အခန်း (၅၉၂)
Vol. 43 Ch. 592
ဓားစံအိမ်၏ဒုတိယထပ်တွင် ကျောက်ဆောင်ထူထပ်သော ကမ်းခြေတစ်ခုရှိသည်။
အရပ်ရှည်သော ဓားကျင့်ကြံသူတစ်ယောက်က လက်ထဲတွင် ဓားကိုင်ထားပြီး ဆင်းသက်လာသည်။
“ဂိုဏ်းတူအစ်ကို”
ဓားကိုင်ထားသော လူငယ်တစ်ယောက်က ရှေ့တက်လာသည်။
“ဂိုဏ်းတူအစ်ကိုက ဘာဖြစ်လို့ တစ်ယောက်တည်းဖြစ်နေတာလဲ”
လူငယ်က အရပ်ရှည်သော ဓားကျင့်ကြံသူကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
“ဒီနေရာမှာ လူစုဖို့ သဘောတူထားတယ်မဟုတ်လား။ တခြားလူတွေက ရောက်မလာသေးဘူးလား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် အရပ်ရှည်သော ဓားကျင့်ကြံသူက ကြောက်ရွံ့သွားပုံပေါ်သည်။
“သူတို့က ဓားချီစွန့်ပစ်မြေမှာ ကန်ထုတ်ခံလိုက်ရပြီထင်တယ်”
“အဲဒီမှာ အရူးတစ်ယောက်ရှိတယ်။ သူက ဓားတွေစုစည်းပြီး ဒုတိယထပ်ကိုတက်လာဖို့ စိတ်ကူးမရှိဘဲ ဓားချီစွန့်ပစ်မြေမှာ လူတိုင်းကို တိုက်ခိုက်နေတယ်။ ဓားချီစွန့်ပစ်မြေကို ဝင်ရောက်လာတဲ့ ဓားကျင့်ကြံသူတိုင်းကို သူက တိုက်ခိုက်လိမ့်မယ်”
‘အဲဒီလိုလူမျိုး ရှိနေတာလား’
လူငယ်ဓားကျင့်ကြံသူက စောစီးစွာရောက်လာသောကြောင့် ထိုအကြောင်းကို မသိပေ။ သူက မေးလိုက်သည်။
“အဲဒီလူက အသတ်မခံရသေးဘူးလား”
အရပ်ရှည်သော ဓားကျင့်ကြံသူက ခေါင်းခါလိုက်ပြီး ကြောက်ရွံ့စိတ်များ ပိုတိုးလာသည်။
သူက လက်မြှောက်ပြီး စုတ်ပြဲသွားသောအဝတ်စကို ပြသည်။
“ဓားချက်တစ်ချက်ပဲ”
သူ့ကိုယ်ပေါ်တွင် အနာကျက်သွားသော တစ်ပေခန့်ရှည်လျားသည့် ဒဏ်ရာတစ်ခု ရှိနေသည်။
လူငယ်ဓားကျင့်ကြံသူက မျက်လုံးပြူးသွားပြီး တီးတိုးပြောသည်။
“အဲဒီလူက ဂိုဏ်းတူအစ်ကိုကို တစ်ချက်တည်းနဲ့ ဒဏ်ရာရသွားစေတာလား”
“သူရဲ့ ဓားတာအိုကျင့်ကြံခြင်းက အရမ်းသန်မာနေမှာပဲ”
“အဲဒီလိုကျွမ်းကျင်သူမျိုးက ပထမထပ်မှာ ဘာလုပ်နေတာလဲ”
အရပ်ရှည်သော ဓားကျင့်ကြံသူက ခေါင်းခါသည်။
သူမသိပေ။
