← Chapters

အခန်း (၅၉၉)

Vol. 43 Ch. 599

အခန်း (၅၉၉)

Vol. 43 Ch. 599

ပြန့်ကျဲကြယ်ကျွန်း ....

ခြောက်ထပ်စံအိမ်တွင် မိုးခြိမ်းသံများကို ကြားနိုင်သည်။

လွန်ခဲ့သောတစ်နှစ်ခန့်တွင် မိုးခြိမ်းသံများ ရပ်တန့်မသွားခဲ့ပေ။

ယခုအချိန်၌ ဓားစံအိမ်၏ ခြောက်ထပ်မြောက်တွင်ထိုင်နေသော ဟန်မူယဲ့၏ကိုယ်ပေါ်တွင် လျှပ်စီးကြောင်းများ အလွန်သိပ်သည်းနေသည်။

သူ့နောက်တွင်ရှိသော ခွေသားရဲပုံရိပ်သည် အပြည့်အဝ ဖြစ်တည်လာတော့မည်။

ခြောက်ထပ်ဓားစံအိမ်ကြောင့် ဟန်မူယဲ့၏ကျင့်ကြံခြင်းက အလွန်တိုးတက်လာသည်။

သူက ဓားတာအိုရွှေအမြုတေကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိပ်ခဲ့သည်။ သို့သော် သူက ရွှေအမြုတေ၏ကြီးထွားမှုကို မတားဆီးနိုင်ခဲ့ပေ။

‌ခြောက်ထပ်ဓားစံအိမ်တွင် ဓားသုံးသန်းရှိသည်။ ဓားတစ်လက်သည် ဝိညာဉ်ရတနာဖြစ်သည်။

ဟန်မူယဲ့က ဓားစံအိမ်တွင်ရှိသော ဓားများအားလုံးကို အသက်သွင်းနိုင်ရန်အတွက် ဓားစံအိမ်ကို သန့်စင်ခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ချီပင်လယ်တွင်ရှိသော ဓားဆန္ဒသည် ဆက်တိုက်သန်မာလာသည်။

ယခုအချိန်တွင် ဓားဆန္ဒဓားရှည်သည် ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးထားသည်။ ထိုဓားကို ထုတ်သုံးလိုက်လျှင် ကောင်းကင်သည် ချက်ချင်းပျက်စီးသွားလိမ့်မည်။

သူက မိုးကြိုးစွမ်းအားများဖြင့် ဝိညာဉ်ကို ဆက်တိုက်သန့်စင်နေသည်။

ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများကို မြင်နိုင်သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ပြီးပြည့်စုံခြင်း ....

သူ၏ ကျင့်ကြံခြင်းကို အဆုံးစွန်အထိ စုစည်းထားနိုင်ခဲ့သည်။

“မင်းက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးမျိုးဆက်သစ်ပဲ”

ကျောက်ယုကျင့်က ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

“အထက်ဘုံသုံးပါးရဲ့ ပါရမီရှင်တွေကတောင် မင်းနဲ့ မယှဉ်နိုင်ဘူး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပျော်ရွှင်သွားပုံမရဘဲ တည်ငြိမ်စွာပြောသည်။

“အထက်ဘုံသုံးပါးရဲ့ အရင်းအမြစ်နဲ့ စုဆောင်းမှုတွေကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”

သူက အမှန်တရားကို နားလည်သည်။

အထက်ဘုံသုံးပါးက မည်သည့်နေရာမျိုးဖြစ်သနည်း။ တာအိုဘိုးဘေးနှင့် ပုဂ္ဂိုလ်ကြီးများတွင် အခွင့်အရေးမျိုစုံရှိသည်။

သူတို့စုစည်းထားသော စွမ်းအားများကို ဟန်မူယဲ့က မယှဉ်နိုင်ပေ။

သို့သော် ဟန်မူယဲ့က ကျင့်ကြံခြင်းအခြေခံအုတ်မြစ်နှင့် ပတ်သတ်လာလျှင် သက်တူရွယ်တူများထဲ၌ ပြိုင်ဘက်သိပ်ရှိမည်မဟုတ်ကြောင်း ယုံကြည်သည်။

“အခု ကောင်းကင်အဆင့်ကို မတက်သေးဘူး။ ပြန့်ကျဲကြယ်ကျွန်းကနေ ထွက်သွားတဲ့အထိ စောင့်လိုက်အုံးမယ်”

