အခန်း (၅၉၆)
Vol. 43 Ch. 596
ထိုအရာသည် ဓားတာအိုကျင့်ကြံသူများ၏ ဖျက်ဆီးခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ဖြင့် သဘောတရားချင်း တူညီသည်။
ဟန်မူယဲ့က မျက်လုံးများတောက်ပသွားသည်။
“နတ်ဘုရားဘုရင်၊ လောကရဲ့ သက်ရှိတွေအားလုံးက နာကျင်ခံစားနေရတယ်။ တကယ်လို့ ဘဝတစ်လျှောက်လုံးရဲ့ ဆင်းရဲ့ဒုက္ခတွေကို မေ့လျော့သွားစေမယ့် စမ်းရေတစ်ခွက်သာရှိခဲ့ရင် ....”
“အဆုံးမဲ့ပင်လယ်က ပြန်လည်မွေးဖွားခြင်းနယ်မြေဖြစ်တဲ့အတွက် လူသားလောကရဲ့ မျှော်လင့်တောင့်တမှုတွေကို ဆေးကြောပေးနိုင်မလား သိချင်မိတယ်”
သူက လူသားလောက၏ မျှော်လင့်တောင့်တမှုများကို ဆေးကြောပစ်ချင်သည်။
ကျားဝူက မျက်နှာထားပြောင်းလဲသွားသည်။
ကျောက်ယုကျင့်၏မျက်လုံးထဲတွင် ဓားအလင်းများပေါ်လာသည်။ သူက ဟန်မူယဲ့ကို ကြည့်သည်။
“မင်းက ရူးနေတာလား”
ဟန်မူယဲ့မပြောနိုင်ခင် ကျားဝူက ပြောလိုက်သည်။
“သူက ရူးနေတာမဟုတ်ဘူး”
ကျားဝူက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ငါ့ကျင့်ကြံခြင်းရဲ့ အခြေခံအုတ်မြစ်၊ အဆုံးမဲ့ပင်လယ်ရဲ့ အခြေခံအုတ်မြစ်က အဆုံးမရှိတဲ့ဝိညာဉ်တွေနဲ့ စွဲလမ်းစိတ်တွေကို လမ်းပြပေးရတယ်”
“ကမ္ဘာအသီးသီးကနေ ဝိညာဉ်တွေ ရောက်လာခဲ့တယ်။ အဲဒီဝိညာဉ်တွေကြောင့် ငါ့ရဲ့ကျင့်ကြံခြင်းက လောကရဲ့အထွတ်အထိပ်ကို ရောက်လာတယ်။ အဆုံးမဲ့ပင်လယ်ကို တခြားမဟာကျင့်ကြံသူကြီးတွေက လွယ်လွယ်ခြေမချရဲတော့ဘူး”
“ဒါပေမဲ့ အဆုံးမဲ့ပင်လယ်က ငါ့အတွက် အချုပ်အနှောင်တစ်ခုလည်း ဖြစ်လာတယ်”
“အဆုံးမဲ့ပင်လယ်မှာ ကံကြမ္မာပတ်သတ်မှုတွေ အများကြီးရှိနေတဲ့အတွက် ငါက နှစ်ပေါင်းများစွာကြာသည်အထိ မလွတ်မြောက်နိုင်ခဲ့ဘူး”
ကျားဝူက ကျောက်ယုကျင့်ကို လှည့်ကြည့်သည်။
“ငါက ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် မဟာတာအိုကို ရှာဖွေဖို့အတွက် မင်းတို့ရဲ့ ဓားစံအိမ်နဲ့ ပူးပေါင်းခဲ့တယ်”
ဓားတာအို၊ ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်းတာအို .....
