အခန်း (၅၉၈)
Vol. 43 Ch. 598
“ပြီးတော့ ကျင့်ကြံခြင်းလမ်းစဉ်မှာ တခြားလူတွေမှတ်ချက်ပေးတာကို နားထောင်သင့်တယ်”
သူက ထိုသို့ပြောလိုက်ပြီး ပြုံးသည်။
“အနန္တဓားကမ်းပါးမှာ တာအိုဆွေးနွေးပွဲက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်လို့ ငါကြားမိတယ်။ ငါက ရက်နည်းနည်းလောက် တောင့်ခံထားနိုင်သေးတယ်။ တာအိုဆွေးနွေးပွဲကို သွားကြည့်ကြတာပေါ့”
ထိုသို့ဖြင့် သူက ဟန်မူယဲ့တို့၏နောက်သို့ လိုက်သွားသည်။
‘တာအိုဆွေးနွေးပွဲလား’
‘ဒီမှာမြှုပ်နှံဖို့အတွက် ရောက်လာတာမဟုတ်ဘူးလား’
အနက်ရောင်ဝတ်စုံနှင့်တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နောက်မှလိုက်သွားကြသည်။
အနန္တဓားကမ်းပါးသို့ ရောက်လာသော ဓားကျင့်ကြံသူအများစုသည် တစ်ယောက်တည်းဖြစ်ကြသည်။
သို့မဟုတ် မိတ်ဆွေကောင်း သုံးယောက်၊ ငါးယောက်ခန့်နှင့် စုပေါင်း၍ လာကြသည်။ အုပ်စုလိုက်လာသောလူများ မရှိပေ။
လမ်းတွင်ရှိနေသော မရေမတွက်နိုင်လောက်သည့်လူများက ဟန်မူယဲ့တို့ကို အာရုံစိုက်ထားသည်။
“အဲဒီလူငယ်က စည်းကမ်းတွေကို မသိဘူးလား”
“ချမ်းသာတော့ရော ဘာဖြစ်လဲ။ အနန္တဓားကမ်းပါးရဲ့ တာအိုဆွေးနွေးပွဲမှာ လုပ်ချင်တိုင်းလုပ်လို့မရဘူး”
“ဟီးဟီး၊ အဲဒီကလေးက ရူးနေတာထင်တယ်။ ဖိတ်ခေါ်မခံရတဲ့လူတွေက တောင်ခြေမှာပဲ တာအိုဆွေးနွေးပွဲကို နားထောင်နိုင်တယ်။ နားထောင်မယ့်လူတိုင်းက ဝိညာဉ်ကျောက်တုံး ဆယ်သန်းပေးရတယ်”
လူတစ်ယောက်လျှင် ဆယ်သန်းဖြစ်သောကြောင့် ရာချီသည့်နောက်လိုက်များအတွက် သန်းတစ်ထောင်ကုန်ကျလိမ့်မည်။
လူအများအပြားက ကြိတ်ဝမ်းသာနေသည်။
ရှေ့တွင် ဓားချီများ ပိုမိုသိပ်သည်းလာသည်။
ဓားအလင်းများသည် အစိမ်းရောင်ကမ်းပါးတွင်ရှိသော အလင်းစက်ကွင်းနှင့် ပေါင်းစပ်သွားသည်။
ကျောပေါ်တွင် ဓားလွယ်ထားသော ဓားကျင့်ကြံသူများသည် ကမ်းပါးတွင် ဓားချီကို တိတ်ဆိတ်စွာ သုံးသပ်နေသည်။
အဝေးတစ်နေရာမှ တောင်စောင်းပေါ်တွင် စိုက်ထူထားသော ဓားရှည်များကို မြင်နိုင်သည်။
ဓားတစ်လက်ချင်းစီသည် အုတ်ဂူတစ်ခုဖြစ်သည်။
ထိုဓားများကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က မျက်လုံးများတောက်ပသွားသည်။
ထိုဓားများသည် ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူများ၏ ဓားဖြစ်သည်။
ထိုဓားများသည် ရတနာတစ်ခုမဟုတ်လျှင်ပင် ဘဝနောက်ဆုံးအချိန်၏ ဉာဏ်အလင်းများဖြင့်ပြည့်နှက်နေသော ဓားများဖြစ်ကြသည်။