ဒုတိယထပ်၏ သဲသောင်ပြင်တွင် နောက်ပိုင်းမှရောက်လာသော ဓားကျင့်ကြံသူတိုင်းက တီးတိုးကျိန်ဆဲနေကြသည်။
ဓားစံအိမ်၏ ပထမထပ်တွင် လူတိုင်းအားစိန်ခေါ်နေသော ဓားကျင့်ကြံသူနာမည်ကို ဖြည်းဖြည်းချင်း သိလာရသည်။
တော်ဝင်ရှုခင်းဓားဆိုင်၏ ဟန်မူယဲ့ဖြစ်သည်။
သူက ဓားကျင့်ကြံသူအားလုံးနီးပါးကို စိန်ခေါ်ပြီး ဒဏ်ရာရသွားအောင် လုပ်ခဲ့သည်။ သို့သော် သတ်ဖြတ်မှုများ မလုပ်ခဲ့ပေ။
လူအများစုက လျှို့ဝှက်ထားသော်လည်း ဟန်မူယဲ့၏လက်ထဲတွင် ရှုံးနိမ့်သွားသောအချက်ကို ဖုံးကွယ်မထားနိုင်ပေ။
“သူက ဓားစံအိမ်ရဲ့စည်းမျဉ်းတွေကို မသိဘဲ စွန့်ပစ်မြေမှာ လူတိုင်းကို စိန်ခေါ်နေတာလား။ ဓားကိုအဆင့်မြှင့်ပြီး ဒုတိယထပ်ကိုတက်လာရမှာ မသိဘူးလား”
လူတစ်ယောက်က အပြုံးမျက်လုံးနှင့်အတူ ရုတ်တရက် ပြောသည်။
“ငါတော့ မထင်ဘူး ....”
“ဒါက ဖြစ်နိုင်တယ်။ သူက ပြင်ပဘုံကနေ ပြန့်ကျဲကြယ်ကျွန်းကို ရောက်လာတာလေ။ ခြောက်ထပ်စံအိမ်က သူ့ကို စည်းကမ်းတွေ ပြောမပြလောက်ဘူး”
လူအချို့က ဝမ်းသာနေသည်။
ဟန်မူယဲ့ကြောင့် ဒဏ်ရာရသွားသော ဓားကျင့်ကြံသူများက ပျော်ရွှင်လာကြပြန်သည်။
‘မင်းက သန်မာတော့ရော ဘာဖြစ်လဲ။ ဒုတိယထပ်ကို တက်မလာနိုင်ဘဲ ပထမထပ်မှာပဲ နေရတော့မှာလေ’
....
ထိုအချိန်၌ ပထမထပ်တွင် ကျင့်ကြံသူများ သိပ်မရှိတော့ပေ။
ဟန်မူယဲ့က စွန့်ပစ်မြေတွင် ရှိနေသည်။ သူ့ပတ်ဝန်းကျင်တွင် ဓားရှည်များ အသက်ဝင်လာကြသည်။
သူက ငါးရက်ကြာသည်အထိ သွေးချီများစုဆောင်းပြီး ဓားများကို ပျိုးထောင်ပေးခဲ့သည်။ ထိုဓားများသည် အသက်စွမ်းအားကို ပြန်ရလာသည်။
ဓားတစ်ထောင်က အသက်စွမ်းအားပြန်ရလာသောအခါတွင် စွန့်ပစ်မြေက ပြန်ကောင်းလာကြောင်း ဟန်မူယဲ့က ခံစားမိသည်။
ရပ်တန့်နေသောတိမ်တိုက်များ လှုပ်ရှားလာကြသည်။
ကျောပေါ်တွင် ဓားရှည်သယ်ထားသော သားရဲများက ဓားရှည်၏ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။
ဓားအများအပြားကလည်း သားရဲများ၏စားသုံးခြင်းကို ခံလိုက်ရသည်။
အသက်စွမ်းအား ....
