အခန်း (၅၈၅)
Vol. 42 Ch. 585
သို့သော် ယနေ့တွင် သူတို့နှစ်ယောက် မသက်မသာဖြစ်နေသည်။
စံအိမ်၏လသာဆောင်တွင် ကျောက်စိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က တည်ငြိမ်သောမျက်နှာထားဖြင့် အဝေးတစ်နေရာတွင်ရှိသောတိမ်တိုက်များကို ကြည့်နေသည်။
အလင်းခုနစ်ပါးစံအိမ်သခင် လီမင်ထူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သူက ဓားတစ်လက်ဖြင့် ပြန့်ကျဲကြယ်ကျွန်းများတွင် သောင်းကျန်းပြီး တခြားအင်အားစုများနှင့် ယှဉ်ပြိုင်ခဲ့သည်။
လီမင်ထူက တိမ်တိုက်ကျဆင်းဓားကို ကိုင်ဆောင်ထားပြီး ပြန့်ကျဲကြယ်ကျွန်း၏ ထိပ်တန်းကျင့်ကြံသူဆယ်ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။
ထိုစာရင်းထဲတွင် အဆုံးမဲ့ပင်လယ်၏ ကျွမ်းကျင်သူများကိုတော့ ထည့်တွက်မထားပေ။
“တာအိုပြိုင်ပွဲ”
“တာအိုပြိုင်ပွဲမှာ အစွမ်းပြနိုင်တဲ့လူတွေအားလုံးက အစစ်အမှန်ကျွမ်းကျင်သူတွေပဲ”
“ပြန့်ကျဲကြယ်ကျွန်းကို လူတိုင်းရောက်လာနိုင်တယ်ထင်နေတာလား”
“မသိနားမလည်တဲ့လူတွေက တကယ့်ကိုအသုံးမဝင်ဘူးပဲ”
လီမင်ထူ၏နောက်တွင်ရှိသော မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက အေးစက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ဇူအော်ထျန်းယာ၊ မင်းက ပြန့်ကျဲကြယ်ကျွန်းကိုရောက်လာတာ နှစ်ပေါင်းတစ်ထောင်ရှိပြီ။ မင်းက အလင်းခုနစ်ပါးစံအိမ်ရဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးပဲ။ မင်းက အသိစိတ်မရှိတော့ဘူးလား။ ဝိညာဉ်ပုလဲလုံးသုံးသောင်းပေးပြီး ဟန်မူယဲ့ကိုလုပ်ကြံဖို့ အသက်ခိုးယူခြင်းမျှော်စင်ကို ခိုင်းရဲတယ်ပေါ့လေ”
မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက လှောင်ပြောင်လိုသောမျက်နှာထားဖြင့် ပြောသည်။
“အခုတော့ ကောင်းရော။ ပြန့်ကျဲကြယ်ကျွန်းမှာရှိတဲ့ လူတိုင်းက အလင်းခုနစ်ပါးစံအိမ်ကနေ ဝိညာဉ်ပုလဲလုံးသုံးသောင်းပေးပြီး လူသတ်ခိုင်းတဲ့အကြောင်းကို သိသွားကြပြီ။ ဝိညာဉ်ပုလဲလုံးသုံးသောင်းကနေ ဝိညာဉ်ပုလဲလုံးသုံးရာအဖြစ် ဖြတ်စားခံလိုက်ရသေးတယ်”
“ရှက်စရာပဲ”
သူ့စကားလုံးများက လှောင်ပြောင်မှုများဖြင့်ပြည့်နေသော်လည်း ဇူအော်ထျန်းယာက ပြန်မပြောရဲပေ။
အလင်းခုနစ်ပါးစံအိမ်တွင် တစ်ဖက်လူက လီမင်ထူမှလွဲ၍ အသန်မာဆုံးကျင့်ကြံသူဖြစ်သည်။
အလင်းခုနစ်ပါးစံအိမ်၏ ဝိညာဉ်ဖျက်ဆီးဓားဟု သိကြသော ကျင်းယုဖုန်း ....