“ငါက ဓားတာအိုရဲ့အကြီးအကဲတွေကို အရိုအသေပေးလိုက်အုံးမယ်။ ဒီမှာ စောင့်နေကြပါ”
သူက ကျန့်ယွမ်နှင့် တခြားလူများကို ညွှန်ကြားလိုက်သည်။
သူတို့အားလုံးက လျင်မြန်စွာဦးညွှတ်လိုက်ပြီး တိတ်ဆိတ်သောနေရာတစ်ခုတွင် စောင့်ဆိုင်းနေကြသည်။
ဟန်မူယဲ့က အဝတ်များကို ဆွဲဆန့်လိုက်ပြီး ကမ်းပါးဆီသို့ လျှောက်သွားသည်။
အစပိုင်းတွင် တခြားဓားကျင့်ကြံသူများက သူ့ကို ဂရုမစိုက်ကြပေ။ သို့သော် သူက လျင်မြန်စွာဖြင့် ချောက်ကမ်းပါးခြေသို့ ရောက်လာသောအခါတွင် ဆွေးနွေးသံများ ထွက်လာသည်။
ချောက်ကမ်းပါးပေါ်သို့ လူတိုင်းတက်မသွားနိုင်ပေ။
ကျင့်ကြံဆင့် နိမ့်ကျလျှင် ဓားတာအိုဉာဏ်အလင်း မြင့်မားရန် လိုအပ်သည်။
သို့မဟုတ် ဖိတ်စာရှိရမည်။
သို့သော် ဟန်မူယဲ့က ထိုအချက်များနှင့် ကိုက်ညီပုံမပေါ်ပေ။
လူတိုင်းက ဆွေးနွေးနေသောအချိန်တွင် ဟန်မူယဲ့က ချောက်ကမ်းပါးပေါ်သို့ တက်သွားပြီး ပထမဆုံးဓား၏ရှေ့တွင် ရပ်တန့်လိုက်သည်။
သူက လက်ထဲတွင် အဝတ်စတစ်စ ကိုင်ထားပြီး ဓားတစ်လက်လုံးကို သန့်ရှင်းရေးလုပ်ပေးနေသည်။
အပြင်လူများ၏အမြင်တွင် သူက အလွန်လေးစားမှုရှိပုံပေါ်သည်။
“သူက ချောက်ကမ်းပါးပေါ်ကို တက်သွားနိုင်တဲ့အတွက် အံ့အားသင့်နေစရာမလိုတော့ဘူး။ သူက အကြီးအကဲဆောင်းဦးရဲ့ မျိုးဆက်ပဲ”
လူတစ်ယောက်က ရုတ်တရက် နားလည်သွားပုံရပြီး ညင်သာစွာပြောလိုက်သည်။
အနန္တဓားကမ်းပါးသည် စည်းကမ်းတင်းကျပ်သော်လည်း မျိုးဆက်သစ်များ၏ အရိုအသေပေးခြင်းကို မတားမြစ်နိုင်ပေ။
အကြီးအကဲများ၏ မျိုးဆက်သစ်များသည် နှစ်တစ်ရာလျှင်တစ်ကြိမ် အရိုအသေလာပေးကြသည်။
ဓားတာအိုကျင့်ကြံသူများအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
ကမ်းပါးပေါ်တွင် ဓားတာအိုကို ပိုမိုလွယ်ကူစွာ သုံးသပ်နိုင်သည်။
ဥပမာအနေဖြင့် ယခုအချိန်တွင် ဟန်မူယဲ့က ပတ်ဝန်းကျင်တွင်ရှိနေသော ဓားတာအိုစွမ်းအားများကို ခံစားမိသည်။ သူက နှလုံးသားဖြင့် သုံးသပ်ကြည့်လျှင် တစ်ခုခုရလာလိမ့်မည်။
သို့သော် သူက ထိုဉာဏ်အလင်းကို စိတ်မဝင်စားပေ။
ဓား၏မှတ်ဉာဏ်များသည် ပိုမိုထိရောက်လိမ့်မည်။
“ဝီ”
သူတစ်ယောက်တည်းကသာ ဓားမြည်သံကို ကြားနိုင်သည်။
ဓားချီအချို့က ဓားထဲသို့ စိမ့်ဝင်သွားသည်။ သူက စိတ်ထဲတွင် မရေမတွက်နိုင်လောက်သောပုံရိပ်များကို မြင်လိုက်ရသည်။
ဟယ်ယွမ်ကြယ်၏ နာမည်ကြီးဓားဂိုဏ်းခေါင်းဆောင် ကျင်းယိုရှန့် ....