ဟန်မူယဲ့က ငါးရက်အတွင်း၌ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများကို အနိုင်ယူခဲ့သည်။
ကောင်းကင်အဆင့်ကျင့်ကြံသူသည် သွေးကြောဖွင့်အဆင့် ကျင့်ကြံသူကဲ့သို့ အလွန်အားနည်းနေသည်။
တချို့က ဓားတစ်ချက်ကြောင့် ရှုံးနိမ့်ပြီး သွေးများထွက်သွားကြသည်။ တချို့က အကွက်တစ်ရာခန့် တိုက်ခိုက်ပြီး သွေးများပြန့်ကျဲသွားရသည်။
ဟန်မူယဲ့နှင့် ယှဉ်နိုင်သောလူ မရှိပေ။
ဒုတိယထပ်၏ သဲသောင်ပြင်တွင် လူအများအပြားက တိတ်ဆိတ်နေသည်။
‘ငါက ဒုတိယထပ်ကို ရောက်လာတော့ရော ဘာဖြစ်လဲ။ ဟန်မူယဲ့ရဲ့ဓားချက်ကို မခုခံနိုင်ခဲ့ဘူးလေ’
“ဘုန်း”
အသက်စွမ်းအားပြန်ရလာသောဓားများ အရေအတွက်တစ်သိန်းသို့ ရောက်သွားသောအချိန်တွင် ဓားစံအိမ်က တုန်ခါလာသည်။ အဆုံးမရှိသောဓားချီသည် လေထုထဲတွင် ရစ်ဝဲနေသည်။
ဟန်မူယဲ့က ဓားကိုမြှောက်ပြီး ဓားသွားကိုကြည့်သည်။
သူ့လက်ထဲတွင်ရှိသောဓားသည် သူ့ကို ခေါ်ဆိုနေပုံရသည်။
သူက ဘယ်လက်ကို ဆန့်ထုတ်ပြီး ဓားသွားကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည်။
ဓားသည် သူ၏သွေးများဖြင့် စွန်းထင်းသွားသည်။
သူ့သွေးက စွန့်ပစ်မြေပေါ်သို့ ကျသွားသောအချိန်၌ လေထုထဲတွင်ရှိသော ဓားချီများအားလုံးက လေစီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲ၍ သူ့လက်ထဲတွင်ရှိသော ဓားရှည်ဆီသို့ တိုးဝင်လာသည်။
ရွှေအလင်းများ ပေါက်ကွဲထွက်လာပြီး အဆုံးမရှိသော အလင်းစီးကြောင်းများက သူ့ကို လွှမ်းခြုံသွားသည်။
အလင်းရောင် ပျောက်ကွယ်သွားသောအချိန်တွင် ဟန်မူယဲ့က စွန့်ပစ်မြေတွင် မရှိတော့ပေ။
မရေမတွက်နိုင်သောဓားများက စွန့်ပစ်မြေတွင် ပဲ့တင်သံပေးနေသည်။
“သူက နောက်ဆုံးတော့ ထွက်သွားပြီ ....”
လူတစ်ယောက်က ကျောက်တုံးများနောက်မှ ခေါင်းထုတ်ကြည့်ပြီး တီးတိုးရေရွတ်သည်။
“သူက ဓားတွေအများကြီးကို ပဲ့တင်သံထွက်လာအောင် လှုံ့ဆော်နိုင်ခဲ့တယ်။ သူက ဓားစံအိမ်ရဲ့ မျက်နှာသာပေးမှုကို ရသွားတာလား”
အစိမ်းရောင်တာအိုဝတ်စုံနှင့် ဓားရှည်တစ်လက်လွယ်ထားသော ဓားစံအိမ်၏တပည့်က ရေရွတ်လိုက်သည်။ သူက စဉ်းစားကြည့်လိုက်ပြီး ဓားကိုဆွဲမထုတ်ဘဲ တစ်ချက်လှုပ်ရှား၍ ပျောက်ကွယ်သွားသည်။
သူက ဓားစံအိမ်၏အပြင်ဘက်တွင် ပြန်ပေါ်လာသည်။
“ကျွန်တော်က အကြီးအကဲတွေနဲ့ တွေ့ချင်ပါတယ်”
“ဓားစံအိမ်ထဲမှာ တစ်ခုခုဖြစ်သွားပါတယ် ....”
