← Chapters

အခန်း (၅၉၃)

Vol. 43 Ch. 593

အခန်း (၅၉၃)

Vol. 43 Ch. 593

“ဝီ”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် အဝါရောင်ခွေးလေးက ဓားရှည်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ရှေ့သို့ ပြန်ရောက်လာသည်။

သူက ဓားရှည်ကိုဆုပ်ကိုင်ပြီး ဓားချီများ ထည့်သွင်းလိုက်သည်။

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူ့စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

‘ငါက ဒီဓားကို သားရဲတစ်ကောင်ရဲ့ ကျောပေါ်ကနေ ဆွဲနှုတ်ပြီး မှော်ရတနာဖြစ်လာအောင် ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်ခဲ့တာလေ။ မှတ်ဉာဏ်တွေက ဘယ်ကနေ ရောက်လာတာလဲ’

သူက အစိမ်းရောင်ဝတ်စုံဝတ်ထားသော အနက်ရောင်မုတ်ဆိတ်များနှင့် ဓားကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရသည်။ ထိုကျင့်ကြံသူက ဓားရှည်တစ်လက်ကိုင်ထားပြီး သောင်းကျန်းနေသည်။

ထိုလူသည် ဓားစံအိမ်၏သခင်ပင် ဖြစ်လိမ့်မည်။

အကယ်၍ ဟန်မူယဲ့က ဓားကိုသန့်စင်ရန် မတွေးမိခဲ့လျှင် ထိုပုံရိပ်ကို မြင်ရမည်မဟုတ်ပေ။

မြင်ကွင်းများ ပြောင်းလဲနေသည်။ ထိုဓားကျင့်ကြံသူက နေရာတိုင်းတွင် ဓားများရှာဖွေပြီး ဓားစံအိမ်ထဲသို့ ပေါင်းထည့်ခဲ့သည်။

ဟန်မူယဲ့က ခါးမတ်ထားသည်။

သုံးထပ်ဓားစံအိမ်သည် လေးထပ်၊ ငါးထပ်၊ ခြောက်ထပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

အကယ်၍ လူတစ်ယောက်က ဓားစံအိမ်၏ ငါးထပ်မြောက်သို့ ဝင်ရောက်နိုင်လျှင် အထက်ဘုံသုံးပါးကို တိုက်ရိုက်သွားနိုင်လိမ့်မည်။

“ဘုန်း”

မြင်ကွင်းများက ပြိုကျသွားတော့မည့်အတိုင်း တုန်ခါလာသည်။

ဟန်မူယဲ့က ဓားချီများထည့်သွင်းပြီး မြင်ကွင်းကို ထိန်းသိမ်းလိုက်သည်။

ဓားကျင့်ကြံသူ၏နောက်တွင်ရှိသော ခြောက်ထပ်ဓားစံအိမ်သည် အလင်းများဖြင့်တောက်ပနေပြီး သူက လေဟာနယ်ကိုဖြတ်သန်း၍ အထက်ဘုံသုံးပါးသို့ ရောက်သွားခဲ့သည်။

တိမ်တိုက်များ စုစည်းနေသည်။

အထက်ဘုံသုံးပါးကို တိမ်တိုက်များအပေါ်တွင် အပြည့်အဝတည်ဆောက်ထားသည်။

အင်မော်တယ်တိမ်တိုက်မြို့၊ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၊ အထက်ဘုံသုံးပါး ....

အဆုံးမရှိသောဓားစံအိမ်များသည် ကိုးထပ်မျှော်စင်တစ်ခုကို ဝိုင်းရံထားသည်။

ကိုးထပ်မျှော်စင်ကို အရောင်ငါးမျိုးတိမ်တိုက်များက လွှမ်းခြုံထားပြီး အင်မော်တယ်အလင်းများဖြင့် တောက်ပနေသည်။

ဟန်မူယဲ့က မနေနိုင်တော့ဘဲ ကိုးထပ်ဓားစံအိမ်ကို အာရုံစိုက်ထားလိုက်သည်။

“ဘုန်း”

လေဟာနယ်ထဲမှ မိုးကြိုးတစ်စင်းကျဆင်းလာပြီး ဟန်မူယဲ့၏စိတ်ထဲတွင်ရှိသော ပုံရိပ်များကို ဖျက်ဆီးသွားသည်။

“စိတ်ဝင်စားစရာပဲ ....”

ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။

သူ့မျက်နှာက ဖြူဖျော့သွားသည်။

သူက ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးနှင့် ဆုံတွေ့စဉ်ကထက် အဆပေါင်းသောင်းချီပြင်းထန်သော ခံစားချက်ကို ခံစားလိုက်ရသည်။

ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားများ မသက်ရောက်နိုင်သော မဟာကျင့်ကြံသူကြီးများသည် အချိန်နှင့်တည်နေရာ ကွာခြားနေလျှင်ပင် အကြည့်တစ်ချက်ဖြင့် လေ့လာနေသူကို အာရုံခံနိုင်သည်။

ထိုသတင်းသည် အမှန်ပင်ဖြစ်လိမ့်မည်။

ကိုးထပ်ဓားစံအိမ် ....

ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

အကြည့်တစ်ချက်ဖြင့် အချိန်နှင့်တည်နေရာကို ကျော်ဖြတ်နိုင်သည်။

‘ဒီကျင့်ကြံခြင်းလောကကြီးက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ’

သူက တွေးမိသည်။

ဟန်မူယဲ့က အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးနှင့်ပတ်သတ်၍ တစ်ချိန်လုံး သိချင်နေခဲ့သည်။

သူက တာအိုဘိုးဘေးများတောင့်တသော ထိုနေရာ၏လျှို့ဝှက်ချက်များကို ရှာဖွေချင်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူက လိုချင်သောအရာကို ရခဲ့သည်။

ကိုးထပ်ဓားစံအိမ်ကို မြင်ခဲ့ပြီး အချိန်နှင့်တည်နေရာကို အကြည့်တစ်ချက်ဖြင့် ကျော်ဖြတ်နိုင်သော ကျင့်ကြံသူနှင့် တွေ့ခဲ့သည်။

သူ့ကို စိတ်မပျက်စေခဲ့ပေ။

သူက ခပ်ဟဟရယ်လိုက်ပြီး ရှေ့တွင်ရှိသော ဓားရှည်ကို ကြည့်သည်။

ယခုအချိန်တွင် ဓားရှည်သည် အလွန်တောက်ပနေသည်။

တခြားလူများသည် ဓားတာအိုပြိုင်ပွဲ၌ ပထမထပ်တွင် ဓားတစ်လက်ရှာပြီး အကောင်းဆုံးအလားအလာကို ဖော်ထုတ်နိုင်အောင် ပျိုးထောင်ပေးရမည်။ ထိုသို့ဖြင့် ဓားပိုင်ရှင်၏ အသိအမှတ်ပြုခြင်းကိုရပြီး အမွေဆက်ခံသူဖြစ်လာနိုင်မည်ဟု ထင်ကြသည်။

သို့သော် ထိုသို့မဟုတ်ပေ။

ဓားပိုင်ရှင်၏ အသိအမှတ်ပြုခြင်းကို မလိုအပ်ဘဲ ဓားစံအိမ်နှင့် ဤနေရာတွင်ရှိသော ဓားများ၏ အသိအမှတ်ပြုခြင်းကိုသာ လိုအပ်သည်။

ပထမထပ်တွင်ရှိသော ဓားများသည် သာမန်သာဖြစ်သည်။ သို့သော် ဒုတိယထပ်တွင် ဝိညာဉ်စွမ်းအားများ ရလာပြီး ဓားစံအိမ်၏ ဖုံးကွယ်ထားသောဓားများအတိုင်း ဖြစ်လာလိမ့်မည်။

သို့သော် ဓားစံအိမ်၏ တတိယထပ်သို့ရောက်မှ အစစ်အမှန်ပြိုင်ပွဲ စတင်ကြောင်း လူအများစုက မသိခဲ့ပေ။ သူတို့၏ဓားများသည် ဓားစံအိမ်တွင်သိမ်းဆည်းထားသော ဓားများနှင့် တစ်ခုတည်းဖြစ်လာသည်။

ထိုဓားက ဓားစံအိမ်ကို လွှမ်းမိုးနိုင်အောင် ဓားကျင့်ကြံသူများက ကူညီပေးရမည်။ ထိုသို့ဖြင့် ဓားသည် ဓားစံအိမ်၏ သခင်အသစ် ဖြစ်လာလိမ့်မည်။

ဓားစံအိမ်က ပိုင်ရှင်သေဆုံးသွားသောအခါတွင် ကိုယ်ပိုင်အသိစိတ်ကို ရလာသည်။ ဓားများအားလုံးသည် ဓားစံအိမ်ကို ဦးဆောင်နိုင်ရန်အတွက် တိုက်ခိုက်နေကြသည်။