အဆုံးမဲ့ပင်လယ်သခင်သည် ကံကြမ္မာ၏စွန်းထင်းမှုကို မခံချင်သောကြောင့် စီးပွားရေးလုပ်မည်ဟု အမြဲပြောခဲ့သည်။
အရောင်းအဝယ်သည် ကံကြမ္မာပတ်သတ်မှု အနည်းဆုံးဖြစ်သည်။
“အဲဒါကြောင့် ပြန့်ကျဲကြယ်ကျွန်းတွေကို တည်ဆောက်ခဲ့တယ်”
ပြန့်ကျဲကြယ်ကျွန်းများသည် အဆုံးမဲ့ပင်လယ်နှင့် မသက်ဆိုင်ပေ။
ထိုနေရာတွင် အဆုံးမဲ့နတ်ဘုရားဘုရင်များကပင် စည်းကမ်းလိုက်နာရသည်။
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် တီးတိုးပြောသည်။
“အဆုံးမဲ့ပင်လယ်မှာ လောကရဲ့စွမ်းအားတွေ စုစည်းလာတယ်။ အဆုံးမဲ့ပင်လယ်က ဝိညာဉ်တွေကို ဆေးကြောပြီး စွဲလမ်းစိတ်တွေကို သယ်ဆောင်ထားရတယ်။ နတ်ဘုရားဘုရင်တွေကို ဖန်တီးပြီး ချုပ်နှောင်ထားခဲ့တယ်”
“အဲဒါဆိုရင် လူသားလောကရဲ့ မျှော်လင့်တောင့်တမှုတွေကို မေ့ဖျောက်ပစ်ဖို့အတွက် စမ်းရေတစ်ခွက်နဲ့တင် မလုံလောက်မှာ စိုးရိမ်မိတယ်”
သူက ကျားဝူကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“နတ်ဘုရားဘုရင်က အစီအစဉ်တွေ လုပ်ပြီးပြီမဟုတ်လား”
ကျားဝူက စကားမပြောပေ။
‘ခင်ဗျားမပြောရင်တောင် ကျွန်တော်သိနေတယ်’
ဟန်မူယဲ့က ပြုံးနေသည်။
“ပိုင်ကျီယုက ရှေးခေတ်နတ်ဘုရားသားရဲ ပိုင်ကျီရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ သူက လောကရဲ့ အကျိုးသက်ရောက်မှုတွေ၊ ကံကြမ္မာကြိုးမျှင်တွေနဲ့ ပတ်သတ်နေတယ်”
“ဓားတာအိုက လောကရဲ့အရာအားလုံးကို ဖျက်ဆီးပြီး ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်နိုင်တယ်”
“ဦးလေးကျားက နတ်ဘုရားခုံရုံးကို တည်ဆောက်ချင်တာမဟုတ်ဘူး။ ဒါပေမဲ့ နတ်ဘုရားတာအိုကို ပျိုးထောင်ပေးဖို့အတွက် နည်းလမ်းရှိလိမ့်မယ်”
“ဒါပေမဲ့ အဲဒီနတ်ဘုရားတာအိုက နတ်ဘုရားခုံရုံးရဲ့နည်းစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်”
သူ့စကားများကြောင့် ကျားဝူ၏မျက်လုံးက ပိုမိုတောက်ပလာပြီး အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
ကျောက်ယုကျင့်က အံ့အားသင့်နေသည်။
“နတ်ဘုရားခုံရုံးက အမွှေးနံ့သာစွမ်းအားကို စုဆောင်းတယ်။ အဆုံးမဲ့ပင်လယ်က အငြိုးအတေးစွမ်းအားကို စုဆောင်းတယ်”
“နတ်ဘုရားခုံရုံးက သာမန်လူသားတွေအားလုံးအတွက် အိပ်မက်ဖြစ်တယ်။ သူတို့က ဘဝတစ်လျှောက်လုံး ကောင်းမွန်စွာနေထိုင်ပြီး ဝိညာဉ်က နတ်ဘုံကို အဆင့်တက်သွားဖို့ မျှော်လင့်ကြတယ်။ အဲဒါဆိုရင် အဆုံးမဲ့ပင်လယ်က လူသားတွေရဲ့ဘဝကို တန်ဖိုးထားဖို့အတွက် လေးစားကြောက်ရွံ့ရတဲ့နေရာတစ်ခု ဖြစ်လာလိမ့်မယ်”