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး စံအိမ်၏အပြင်ဘက်သို့ကြည့်၍ ညင်သာစွာပြောသည်။

ကျောက်ယုကျင့်က ဟန်မူယဲ့၏စကားကြောင့် အံ့အားသင့်မသွားပေ။

ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းတွင် ရည်မှန်းချက်ပြည့်ဝသွားပြီဖြစ်သောကြောင့် ဆက်နေရန် မလိုအပ်တော့ပေ။

“အကြီးအကဲ၊ ခြောက်ထပ်စံအိမ်မှာနေပြီး စောင့်ရှောက်ပေးပါ”

ဟန်မူယဲ့က ကျောက်ယုကျင့်ကို လှည့်ကြည့်သည်။

‘ဒီမှာ နေခဲ့ရမှာလား’

ကျောက်ယုကျင့်က အံ့အားသင့်သွားသည်။

ယခုအချိန်တွင် သူက ဝိညာဉ်ရတနာ၏ လက်နက်ဝိညာဉ်ဖြစ်သည်။ သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်သော ဓားတစ်လက်ဖြစ်သည်။

‘ပြီးတော့ သူက ခြောက်ထပ်ဓားစံအိမ်ကို ယူသွားမှာမဟုတ်ဘူးလား’

ဤဓားစံအိမ်သည် သန်းချီသောဓားများကို စုစည်းထားပြီး တိုက်ခိုက်နိုင်စွမ်း အလွန်ကောင်းသည်။

ကျောက်ယုကျင့်၏အကြည့်ကို မြင်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“နှစ်တစ်ရာတာအိုပြိုင်ပွဲက အစပဲရှိသေးတယ်။ ကျွန်တော်က ဝိညာဉ်ရတနာနဲ့ ဓားစံအိမ်ကို အသုံးပြုဖို့အတွက် မလိုသေးဘူး”

“နှစ်တစ်ရာတာအိုပြိုင်ပွဲမှာ ....”

ဟန်မူယဲ့က မျက်လုံးများတောက်ပလာပြီး တည်ငြိမ်စွာပြောသည်။

“ဝိညာဉ်ရတနာနဲ့ဓားစံအိမ်ရဲ့အကူအညီကို မလိုလောက်တော့ဘူး”

နှစ်တစ်ရာတာအိုပြိုင်ပွဲတွင် သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းသည် ဝိညာဉ်ရတနာနှင့် ဓားစံအိမ်ကို ကျော်ဖြတ်သွားမည်ဟု ယုံကြည်ချက်ရှိသည်။

ဟန်မူယဲ့က နေရာတွင် ရပ်နေသည်။ ကျောက်ယုကျင့်က ပြောစရာစကား ကင်းမဲ့နေသည်။

ဓားကျင့်ကြံသူတစ်ယောက်၏ မာနသည် ကိုယ်ပိုင်ခွန်အားမှတစ်ဆင့် ဖြစ်တည်လာသည်။

ဟန်မူယဲ့ သန်မာသောကြောင့် ထိုစကားများကို ယုံကြည်ချက်ရှိစွာ ပြောနိုင်သည်။

ဟန်မူယဲ့က စားပွဲပေါ်တွင်ရှိသော ကျားကွက်ကို လှည့်ကြည့်လိုက်ပြီး ပျံထွက်သွားသည်။

ထိုကျားကွက်သည် ပြန့်ကျဲကြယ်ကျွန်းများတွင် တည်ရှိနေသည်။

သို့သော် ဟန်မူယဲ့၏အမြင်တွင် ထိုကျားကွက်သည် ကောင်းကင်စက်ဝန်းဝင်္ကပါဖြစ်သည်။

....

ဟန်မူယဲ့မရှိသောကြောင့် ယွီလန်လမ်း၏ တော်ဝင်ရှုခင်းဓားဆိုင်သည် အတော်လေး တိတ်ဆိတ်သွားသည်။

ရှောက်ထျန်းရီက စားပွဲတွင် ပျင်းရိစွာထိုင်နေသည်။

သူက မော့ကြည့်လိုက်‌သောအခါတွင် အနည်းငယ်ကြောင်အသွားသည်။

“ဆိုင်ရှင်လား”

ရှောက်ထျန်းရီက ဓားဆိုင်ကို တာဝန်ယူထားပြီး ကျန့်တနျိုက ဘေးတွင်ရှိသော ကျားဝူ၏ဆိုင်ကို တာဝန်ယူထားသည်။ ကျန့်တနျိုက ဇနီးဖြစ်သူကို ခေါ်လာခဲ့သည်။ ထို့အပြင် ကလေးမလေးသုံးယောက်လည်း ထပ်ရှိနေသေးသည်။

“သူက ခြောက်နှစ်အတွင်းမှာ ကလေးသုံးယောက်မွေးလာအောင် လုပ်ခဲ့တယ်။ ဆိုင်ရှင်၊ ကျန့်တနျိုက တကယ့်ကို အံ့အားသင့်စရာပဲ ....”