ဓမ္မာရတနာအများအပြား ရှိနေသော ဓားစံအိမ်သည် အပြင်လူများကို သခင်ဖြစ်ခွင့်ပေးမည်မဟုတ်ပေ။

သူတို့အားလုံးက မှားယွင်းနေကြသည်။

ထို့ကြောင့် ဓားစံအိမ်သည် နှစ်ပေါင်းများစွာကြာသည်အထိ သခင်အသစ်ကို မရှာနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဓားစံအိမ်ထဲသို့ ဝင်ရောက်လာသောလူများသည် တစ်ယောက်ကိုတစ်ယောက် ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ဓားစံအိမ်တွင်ရှိသော အရာအားလုံးကို အတားအဆီးအဖြစ် သတ်မှတ်ထားသည်။

ပြိုင်ဘက်အစစ်သည် ဓားစံအိမ်ထဲတွင်ရှိသော ကိုယ်ပိုင်အသိစိတ်ရထားသည့် ဓားများဖြစ်ကြသည်။

“ဝီ”

ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားသည် ပျံထွက်သွားချင်သကဲ့သို့ တုန်ခါနေသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။ သူ့ဓားဆန္ဒသည် ဓားကိုဝင်တိုက်လိုက်ပြီး ညည်းညူစေသည်။

ခဏအကြာတွင် ဓားသည် နှင်းဖြူရောင်ခွေးပေါက်လေးအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ ခြေထောက်ဘေးတွင် နာခံမှုရှိစွာ ပြေးလွှားနေသည်။

အလွန်နာခံမှုရှိသည်။

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ရှေ့သို့ကြည့်သည်။

တောအုပ်ထဲတွင် တဲအိမ်များနှင့် ရှည်းလျားသောလမ်းများ ရှိနေသည်။

တတိယထပ်သို့ ရောက်လာသော ဓားကျင့်ကြံသူများသည် ဤနေရာတွင်ရှိ‌သော သက်ရှိများကို လွယ်ကူစွာရှာနိုင်ခဲ့သည်။ ထို့နောက် စကားပြောပြီး သူတို့၏အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။

ဓားကျင့်ကြံသူများက ဤနေရာတွင်ရှိသော သက်ရှိများ၏အသိအမှတ်ပြုခြင်းကို ရနိုင်လျှင် နောက်တစ်ဆင့်သို့ တက်နိုင်လိမ့်မည်။

ဟန်မူယဲ့က တိတ်ဆိတ်စွာလမ်းလျှောက်လာပြီး ဓားစံအိမ်၏စစ်ဆေးမှုနှင့်ပတ်သတ်သော နည်းဗျူဟာများကို ကြားခဲ့ရသည်။

တတိယထပ်တွင်ရှိသော သက်ရှိများက ဓားကျင့်ကြံသူကို အသိအမှတ်ပြုလျှင် ဓားကျင့်ကြံသူက ဓားယူ၍ စတုတ္ထထပ်သို့ တက်သွားနိုင်သည်။

စတုတ္ထထပ်သည် သတ်ဖြတ်မှုများ၏အစ ဖြစ်သည်။

ဓားစံအိမ်၏ ပထမဆုံးသုံးထပ်တွင် ဓားကျင့်ကြံသူများသည် အခြေခံအားဖြင့် မတိုက်ခိုက်ကြပေ။

ဟန်မူယဲ့က တဲအိမ်များဖြင့်ဖွဲ့စည်းထားသော ကျေးရွာထဲတွင် လျှောက်သွားလိုက်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော အရာများကို မြင်ခဲ့ရသည်။

လူတချို့က ဆံဖြူလူအိုကြီးတစ်ယောက်အတွက် ပျောက်သွားသောဆိတ်ကို ရှာပေးနေသည်။ တချို့က အဘွားအိုတစ်ယောက်ကို မြစ်ကူးနိုင်ရန် ကူညီပေးသည်။ တချို့က မုဆိုးမတစ်ယောက်အတွက် ကုန်ပစ္စည်းများဝယ်ပေးသည်။

