ဖိုးသည် အဆပေါင်းများစွာတက်သွားနိုင်သည်။

ဓားဖိုနှင့် ဓားအလုပ်ရုံမှလူများက မတ်တပ်ရပ်ပြီး ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

“ဦးလေးနှစ်၊ အဲဒါက တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ ဆိုင်ရှင်ဟန်ပဲ”

အနက်ရောင်ဝတ်စုံနှင့် ပန်းပဲပညာရှင်တစ်ယောက်၏ဘေးတွင်ရပ်နေသော ယုချင်းကျူးက တီးတိုးပြောလိုက်သည်။

ယနေ့တွင် သူမ၏ဦးလေးနှစ် ယုချန်ကွမ် ရှိနေသည်။ လေတောအုပ်ဓားဖိုက တော်ဝင်ရှုခင်းဓားဆိုင်ကို အာရုံစိုက်ထားရန် ညွှန်ကြားခဲ့သည်။

ယုချန်ကွမ်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က အလွန်ငယ်ရွယ်ပြီး ကမ္ဘာမြေအဆင့်သို့ ရောက်ခါစဟု ထင်ရသည်။

တော်ဝင်ရှုခင်းဓားဆိုင်၏နောက်ကွယ်တွင် ထောက်ပံ့ပေးနေသော အင်အားစုတစ်ခုရှိသည်။ သို့သော် နှစ်ပေါင်းသုံးဆယ်ကြာအောင် ပိတ်ထားခဲ့သောကြောင့် ဆိုင်ရှင်အသစ်က စီးပွားရေးကို ဆက်ခံနိုင်ရန် အရည်အချင်းရှိသလား စောင့်ကြည့်ရမည်။

ယုချန်ကွမ်၏အမြင်တွင် တူမဖြစ်သူသည် တော်ဝင်ရှုခင်းဓားဆိုင်နှင့်ပတ်သတ်၍ အလွန်ဂရုစိုက်နေသည်။

သို့သော် ‌ခေါင်းဆောင်လူအိုကြီးက လက်ရေးလှစာနှင့် ယုချင်းကျူး၏သတင်းပို့ချက်ကို ရလိုက်သောအခါတွင် ယုချင်းကျူးထက် ပိုအရေးစိုက်နေကြောင်း သူမသိခဲ့ပေ။

ယုချင်းကျူး၏ဖျောင်းဖျမှုကြောင့်သာမဟုတ်လျှင် ယုဖုန်းလင်က တော်ဝင်ရှုခင်းဓားဆိုင်သို့ ကိုယ်တိုင်သွားခဲ့လိမ့်မည်။

ဆိုင်ရှင်ဟန်တွင် မည်သည့်နည်းလမ်းများပင် ရှိနေပါစေ သူက ဓားဆိုင်ကို ဦးစီးနေသည်။ ယုဖုန်းလင်းကလည်း ဓားဖို၏ခေါင်းဆောင် ပီသစွာဖြင့် အခြေအနေကို ထိန်းချုပ်ထားရမည်။

ထိုအရာသည် ပြန့်ကျဲကြယ်ကျွန်းများ၏ စည်းကမ်းဖြစ်သည်။

ယနေ့တွင် ယုချင်းကျူးကြောင့် ယုဖုန်းလင်းက ရောက်မလာခဲ့ပေ။

တစ်ဖက်တွင် ကျူးမင်ရှန်းကလည်း ဟန်မူယဲ့ကို ကြည့်လိုက်သည်။

သူက အလွန်သိချင်နေသည်။

‘ဆိုင်ရှင်ဟန်က ဓားတွေကိုပျိုးထောင်ပေးဖို့ ဓားချီကို တမင်သက်သက် ချန်ထားခဲ့တာလား။ ဒါမှမဟုတ် မတော်တဆဖြစ်သွားတာလား’

ထိုဖြစ်ရပ်နှစ်ခုသည် မတူညီပေ။

သို့သော် သူ့အမြင်တွင် ဆိုင်ရှင်ဟန်က လူနှင့်ဓားသည် အချင်းချင်းရွေးချယ်လိမ့်မည်ဟု ပြောခဲ့သောကြောင့် စွမ်းရည်တချို့ ရှိလိမ့်မည်။

ဟန်မူယဲ့က နေရာတွင်ထိုင်နေသည်။ ဘေးတွင်ရှိသောလူများက တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောနေခဲ့သော်လည်း သူ့အပေါ်တွင် အလွန်အေးစက်သည်။