ဟန်မူယဲ့က ခိုင်မာသောအကြည့်များဖြင့် ညင်သာစွာပြောသည်။
သူ့စကားသည် မမှားပေ။
ကျားဝူက ရယ်လိုက်ပြီး ဟန်မူယဲ့ကို ညွှန်ပြသည်။
“မင်းက ငါ့ရဲ့အင်အားစုကို စီမံပေးဖို့ ဆန္ဒရှိလား”
ထိုအင်အားစုကို စီမံပေးရမည်။
လောကတွင်ရှိသော ဝိညာဉ်များအားလုံးသည် အဆုံးမဲ့ပင်လယ်ထဲသို့ ကျရောက်လာကြသည်။
ထိုအင်အားစုကို စီမံပေးရန်အတွက် မည်သည့်စွမ်းအားမျိုး လိုအပ်မည်နည်း။
ကျောက်ယုကျင့်က ရင်တုန်သွားသည်။
‘အဆုံးမဲ့ပင်လယ်မှာနေပြီး အဲဒီအင်အားစုကို ခေါင်းဆောင်ရမယ်’
ဟန်မူယဲ့က ခေါင်းခါသည်။
ကံကြမ္မာကြိုးမျှင်များ၏ ပတ်သတ်မှုကြောင့် သူက ဓားတာအို၏အထွတ်အထိပ်ကို ရှာဖွေနိုင်တော့မည်မဟုတ်ပေ။
“ကျွန်တော်က အဆုံးမဲ့ပင်လယ်မှာ မနေချင်ပေမဲ့ အကြံတချို့တော့ ပေးနိုင်ပါတယ်”
“အဆုံးမဲ့ပင်လယ်မှာ ငရဲမြစ်နဲ့ မျှော်လင့်ချက်မဲ့တံတားကို တည်ဆောက်နိုင်တယ်။ စမ်းရေကြည်တစ်ခွက်က အတိတ်ဘဝကို ဆေးကြောပေးလိမ့်မယ်”
ကျားဝူက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ဟန်မူယဲ့က ဆက်ပြောသည်။
“လူကောင်းတွေကို ဆုချီးမြှင့်ပြီး လူဆိုးတွေကို အပြစ်ပေးရမယ်။ အဆုံးမဲ့ပင်လယ်ရဲ့ အငြိုးအတေးစွမ်းအားက မကောင်းမှုကို ဖိနှိပ်နိုင်လိမ့်မယ်”
သူ့စကားများကြောင့် ကျားဝူက မျက်လုံးများတောက်ပလာသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။
“အကြံကောင်းပဲ။ ဒီအတိုင်းဆိုရင် ငါက လွတ်မြောက်နိုင်လိမ့်မယ်”
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျောက်ယုကျင့်က ဟန်မူယဲ့ကို ထပ်ကြည့်ပြန်သည်။
ဟန်မူယဲ့က ထိုကိစ္စများကို မည်သို့ တွက်ချက်လိုက်သနည်း။
“နတ်ဘုရားဘုရင်၊ ခင်ဗျားက မလွတ်မြောက်နိုင်ဘူး”
ဟန်မူယဲ့က ကျားဝူကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ခင်ဗျားက အဆုံးမဲ့ပင်လယ်ကြောင့် တာအိုကို ရရှိလာခဲ့တယ်။ အဆုံးမဲ့ပင်လယ်ကနေ လွတ်မြောက်ချင်တယ်ဆိုရင် ခိုင်မာတဲ့စိတ်စွမ်းအားနဲ့ ကြိုးစားအားထုတ်မှုကို လိုအပ်လိမ့်မယ်”
ကျားဝူက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က စကားလုံးတိုင်းကို ရှင်းလင်းစွာပြောလိုက်သည်။
“ငရဲက ဗလာဖြစ်မသွားသ၍ နတ်ဘုရားဘုရင် ထွက်မသွားနိုင်ဘူး”
ဓားစံအိမ်၏ ဆဌမထပ်သည် တိတ်ဆိတ်သွားခဲ့သည်။
“ငရဲက ဗလာဖြစ်မနေရင် ငါက အဆုံးမဲ့ပင်လယ်ကနေ ထွက်မသွားနိုင်ဘူး ....”