လူအများအပြားသည် ကြွယ်ဝသောအိမ်တော်များဆီသို့ သွားပြီး တာဝန်များကို လက်ခံခဲ့သည်။

တာဝန်ပြီးဆုံးသွားသောလူက ချီစွမ်းအင်အလင်းများဖြင့် တောက်ပလာပြီး ပျောက်ကွယ်သွားလိမ့်မည်။

ယခုအချိန်တွင် ခွေးဖြူလေးက ဟန်မူယဲ့၏ရှေ့တွင် ရှိနေသောကြောင့် တာဝန်တစ်ခုကို ပြုလုပ်နေပုံပေါ်သည်။

လူများက သူ့ကို လှည့်ကြည့်လိုက်သည်။ လူတချို့၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ရှိနေသည်။ တချို့က စပ်စုချင်ပြီး တချို့က ပြုံးနေသည်။

ခွေးဖြူလေးက ပတ်သွားနေသောအချိန်တွင် တဲအိမ်အတွင်း၌ရှိသော လူအိုကြီးများ၊ ကြက်နှင့် ဘဲများက ခွေးဖြူလေးကို အလွန်ကြောက်ရွံ့နေပုံပေါ်သည်။ ဟန်မူယဲ့က ထိုအချက်ကို သတိထားမိလိုက်သည်။

သို့သော် မြို့ဂိတ်ပေါက်ဝတွင်ရှိနေသော သားသတ်သမားက ခွေးဖြူလေးကို မကြောက်ပေ။ ထိုလူက ပထမဆုံးလူဖြစ်သည်။

ထို့နောက် ဟန်မူယဲ့တို့က ဆက်သွားနေသည်။ မြို့ထဲတွင်ရှိသော သူရဲကောင်းများ၊ စာရေးဝတ်စုံနှင့် သန်မာသောလူများ၊ ကြွယ်ဝသော မိသားစုများက ခွေးဖြူလေးကို မကြောက်ဘဲ စိတ်ဝင်တစား ကြည့်နေကြသည်။

ဟန်မူယဲ့က တခြားလူများနှင့်စကားမပြောဘဲ မြို့ထဲတွင် ပတ်သွားနေခဲ့သည်။

သူက ခုနစ်ရက်အတွင်း၌ လူအားလုံးနှင့် ဆုံတွေ့ခဲ့သည်။

မဟုတ်သေးပေ။

သူမတွေ့ရသေးသော လူတစ်ယောက်ရှိသည်။

မြို့ဝန်ဖြစ်သည်။

ထိုခုနစ်ရက်အတွင်း၌ ဓားကျင့်ကြံသူအများစုသည် ထွက်ခွာသွားခဲ့သည်။

ထို့အပြင် ဟန်မူယဲ့၏ လေ့လာချက်အရ ခုနစ်ရက်အတွင်း၌ တာဝန်တစ်ခုကို အောင်မြင်စွာမလုပ်နိုင်လျှင် စမ်းသပ်မှုကျရှုံးပြီး ဓားစံအိမ်ထဲမှ ကန်ထုတ်ခံရလိမ့်မည်။

တတိယထပ်သို့ သူ့ထက်အရင် ကြိုရောက်နေသော ဓားကျင့်ကြံသူများက တာဝန်တစ်ခုကို မအောင်မြင်သည့်အတွက် ဓားစံအိမ်ထဲမှ ကန်ထုတ်ခံခဲ့ရသည်။

ဟန်မူယဲ့က တတိယထပ်တွင် ရှစ်ရက်မြောက်အထိ နေခဲ့သည်။ ခုနစ်ရက်အချိန်ပြည့်ရန်အတွက် နှစ်နာရီသာ လိုတော့သည်။

ဟန်မူယဲ့က မြို့ဂိတ်ဝ၏ အရာရှိခန်းဆောင်တွင် အစိမ်းရောင်ဝတ်စုံနှင့် အရာရှိဦးထုပ်ဆောင်းထားသော မြို့ဝန်ကို တားဆီးလိုက်သည်။

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် မြို့ဝန်က အသာအယာပြုံးသည်။ ထို့နောက် ဟန်မူယဲ့၏ရှေ့တွင်ရှိသော ခွေးဖြူလေးကို ကြည့်သည်။

“မင်းက အကူအညီတောင်းဖို့အတွက် ရောက်လာတာလား”

မြို့ဝန်က ဘေးတွင်ရပ်နေသော စာရေးကို ညွှန်ပြသည်။

“တစ်ခုခုရှိရင် ကျန်းချန်ကို အကူအညီတောင်းနိုင်တယ်”

