အခန်း (၅၈၇)
Vol. 42 Ch. 587
သူက ဟန်မူယဲ့ကို လာတွေ့သောအခါတွင် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။
ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းများမှ ထွက်သွားမည်မဟုတ်ပေ။
ဓားကျင့်ကြံသူတစ်ယောက်၏ အရိုးထဲတွင်ရှိသောမာနများကို အပြင်လူများ နားမလည်နိုင်ပေ။
ရှုချွမ်ဟယ်က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် နားလည်သည်။
ဟန်မူယဲ့က အမှားမလုပ်ခဲ့သော်လည်း ပြဿနာကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
ရှုချွမ်ဟယ်ထွက်သွားသောအခါတွင် ဟန်မူယဲ့က ရှောက်ထျန်းရီကို ဆိုင်ကြည့်ထားရန် ညွှန်ကြားလိုက်သည်။ သူက ကျန့်တနျိုကိုခေါ်ပြီး အပြင်ထွက်သွားသည်။
သူက ယုဖုန်းလင်း၏ဓားဖိုသို့ အလည်သွားပြီး ယုဖုန်းလင်းကိုဖိတ်ခေါ်၍ ဝမ်ယွမ်စံအိမ်သို့ သွားခဲ့သည်။
ထောင်ကျစ်ရှင်းက ကျန့်တနျိုကို ဖိတ်ခေါ်ခဲ့သည်ဟု ရှောက်ထျန်းရီက ပြောသောကြောင့် ဟန်မူယဲ့က ကျန့်တနျိုကို ခေါ်လာခဲ့သည်။
ဟန်မူယဲ့က ကျန့်တနျိုကို ဝမ်ယွမ်စံအိမ်တွင် သင်ကြားချင်သလားဟု မေးခဲ့သည်။ ကျန့်တနျိုက သူ့ကိုယ်သူ အလွန်တုံးအသည်ဟု ခံစားရသောကြောင့် ပန်းပဲပညာကိုသာ သင်ယူချင်သည်ဟု ပြောသည်။
သတ္တုများကို ပုံသွင်းရခြင်းသည် စာသင်ကြားခြင်းထက် ပိုမိုလွယ်ကူသည်ဟု သူခံစားရသည်။
သို့သော် သူ့ကလေးများအတွက် ဝမ်ယွမ်စံအိမ်ကို မေးကြည့်ချင်သည်။
ဝမ်ယွမ်စံအိမ်က ကလေးအရွယ်မှစတင်၍ တပည့်များကို ပျိုးထောင်ပေးသည်။
ဝမ်ယွမ်စံအိမ်က အဝေးတစ်နေရာတွင် ရှိနေသည်။ ဟန်မူယဲ့၏ ဓားပျံကြောင့်သာမဟုတ်လျှင် ကျန့်တနျိုက တစ်သက်လုံး ဝမ်ယွမ်စံအိမ်သို့ ရောက်နိုင်မည်မဟုတ်ပေ။
မိုင်သုံးထောင်ကိုဖြတ်သန်းပြီး ကျွန်းစုများနှင့် အဌဂံပုံစံအိမ်တစ်ခုသို့ ရောက်လာသည်။
ကျန့်တနျိုက စံအိမ်၏ရှေ့သို့ ရောက်လာသည်အထိ ငေးမောနေသည်။
သူ့ခြေထောက်များက တုန်ခါနေသော်လည်း မျက်လုံးများက တောက်ပနေသည်။
“ဒါက .... ကျင့်ကြံသူပဲ ....”