အလင်းခုနစ်ပါးစံအိမ်သို့ နောက်ပိုင်းမှရောက်လာသော ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူ ကျင်းယုဖုန်းသည် ထူးခြားသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
ဇူအော်ထျန်းယာက သူနှင့် ကျင့်ကြံဆင့်တူညီသော်လည်း တိုက်ခိုက်နိုင်စွမ်းချင်း မယှဉ်နိုင်ပေ။
ထို့အပြင် စံအိမ်သခင်၏အပြစ်ပေးမှုထက် သူ၏လှောင်ပြောင်မှုကို ခံယူနေရလျှင် ပိုကောင်းသည်။
ဇူအော်ထျန်းယာက စံအိမ်သခင်ကို အမှန်တကယ် ကြောက်ရွံ့မိသည်။
“တော်ပြီ ကျင်းယုဖုန်း။ မင်းက လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နေစရာမလိုပါဘူး”
လသာဆောင်တွင်ရပ်နေသော စံအိမ်သခင်လီမင်ထူက တစ်ဖက်သို့လှည့်ပြီး တည်ငြိမ်စွာပြောသည်။
ကျင်းယုဖုန်းက ခပ်ဟဟရယ်လိုက်ပြီး စကားဆက်မပြောတော့ပေ။
သူက အပြစ်တင်ပေးလိုက်သောကြောင့် စံအိမ်သခင်က အလွန်စိတ်ဆိုးနေမည်မဟုတ်ပေ။ ဤကိစ္စသည် လွယ်ကူစွာအဆင်ပြေသွားလိမ့်မည်။
“ငါတို့အလင်းခုနစ်ပါးစံအိမ်က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လူသတ်နိုင်တယ်”
လီမင်ထူက ဇူအော်ထျန်းယာနှင့် ကျူးဝူရှစ်ကို ကြည့်သည်။ သူက မာနများဖြင့် အေးစက်နေသည်။
ဤနေရာတွင်ရှိသော အလင်းခုနစ်ပါးစံအိမ်ဖြစ်စေ မိုင်သောင်းချီအကွာတွင်ရှိသော အလင်းခုနစ်ပါးဓားဂိုဏ်းပင်ဖြစ်စေ အင်အားစုကြီးများဖြစ်ကြသည်။
အင်အားစုကြီးများတွင် ကိုယ်ပိုင်မာနရှိသည်။
“အသက်ခိုးယူခြင်းမျှော်စင်က ကျဆင်းသွားပြီ။ မင်းတို့က ငါ့ကို သတင်းမပို့ဘဲ အမှားလုပ်ခဲ့တယ်။ အခွင့်ကောင်းတစ်ခုကို မရလိုက်ဘူး”
လီမင်ထူ၏ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏ ထူးခြားသောစွမ်းအင်များ လှုပ်ရှားလာသည်။ ဇူအော်ထျန်းယာနှင့် ကျူးဝူရှစ်တို့က မျက်နှာထားဖြူဖျော့သွားသည်။
ဇူအော်ထျန်းယာက စိတ်ဓာတ်ကျနေသောမျက်နှာထားနှင့်အတူ နေရာတွင်ရပ်နေသည်။
ဟန်မူယဲ့က ဓားဝင်္ကပါတည်ဆောက်ပြီး မရေမတွက်နိုင်သောကျင့်ကြံသူများကို ဆွဲဆောင်ခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဓားဝင်္ကပါက မရေမတွက်နိုင်လောက်သောဓားကျင့်ကြံသူများကို အကျိုးရှိစေခဲ့သည်။ သို့သော် ထိုအချက်သည် အရေးအကြီးဆုံးမဟုတ်ပေ။ အသက်ခိုးယူခြင်းမျှော်စင် ပြန်မလာနိုင်အောင် မကောင်းမှုများကို ဖော်ထုတ်လိုက်ခြင်းသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။