ကျားဝူက လေးနက်နေသောမျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
“မဖြစ်နိုင်ဘူး။ လောကရဲ့ အငြိုးအတေးတွေကို ရှင်းပစ်လို့ ရမှာမဟုတ်ဘူး။ လူသားတစ်ယောက်ရဲ့နှလုံးသားက ....”
ကျောက်ယုကျင့်က စကားကို အဆုံးမသတ်နိုင်ခင် ကျားဝူ၏ရယ်သံကို ကြားလိုက်ရသည်။
သူ့ရယ်သံသည် တောင်နှင့်မြစ်များကို တုန်ခါသွားစေသည်။ အဆုံးမဲ့ပင်လယ်တွင် လေပြင်းနှင့်ရေလှိုင်းများ ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဆန္ဒဖြစ်သည်။
ကျောက်ယုကျင့်၏မျက်နှာထားက ပြောင်းလဲသါားသည်။
သူစကားထပ်မပြောနိုင်ခင် ကျားဝူ၏ကိုယ်ပေါ်၌ အနက်ရောင်ဝတ်ရုံရှည်၊ ကျောက်စိမ်းသရဖူနှင့် ကျောက်စိမ်းခါးပတ်များ ပေါ်လာသည်။
“ငါက ဒီနေရာကနေ ကျိန်ဆိုလိုက်တယ်”
“ငရဲဆယ့်ရှစ်ထပ်ကို တည်ဆောက်ပြီး လောကရဲ့အငြိုးအတေးတွေကို လွတ်မြောက်စေမယ်”
“ငရဲက ဗလာဖြစ်မသွားသ၍ ....”
“ငါက ထွက်သွားမှာမဟုတ်ဘူး”
သူ့စကားသံက ပေါ့ပါးသော်လည်း ဟန်မူယဲ့သည် လောကတစ်ခုလုံး ဟစ်ကြွေးနေသည်ဟု ခံစားလိုက်ရသည်။
ထိုအရာသည် မဟာတာအို၏အသံတင်မကဘဲ ကောင်းကင်အထိရောက်နေသော မဟာတာအိုအသစ်တစ်ခု၏ လမ်းစဉ်လည်း ဖြစ်သည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က ကျိန်ဆိုလိုက်သောအခါတွင် ပျောက်ဆုံးနေသော ကျင့်ကြံခြင်းလမ်းစဉ်က ရှင်းလင်းလာသည်။
နတ်ဘုရားဘုရင်က ငရဲကိုမှီခိုပြီး အငြိုးအတေးများကိုချေဖျက်၍ လွတ်မြောက်ရာလမ်းစဉ်ကို ဆုံးဖြတ်ခဲ့သည်။
ထိုအဆင့်ကို ကျော်လွန်သွားသောအခါတွင် ရရှိလာမည့် ကျင့်ကြံခြင်းစွမ်းအားများကို သူက မြင်နိုင်နေသည်။
ထိုစွမ်းအားဖြင့် ဤဆည်ကို ထိုးဖောက်ပြီး ဤလောကကိုဦးဆောင်၍ အပြင်သို့ထွက်သွားနိုင်မည်။
ထိုအရာသည် မဟာတာအိုလမ်းစဉ်က ပြသလိုက်သော အနာဂတ်မြင်ကွင်းဖြစ်သည်။
ထိုမြင်ကွင်းကြောင့် နတ်ဘုရားဘုရင်က မရေမတွက်နိုင်လောက်သော အကျိုးကျေးဇူးများကို ရခဲ့သည်။
သူတို့၏အဆင့်တွင် အနာဂတ်ကို ကြိုမမြင်နိုင်တော့ပေ။
သူက ပထမဆုံးလူ ဖြစ်သည်။
“ဘုန်း”
လေဟာနယ်ထဲတွင် တုန်ခါသံတစ်ခု ပေါ်ထွက်လာသည်။
ယခုအချိန်၌ ဆည်၏ အတွင်းနှင့်အပြင်တွင် ပုဂ္ဂိုလ်ကြီးများက မျက်လုံးဖွင့်ကြည့်လိုက်ပြီး မနာလိုဖြစ်နေကြသည်။