ထိုအရာက ဖြစ်နေကျပင်ဖြစ်သည်။ အသိုင်းအဝိုင်းတစ်ခုထဲသို့ဝင်ရောက်ရန် မလွယ်ကူပေ။

အနည်းဆုံး လူတစ်ယောက်က လုံလောက်သောအရည်အချင်းများကို ထုတ်ပြရမည်။

ဟန်မူယဲ့က ထိုလူများနှင့်စကားပြောရန် စိတ်မဝင်စားပေ။ သူက စင်ပေါ်တွင်ရှိသောဓားဆယ်လက်ကို လှည့်ကြည့်သည်။

ဓားများသည် အရွယ်အစား၊ အလေးချိန်နှင့် ပုံစံများ မတူပေ။

တချို့ဓားများသည် ရိုးရှင်းသည်။ တချို့က ပေါ့ပါးပြီး တချို့က ဓားအလင်းများကို ထုတ်ပေးနေသည်။ တချို့က အလင်းရောင်မရှိဘဲ ငြိမ်သက်နေသည်။

သူက အကြည့်တစ်ချက်ဖြင့် ဓားများ၏ထူးခြားချက်ကို မပြောပြနိုင်ပေ။

ရှုချွမ်ဟယ်က အများအပြားမပြောခဲ့ပေ။ သူက ဓားအကဲဖြတ်ပွဲ၏ ပါဝင်သူများကို မိတ်ဆက်ပေးပြီးသောအခါတွင် အခမ်းအနားစတင်ကြောင်း ကြေညာလိုက်သည်။

“ဒီနေ့ရဲ့ ပထမဆုံးဓားကို ခရမ်းရွှေဓားစံအိမ်က ထောက်ပံ့ပေးထားပါတယ်”

ရှုချွမ်ဟယ်က စင်ပေါ်တွင်ရှိသောဓားရှည်ကို ညွှန်ပြလိုက်ပြီး ပြုံးသည်။

“ခရမ်းရွှေဓားစံအိမ်ရဲ့ ဟယ်ယွီဟူကလည်း ဒီမှာ ရှိနေပါတယ်။ အားလုံးပဲ အကောင်းဆုံးကြိုးစားပြီး အကဲဖြတ်‌ပေးလိုက်ကြပါ”

စင်အောက်တွင် အရပ်ရှည်ပြီးသန်မာသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က မတ်တပ်ရပ်ပြီး စင်မြင့်ပေါ်ရှိလူများကို နှုတ်ဆက်လိုက်သည်။

“ဆရာရှုနဲ့ငါက သူငယ်ချင်းဟောင်းတွေပဲ။ ဆရာရှုက ဓားအကဲဖြတ်ပွဲကို ကျင်းပနေတဲ့အတွက် ငါက ထောက်ပံ့ပေးရမှာပေါ့”

“အဲဒီဓားကို လွန်ခဲ့တဲ့သုံးနှစ်မှာ ငါကိုယ်တိုင်သန့်စင်ခဲ့တယ်။ အဲဒါက အရည်အသွေးကောင်းတဲ့သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့ အဆင့်မြင့်ဝိညာဉ်လက်နက် ဓားကောင်းတစ်လက်ပဲ။ အားလုံးပဲ ကြည့်လိုက်ကြပါ”

စင်မြင့်ပေါ်၌ ဓားအကဲဖြတ်ပွဲတွင်ပါဝင်သော ဆိုင်ရှင်များကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

သူတို့က ဓားကောင်းတစ်လက်ကို အကဲဖြတ်လိုက်လျှင် သူတို့၏ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်သည်။

သူတို့က နေရာယူထားသည့်အတိုင်း တစ်ယောက်ပြီးတစ်ယောက် ဓားကို အကဲဖြတ်လိုက်ကြသည်။

အရင်ဆုံးထွက်သွားသောလူက အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။

သူက ဓားရိုးကို ပိုးထည်စဖြင့်ရစ်ပတ်ပြီး ဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်သည်။ ထို့နောက် ဓားကို သေချာကြည့်လိုက်ပြီး ချိန်ဆကြည့်၍ ပြန်သိမ်းသည်။

သူက ထိုင်ခုံဆီသို့ပြန်လျှောက်လာပြီး ကျောက်စိမ်းပေလွှာတစ်ခုကိုကောက်ယူ၍ နတ်အာရုံကို ထည့်သွင်းလိုက်သည်။ သူက ခဏအကြာတွင် ကျောက်စိမ်းပေလွှာကို စားပွဲပေါ်၌ တင်ပေးလိုက်သည်။

အရောင်အသွေးစုံသောအဝတ်အစားနှင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ကျောက်စိမ်းလင်ဗန်းကိုင်ထားပြီး ကျောက်စိမ်းပေလွှာကိုယူရန် ရှေ့တက်လာသည်။ ထို့နောက် သူမက စင်မြင့်၏ရှေ့တွင်ရှိသော သစ်သားစားပွဲပေါ်တွင် ချထားလိုက်သည်။

ထိုအချိန်တွင် ဒုတိယတစ်ယောက် ရှေ့ထွက်လာသည်။

ထို့နောက် တတိယ၊ စတုတ္ထ ....