စာရေးကျန်းချန်က လက်ပိုက်ထားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ငါက မင်းကို လွယ်ကူတဲ့တာဝန်တစ်ခု ပေးနိုင်တယ်”

“ရွာကနေ ငါ့အတွက် ဝက်တစ်ကောင်ဝယ်ပေးလေ”

မြို့မှ ရွာသို့သွားရန် အချိန်ကြာလိမ့်မည်။ ထို့အပြင် သူက ဝက်ကိုဝယ်ယူပြီး ကျန်းချန်ကို လိုက်ရှာရမည်။ ကျန်းချန်ကို ရှာမတွေ့လျှင် တာဝန်ကျရှုံးသွားလိမ့်မည်။

ထိုအချိန်တွင် နှစ်နာရီလည်း ကုန်ဆုံးသွားလိမ့်မည်။

ကျန်းချန်က ပိုက်ဆံအိတ်ထုတ်ပေးပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက ဒီခွေးဖြူလေးကို ချန်ထားခဲ့ရမယ်”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး လက်တစ်ဖက်ဖြင့် ခွေးဖြူလေးကို ချီလိုက်သည်။ တခြားလက်တစ်ဖက်ဖြင့် ပိုက်ဆံအိတ်ကို ယူသည်။

စာရေးကျန်းချန်က ပျော်ရွှင်သွားပုံရပြီး ခွေးဖြူလေးကိုယူရန်အတွက် လက်ကို ဆန့်ထုတ်သည်။

ဟန်မူယဲ့က ခွေးဖြူလေးကို ပစ်ထုတ်လိုက်သည်။ ခွေးဖြူလေးက ကျန်းချန်ကို ဝင်တိုက်လိုက်သောကြောင့် ကျန်းချန်က နောက်တွင်ရှိသော မြို့ဝန်ဆီသို့ ရောက်သွားသည်။

ထို့နောက် ခွေးဖြူလေးက ဓားရှည်တစ်လက်အဖြစ်ပြောင်းပြီး ကျန်းချန်၏ရင်ဘတ်ကို ထိုးဖောက်သည်။ နောက်တွင်ရှိနေသော မြို့ဝန်ကလည်း တစ်ခါတည်း အထိုးခံလိုက်ရသည်။

ကျန်းချန်နှင့်မြို့ဝန်က ညည်းညူလိုက်ပြီး ပျောက်ကွယ်သွားသည်။

“ဘုန်း”

ဓားစံအိမ်၏တတိယထပ်သည် တုန်ခါနေပြီး အဆုံးမရှိ‌သောမိုးကြိုးများ ကျဆင်းလာသည်။

လူနှင့် သက်ရှိများအားလုံးသည် ဓားအလင်းအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ခုတ်ချသည်။

သို့သော် ဓားအလင်းများ ရောက်မလာခင် ချီစွမ်းအင်အလင်းက ဟန်မူယဲ့ကို လွှမ်းခြုံပြီး စတုတ္ထထပ်သို့ ခေါ်သွားသည်။

ဓားအလင်းများသည် သူ့နောက်သို့ တွန့်ဆုတ်စွာလိုက်လာကြသည်။

ဓားစံအိမ်၏အပြင်ဘက်တွင် တုန်ခါနေသော တတိယထပ်ကို မြင်နိုင်သည်။ မရေမတွက်နိုင်လောက်သော ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများသည် သွယ်ယှက်နေပြီး စတုတ္ထထပ်သို့ ပြေးဝင်သွားသည်။

“တတိယထပ်ကလည်း နိုးထလာပြီ ....”

ရှုချွမ်ဟယ်၏ဘေးတွင် ဆံပင်ဖြူလူအိုကြီးက တီးတိုးပြောလိုက်သည်။

ခြောက်ထပ်စံအိမ်၏ တခြားဓားကျင့်ကြံသူများကလည်း မျက်နှာထားရှုပ်ထွေးနေသည်။

ယခုအချိန်တွင် ဓားစံအိမ်ကို ပြင်ပမှနေ၍ စွမ်းအင်များထောက်ပံ့ပေးရန် မလိုတော့ပေ။

သူတို့၏ ဓားစံအိမ်သည် သခင်ကို ရှာဖွေနေပြီဖြစ်သည်။

ထိုခံစားချက်ကို အပြင်လူများ နားလည်နိုင်မည်မဟုတ်ပေ။

All Chapters