အသက် ၂၁,၈၅၂တွင် ကွယ်လွန်သွားပြီး ဝိညာဉ်ကိုယ်ခွဲ သတ္တမအဆင့်တွင် ရှိနေသည်။
ငှက်မွေးဖြူ ဓားနည်းစနစ် ....
ဖီးနစ်အော်သံ ဓားနည်းစနစ် ....
တိမ်စုစည်းခြင်းနှင့် ဖြိုခွဲခြင်း ဓားနည်းစနစ် ....
ဟန်မူယဲ့က စိတ်ထဲတွင် အနန္တဓားကမ်းပါး၌ ထိုင်နေသော လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ဘဝ၏ နောက်ဆုံးအချိန်တွင် သိရှိထားသမျှ အရာအားလုံးကို စုစည်းပြီး သုံးသပ်ခဲ့သည်။
မြင်ကွင်းများ ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့က ဓားနည်းစနစ်အများအပြားကို နားလည်သွားခဲ့သည်။
ထိုလူသည် လေးစားထိုက်သော ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။
ဟန်မူယဲ့က ဦးညွှတ်လိုက်ပြီး လှေကားထစ်အချို့ကို ကျော်ဖြတ်၍ တခြားဓားတစ်လက်ဆီသို့ သွားလိုက်သည်။
ထိုမြင်ကွင်းကြောင့် ကမ်းပါးအောက်တွင် ဆူညံသံများထွက်လာသည်။
‘သူက အကြီးအကဲကို အရိုအသေလာပေးတာမဟုတ်ဘူးလား’
‘သူရဲ့ အကြီးအကဲနှစ်ယောက်က အနန္တဓားကမ်းပါးမှာ မြှုပ်နှံထားတာလား’
ဟန်မူယဲ့က တခြားလူများ၏အတွေးကို ဂရုမစိုက်ပေ။ သူက အဝတ်စဖြင့် ဓားကို သန့်ရှင်းရေးလုပ်ပေးနေသည်။
သူက တစ်ရက်အတွင်း၌ ဓားသုံးရာကို သန့်ရှင်းရေးလုပ်ပေးခဲ့သည်။
သူ၏စိတ်ဝိညာဉ်သည် အလွန်သန်မာသော်လည်း မူးဝေလာသည်ဟု ခံစားရသည်။
အောက်တွင်ရှိသော ဓားကျင့်ကြံသူများက လမ်းပျောက်နေကြသည်။
‘သူက အနန္တဓားကမ်းပါးမှာရှိတဲ့ ဓားတွေကို သန့်ရှင်းရေးလုပ်ပေးဖို့ တာဝန်ယူထားရတာလား’
‘ဒါမှမဟုတ်ရင် အနန္တဓားကမ်းပါးမှာ မြှုပ်နှံထားတဲ့ အကြီးအကဲတွေ သုံးရာလောက် ရှိနေတာလား’
အကယ်၍ အကြီးအကဲသုံးရာကို အနန္တဓားကမ်းပါးတွင် မြှုပ်နှံထားနိုင်လျှင် ထိုလူငယ်သည် စိမ်းလန်းခြင်းနယ်မြေ၏ နံပတ်တစ်မျိုးဆက်သစ် ဖြစ်လိမ့်မည်။
ဟန်မူယဲ့က အောက်သို့ ပြန်ဆင်းလာသောအခါတွင် လူတိုင်းက သူ့ကို ကြည့်နေသည်။
အံ့အားသင့်ခြင်း၊ အားကျခြင်း၊ မနာလိုခြင်း ....