ခဏအကြာတွင် သစ်သားစားပွဲပေါ်၌ ကျောက်စိမ်းပေလွှာရှစ်ခု ရှိလာသည်။

“ဆိုင်ရှင်ဟန်၊ ဧည့်သည်ကို ဦးစားပေးရမှာပေါ့။ အရင်အကဲဖြတ်လိုက်ပါ”

ရှုချွမ်ဟယ်က ဟန်မူယဲ့ကို ပြုံးပြသည်။

ရှုချွမ်ဟယ်မှလွဲ၍ ဟန်မူယဲ့တစ်ယောက်သာ ကျန်တော့သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ယုချင်းကျူးက မနေနိုင်တော့ဘဲ ခါးမတ်မိသည်။

သူမက ဟန်မူယဲ့၏အကဲဖြတ်ပုံကို မြင်ထားသောကြောင့် မျှော်လင့်နေမိသည်။

ဟန်မူယဲ့က မငြင်းပေ။ သူက ရှေ့တက်သွားပြီး တခြားလူများနှင့်တူညီစွာ ပြုမူလိုက်သည်။ သူက ပိုးထည်စကိုထုတ်ယူပြီး ဓားရိုးတွင်ရစ်ပတ်၍ ဓားကိုလေ့လာသည်။ ခဏအကြာတွင် ဓားကို ဓားအိမ်ထဲတွင် ပြန်သိမ်းလိုက်သည်။

သူက ကျောက်စိမ်းပေလွှာ၌ အချက်အလက်များဖြည့်ပြီးသောအခါတွင် အမျိုးသမီးကျင့်ကြံသူရောက်လာပြီး ကျောက်စိမ်းပေလွှာကို ယူသွားသည်။ ရှုချွမ်ဟယ်က ရယ်လိုက်ပြီး ရှေ့တက်လာသည်။ သူကလည်း ဓားကို သေချာစစ်ဆေးကြည့်လိုက်သည်။

နောက်ဆုံးကျောက်စိမ်းပေလွှာကို နေရာချပြီးသောအခါတွင် ရှုချွမ်ဟယ်က ခရမ်းရွှေဓားစံအိမ်၏ ဟယ်ယွီဟူကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်လိုက်သည်။

ဟယ်ယွီဟူက အပြုံးတစ်ခုနှင့်အတူ စင်မြင့်ပေါ်သို့ တက်လာသည်။ သူက သစ်သားစားပွဲဆီသို့လျှောက်သွားပြီး ပထမဆုံးကျောက်စိမ်းပေလွှာကို ကောက်ယူသည်။

ချီစွမ်းအင်ထည့်သွင်းမှုကြောင့် ကျောက်စိမ်းပေလွှာထဲတွင်ရှိသော အချက်အလက်များသည် စာလုံးများအဖြစ်ပြောင်းလဲသွားပြီး လေထုထဲတွင် ပေါ်လာသည်။

ပုံမှန်အခြေအနေတွင် ဓား၏အချက်အလက်များကို အပြင်လူများ မမြင်ရပေ။

သို့သော် သာမန်အကဲဖြတ်ပွဲဆိုလျှင် လူအများအပြား ရှိနေမည်မဟုတ်ပေ။

ယနေ့တွင် ဓားအကဲဖြတ်သူတချို့သည် ပိုးစုန်းကြူးကျွန်းပေါ်၌ ချက်ချင်းကျော်ကြားသွားနိုင်သည်။ သို့မဟုတ် ဂုဏ်သတင်းပျက်စီးပြီး ဆိုင်ပိတ်လိုက်ရနိုင်သည်။

ယနေ့ဓားအကဲဖြတ်ပွဲသည် တော်ဝင်ရှုခင်းဆိုင်ရှင်အသစ်အတွက် ရှုချွမ်ဟယ်က ကျင်းပပေးခြင်းဖြစ်ကြောင်း လူတိုင်းနားလည်ထားသည်။