....
ဟန်မူယဲ့က ဒုတိယထပ်၏ သဲသောင်ပြင်သို့ ရောက်လာသောအချိန်တွင် ဓားကျင့်ကြံသူများက ခြေလေးချောင်းမိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေကြသည်။
ဤအဆင့်သည် မခက်ပေ။ သူတို့က ခြေလေးဖက်မိစ္ဆာဆယ်ကောင်ကို သတ်ဖြတ်ပြီးလျှင် နောက်တစ်ဆင့်သို့ သွားနိုင်သည်။
ဟန်မူယဲ့က ဒုတိယထပ်သို့ ရောက်လာသောအခါတွင် ဓားကျင့်ကြံသူ သုံးထောင်မှ ငါးထောင်ခန့်ကိုသာ တွေ့ရတော့သည်။
“သူရောက်လာပြီ”
ဓားကျင့်ကြံသူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
“မိစ္ဆာသားရဲတွေကို မြန်မြန်သတ်ကြ။ သူက ဘာလုပ်အုံးမှာလဲ မသိဘူး”
လူတစ်ယောက်က အော်ပြောလိုက်သည်။ သူ့လက်ထဲတွင်ရှိသော ဓားအလင်းက ပိုမိုလျင်မြန်လာသည်။
ဤအထပ်တွင် ထူးဆန်းမှုများ ရှိပုံမပေါ်ပေ။ မိစ္ဆာသားရဲဆယ်ကောင်ကို သတ်ဖြတ်ပြီးလျှင် တတိယထပ်သို့ ရောက်သွားလိမ့်မည်။
ဓားကျင့်ကြံသူအများစုအတွက် ဤအဆင့်သည် ခက်ခဲမှုမရှိပေ။
ခြေလေးချောင်းမိစ္ဆာများ၏ တိုက်ခိုက်နိုင်စွမ်းသည် ကမ္ဘာမြေအစောပိုင်းအဆင့်တွင်သာ ရှိသည်။
ဟန်မူယဲ့ကို မြင်လိုက်ရသော ဓားကျင့်ကြံသူများက လျင်မြန်စွာလှုပ်ရှားလာကြသည်။ ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး မလှုပ်ရှားပေ။
သူက လက်ထဲတွင်ရှိသောဓားကို အာရုံစိုက်ထားသည်။
သူ့ရှေ့တွင် သဲသောင်ပြင်၏အတွင်းပိုင်းမှ ထွက်ပေါ်လာသော အဆုံးမရှိသည့် ခြေလေးချောင်းမိစ္ဆာများ ရှိနေသည်။ သူ၏ နတ်အာရုံကပင် ထိုသားရဲများကို မဖိနှိပ်နိုင်ပေ။
ယခုအချိန်တွင် သူ့ဓားက အလင်းရောင်များ ပျောက်ဆုံးသွားပြီး သာမန်ဓားတစ်လက်နှင့် တူနေသည်။
သို့သော် ဓားထဲတွင်ရှိနေသော ရေလှိုင်းကဲ့သို့ ပြင်းထန်သည့်ဓားချီများကို ခံစားမိသည်။
ထိုဓားသည် အဆင့်နိမ့်ဝိညာဉ်လက်နက်မဟုတ်ဘဲ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်သည်။
ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်သည် ဓမ္မရတနာတစ်ဝက်အဆင့်ဖြစ်ပြီး ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်ထားသည်။
သူက ထိုဓားဖြင့် အသာအယာလွှဲခုတ်ပြီး ပေတစ်ထောင်ရှည်လျားသော ဓားအလင်းကို ဖန်တီး၍ မိစ္ဆာသားရဲအုပ်စုကို သတ်ဖြတ်နိုင်သည်။
‘သတ်ဖြတ်ရမှာလား’
ဟန်မူယဲ့က နှလုံးခုန်မှားသွားသည်။
သူက ရှေ့သို့ ပျံသန်းသွားပြီး ခြေလေးချောင်းမိစ္ဆာသားရဲ၏ရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် ဓားဖြင့် ထိုးချသည်။
