အခန်း (၅၈၃)
Vol. 42 Ch. 583
ဓားအလင်းသည် မျက်နှာချင်းဆိုင်တွင်ရှိသော လူအိုကြီးတစ်ယောက်၏ရင်ဘတ်ကို ထိုးဖောက်သွားသည်။
အပြစ်မဲ့သူများကို မထိခိုက်စေခဲ့သောလူများသည် မသေခဲ့ပေ။ သို့သော် အပြစ်မဲ့သူများအား သတ်ဖြတ်ခဲ့သောလူများကို လွှတ်မပေးခဲ့ပေ။
ဓားအလင်းဖြတ်သန်းသွားသောအခါတိုင်းတွင် လုပ်ကြံသူများ၏မျက်နှာထား ပြောင်းလဲသွားသည်။
လူတချို့က တွန့်ဆုတ်နေပြီး လူတချို့က အံတင်းတင်းကြိတ်ထားသည်။ တချို့က ကြောက်ရွံ့နေပြီး တချို့က လမ်းပျောက်နေသည်။
“ခလွမ် ....”
ဓားတစ်လက်ကျိုးသွားသည်။ လူငယ်တစ်ယောက်က ဓားကျိုးနှင့်အတူ ကြမ်းပြင်တွင် ဒူးထောက်ကျသွားသည်။
ဟန်မူယဲ့က လူငယ်၏လည်ပင်းပေါ်တွင် ဓားတင်ထားသည်။ အေးစက်သောဓားဆန္ဒသည် လူငယ်ကို ကြက်သီးထသွားစေသည်။
“ပိုင်ယွီလန်၊ ကူလန်ကျွန်းရဲ့ တံငါရွာလေးကို မှတ်မိသေးလား”
ဟန်မူယဲ့၏အသံက တည်ငြိမ်နေသော်လည်း ပိုင်ယွီလန်က ထိတ်လန့်သွားပြီး စိတ်ရှုပ်လာသည်။
“ကူလန်ကျွန်း ....”
“သူတို့က အားလုံးကို သတ်ခဲ့တယ်”
“ငါ့အဖေ၊ ငါ့အမေနဲ့ ငါ့ညီမကို သတ်ခဲ့တယ်။ အားကုံနဲ့ငါပဲ ကျန်ခဲ့တယ်။ သူတို့က ငါတို့ကို အသက်ခိုးယူခြင်းမျှော်စင်ဆီ ခေါ်လာခဲ့တယ်”
“ငါ .... ငါမသေချင်ဘူး။ အသက်ခိုးယူခြင်းမျှော်စင် ပျက်စီးသွားတာကို စောင့်ကြည့်ချင်တယ်”
“သတ်၊ သတ် ....”
ဟန်မူယဲ့က ပိုင်ယွီလန်၏လည်ပင်းပေါ်တွင် ဓားတင်မထားတော့ပေ။ ကြမ်းပြင်ပေါ်တွင်ဒူးထောက်နေသော ပိုင်ယွီလန်က အံတင်းတင်းကြိတ်ထားပြီး ရှေ့တွင်ရှိနေသောလူကို အသက်ခိုးယူခြင်းမျှော်စင်၏ပိုင်ရှင်ကဲ့သို့ မှတ်ယူပြီး ဓားကို ဝှေ့ယမ်းနေသည်။
ဤလောကတွင် သေဆုံးခြင်းထက် ကြောက်မက်ဖွယ်ကောင်းသောအရာ ရှိသလား။
ရှိသည်။
လူသားများ၏နှလုံးသားကို မခန့်မှန်းနိုင်ပေ။
အသက်စွန့်၍တိုက်ခိုက်ရန် အသင့်ပြင်ထားသော လုပ်ကြံသူများက ဝေခွဲမရဖြစ်လာသည်။
‘ဒါက ထိုက်တန်ရဲ့လား’
‘ငါ့ဘဝရဲ့ရည်ရွယ်ချက်က ဘာများလဲ’
‘ငါ့သတ်ဖြတ်မှုတွေက အပြစ်ရှိတာလား။ ဒါမှမဟုတ် အသက်ရှင်ခွင့်ရမှာလား’
‘ငါ့မှတ်ဉာဏ်တွေက ပိုင်ယွီလန်လိုမျိုးပဲ မှုန်ဝါးနေတာလား’
သူတို့၏ယုံကြည်မှုက ချက်ချင်းပြိုကျသွားသည်။
“ဝီ”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားသည် တုန်ခါသွားပြီး သူက ဒုတိယထပ်သို့ တက်သွားသည်။
ပထမထပ်တွင်ရှိသော လုပ်ကြံသူများက တိုက်ခိုက်လိုစိတ်မရှိတော့ပေ။
“ဟမ့်၊ သူ့နောက်ကိုလိုက်ပြီး သတ်စမ်း ....”