သူ၏ရည်ရွယ်ချက်ကိုတော့ မတူညီစွာရှုမြင်ကြသည်။

‘ဓားရဲ့နာမည်က ဖုန်းဟွာပဲ။ ဓားက သုံးပေရှည်လျားပြီး ပေါင်သုံးဆယ်လေးတယ်။ ဓားကိုယ်ထည်ကို အကြိမ်ရေထောင်ချီပြီး မီးဆေးထားတယ်။ ဓားက အေးစက်နေတဲ့အတွက် ရေခဲကျောက်တွေ ပေါင်းထည့်ထားတာဖြစ်မယ်လို့ ထင်မိတယ်’

‘ဓားရဲ့ကိုယ်ထည်မှာ ဝိညာဉ်အင်းကွက်သုံးခုရှိတယ်။ အင်းကွက်သုံးခုလုံးက ရေခဲအမျိုးအစားပဲ။ ဓားကိုယ်ထည်က ပါးလျပြီး ရေခဲမျိုးဆက်ဓားကျင့်ကြံသူတွေအတွက် သင့်တော်တယ်’

လေထုထဲတွင် စာလုံးများပေါ်လာသည်။

စံချိန်မီပြီး အတော်လေးအသေးစိတ်ကျသည်။

ဓားပိုင်ရှင်က တန်ဖိုးတစ်ခုပေးပြီး အသေးစိတ်စစ်ဆေးပေးရန် မတောင်းဆိုလျှင် ထိုအကြောင်းအရာသည် ဓားဆိုင်များထုတ်ပေးသော စံချိန်မီအကဲဖြတ်ချက်ဖြစ်သည်။

ဓားအကဲဖြတ်သူအများစုသည် ထိုမျှသာ တတ်နိုင်သည်။

“ရွှေမြစ်ဓားဆိုင်ရဲ့ ဆိုင်ရှင်ကျန့်တချွမ်က ကောင်းကောင်းမွန်မွန် အကဲဖြတ်ထားနိုင်တာပဲ”

ဟယ်ယွီဟူက တစ်ဖက်သို့လှည့်ကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးကို လက်သီးဆုပ်၍ နှုတ်ဆက်သည်။

လူအိုကြီးက အပြုံးတစ်ခုနှင့်အတူ ပြန်လည်နှုတ်ဆက်သည်။

စင်မြင့်အောက်တွင် ဆွေးနွေးသံများထွက်ပေါ်လာသည်။

ထိုဓားသည် အလွန်ကောင်းသည်။ ရေခဲဓာတ်ဓားကျင့်ကြံသူများက စိတ်ဝင်စားသွားသည်။

ဟယ်ယွီဟူက တခြားကျောက်စိမ်းပေလွှာများကို ကြည့်လိုက်သည်။

သူတို့အားလုံးက ပိုးစုန်းကြူးကျွန်း၏ ဓားအကဲဖြတ်သူများဖြစ်ကြသည်။ သူတို့၏မှတ်ချက်များသည် စကားလုံးပြောင်းလဲသွားနိုင်သော်လည်း အဓိပ္ပာယ်ကွာခြားမည်မဟုတ်ပေ။

ဟန်မူယဲ့၏ကျောက်စိမ်းပေလွှာကို ကြည့်လိုက်သောအချိန်တွင် စိတ်ဝင်စားသောလူ သိပ်မရှိတော့ပေ.

တစ်ဖက်တွင် ဟန်မူယဲ့ကြောင့် ဓားအကဲဖြတ်ပွဲကျင်းပပေးကြောင်း သိထားသောလူများက ခါးမတ်လိုက်သည်။

“မြန်မြန်လေး၊ ဆိုင်ရှင်ဟန်ရဲ့ကျောက်စိမ်းပေလွှာကို ကြည့်လိုက်ကြရအောင်”

ကျားဝူက တောက်ပနေသောမျက်လုံးများဖြင့် ဘေးတွင်ရှိသောလူများကို ပြောသည်။

ယုချင်းကျူးကလည်း ခေါင်းမော့ကြည့်သည်။

ကျူးမင်ရှန်က ခါးမတ်လိုက်သည်။

ညင်သာသောအသံနှင့်အတူ စာလုံးများပေါ်လာသည်။

လူတိုင်းက အံ့အားသင့်သွားသည်။

‘မှတ်ချက်တွေက အရမ်းများနေတာမဟုတ်ဘူးလား’

သို့သော် စာလုံးများကို မြင်လိုက်ရသောအခါတွင် မျက်နှာထားပြောင်းလဲသွားသည်။

‘ဓားရဲ့နာမည်က ဖုန်းဟွာပဲ။ သုံးပေရှည်ပြီး ၃၁ပေါင်ခွဲလေးတယ်’