ဟန်မူဘဲ့က ဂရုမစိုက်ဘဲ ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။
သူက ကျန့်ယွမ်တို့ဆီသို့ ရောက်တော့မည့်အချိန်တွင် ရပ်တန့်လိုက်ပြီး နောက်လှည့်ကြည့်သည်။
“မင်းက ဘာဖြစ်လို့ ငါ့နောက်ကို လိုက်နေတာလဲ”
သူ့နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် ခပ်ဝဝလူငယ်လေးတစ်ယောက် ရှိနေသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လူငယ်က အပြုံးတစ်ခုနှင့်အတူ လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။
“ညီအစ်ကို၊ အနန္တဓားကမ်းပါးကို တက်ရောက်နိုင်မယ့် လျှို့ဝှက်ချက်ကို ရောင်းပေးပါ”
“ကြိုက်ဈေးပြောလို့ရပါတယ်”
သူက ရွှေအမြုတေသတ္တမအဆင့်ဖြစ်ပြီး ခေါင်းတွင်ရှိသော ကျောက်စိမ်းသရဖူသည် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်သည်။
လည်ပင်းတွင်ရှိသော ကျောက်စိမ်းဆွဲကြိုးနှင့် ခါးတွင်ရှိသော ကျောက်စိမ်းခေါင်းလောင်းသည် မှော်ရတနာများဖြစ်ကြသည်။
ဖိနပ်နှင့်ခြေအိတ်သည် အဆင့်မြင့်ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။
ကျောပေါ်တွင်လွယ်ထားသော ဓားရှည်သည် အချိန်မရွေး အသွင်ပြောင်းနိုင်သော အလယ်အလတ်အဆင့် မှော်ရတနာဖြစ်သည်။
သူက ရတနာသိုက်တစ်ခုပင် ဖြစ်သည်။
ဟန်မူယဲ့၏အကြည့်ကို ခံစားမိသောအခါတွင် လူငယ်က ပြုံးလိုက်ပြီး ပြောသည်။
“ငါ့နာမည်က ကျောက်ကျီခယ်ပါ။ ငါက ကျင်းခယ်ကြယ်ကပါ”
ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသောအခါတွင် သူက ဆက်ပြောသည်။
“ကျင်းခယ်ကြယ်ရဲ့ ဝမ်ဟောင်မြို့ကပါ”
ကျင်းခယ်ကြယ်၏ ဝမ်ဟောင်မြို့ကို စိမ်းလန်းခြင်းနယ်မြေ၏ သန်းချီရတနာမြို့အဖြစ် လူသိများကြသည်။
ကျင်းခယ်ကြယ်သည် ဓားများပြုလုပ်ရန်အတွက် ဝိညာဉ်သတ္တု အများအပြားထွက်ရှိသော ရတနာနယ်မြေတစ်ခု ဖြစ်သည်။ ဝမ်ဟောင်မြို့ကို ကျောက်မိသားစုက ထိန်းချုပ်ထားသည်။
ကျောက်မိသားစုခေါင်းဆောင်သည် သူတော်စင်ဖြစ်တော့မည့် ဓားတာအိုကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူပိုင်ဆိုင်ထားသော ရတနာများဖြင့် သူတော်စင်တစ်ဦးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။
“ဘယ်လိုဈေးမျိုးပဲဖြစ်ဖြစ် တတ်နိုင်တယ်လား”
ဟန်မူယဲ့က တည်ငြိမ်စွာမေးသည်။
ကျောက်ကျီခယ်က ပြုံးသည်။
သို့သော် ထိုအပြုံးသည် ဆယ်မိနစ်သာ ခံလိုက်သည်။
“မင်းက ရူးနေတာလား။ နောက်လိုက်တစ်ရာကျော် ခေါ်လာတယ်ပေါ့”
“ငါက အစောင့်သုံးယောက်ကိုပဲ ခေါ်လာတာ”
“တာအိုဆွေးနွေးပွဲကို စောင့်ကြည့်ဖို့ လူတစ်ရာကျော်အတွက် သန်းတစ်ထောင်ကုန်လိမ့်မယ် ....”