“တစ်ယောက်ယောက်က အထွတ်အထိပ်လမ်းစဉ်ကို အရင်ဆုံး ရှာတွေ့သွားပြီ”
အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး၏ထိပ်ဆုံးတွင် လူတစ်ယောက်က ရေရွတ်လိုက်သည်။
“ဆည်ထဲမှာ အထွတ်အထိပ်လမ်းစဉ်ကို ရှာဖွေနိုင်တဲ့လူ ရှိနေတာလား”
ဆည်၏အပြင်ဘက်တွင် ခန်းဆောင်တစ်ခုအတွင်း၌ လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။
ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့သွားသည့်အတွက် များပြားလှသော နတ်ဘုရားဘုရင်များ၏ စိတ်အခြေအနေက ပြောင်းလဲသွားလိမ့်မည်။ ယခင်က အဆင့်တူဖြစ်သော သက်ရှိများကို ကျော်ဖြတ်သွားလိမ့်မည်။
အဆုံးမဲ့နတ်ဘုရားဘုရင်သည် နံပတ်တစ်နတ်ဘုရားဘုရင် ဖြစ်လာလိမ့်မည်။
“ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တာအိုပြိုင်ပွဲကို အာရုံစိုက်ထားလိုက်ပါ့မယ်”
ကျားဝူက ညင်သာစွာပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။
သူက ငရဲဆယ့်ရှစ်ထပ်ကို ဖန်တီးပြီး လမ်းဖောက်ရမည်။
အာရုံစိုက်ထားမည်။
ထိုစကားသည် လုံလောက်သည်။
ဤလောက၏ အထွတ်အထိပ်တွင်ရှိသော နတ်ဘုရားဘုရင်က တာအိုပြိုင်ပွဲတွင် အနိုင်မရနိုင်လျှင် တာအိုပြိုင်ပွဲတစ်ခု ဖြစ်တော့မည်မဟုတ်ပေ။
ကမ္ဘာများကြားတွင်ရှိသော တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။
“ဟူး၊ ငါက မင်းကို တကယ်ပဲ မမြင်နိုင်ခဲ့ဘူး ....”
ကျောက်ယုကျင့်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာခေါင်းခါသည်။
“ငါက ပြန့်ကျဲကြယ်ကျွန်းမှာ အနေကြာသွားပြီထင်တယ်”
ဟန်မူယဲ့က ထိုစကားကို မကြာခဏ ကြားနေရသည်။
သူတို့က ပြန့်ကျဲကြယ်ကျွန်း၏အပြင်တွင်ရှိသော ကျင့်ကြံခြင်းလောကကို ထွင်းဖောက်မမြင်နိုင်ခြင်းမဟုတ်ဘဲ ဟန်မူယဲ့ကိုသာ မမြင်နိုင်ခြင်းဖြစ်သည်။
“အကြီးအကဲ၊ ဒီဓားစံအိမ်က ....”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မေးသည်။
“ငါ့ကို မမေးနဲ့။ မင်းက ဒီဓားစံအိမ်ရဲ့သခင် ဖြစ်ပြီးသွားပြီ”
ထို့နောက် ကျောက်ယုကျင့်က ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ဓားထဲတွင် အပိုဝိညာဉ်စွမ်းအားတချို့ကို ခံစားလိုက်ရသည်။
ဓားက တုန်ခါနေပြီး ဓားစံအိမ်တစ်ခုလုံးသည် ချီစွမ်းအင်အလင်းများဖြင့် တောက်ပလာသည်။