သူတို့က အသက်ခိုးယူခြင်းမျှော်စင်၏ခေါင်းဆောင် တိလင်းယန်ကို အစွမ်းကုန်သုံး၍ သတ်ဖြတ်လိုက်ကြသည်။
နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခုနှင့် အင်အားစုဆယ့်ငါးခုကြားတွင် လုပ်ကြံသတ်ဖြတ်မှုများ အမြဲရှိနေသည်။ အင်အားစုများအားလုံးကြားတွင် ရင်းနှီးသည်ဖြစ်စေ စိမ်းသက်သည်ဖြစ်စေ နောက်ကျောမှ ဓားဖြင့်ထိုးတတ်ကြသည်။
အသက်ခိုးယူခြင်းမျှော်စင်၏လုပ်ရပ်များ ပေါ်ထွက်လာသောအခါတွင် ပြန့်ကျဲကြယ်ကျွန်းများ ဆူပွက်သွားခဲ့သည်။
ဇူအော်ထျန်းယာက ဝိညာဉ်ပုလဲသုံးသောင်းဖြင့် အလုပ်အပ်ခဲ့သော်လည်း ဝိညာဉ်ပုလဲသုံးရာအထိ ဖြတ်ခုတ်ခံလိုက်ရသော ဖြစ်ရပ်လည်း ပါဝင်နေသည်။ ထို့ကြောင့် လူအများအပြားက လှောင်ပြောင်နေကြသည်။
သို့သော် လီမင်ထူပြောခဲ့သည့်အတိုင်း ကောလဟာလများသည် အရေးမပါပေ။
သူတို့ကို မထိခိုက်စေနိုင်ပေ။
တချို့အရာများသည် ကောလဟာလများအဖြစ်သာ ဆက်ရှိနေလိမ့်မည်။
သို့သော် ဇူအော်ထျန်းယာတို့က ထိုဖြစ်ရပ်ကို ချက်ချင်းအသိမပေးခဲ့သောကြောင့် အလင်းခုနစ်ပါးစံအိမ်က ကိုင်တွယ်ရန် အချိန်မရှိလိုက်ပေ။ သူတို့က အခွင့်အရေးတစ်ခုကို လွဲချော်သွားခဲ့သည်။
ထိုသို့မဟုတ်လျှင် နာမည်ကြီးလာမည့်အင်အားစုသည် ခြောက်ထပ်စံအိမ်မဟုတ်ဘဲ အလင်းခုနစ်ပါးစံအိမ် ဖြစ်နေလိမ့်မည်။
တစ်ချိန်လုံးဖုံးကွယ်နေခဲ့သော ခြောက်ထပ်စံအိမ်သည် ဤတစ်ကြိမ်တွင် ဂုဏ်သိက္ခာမြင့်မားစွာ ပြန်လည်ပေါ်ထွက်လာသည်။ သူတို့က အသက်ခိုးယူခြင်းမျှော်စင်ကို ဖျက်ဆီးပြီး နှလုံးသားကိုလေ့ကျင့်ရန် ဓားဝင်္ကပါတစ်ခု တည်ဆောက်ပေးခဲ့သည်။
အင်အားစုကြီးများ၏အမြင်တွင် တော်ဝင်ရှုခင်းဓားဆိုင်မှ ဟန်မူယဲ့သည် ခြောက်ထပ်စံအိမ်ရှေ့ထုတ်လိုက်သော လူတစ်ယောက်သာဖြစ်သည်။
ဟန်မူယဲ့က ထိုကိစ္စများကို မည်သို့ဆောင်ရွက်နိုင်မည်နည်း။
ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် နှစ်ဝက်ပြည့်အောင် မနေထိုင်ရသေးသော ကျင့်ကြံသူတစ်ယောက်က နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခုနှင့် အင်အားစုဆယ့်ငါးခုကို တိုက်ရိုက်ရင်ဆိုင်ပြီး အင်အားစုတစ်ခုကို မည်သို့ ဖျက်ဆီးရဲမည်နည်း။