“ရွှပ်”
ဓားအလင်းသည် သဲသောင်ပြင်တွင် မိစ္ဆာသားရဲ၏ဦးခေါင်းကို ထိုးစိုက်ထားသည်။
ဝိညာဉ်စွမ်းအင်တချို့ စုစည်းလာပြီး ဓားထဲသို့ ဝင်ရောက်သွားသည်။
‘ဝိညာဉ်စွမ်းအား’
‘ငါထင်ထားတဲ့အတိုင်းပဲ’
ဟန်မူယဲ့က ပြုံးသည်။
ဓားစံအိမ်၏ပထမထပ်သည် ဓားသွေးကြောများကို ပျိုးထောင်ပေးပြီး ဒုတိယထပ်သည် ဓားဝိညာဉ်ကို ပျိုးထောင်ပေးသည်။
လိုအပ်သောပမာဏအတိုင်း လုံလောက်သောဝိညာဉ်စွမ်းအားကို စုဆောင်းရမည်။
ဟန်မူယဲ့က အဆုံးမရှိသော ခြေလေးဖက်သားရဲများကို ကြည့်လိုက်ပြီး ပျံသန်းသွားသည်။
“ဟားဟား၊ သူက မိစ္ဆာသားရဲတွေကို သွားသတ်နေပြီ”
ဟန်မူယဲ့က မိစ္ဆာသားရဲများဆီသို့ ပျံသန်းသွားသောအချိန်တွင် ဓားကျင့်ကြံသူများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
‘သူက ငါတို့ကို လာမတိုက်တော့ဘူး။ သူက ရူးနေတာ မဟုတ်ဘူးပဲ’
“သူက တစ်ခုခုတော့ တစ်ခုခုပဲ။ မိစ္ဆာသားရဲဆယ်ကောင်ကို သတ်ပြီးရင် တတိယထပ်ကို ရောက်သွားမှာလေ။ ဘာဖြစ်လို့ ရှေ့ကို ပြေးတက်သွားတာလဲ”
လူတစ်ယောက်က ပြုံးလိုက်ပြီး ပြောသည်။
“သူက တစ်ခါတည်း ဆယ်ကောင်သတ်ချင်လို့နေမှာပေါ့”
လူတစ်ယောက်က ပြုံးသည်။
ဟန်မူယဲ့က လေထုထဲတွင်ရှိနေပြီး လမ်းပိတ်ထားသော သားရဲများကို ကန်ထုတ်လိုက်သည်။
သူက နတ်ဘုရားသားရဲပါ့ရှား၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် မိစ္ဆာသားရဲများကို လုံးဝမကြောက်ပေ။ သူက သားရဲများအားလုံးကို ချက်ချင်းကန်ထုတ်နိုင်ခဲ့သည်။
သူက မိုင်တစ်ရာအကွာသို့ရောက်သွားပြီး မရေမတွက်နိုင်လောက်သော မိစ္ဆာသားရဲများကို နောက်တွင်ချန်ခဲ့သည်။
“ဝီ”
သူ့လက်ထဲတွင် ဓားသည် တုန်ခါလာပြီး အေးစက်သောဓားဆန္ဒကို ကောင်းကင်အထိ ထုတ်လွှတ်ပေးလိုက်သည်။
“ရွှပ်”
“ဘုန်း”
ဓားက ရေပြင်ညီအတိုင်း ခုတ်ချလိုက်သည်။ ဆယ်မိုင်ရှည်လျားသော ဓားအလင်းသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
မရေမတွက်နိုင်သော ခြေလေးချောင်းမိစ္ဆာသားရဲများ သေဆုံးသွားကြသည်။
ဝိညာဉ်စွမ်းအားများသည် နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းလာပြီး ဟန်မူယဲ့နှင့်အတူ တတိယထပ်သို့ ရောက်သွားသည်။
ဒုတိယထပ်နှင့် တတိယထပ်တွင်ရှိသော ဓားကျင့်ကြံသူများသည် ဟန်မူယဲ့၏နောက်တွင်ရှိသော ဝိညာဉ်နဂါးကို မြင်လိုက်ရသည်။
“ဒါ .... ဒါက ဓားစံအိမ်ရဲ့ အမွေဆက်ခံသူလား ....”