သူက မဟာကျင့်ကြံသူကြီးများနှင့် ဆက်သွယ်နိုင်ခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်လာသည်။
သို့သော် ကျင့်ကြံသူတစ်ယောက်၏ ပျံသန်းရသောခံစားချက်မျိုးကို မသိခဲ့ပေ။
ကျင့်ကြံခြင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
ဟန်မူယဲ့က ကျန့်တနျိုကို လွှတ်ထားလိုက်ပြီး ယုဖုန်းလင်းနှင့်အတူ စံအိမ်ထဲသို့ ဝင်သွားသည်။
တစ်ဖက်တွင် ကျောင်းတော်သားဝတ်စုံနှင့် ထောင်ကျစ်ရှင်းက ကြိုတင်စောင့်နေခဲ့သည်။
“ဆရာထောင်၊ ရုတ်တရက်ရောက်လာပြီး နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”
ယုဖုန်းလင်းက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။ သူက ဘေးတွင်ရှိသော ဟန်မူယဲ့ကို ညွှန်ပြသည်။
“ဒီမိတ်ဆွေလေးက တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ ဆိုင်ရှင်ဟန်ပါ။ ဆရာထောင်က သူ့နာမည်ကို ကြားဖူးမယ်လို့ ထင်ပါတယ်”
ဟန်မူယဲ့က ဦးညွှတ်လိုက်ပြီး ပြောသည်။
“တွေ့ရတာဝမ်းသာပါတယ် ဆရာထောင်”
သူ့ခန္ဓာကိုယ်ပေါ်တွင် သမာဓိစွမ်းအားတချို့ ဖြတ်ပြေးသွားသည်။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ ....
ကွန်ဖြူးရှပ်တာအိုနှင့် ဓားတာအို ....
ထောင်ကျစ်ရှင်း၏ပျော်ရွှင်မှုများက ပိုမိုတိုးပွားလာသည်။ သူက လက်မြှောက်လိုက်ပြီး ပြောသည်။
“အရင်တစ်ခေါက်က ဓားဆိုင်မှာ မင်းနဲ့မတွေ့လိုက်ရတဲ့အတွက် နောင်တရနေခဲ့တာ”
ထိုစကားများကြောင့် ယုဖုန်းလင်းက အံ့အားသင့်သွားသည်။
‘ဒီနှစ်ယောက်က ဆက်သွယ်ဖူးတယ်ထင်တယ်။ ဒါပေမဲ့ ဟန်မူယဲ့က မိတ်ဆက်ပေးဖို့အတွက် ငါ့ကို ခေါ်လာတယ်’
‘ဒီမြေခွေးလေးကတော့’
ဟန်မူယဲ့က ပန်းချီကားတစ်ချပ်ကို ကိုင်ထားသည်။
“ကျွန်တော်က အလည်ရောက်လာပေမဲ့ လက်ဆောင်ပေးဖို့မရှိတဲ့အတွက် မင်ရည်စက်ပန်းချီကားကို ဆွဲလာခဲ့တယ်။ ဆရာထောင်ရဲ့သုံးသပ်မှုကို စောင့်နေပါတယ်”
ထောင်ကျစ်ရှင်းက ပြုံးလိုက်ပြီး ပန်းချီကားကို လှမ်းယူသည်။ သူက ဟန်မူယဲ့နှင့် ယုဖုန်းလင်းကို ဝမ်ယွမ်စံအိမ်ထဲသို့ ခေါ်သွားသည်။
ကျန့်တနျိုကို တခြားလူများက ဧည့်ခံပေးလိမ့်မည်။
သူက မဟာကျင့်ကြံသူကြီးတစ်ယောက်၏ ကြိုဆိုမှုကို လက်ခံရန်အတွက် အရည်အချင်းမရှိသေးပေ။
စံအိမ်သည် သုံးထပ်စံအိမ်သာဖြစ်သော်လည်း အလွန်ခမ်းနားသည်။
အထဲတွင် ကြိုးစားလေ့လာနေသော၊ လျင်မြန်စွာစာရေးသားနေသော ကျောင်းတော်သားများကို မြင်နိုင်သည်။
ထောင်ကျစ်ရှင်းက ဟန်မူယဲ့တို့ကို ခေါ်လာသောအချိန်တွင် အများစုက ခေါင်းလှည့်မကြည့်ကြပေ။