မီးခိုးရောင်ဝတ်စုံနှင့်အကြီးအကဲက စကားမဆုံးခင် အေးစက်မှုကို ခံစားလိုက်ရသည်။
သူက သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေသော အကြည့်များကို မြင်လိုက်ရသည်။
“မင်းတို့၊ မင်းတို့က သစ္စာဖောက်တော့မှာလား ....”
“ရွှပ် ....”
ပိုင်ယွီလန်၏ ဓားကျိုးသည် အကြီးအကဲ၏ရင်ဘတ်ကို ထိုးဖောက်သွားသည်။
ဓားကျိုးဖြင့်လည်း လူသတ်နိုင်သည်။
မရေမတွက်နိုင်လောက်သောလူများ၏ တိတ်တဆိတ်ဖိနှိပ်မှုကို ခံထားရသော လုပ်ကြံသူတစ်ယောက်ကို ကြက်တစ်ကောင်ကဲ့သို့ လွယ်ကူစွာသတ်နိုင်သည်။
သွေးများဖြင့်စွန်းပေနေသော ပိုင်ယွီလန်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ဓားကျိုးကိုင်၍ ဒုတိယထပ်သို့ ပြေးတက်သွားသည်။
တခြားလူများက တွန့်ဆုတ်နေပြီး ဒုတိယထပ်တွင် ဖြည်းဖြည်းချင်းစုစည်းလိုက်သည်။
“ဘုန်း”
ဒုတိယထပ်တွင် ပေါက်ကွဲသံထွက်လာသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး ဓားဖြင့်ထိုးသည်။
သူ့ရှေ့တွင် တည်ငြိမ်သောအရှိန်အဝါဖြင့် ဒါဇင်ချီနေသောလူအိုကြီးများက ဓားများ၊ အဆောင်လက်ဖွဲ့များကို ကိုင်ထားပြီး ပုံစံအမျိုးမျိုးဖြင့် ရှိနေသည်။
သူတို့အားလုံးသည် ကျွမ်းကျင်သူများဖြစ်ကြသည်။
သူတို့၏ကျင့်ကြံခြင်းက ကောင်းကင်အဆင့်သို့ မရောက်သေးသော်လည်း သူတို့အားလုံးက သေခြင်းရှင်ခြင်းတိုက်ပွဲများကို ဖြတ်သန်းလာခဲ့သည်။
ထိုလူများကို စကားလုံးအနည်းငယ်ဖြင့် စိတ်ယိုင်သွားအောင် မလုပ်နိုင်ပေ။ သူတို့၏ယုံကြည်မှုက ပျက်စီးသွားမည်မဟုတ်ပေ။
သူတို့က ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်သည်။
ဟန်မူယဲ့က ဓားမြှောက်လိုက်သောအချိန်တွင် ကျွမ်းကျင်သူအချို့က ပူးပေါင်းပြီး သူ့ကို ရပ်တန့်လိုက်သည်။
“ငါက ဓားတစ်သောင်းတို့အိမ်အပြန်ဆိုတဲ့ နည်းစနစ်တစ်ခုကို သင်ယူထားတယ်”
ဟန်မူယဲ့က ဖြည်းဖြည်းချင်းဓားမြှောက်ပြီး အရှိန်အဝါများကို စုစည်းလိုက်သည်။
“အဲဒီဓားနည်းစနစ်က အဆုံးမဲ့ကျင့်ကြံဖို့အတွက် မဟုတ်ဘူး။ လောကမှာရှိတဲ့ ဓားကျင့်ကြံသူတွေအတွက် ကောင်းကင်ကို လမ်းဖောက်နိုင်ဖို့ပဲ”
ဓားအလင်းသည် အလင်းတန်းတစ်သောင်းကို စုစည်းလိုက်သည်။
ထိုအချိန်တွင် ဟန်မူယဲ့က ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။
ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို နှစ်တစ်သောင်းစောင့်ရှောက်ခဲ့သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
မော့ယန်က ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
သူက နယ်မြေအများအပြားသို့ ခရီးသွားပြီး အမျိုးမျိုးသောကမ္ဘာများတွင် ခြေချခဲ့သည်။
စုဝေကမ္ဘာ၊ ပျက်စီးခြင်းစကြဝဠာနှင့် ပြန့်ကျဲကြယ်ကျွန်းများ ....