ထိုလူမျိုး အမှန်တကယ်တည်ရှိနေလျှင် အင်အားစုများအားလုံးက ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ အလေးအနက်ထားပြီး ဆက်ဆံရလိမ့်မည်။
ဇူအော်ထျန်းယာနှင့် ကျူးဝူရှစ်တို့က လီမင်ထူ၏အပြစ်တင်စကားကို ပြန်မပြောရဲပေ။ သူတို့က ခေါင်းငုံ့ထားသည်။
“ဇူအော်ထျန်းယာနဲ့ ကျူးဝူရှစ်၊ ဒီတစ်ကြိမ်မှာ ခြောက်ထပ်စံအိမ်က ဓားတာအိုပြိုင်ပွဲတစ်ခု ကျင်းပလိမ့်မယ်။ မင်းတို့က ကိုယ်တိုင်သွားကြည့်သင့်တယ်”
လီမင်ထူက ကျောက်စိမ်းရောင်ဖိတ်စာကို ထုတ်ပေးလိုက်သည်။
“ဖြစ်နိုင်ရင်”
သူက ရပ်တန့်လိုက်ပြီး မျက်လုံးများမှေးကျဉ်း၍ တည်ငြိမ်စွာပြောသည်။
“ဓားတာအိုပြိုင်ပွဲမှာ မင်းတို့နဲ့ ဟန်မူယဲ့ရဲ့အငြိုးအတေးကို ဖြေရှင်းခဲ့ပါ”
‘ဖြစ်နိုင်ရင်တဲ့လား’
ထိုအရာသည် သေမိန့်ဖြစ်သည်။
ခြောက်ထပ်စံအိမ်၏ ဓားတာအိုပြိုင်ပွဲတွင် လူတစ်ယောက်သာ ရှင်သန်နိုင်လိမ့်မည်။
အလင်းခုနစ်ပါးစံအိမ်၏ လီမင်ထူသည် လုပ်ရမည့်အရာကိုသာ ပြောသည်။
“မစိုးရိမ်ပါနဲ့စံအိမ်သခင်”
ဇူအော်ထျန်းယာက လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းသည်။
“ကျွန်တော်တို့ အလင်းခုနစ်ပါးစံအိမ်ရဲ့ ဂုဏ်သတင်းကို ရန်သူရဲ့သွေးနဲ့ ဆေးကြောလိုက်ပါ့မယ်”
....
တော်ဝင်ရှုခင်းဓားဆိုင်တွင် နှလုံးသားသန့်စင်ခြင်းဝင်္ကပါကို တည်ဆောက်ပြီးသွားသောဟန်မူယဲ့က သက်တောင့်သက်သာရှိနေသည်။
အသက်ခိုးယူခြင်းမျှော်စင်နှင့်တိုက်ပွဲကြောင့် သူက ဓားတာအို၏ မဟာကျင့်ကြံသူကြီးတစ်ဦးဖြစ်ကြောင်း အပြင်လူများသိသွားကြသည်။ ထို့ကြောင့် ဓားအကဲဖြတ်ရန်အတွက် လူများသိပ်မလာတော့ပေ။
သာမန်ဆိုင်ရှင်တစ်ယောက်၏ ဓားအကဲဖြတ်ခြင်းသည် မဟာကျင့်ကြံသူကြီးတစ်ယောက်၏ ဓားအကဲဖြတ်ခြင်းနှင့် လုံးဝမတူညီပေ။
ဆိုင်သို့ လူသိပ်မလာသောကြောင့် စီးပွားရေးကျဆင်းလာသည်။ ကျန့်တနျိုက အနည်းငယ်စိုးရိမ်နေမိသည်။ သို့သော် ရှောက်ထျန်းရီက အားလပ်ချိန်ရသည့်အတွက် ပျော်ရွှင်နေပြီး ဟန်မူယဲ့ထပ်ရေးထားသော ဓားစာလုံးကို အာရုံစိုက်၍ သုံးသပ်နေသည်။
အသက်ခိုးယူခြင်းမျှော်စင်က ပျက်စီးသွားပြီး သူ့ကို မခြိမ်းခြောက်နိုင်တော့သော်လည်း သူက ဓားတာအိုနှင့်ပတ်သတ်၍ စွဲလမ်းနေဆဲဖြစ်သည်။
“ညီအစ်ကိုရှောက်၊ ညီအစ်ကိုရှောက် .....”