ထိုအရာသည် ကြိုးစားလေ့လာနေသော ကျောင်းတော်သားများ၏ပုံစံ ဖြစ်သည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ကျောင်းတော်သားများ၏ကိုယ်ပေါ်တွင်ရှိသော သမာဓိစွမ်းအားများသည် မသိပ်သည်းပေ။ ပြန့်ကျဲကြယ်ကျွန်းများတွင် ကွန်ဖြူးရှပ်တာအို၏အခြေခံအုတ်မြစ် မရှိသောကြောင့် ဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံရန်အတွက် လူသားဆန္ဒများကို စုစည်းရမည်။
သို့သော် ဝမ်ယွမ်စံအိမ်၏ ကျင့်ကြံခြင်းနည်းစနစ်ကို စိတ်ဝင်စားသောလူများ မရှိကြပေ။
‘ကျင့်ကြံခြင်းလမ်းစဉ်က ကွဲပြားနေတာလား’
သူက အလှဆင်ပစ္စည်းများကို ကြည့်သည်။ ပန်းချီနှင့်စာလိပ်များသည် ကျက်သရေရှိပြီး ထူးခြားသည်။
စာလုံးများသည် ရိုးသားပြီး တက်ကြွမှုရှိသည်။ လူတစ်ယောက်၏ ဖြောင့်မတ်မှုနှင့် ကိုယ်ကျင့်တရားကို ဖော်ပြနေသည်။
ပန်းချီကားများသည် ရိုးရှင်းပြီး အင်မော်တယ်အငွေ့အသက်များကို သယ်ဆောင်ထားသည်။
ထိုနေရာတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကွန်ဖြူးရှပ်တာအိုသည် အနည်းငယ်ကွဲပြားနေသည်။
တော်ဝင်ကျောင်းတော်မှ ဟန်မူယဲ့နှင့်ရင်းနှီးသောလူများသည် မောက်မာခြင်းမရှိလျှင် ပေါ့ပါးခြင်းများဖြင့် ပြည့်နေသည်။ သူတို့၏စာပေအရေးအသားသည် သမာဓိစွမ်းအားများဖြင့် ပြည့်လျှံနေသည်။
သူတို့က ဝမ်ယွမ်စံအိမ်၏ တတိယထပ်သို့ ရောက်လာသောအခါတွင် ထောင်ကျစ်ရှင်းက ဟန်မူယဲ့တို့ကို စားပွဲတွင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ သူက လက်မြှောက်ပြီး ဟန်မူယဲ့ပေးသောစာလိပ်ကို ဖြည်းဖြည်းချင်း ဖြန့်ကြည့်သည်။
“မိတ်ဆွေလေးဟန်က ကိုယ်တိုင်ရေးဆွဲထားတာဆိုတော့ ငါက သေချာကြည့်ပေးရမှာပေါ”
ဘေးတွင်ရှိနေသောယုဖုန်းလင်းက ပြောလိုက်သည်။
“ဒါက မင်းရဲ့အမှားပဲ။ ငါ့ကိုလည်း ပန်းချီကားတစ်ချပ်ပေးသင့်တယ်”
“ငါနားလည်ပါတယ်။ ဆရာထောင်က ပညာတတ်တစ်ယောက်ပဲ။ ငါကတော့ ပန်းပဲဆရာလေ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ ယုဖုန်းလင်းက စနောက်နေသည်။
ပန်းချီကားများသည် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ၏ လက်ထဲတွင်မဟုတ်လျှင် အမှန်တကယ်ပင် တန်ဖိုးမရှိပေ။
ထောင်ကျစ်ရှင်းက ပြုံးနေသည်။ သို့သော် သူက ပန်းချီစာလိပ်ကို ကြည့်လိုက်သောအခါတွင် မျက်နှာထားလေးနက်သွားသည်။
“ပန်းချီကားက ရေကန်တစ်ခုလိုပဲ ကြည်လင်ပြီး နက်ရှိုင်းတယ်။ ပြီးတော့ တိတ်ဆိတ်တယ်။ စုတ်ချက်တွေက သဘာဝကျပြီး တာအိုနဲ့ နီးကပ်နေတယ် ....”