မည်သည့်ကမ္ဘာကမှ လူတစ်ယောက်ကို လွတ်လပ်စွာကျင့်ကြံနိုင်ရန် ခွင့်ပြုမထားပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင်သာ လူများက လွတ်လပ်စွာနေထိုင်ပြီး ကျင့်ကြံခြင်းနည်းစနစ်နှင့် ဓားးပညာရပ်များကို အာရုံစိုက်ထားနိုင်သည်။
ထို့ကြောင့် ကွန်ဖြူးရှပ်တာအိုသည် ကောင်းကင်တာအိုနှင့်ပေါင်းစပ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကာကွယ်ခဲ့သည်။
ထို့ကြောင့် မှူးမတ်ဝူက အစစ်အမှန်ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားခဲ့သည်။
ထို့ကြောင့် ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက ကောင်းကင်တာအိုကိုအသုံးပြုပြီး ကပ်ဘေးတစ်ခုဖန်တီး၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာ တိုးတက်လာအောင် စီစဉ်ခဲ့သည်။
ဟန်မူယဲ့က ဓားကွက်ထုတ်လိုက်သောအချိန်တွင် နားလည်သွားသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် တာအိုပြိုင်ပွဲ၏ရလဒ်ကို ကြိုတင်ဆုံးဖြတ်ထားခဲ့သည်။
အလယ်ပိုင်းကုန်းမြေတွင် ဓားသယ်ထားပြီးသောင်းကျန်းနေသော ကျောင်းတော်သားတစ်ယောက်နှင့်တူသည်။ ဓားတစ်သောင်းက အိမ်ပြန်လာပြီး အရှေ့ပင်လယ်အထိ ကျော်ကြားသွားခြင်းနှင့်လည်း ဆင်တူသည်။ နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ဖြင့် အငြိုးအတေးမဲ့နယ်မြေ၏အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့ခြင်းနှင့်လည်း ဆင်တူသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာက အောင်မြင်သွားခဲ့လျှင် ဓားတစ်သောင်းအိမ်ပြန်လာသကဲ့သို့ လောကတွင်ရှိသော မရေမတွက်နိုင်လောက်သည့်ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းသုခဘုံတစ်ခု ဖြစ်လာလိမ့်မည်။
“ဓားတစ်သောင်းတို့အိမ်အပြန်ပြီးရင် ဓားတစ်လက်ကနေ ဓားတစ်သောင်းအဖြစ်ခွဲထွက်ခြင်းပဲ”
ဟန်မူယဲ့က ရေရွတ်သည်။ ဓားကိုယ်ထည်သည် အလင်းများဖြင့်တောက်ပလာသည်။ ဓားတစ်သောင်းသည် တစ်ဟုန်ထိုးပြေးထွက်သွားသည်။
‘ဒါက ဘယ်လိုဓားနည်းစနစ်မျိုးလဲ’