ဟန်မူယဲ့က စားပွဲခုံလေးဆီသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။
သူ့ကကိုယ်ပေါ်တွင် ဓာအလင်းများ ပေါ်ထွက်လာသည်။
သူက ထိုနေရာတွင် ခြောက်နှစ်ကြာသည်အထိ ထိုင်နေခဲ့သည်။
ထိုခြောက်နှစ်အတွင်း၌ အဆုံးမဲ့ပင်လယ်သည် တိမ်တိုက်များ၊ လေပြင်းများဖြင့် လှုပ်ရှားနေသည်။
ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် သတင်းများပြန့်နေသည်။
အဆုံးမဲ့နတ်ဘုရားဘုရင်သည် ပုဂ္ဂိုလ်ကြီးများအားလုံးကို အဆုံးမဲ့ပင်လယ်သို့ ဖိတ်ခေါ်ခဲ့သည်။
ပြန့်ကျဲကြယ်ကျွန်းသို့ မဟာကျင့်ကြံသူကြီးများ ရောက်လာကြသည်။
ယခင်က သိပ်မတွေ့ရသော သူတော်စင်များ၊ တစ်ခါမှ မမြင်ဘူးသော တာအိုဘိုးဘေးများ ပေါ်လာကြသည်။
ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော နန်းတော်သုံးခု၊ စံအိမ်ခြောက်ခုနှင့် အင်အားစုဆယ့်ငါးခုသည် သတိထားနေရသည်။
ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဟန်မူယဲ့တည်ဆောက်ခဲ့သော နှလုံးသားသန့်စင်ခြင်းဓားဝင်္ကပါကို သွားကြည့်ပြီး ချီကျူးခဲ့သည်။
လူတချို့က တော်ဝင်ရှုခင်းဓားဆိုင်သို့ သွားခဲ့သည်။ သို့သော် ဟန်မူယဲ့က ပြန်မလာခဲ့ပေ။
ခြောက်ထပ်စံအိမ်က တံခါးပိတ်ထားပြီး ကျန့်တနျိုနှင့် ရှောက်ထျန်းရီတို့ကို မျှော်လင့်ချက်ပေးနေသည်။
‘ဆိုင်ရှင်က အရမ်းသန်မာတယ်။ သေသွားတာ မဖြစ်နိုင်ဘူး’
သူတို့က တွေးမိသည်။
....
လွန်ခဲ့သောသုံးနှစ်ခန့်တွင် ချန်ယွဲ့ကြယ်ပေါ်တွင်ရှိသော ဝမ်မင်မြို့၏ ကူမိသားစုက ပတ်ဝန်းကျင်မိုင်တစ်သိန်းကို လွှမ်းမိုးပြီး ဓားကျင့်ကြံသူသုံးသောင်းကို စုစည်းခဲ့သည်။
ထို့နောက် သခင်လေးကူယွဲ့နင်သည် မရေမတွက်နိုင်သော ဓားကျင့်ကြံခြင်းနည်းစနစ်များကို ဝေမျှပေးခဲ့သည်။
သုံးထပ်အဆောက်အအုံထဲတွင် အမျိုးမျိုးသော ဓားကျင့်ကြံခြင်းနည်းစနစ်များ ရှိနေသည်။
အဆင့်နိမ့်ဓားနည်းစနစ်မှ စတင်၍ ဓားဆန္ဒစုစည်းနိုင်သော အားကောင်းသည့်ဓားနည်းစနစ်များကိုလည်း ရှာဖွေနိုင်သည်။
လူတစ်ယောက်က ဓားကို လက်လွှဲပေးလိုက်လျှင် တန်ဖိုးတူသော စာအုပ်များကို ဖတ်နိုင်လိမ့်မည်။
စာအုပ်များတင်မကဘဲ ဓားကျင့်ကြံသူ သခင်လေးကူယွဲ့နင်၏ လမ်းညွှန်မှုကိုလည်း ရနိုင်သည်။