ထောင်ကျစ်ရှင်းက ဖြည်းဖြည်းချင်းခေါင်းမော့ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“မိတ်ဆွေလေး၊ မင်းက ဒီမင်ရည်စပျစ်သီးတွေကို တကယ်ပဲ ကိုယ်တိုင်ဆွဲခဲ့တာလား”
“ဆရာနွယ်စိမ်းရဲ့လက်ရာကို မှီခိုထားတယ်လို့ပြောတယ်။ ဆရာနွယ်စိမ်းက ဘယ်သူလဲ”
ကျောင်းတော်သားများသည် အချင်းအချင်းအထင်သေးသော်လည်း အချင်းချင်းတန်ဖိုးထားကြပြန်သည်။
သူတို့နှင့် အဆင့်တူသောလူများကသာ တစ်နေရာတည်းတွင်ထိုင်၍ တာအိုကို ဆွေးနွေးနိုင်သည်။
သို့သော် ကျောင်းတော်သားများတွင် ကိုယ်ပိုင်မာနရှိသည်။
အကယ်၍ ဟန်မူယဲ့က ဤပန်းချီကားကို ကိုယ်တိုင်ရေးဆွဲခဲ့ခြင်းမဟုတ်လျှင် ထောင်ကျစ်ရှင်းက သူ့ကို ကန်ထုတ်လိမ့်မည်။
ထောင်ကျစ်ရှင်း၏မေးခွန်းကို ကြားရသောအခါတွင် ဟန်မူယဲ့က ရယ်လိုက်ပြီး လက်မြှောက်၍ စုတ်တံ၊ မင်ခွက်၊ စက္ကူနှင့် မင်တုံးကို ထုတ်ယူသည်။
“သခင်ယုက ပန်းချီကားတစ်ချပ် လိုချင်နေတာမဟုတ်လား။ ကျွန်တော်က ကိုယ်တိုင်ဆွဲလိုက်ပါ့မယ်”
‘ဒါကိုတော့ ကိုယ်တိုင်ဆွဲထားတာလို့ ပြောနိုင်တယ်မဟုတ်လား’
ဟန်မူယဲ့က လက်မြှောက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် မင်တုံးသွေးသည်။
ထောင်ကျစ်ရှင်းနှင့် ယုဖုန်းလင်းတို့က အကြည့်ချင်းဖလှယ်ပြီး လေးနက်သောမျက်နှာထားဖြင့် စောင့်ကြည့်နေသည်။
“ကျွန်တော်တို့ရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ဆရာနွယ်စိမ်းက ပါရမီအရှိဆုံး ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူပဲ”
“သူက မရေမတွက်နိုင်လောက်တဲ့ မဟာကျောင်းတော်သားတွေကို ဖိနှိပ်ပြီး အချိန်တိုအတွင်းမှာပဲ ဆရာသခင်တစ်ယောက်ဖြစ်လာတယ်”
“ဒါပေမဲ့ သူက ဆရာသခင်တစ်ယောက်ဖြစ်လာပြီး စိတ်ရှုပ်ထွေးသွားတဲ့အတွက် နှစ်တစ်ရာကြာအောင် မလွတ်မြောက်နိုင်ခဲ့ဘူး”
“အခုတော့ သူက ဘဝတစ်သက်စာကျင့်ကြံခြင်းနဲ့ စိတ်ကြည်လင်မှုကို လဲလှယ်ပြီး ယုံတင်းမြစ်မှာ ပညာသင်ကြားပေးနေတယ်”
ဟန်မူယဲ့က လက်ထဲတွင်ရှိသောစုတ်တံဖြင့် မင်ရည်စက်များကို ဖြန်းလိုက်သည်။
အနက်ရောင်မင်ရည်စက်များ ပြန့်ကျဲသွားသည်။ သူ့လက်ထဲတွင်ရှိသောစုတ်တံက လျင်မြန်စွာရွေ့လျားသွားသည်။
ခဏအကြာတွင် အနက်ရောင်ဝတ်စုံနှင့် မောက်မာပုံရသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦး ပေါ်လာသည်။
ထိုပုံစံသည် အင်မော်တယ်လရေကန်တွင်မြင်ခဲ့ရသော သခင်နွယ်စိမ်း၏ပုံစံဖြစ်သည်။
“သူက သခင်နွယ်စိမ်းပဲ”
“ဒီကိုယ်ဟန်မျိုး ....”