ပိုင်ယွီလန်နှင့် ပထမထပ်မှလုပ်ကြံသူများက လှေကားမှတစ်ဆင့် ခေါင်းထိုးကြည့်လိုက်သောအခါတွင် နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားသော ဓားအလင်းကို မြင်ရသည်။ နဂါးက ဟိန်းဟောက်လိုက်ပြီး ဒုတိယထပ်တွင်ရှိသော အရာအားလုံးကို ဖျက်ဆီးသွားသည်။
နဂါးဓားအလင်းကို တားဆီးနိုင်သောလူ မရှိပေ။
သူတို့က ဓားတစ်လက်ကို တားဆီးနိုင်မည်ဖြစ်သော်လည်း ဓားနှစ်လက်၊ သုံးလက်နှင့် မရေမတွက်နိုင်လောက်သောဓားများကို မတားဆီးနိုင်ပေ။
“ဘုန်း”
နဂါးဓားအလင်းသည် အသက်ခိုးယူခြင်းမျှော်စင်၏ ဒုတိယထပ်ကို ဖောက်ထွက်သွားသည်။
နဂါးသည် ဓားအလင်းများဖြင့်တောက်ပနေပြီး ဟိန်းဟောက်လိုက်သည်။
“ဓားစံအိမ်ရဲ့ ဓားတစ်သောင်းလား”
ရှုချွမ်ဟယ်၏မျက်နှာထားက ပြောင်းလဲသွားသည်။
သူ့ဘေးတွင်ရှိသောလူအိုကြီးက ရှေ့တက်သွားခဲ့သည်။
“ဓားတစ်သောင်းကိုအသုံးပြုထားတဲ့ ဒီနည်းလမ်းက ငါတို့ဓားစံအိမ်ကမဟုတ်ရင် ဘယ်ကဖြစ်နိုင်မှာလဲ”
နဂါးဓားက ဟိန်းဟောက်လိုက်သောအခါတွင် နတ်အာရုံဖြင့်စပ်စုနေသော ကျင့်ကြံသူများက နားလည်သွားကြသည်။
“ဓားစံအိမ်ရဲ့အမွေအနှစ်၊ ခြောက်ထပ်ဓားစံအိမ်”
“ငါသိပြီ”
“ခြောက်ထပ်ဓားစံအိမ်ရဲ့ကျင့်ကြံသူတွေက ကျဆင်းနေတယ်ဆို။ သူတို့က ပြန်လည်နိုးထလာဖို့ ကြိုးစားနေတာလား”
“ဟီးဟီး၊ နန်းတော်သုံးခုနဲ့ စံအိမ်ခုနစ်ခုကပဲ ဒီလိုမျိုးလုပ်နိုင်လိမ့်မယ်”
ဆံပင်ဖြူလူအိုကြီးက အသက်ခိုးယူခြင်းမျှော်စင်၏အပြင်ဘက်တွင် ရပ်လိုက်ပြီး အော်ဟစ်သည်။
“တိလင်းယန်၊ မင်းက ခြောက်ထပ်ဓားစံအိမ်ရဲ့လူကို အကွက်ချရဲတယ်လား”
သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားဆန္ဒသည် လှုပ်ရှားလာပြီး နဂါးဓားနှင့် ပေါင်းစပ်သွားပုံရသည်။
နဂါးဓားသည် တုန်ခါလာပြီး အသက်ခိုးယူခြင်းမျှော်စင်ထဲသို့ ပြန်ဝင်၍ တတိယထပ်၊ စတုတ္ထထပ်နှင့် ပဥ္စမထပ်ဆီသို့ ထိုးဖောက်သွားသည်။
ဆဌမထပ်တွင် နဂါးဓားအလင်းသည် မှိန်ဖျော့သွားသည်။ သို့သော် အလွန်တက်ကြွနေဆဲဖြစ်သည်။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေသည်။ သူက ဓားနှင့်အတူ ပဥ္စမထပ်ဆီသို့ လိုက်လာပြီး အော်ဟစ်လိုက်သည်။
“ဓားတစ်သောင်းက ဓားတစ်လက်အဖြစ် စုစည်းခြင်း”
ဓားတစ်သောင်းတို့အိမ်အပြန်၊ ဓားတစ်လက်မှ ဓားတစ်သောင်းအဖြစ်ခွဲထွက်ခြင်း ....