‘ဓားကို လောယွမ်သံမဏိ ၃၅၂ပေါင်နဲ့ ၁,၈၆၅ကြိမ် ပုံသွင်းထားတယ်။ အညစ်အကြေးတွေကို ဖယ်ထုတ်ပြီးတဲ့အချိန်မှာ စွမ်းအင်ရောနည်းစနစ်နဲ့ ကိုးကြိမ်တိတိ သန့်စင်ထားတယ်’

‘ရေခဲကျောက်တုံး လေးအောင်စကို အကြိမ်ပေါင်းကိုးထောင့်တစ်ရာကြိတ်ချေပြီး ဓားကိုယ်ထည်ထဲကို ၁၅ကြိမ်တိတိ စိမ့်ဝင်စေခဲ့တယ်’

‘ပထမတစ်ကြိမ်မှာ ၀.၀၈ပေါင်နဲ့ အကြိမ်သုံးရာ ပုံသွင်းခဲ့တယ်’

‘ဒုတိယအကြိမ်မှာ ....’

....

‘ရေခဲအမျိုးအစားဝိညာဉ်အင်းကွက်သုံးခုမှာ ရေထိန်းချုပ်အေးခဲအင်းကွက်က ဓားကိုယ်ထည်ရဲ့အလယ်မှာ ရှိနေတယ်။ စတုရန်းသုံးခုရေခဲအင်းကွက်က ဓားရိုးမှာ ရှိနေတယ်။ မြစိမ်းအင်းကွက်ကတော့ ဓားထိပ်ဖျားမှာ ရှိနေတယ်’

‘ဓားသန့်စင်တဲ့အချိန်မှာ ခုနစ်ကြိမ်မြောက် အအေးခံခြင်းက အသက်သုံးခါရှုချိန် ကြာသွားခဲ့တယ်။ အဲဒါကြောင့် ရေခဲစွမ်းအားက တစ်ထောင်ပုံတစ်ပုံ ကျဆင်းသွားတယ်’

‘မြစိမ်းအင်းကွက်ကို ထွင်းထုတုန်းက ဓားသွားမှာ တစ်ချက်လွတ်သွားတဲ့အတွက် ရေခဲစွမ်းအားက ၁% လျော့ကျသွားတယ်’

‘ဓားသန့်စင်ပြီးသွားတဲ့အချိန်မှာ ပင်လယ်ကြမ်းပြင်ရဲ့ ရေခဲကျောက်တုံးနဲ့ ပျိုးထောင်မပေးခဲ့တဲ့အတွက် အသိစိတ်က မလုံလောက်ဘူးဖြစ်နေတယ်’

‘ဒီဓားက ရေခဲအမျိုးအစားဓားနည်းစနစ်နဲ့ သင့်တော်တယ်။ ရေခဲမှော်နည်းစနစ်၊ ရေခဲစွမ်းအားနည်းစနစ်နဲ့ တွဲသုံးမယ့် ဓားကွက်တွေအတွက် လိုက်ဖက်ညီတယ်။ ဓားဆန္ဒကျင့်ကြံတဲ့လူတွေသုံးဖို့ မထောက်ခံဘူး’

‘ပုံရိပ်ယောင်နဲ့ ရေခဲနည်းစနစ်မှာကျွမ်းကျင်တဲ့ ဓားကျင့်ကြံသူတွေရှိရင် ဒီဓားက တိုက်ခိုက်နိုင်စွမ်း ၁၂၀%ကို ထုတ်ပေးနိုင်လိမ့်မယ်’

‘ဓားကို အဆင့်မြှင့်ချင်ရင် ရာချီမူလမြက်ပင်နဲ့ နှစ်တစ်‌သောင်းရေခဲကျောက်တုံးကို ပေါင်းထည့်ရမယ်။ လေအေးသုံးခုအင်းကွက်ကို ထွင်းထုလိုက်ရင် မှော်ရတနာတစ်ဝက်အဆင့်ကို ရောက်သွားလိမ့်မယ်’

....

ခန်းဆောင်ထဲတွင်ရှိနေသောလူများက များပြားသောစာလုံးများကို အံ့အားသင့်စွာကြည့်လိုက်သည်။

ဟယ်ယွီဟူက ဟန်မူယဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

“မင်းက တကယ်ပဲ ဒီဓားရဲ့အရည်အသွေးကို မြှင့်တင်နိုင်တာလား”

All Chapters