စိတ်ဓာတ်ကျနေသော်လည်း မောက်မာပုံရသောပုံစံကို ကြည့်လိုက်ပြီး ယုဖုန်းလင်းက ငေးမောသွားသည်။
မတူညီသောရှုထောင့်ကြောင့် ထောင်ကျစ်ရှင်း၏လက်ချောင်းများ တုန်ခါသွားသည်။ သူက မင်ရည်စက်ပန်းချီကားကို သေချာကြည့်နေသည်။
“ကောင်းတယ်။ ကောင်းတယ်။ အဲဒီတော့ ပန်းချီကားနဲ့ လက်ရေးလှစာတွေက ဒီလိုမျိုး လွတ်လပ်ပြီး သဘာဝကျနိုင်တာပဲ ....”
သူ့ခန္ဓာကိုယ်ထဲမှ သမာဓိစွမ်းအားများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။
ကွန်ဖြူးရှပ်တာအိုသည် သက်ရှိများအားလုံးကို လေ့လာပြီး သုံးသပ်သည်။ ယခုအချိန်တွင် ထောင်ကျစ်ရှင်းက လက်ရေးလှစာနှင့် ပန်းချီကားများ၏ ပုံစံအသစ်ကို မြင်လိုက်ရသည်။ သူက နှလုံးသားထဲတွင် ဉာဏ်အလင်းရပြီး စိတ်အခြေအနေ တိုးတက်သွားသည်။
ယုဖုန်းလင်းက တစ်ကိုယ်လုံးတုန်ခါသွားပြီး ချီစွမ်းအားများကို အလင်းလွှာအဖြစ် ပြောင်းလဲသည်။
သူက လက်မြှောက်ပြီး ဟန်မူယဲ့ကို ကာကွယ်ပေးတော့မည့်အချိန်တွင် ကြောင်အသွားသည်။
ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ထောင်ကျစ်ရှင်းအောက်မကျသော သမာဓိစွမ်းအားများ ရှိနေသည်။ ထို့အပြင် စိတ်ငြိမ်သက်စေနိုင်သော ခရမ်းရောင်အငွေ့အသက်များလည်း ရောပါနေသည်။
ထောင်ကျစ်ရှင်းနှင့်ယှဉ်နိုင်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးဖြစ်သည်။
‘လောကမှာ ဒီလိုလူမျိုး ရှိနေသေးတာလား’
ထောင်ကျစ်ရှင်းသည် နှစ်တစ်သောင်းကြာအောင် ကျော်ကြားခဲ့သော မဟာကျင့်ကြံသူကြီးတစ်ဦးဖြစ်သည်။ ဟန်မူယဲ့က လူငယ်တစ်ယောက်သာဖြစ်သည်။
ယုဖုန်းလင်း၏အကြည့်များ ရှုပ်ထွေးသွားသည်။
‘ငါက ပြန့်ကျဲကြယ်ကျွန်းတွေမှာ နှစ်ထောင်ချီကြာအောင် နေခဲ့ပြီး အပြင်ကမ္ဘာနဲ့ အဆက်ပြတ်သွားတာလား’
‘အခု ကျင့်ကြံခြင်းလောကရဲ့ မျိုးဆက်သစ်တွေက ဒီလိုမျိုးပဲ ပါရမီရှိပြီး အံ့အားသင့်ဖို့ကောင်းကြတာလား’
ထောင်ကျစ်ရှင်းက သမာဓိစွမ်းအားများကို ဖြည်းဖြည်းချင်းရုတ်သိမ်းပြီး ဟန်မူယဲ့ကို ကြည့်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
ထိုအရာသည် မျိုးဆက်တူများအတွက် နှုတ်ဆက်မှုဖြစ်သည်။
“ဆရာဟန်”
ဟန်မူယဲ့ကလည်း မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။
“ဆရာထောင်”
သူတို့နှစ်ယောက်က ပြုံးလိုက်ပြီး ပြန်ထိုင်သည်။
သူတို့က အချင်းချင်း အသိအမှတ်ပြုလိုက်ကြသည်။
“ဆရာနွယ်စိမ်းက ဘဝတစ်သက်တာကျင့်ကြံခြင်းကို အသုံးချပြီး စိတ်ကြည်လင်အောင်လုပ်ခဲ့တယ်လို့ ပြောတယ်နော်”