ကျောက်ကျီခယ်က မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့က တာအိုဆွေးနွေးပွဲကို နောက်လိုက်များစောင့်ကြည့်နိုင်ရန်အတွက် ဆောင်းဆိုခဲ့သည်။ ကျောက်ကျီခယ်က သိပ်မတွေးခဲ့ပေ။
သို့သော် ဟန်မူယဲ့က ရူးသွပ်နေပြီး နောက်လိုက်အများအပြားကို ခေါ်ဆောင်လာသည်။
“မင်းက မတတ်နိုင်တော့ဘူးလား”
ဟန်မူယဲ့က တည်ငြိမ်စွာမေးသည်။
“မတတ်နိုင်ဘူးတဲ့လား။ နှစ်ဆပိုကုန်မယ်ဆိုရင်တောင် ငါက တတ်နိုင်တယ်။ ဒါပေမဲ့ မင်းက ငါ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား”
ကျောက်ကျီခယ်က လှည့်ထွက်သွားသည်။
“တစ်ဝက်ပေး။ မနက်ဖြန်ကျရင် တခြားအကြီးအကဲသုံးရာရဲ့ အုတ်ဂူတွေကို အရိုအသေးပေးဖို့အတွက် မင်းကို ခေါ်သွားပေးမယ်”
ကျောက်ကျီခယ်က ခြေဆယ်လှမ်းအကွာသို့ ရောက်သွားသောအချိန်တွင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။
“ကောင်းပြီလေ”
ကျောက်ကျီခယ်က အပြုံးတစ်ခုနှင့်အတူ ပြန်လှည့်လာသည်။
နောက်တစ်နေ့တွင် ဟန်မူယဲ့က ချောက်ကမ်းပါးပေါ်သို့ တက်သွားပြန်သည်။ သူ့နောက်တွင် ပူဇော်ခံပစ္စည်းများကို ခြင်းတစ်လုံးဖြင့်သယ်ထားသော လူဝကြီးတစ်ယောက် ပါလာသည်။
“သန့်စင်ခြင်းဂိုဏ်းရဲ့ အကြီးအကဲကျန်းရီထောင်ကို ဝမ်ဟောင်မြို့ရဲ့ ကျောက်ကျီခယ်က အရိုအသေပေးပါတယ် ....”
“ယုရှန့်ဓားဂိုဏ်းရဲ့ အကြီးအကဲချန်းရီချန်ကို ဝမ်ဟောင်မြို့ရဲ့ ကျောက်ကျီခယ်က အရိုအသေပေးပါတယ် ....”