ဒုတိယထပ်တွင်ရှိသော လူတစ်ယောက်က တီးတိုးပြောသည်။
တခြားလူများက အဆင့်တက်သွားရန်အတွက် မိစ္ဆာသားရဲဆယ်ကောင်ကို သတ်ဖြတ်သည်။ သို့သော် ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် သောင်းချီသောမိစ္ဆာများကို သတ်ဖြတ်ပြီး ဝိညာဉ်နဂါးတစ်ကောင်ကို စုစည်းခဲ့သည်။
သူတို့က မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
“ဒီလိုမျိုးလား”
လူတစ်ယောက်က တီးတိုးပြောလိုက်ပြီး မျက်လုံးများတောက်ပသွားသည်။ ထို့နောက် သူက ရှေ့တွင်ရှိနေသော မိစ္ဆာသားရဲများဆီသို့ ပြေးဝင်သွားသည်။
“ဘုန်း”
သူက ဓားမထုတ်နိုင်ခင် ပြန်ကန်ထွက်လာသည်။
....
ဓားစံအိမ်၏ တတိယထပ်သည် စိမ်းလန်းသော တောအုပ်တစ်ခု ဖြစ်သည်။
ဟန်မူယဲ့က ကျောက်တုံးတစ်တုံးပေါ်တွင် ဆင်းသက်လိုက်သည်။ ဝိညာဉ်နဂါးသည် သူ့လက်ထဲတွင်ရှိသော ဓားဆီသို့ တိုးဝင်လာသည်။
ဓားက တုန်ခါနေပြီး အဝါရောင်ခွေးပေါက်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ဓားအသွင်ပြောင်းခြင်း၊ မှော်ရတနာ ....
ထိုဓားသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဟန်မူယဲ့ချန်ရစ်ခဲ့သော တာအိုဆရာတယန်၊ ကျိုးယွင်လုံတို့နှင့် မယှဉ်နိုင်သော်လည်း ကိုယ်ပိုင်အသိစိတ်ရထားသော မှော်ရတနာတစ်ခု ဖြစ်လာခဲ့သည်။
မှော်ရတနာများအားလုံးတွင် အသိစိတ်မရှိပေ။
သို့သော် ဓမ္မရတနာများ၏ ၉၀%သည် အသိစိတ်ကို ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့က ကျောက်တုံးပေါ်တွင် ရှိနေသည်။ သိပ်မဝေးသောနေရာတွင် သူ့ကိုမြင်လိုက်ရသော ဓားကျင့်ကြံသူများက လျင်မြန်စွာထွက်ပြေးသွားကြသည်။
ဝိညာဉ်နဂါးနှင့်အတူ ရောက်လာသောလူများသည် သန်မာသူများ ဖြစ်ကြသည်။ သူတို့က ထိုလူများနှင့် ရင်မဆိုင်ချင်ပေ။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မလှုပ်ရှားဘဲ တင်ပျဉ်ခွေထိုင်ချသည်။
သူက ပထမထပ်တွင်ရလာသောဓားကို သန့်စင်လိုက်သည်။
ဒုတိယထပ်တွင် ဓားက ဝိညာဉ်နဂါးနှင့် ပေါင်းစပ်ပြီး ထိန်းချုပ်မှုလွတ်လုနီးပါး ဖြစ်သွားခဲ့သည်။