ဓားတစ်သောင်းက တာအိုကို ဖြစ်ပေါ်စေသောအခါတွင် ပေါင်းစည်းခြင်းအဆင့်သို့ ရောက်လိမ့်မည်။
ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်၏ တတိယအဆင့်ဖြစ်သည်။
“ဝီ”
အသက်ခိုးယူခြင်းမျှော်စင်နှင့် မိုင်တစ်ရာပတ်ဝန်းကျင်တွင်ရှိသော ဓားများအားလုံး တုန်ခါလာသည်။
ရှုချွမ်ဟယ်က ရယ်မောလိုက်ပြီး အစိမ်းရောင်ဓားရှည်ကို အသက်ခိုးယူခြင်းမျှော်စင်၏ ပဥ္စမထပ်သို့ ပစ်လွှတ်သည်။
ဓမ္မရတနာဓား ....
ထိုဓားနှင့် နဂါးဓားအလင်းသည် ပေါင်းစပ်သွားသည်။ အံ့ဖွယ်နေမင်း၏စွမ်းအားများ ရစ်ပတ်နေပြီး ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။ ဓားသည် ကောင်းကင်ကို ထိုးဖောက်သွားသည်။
တောက်ပနေသောဓားအလင်းသည် အသက်ခိုးယူခြင်းမျှော်စင်၏ ဆဌမထပ်ကို တိုက်ရိုက်ထိုးဖောက်သွားပြီး ထိပ်ဆုံးအထပ်နှင့် ထူထဲသောမျက်နှာကြက်များကို ဖြတ်သန်း၍ ကောင်းကင်အထိ ပျံသန်းသွားသည်။
ဓားကွက်တစ်ခုသည် အသက်ခိုးယူခြင်းမျှော်စင်ကို ဖျက်ဆီးခဲ့သည်။
အစိမ်းရောင်ဓားသည် ရှုချွမ်ဟယ်ဆီသို့ ပြန်ရောက်လာသည်။ ဟန်မူယဲ့က အသက်ခိုးယူခြင်းမျှော်စင်၏ ခေါင်မိုးပေါ်တွင်ရပ်နေပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဦးညွှတ်သည်။
ရှုချွမ်ဟယ်၏ဘေးတွင်ရှိသော လူအိုကြီးက ရယ်လိုက်ပြီး ပြောသည်။
“တကယ်တော်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ပဲ”
အသက်ခိုးယူခြင်းမျှော်စင်၏ ထိပ်ဆုံးအထပ်တွင် အစိမ်းပုပ်ရောင်ပုံရိပ်သုံးခု ပေါ်လာသည်။
ဆံပင်ဖြူနှင့်လူအိုကြီးက သူတို့ကိုစိုက်ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“တိလင်းယန်၊ မင်းက သေချင်နေတာလား”
ပုံရိပ်သုံးခုက စဉ်းစားလိုက်ပြီး ပျောက်ကွယ်သွားသည်။
နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခုနှင့် အင်အားစုဆယ့်ငါးခုသည် အဆင့်အတန်းကိုဖော်ပြရုံသာမက ခွန်အားကွာခြားချက်ကိုလည်း ဖော်ပြသည်။
အသက်ခိုးယူခြင်းမျှော်စင်သည် သာမန်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သော်လည်း ခြောက်ထပ်ဓားစံအိမ်နှင့် မယှဉ်နိုင်ပေ။
ဆံပင်ဖြူလူအိုကြီးက အသက်ခိုးယူခြင်းမျှော်စင်၏ပိုင်ရှင်ကို ခြောက်လှန့်လိုက်ပြီး ဟန်မူယဲ့ကို ခေါင်းညိတ်ပြသည်။ သူက ဓားအလင်းတစ်ခုအဖြစ်ပြောင်း၍ ပျောက်ကွယ်သွားသည်။
ရှုချွမ်ဟယ်က အသက်ခိုးယူခြင်းမျှော်စင်၏ ပြန့်ကျဲသွားသောလုပ်ကြံသူများကို ကြည့်သည်။ ထို့နောက် ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“သွားကြစို့”
ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် အသက်ခိုးယူခြင်းမျှော်စင်ကို ဖျက်ဆီးခဲ့သည်။
အဖွဲ့အစည်းမရှိသော လုပ်ကြံသူများသည် ပြန့်ကျဲနေသောသဲများကဲ့သို့ စွမ်းအားမရှိတော့ပေ။
အင်အားစု ၁၅ခုသည် ၁၄ခုအဖြစ် ပြောင်းသွားနိုင်သည်။ သို့မဟုတ် ခဏအကြာတွင် အင်အားစုအသစ်တစ်ခု ပေါ်လာလိမ့်မည်။
အဆုံးမဲ့ပင်လယ်၏အင်အားစုများသည် ပြန့်ကျဲကြယ်ကျွန်းများတွင် အရာအားလုံးကို စီမံထားသည်။
ဟန်မူယဲ့က ဓားအလင်းအဖြစ်ပြောင်း၍ ပျံသန်းသွားသည်။
သူက ဓားစံအိမ်၏အာရုံစိုက်မှုကို ဆွဲယူနိုင်ခဲ့သည်။
ရှုချွမ်ဟယ်က ပြုံးလိုက်ပြီး သူ့နောက်မှလိုက်လာသည်။ သူတို့က ပင်လယ်ရေပြင်သုံးခုကို ဖြတ်ကျော်ပြီး ထွက်လာခဲ့သည်။
....
ဟန်မူယဲ့က ဓားဆိုင်သို့ ပြန်လာသောအခါတွင် လထွက်နေပြီဖြစ်သည်။
ကျားဝူ၊ ကျန့်တနျိုနှင့် ရှောက်ထျန်းရီတို့က တံခါးဝတွင် စောင့်နေကြသည်။
ဟန်မူယဲ့က လုံခြုံစွာပြန်ရောက်လာသောအခါတွင် ရှောက်ထျန်းရီက ရှေ့တစ်လှမ်းတိုးလိုက်ပြီး ဒူးထောက်သည်။
ဟန်မူယဲ့က အသက်ခိုးယူခြင်းမျှော်စင်သို့ သွားလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။
ရှောက်ထျန်းရီက အန်းဟယ်မြို့မှပြန်လာပြီး သတင်းကြားလိုက်ရသောအခါတွင် ကြောင်အသွားခဲ့သည်။
ကျန့်တနျိုက အသက်ခိုးယူခြင်းမျှော်စင်ကို မသိသော်လည်း ရှောက်ထျန်းရီက ထိုနေရာမှ လာခဲ့သည်။
အသက်ခိုးယူခြင်းမျှော်စင်တွင် ကောင်းကင်အဆင့်ကျင့်ကြံသူပင် သေဆုံးသွားနိုင်သည်။
‘ငါက ထိုက်တန်လို့လား’
“ကောင်းပြီ။ နောက်ကျရင် ဆိုင်ဝန်ထမ်းအဖြစ် ကောင်းကောင်းနေပါ”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျားဝူကို ကြည့်သည်။
“ဆိုင်စောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဦးလေးကျား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျားဝူက ခေါင်းခါသည်။
“မင်းတို့လို မဟာကျင့်ကြံသူကြီးတွေရဲ့လောကမှာ ငါ့လိုကျင့်ကြံသူလေးက ဝင်မပါနိုင်ပါဘူး”
“နောက်ရက်တွေမှာ ငါက ဆိုင်ပိတ်ပြီး ခဏလောက်ခရီးထွက်လိုက်အုံးမယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က စဉ်းစားကြည့်ပြီး ခေါင်းညိတ်သည်။
ကျားဝူ၏ရွေးချယ်မှုက အတွေ့အကြုံများသောကုန်သည်တစ်ယောက်နှင့် တူညီသည်။
ကျင့်ကြံသူလေးတစ်ယောက်ဖြစ်သော ကျားဝူက အသက်ခိုးယူခြင်းမျှော်စင်ကို လွယ်ကူစွာဖျက်ဆီးခဲ့သော ဟန်မူယဲ့နှင့် သိပ်မပတ်သတ်သင့်ပေ။