ကျန့်တနျို၏အသံ ပေါ်ထွက်လာပြီး ဓားစာလုံး၏ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော ရှောက်ထျန်းရီက အသိစိတ်ပြန်ဝင်လာသည်။
သူ့ရှေ့တွင် ဝတ်ရုံရှည်လူအိုကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် ရှိနေသည်။
လူအိုကြီးက အပြုံးတစ်ခုနှင့်အတူ ရှောက်ထျန်းရီကိုကြည့်လိုက်ပြီး ပြောသည်။
“ဟီးဟီး၊ မိတ်ဆွေလေး၊ မင်းက ဒီလက်ရေးလှစာကိုကြည့်ပြီး ငေးမောနေတဲ့ပုံပဲ။ မင်းက တစ်ခုခုရခဲ့လား”
ရှောက်ထျန်းရီက ခေါင်းညိတ်သည်။
“ကျွန်တော်က အများကြီးရခဲ့ပါတယ်။ ဒီစာလုံးက ကျွန်တော့်ရဲ့နှလုံးသားထဲမှာ စွဲထင်နေပြီ”
သူ့စကားကြောင့် လူအိုကြီးက မျက်လုံးများတောက်ပသွားသည်။ ဘေးတွင်ရှိနေသောကလေးက ရှောက်ထျန်းရီကို စပ်စုလိုစိတ်များနှင့်အတူ ကြည့်နေသည်။
“ဓားဝယ်ချင်တာလား ဒါမှမဟုတ် လက်ရေးလှစာတွေ ဝယ်ချင်တာလား”
“ဓားအကဲဖြတ်ချင်တယ်ဆိုရင်တော့ ဆိုင်ရှင်ကျင့်ကြံပြီးတဲ့အထိ စောင့်ရပါလိမ့်မယ်”
ရှောက်ထျန်းရီက မတ်တပ်ရပ်လိုက်ပြီး ညင်သာစွာပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။ သူက ယန်ကျန်းချင်၏ ရတနာမျှော်စင်ကိုညွှန်ပြလိုက်ပြီး ပြောသည်။
“ဒီလက်ရေးလှစာကို ဘယ်လောက်နဲ့ရောင်းမှာလဲလို့ ဆိုင်ရှင်ကိုမေးပေးပါ”
‘လွတ်လပ်စွာမေးမြန်းနိုင်သည်တဲ့လား’
ရှောက်ထျန်းရီက မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်သည်။
ဆိုင်ထဲတွင် လွတ်လပ်စွာမေးမြန်းနိုင်သည်ဟု ရေးထားသော ပစ္စည်းများအားလုံးသည် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်နှင့်အထက် တန်ကြေးရှိသည်ဟု ဆိုင်ရှင်က ပြောခဲ့သည်။
သူ့ရှေ့တွင်ရှိသောလူသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။
ရှောက်ထျန်းရီ၏အကြည့်ကို ခံစားမိသောအခါတွင် လူအိုကြီးက မုတ်ဆိတ်ကိုပွတ်သပ်လိုက်ပြီး ခပ်ဟဟရယ်သည်။
“ငါက ထောင်ကျစ်ရှင်းပါ။ မင်းတို့ဆိုင်ရှင်မှာ အားလပ်ချိန်ရှိရင် ငါရဲ့ ဝမ်ယွမ်စံအိမ်ကို လာလည်နိုင်တယ်လို့ ပြောလိုက်ပါ”
ဝမ်ယွမ်စံအိမ် ....
နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခုနှင့် အင်အားစု ဆယ့်ငါးခုထဲတွင်ပါဝင်သော ဝမ်ယွမ်စံအိမ်ဖြစ်သည်။ ဝမ်ယွမ်စံအိမ်တွင် ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်သို့ရောက်နေသော ကျင့်ကြံသူအများအပြားရှိပြီး စံအိမ်သခင် ထောင်ကျစ်ရှင်းသည် မဟာကျောင်းတော်သားတစ်ဦးဖြစ်သည်။
သူ့ရှေ့တွင်ရှိသောလူသည် အဆုံးမဲ့ပင်လယ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော ထောင်ကျစ်ရှင်းဖြစ်သည်။
ရှောက်ထျန်းရီက စိတ်လှုပ်ရှားစွာဦးညွှတ်သည်။ ထောင်ကျစ်ရှင်းက ရှောက်ထျန်းရီ၏ပခုံးကို ပုတ်ပေးလိုက်သည်။
“သိဖို့က လွယ်တယ်။ လက်တွေ့လုပ်ဖို့ ခက်တယ်။ သေချာသုံးသပ်ပြီး လေ့ကျင့်ပါ။ ကျင့်ကြံခြင်းမှာ မင်းက တစ်ခုခုကို ရုတ်တရက်နားလည်သွားလိမ့်မယ်”
ရှောက်ထျန်းရီက ခေါင်းညိတ်လိုက်ပြီး ဦးညွှတ်သည်။
“သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
မဟာကျင့်ကြံသူကြီးတစ်ယောက်၏ လမ်းညွှန်မှုသည် သူ့ကို ဘဝတစ်လျှောက်လုံး အကျိုးရှိစေလိမ့်မည်။
ထောင်ကျစ်ရှင်းက တစ်ဖက်သို့ပြန်လှည့်ပြီး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ကျန့်တနျို၏ရှေ့တွင် စုတ်တံနှင့်မင်ခွက် ရှိနေသည်။ စာရွက်ပေါ်တွင် ဖရိုဖရဲဖြစ်နေသော စာလုံးတချို့လည်း ရှိသည်။
“မင်းက စာမရေးတတ်ဘူးလား”
ထောင်ကျစ်ရှင်းက ညင်သာစွာမေးသည်။
ကျန့်တနျိုက ရှက်ရွံ့စွာခေါင်းကုတ်သည်။
“ကျွန်တော်ငယ်ငယ်ကတည်းက ငါးဖမ်လာခဲ့တာကို ဆရာကြီးလည်းသိတာပဲ။ ကျွန်တော်က စာမတတ်ဘူး ....”
သူက ထောင်ကျစ်ရှင်းကို သိသည်။
သူက ဓားဆိုင်မှ ရေပေါ်ရွာလေးသို့ ပြန်သွားသောအချိန်တွင် ထောင်ကျစ်ရှင်း၏လှည်းနှင့် လမ်းကြုံလိုက်ခဲ့သည်။ သူတို့က လမ်းတစ်လျှောက်တွင် စကားပြောခဲ့သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ထောင်ကျစ်ရှင်း၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
“မင်းက ကျောင်းမတက်ဘူးပေမဲ့ သင်ယူဖို့ဆန္ဒရှိတာ ကောင်းတယ်”
“မင်းက စာရေးစာဖတ်တာကို သင်ချင်ရင် ငါရဲ့ဝမ်ယွမ်စံအိမ်ကို လာနိုင်တယ်”
ထိုသို့ဖြင့် ထောင်ကျစ်ရှင်းက ကလေးငယ်ကိုခေါ်ပြီး အပြုံးတစ်ခုနှင့်အတူ တော်ဝင်ရှုခင်းဓားဆိုင်မှ ထွက်သွားသည်။
ကျန့်တနျိုက လမ်းပျောက်နေသည်။ သူက ကြောင်အနေသော ရှောက်ထျန်းရီကို လှည့်ကြည့်သည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးသည်။
အနာဂတ်မရှိသော လုပ်ကြံသူတစ်ယောက်နှင့် တံငါသည်တစ်ယောက်က မဟာကျောင်းတော်သားတစ်ဦးနှင့် စကားပြောရန် အခွင့်အရေးရခဲ့သည်။ သူတို့ကို ဝမ်ယွမ်စံအိမ်တွင် စာသင်ကြားရန် ဖိတ်ခေါ်ခဲ့သေးသည်။
ထိုအရာသည် ပျော်ရွှင်မှုပင်ဖြစ်သည်။
ရှောက်ထျန်းရီက ကျန့်တနျိုကို ကြည့်သည်။
“ဝမ်ယွမ်စံအိမ်က စာသင်ကြားဖို့အတွက် အခွင့်ကောင်းတစ်ခုပဲ။ မင်းသွားချင်လား”