ကျောက်ကျီခယ်က နေ့တစ်ဝက်ခန့် အော်ဟစ်ခဲ့ပြီး လည်ချောင်းနာလာသည်။
သူက ချောက်ကမ်းပါးမှ ဆင်းလာသောအခါတွင် မရေမတွက်နိုင်သော လောင်ကျွမ်းနေသည့်အကြည့်များကို မြင်လိုက်ရသည်။
တစ်နေ့အတွင်း၌ အော်သံသုံးရာကို နားထောင်နေရပြီး ကျင့်ကြံခြင်း၌ အာရုံမစိုက်နိုင်သောကြောင့် သူတို့အားလုံးက ဒေါသထွက်နေကြသည်။
အနန္တဓားကမ်းပါး၏ စည်းကမ်းများကြောင့်သာမဟုတ်လျှင် ကျောက်ကျီခယ်က ခြေထောက်ကျိုးသွားလိမ့်မည်။
“တာအိုရောင်းရင်းတို့၊ ဝမ်ဟောင်မြို့ရဲ့ ကျောက်ကျီခယ်က အရိုအသေပေးပါတယ် .... မဟုတ်ဘူး၊ မဟုတ်ဘူး။ နှုတ်ဆက်ပါတယ်”
ကျောက်ကျီခယ်က လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်သည်။ သူက တစ်နေ့လုံး အရိုအသေပေးနေသောကြောင့် မှားပြောမိသွားသည်။
လူတိုင်းက ဒေါသထွက်သွားသည်။
ကျောက်ကျီခယ်တင်မကဘဲ ဟန်မူယဲ့ကိုလည်း ဒေါသထွက်နေကြသည်။
ထိုအချိန်၌ စိမ်းလန်းသောတောင်စောင်းပေါ်တွင် လူတစ်ယောက်က အေးစက်စွာ လှမ်းကြည့်နေသည်။
“သူက အကြီးအကဲဝူကျန့် ဖိတ်ခေါ်ထားတဲ့ ဓားတာအိုကြယ်ပွင့်ဆိုတာလား”
“ဖိတ်စာကိုအသုံးပြုပြီး အရိုအသေးပေးတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အကြီးအကဲတွေရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ခိုးယူသုံးသပ်နေတယ်။ သူက အရှက်မရှိတော့ဘူးလား”
အစိမ်းရောင်ဝတ်စုံဝတ်ထားသော အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က အံကြိတ်ထားပြီး နက်ရှိုင်းသောလေသံဖြင့် ပြောသည်။
သူ့ဘေးတွင် လူအချို့ကလည်း အံကြိတ်ထားသည်။
သူတို့ဂိုဏ်း၏အကြီးအကဲများကို အနန္တဓားကမ်းပါးတွင် မြှုပ်နှံထားသည်။
“အနန္တဓားကမ်းပါးမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ မင်းတို့က မကျေနပ်ဘူးဆိုရင် သူ့ကို တားနိုင်တယ်”
ဆံပင်ဖြူလူအိုကြီးတစ်ယောက်က တည်ငြိမ်စွာပြောသည်။
“ပြီးတော့ အကြီးအကဲဝူကျန့်က အနန္တဓားကမ်းပါးရဲ့ တာအိုဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ မဟာကျင့်ကြံသူကြီးတွေထဲက တစ်ယောက်ပဲ။ သူက တာအိုရောင်းရင်းတစ်ယောက်ကို ဖိတ်ခေါ်နိုင်တယ်”
“သူ့ဖိတ်စာကို ရထားတဲ့လူက သာမန်မဖြစ်နိုင်ဘူး”
လူအိုကြီးက စကားပြောလိုက်ပြီး လှည့်ထွက်သွားသည်။
တခြားလူများကလည်း ထွက်သွားကြသည်။
ဟန်မူယဲ့က တခြားလူများ၏အတွေးကို ဂရုမစိုက်ပေ။
အနန္တဓားကမ်းပါးကို ဓားတစ်သောင်းသင်္ချိုင်းအဖြစ် သိကြသော်လည်း ဤနေရာတွင် အမှန်တကယ်မြှုပ်နှံထားသော မဟာကျင့်ကြံသူများ ရှစ်ထောင်၊ ကိုးထောင်ခန့်သာ ရှိသည်။
ဟန်မူယဲ့က တွက်ချက်မှုတချို့ လုပ်ကြည့်ခဲ့သည်။ တာအိုဆွေးနွေးပွဲမတိုင်ခင် ရက်အချို့ကျန်သေးသည်။ သူက တစ်ရက်လျှင် ဓားသုံးရာကို လေ့လာပြီး အပြီးသတ်နိုင်သည်။
သူက တည်းခိုရာနေရာသို့ ပြန်ရောက်လာသောအခါတွင် ယနေ့လေ့လာခဲ့သော ဓားတာအိုဉာဏ်အလင်းများကို သုံးသပ်ရန်အတွက် တံခါးပိတ်ကျင့်ကြံလိုက်သည်။