ထောင်ကျစ်ရှင်းက ပန်းချီကားကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နွယ်စိမ်းရှုဝေ၏အကြောင်းကို ပြောပြလိုက်သည်။
ငယ်ရွယ်စဉ်အချိန်၌ မောက်မာပြီး လောကတွင်ရှိသော ကျောင်းတော်သားများအားလုံးကို အနိုင်ယူခဲ့ခြင်း၊ နောက်ပိုင်းတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ဂရုမစိုက်ဘဲ တာအိုကို ရှာဖွေခြင်း စသည်တို့သည် ထောင်ကျစ်ရှင်းနှင့် ယုဖုန်းလင်းတို့ကို လေးစားသွားစေခဲ့သည်။
နွယ်စိမ်းက ယုံတင်းမြစ်တွင် ပညာသင်ကြားနိုင်ရန်အတွက် ဘဝတစ်သက်တာကျင့်ကြံခြင်းကို အသုံးချခဲ့သည်။ ထိုအပြုအမူကြောင့် ယုဖုန်းလင်းက လေးစားစွာ သက်ပြင်းချလိုက်သည်။
‘လောကမှာရှိတဲ့ ဘယ်လိုကျင့်ကြံသူကများ အဲဒီလိုမျိုး လွတ်လပ်ပြီး လုပ်ချင်တာလုပ်နိုင်မှာလဲ’
“မင်းတို့ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကွန်ဖြူးရှပ်တာအိုက ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကို ဖြစ်ပေါ်စေခဲ့တယ်မဟုတ်လား။ ကိုယ်ပိုင်ဝိညာဉ်ကို ကာကွယ်ဖို့အတွက် နည်းလမ်းမရှိဘူးလား”
“ငါတို့ရဲ့ ကျင်းနန်နယ်မြေမှာ စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းဖို့အတွက် မခက်ဘူး”
ထောင်ကျစ်ရှင်းက နားမလည်နိုင်ဖြစ်နေသည်။
သူ့စကားကို နားထောင်ပြီးသွားသောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက လေးနက်လာသည်။
“ကျွန်တော်တို့ရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ကွန်ဖြူးရှပ်တာအိုရဲ့ အခြေခံအုတ်မြစ်အဖြစ် သမာဓိစွမ်းအားကို အသုံးချတယ်။ ပြီးတော့ လူသားဆန္ဒစွမ်းအားကို ထည့်သွင်းထားတယ်။ အခြေခံကျောင်းတော်သားနဲ့ အထက်တန်းအဆင့်ကျောင်းတော်သားပြီးသွားရင် ကွန်ဖြူးရှပ်တာအိုဆရာတစ်ယောက် ဖြစ်လာနိုင်တယ်”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ကွန်ဖြူးရှပ်တာအိုနဲ့ သူတော်စင်ဖြစ်သွားတဲ့လူတစ်ယောက် ရှိနေတယ်”
သူတော်စင် ....
မည်သည့်ကမ္ဘာတွင်ဖြစ်စေ သူတော်စင်ဖြစ်လာနိုင်သောလူများသည် လေးစားထိုက်သည်။
ထောင်ကျစ်ရှင်း၏မျက်နှာထားက လေးနက်နေသည်။
ယုဖုန်းလင်းက သူတို့နှစ်ယောက်ကိုကြည့်လိုက်ပြီး ပြောသည်။
“ငါက ကွန်ဖြူးရှပ်တာအိုနဲ့ပတ်သတ်ပြီး ဘာမှမသိဘူး။ အောက်ထပ်မှာ လျှောက်ကြည့်နေတာပဲ ကောင်းလိမ့်မယ်”
ထိုသို့ဖြင့် သူက ရှုဝေ၏ပုံတူပန်းချီကားကို ကြည့်လိုက်သည်။
“ဒီမဟာကျောင်းတော်သားက ထူးခြားတဲ့ကိုယ်ဟန်ကို ပိုင်ဆိုင်ထားတယ်။ ငါက ယဉ်ကျေးမနေတော့ဘူးနော်”