ရှောက်ထျန်းရီက ဆိုင်ရှေ့တွင်ဆော့ကစားနေသော ပန်းရောင်ဝတ်စုံနှင့် ကလေးသုံးယောက်ကို ညွှန်ပြသည်။

“မွေးစားအဖေ၊ မွေးစားအဖေ ....”

ရှောက်ထျန်းရီကို မြင်လိုက်ရသောအခါတွင် ကလေးမလေးသုံးယောက်က အော်ဟစ်လိုက်သည်။

ရှောက်ထျန်းရီက ပြုံးသည်။

ကျန့်တနျိုက ဓားဖိုမှ ပြန်လာသောအခါတွင် ဟန်မူယဲ့ကို မြင်လိုက်ရသည်။ သူက ဟန်မူယဲ့၏ရှေ့တွင် ဒူးထောက်ပြီး ငိုကြွေးနေသည်။

ကလေးသုံးယောက်ကလည်း ကြောင်အသွားပြီး လိုက်ငိုကြသည်။

ကျန့်တနျို၏ဇနီးက ကျန့်တနျိုနှင့်အတူ ဟန်မူယဲ့ကို အရိုအသေပေးခဲ့သည်။

ယခုအချိန်တွင် ကျန့်တနျိုက ပန်းပဲဆရာတစ်ယောက် ဖြစ်လာသည်။ သူက ရုပ်ခန္ဓာကျင့်ကြံခြင်းတွင် အခြေခံအုတ်မြစ်အဆင့်သို့ ရောက်နေသည်။

ဟန်မူယဲ့က ရှောက်ထျန်းရီ၊ ကျန့်တနျိုနှင့် တခြားလူများကို ကောင်းမွန်စွာကျင့်ကြံပြီး ဆိုင်ကိုစောင့်ရှောက်ရန် မှာကြားခဲ့သည်။ ထို့နောက် သူက နောက်တစ်နေ့မနက်တွင် ထွက်သွားခဲ့သည်။

သူက ပြန့်ကျဲကြယ်ကျွန်းများသို့ နောက်တစ်ကြိမ်ပြန်လာလိမ့်မည်။ သို့သော် ပြန်လာမည့်အချိန်ကို မသိနိုင်ပေ။

“ဟန်မူယဲ့၊ အဲဒီနေ့တုန်းက မင်းနဲ့ မတိုက်ခိုက်လိုက်ရဘူး။ ဒီနေ့မှာ ငါ ပိုင်ကျီယုက မင်းကို စိန်ခေါ် ....”

လေထုထဲတွင် ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ဓားမြှောက်ပြီး ပိုင်ကျီယုကို လွင့်ထွက်သွားစေသည်။ ထို့နောက် ပိုင်ကျီယု၏ ထိတ်လန့်နေသောအကြည့်အောက်တွင် သူက ကျောက်စိမ်းဓားကို အသက်သွင်းပြီး ပြန့်ကျဲကြယ်ကျွန်းများမှ ထွက်ခွာသွားသည်။

“သူက အရမ်းသန်မာတာပဲ ....”

ပိုင်ကျီယုက ရေရွတ်လိုက်သည်။

ချီစွမ်းအင်အလင်းများ သွယ်ယှက်သွားပြီး ဟန်မူယဲ့က ထွက်သွားခဲ့သောနေရာတွင် ပြန်ပေါ်လာသည်။

တာအိုပြိုင်ပွဲနယ်မြေ၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာ ....

ကောင်းကင်ထက်မှ အဆုံးမရှိသောလျှပ်စီးကြောင်းများ ဆင်းသက်လာသည်။

ကောင်းကင်အဆင့် မိုးကြိုးကပ်ဘေး ....

ဟန်မူယဲ့က ကျယ်လောင်စွာရယ်သည်။ သူ့လက်ထဲတွင်ရှိသောဓားသည် မြင့်တက်လာပြီး မိုးကြိုးကပ်ဘေးဆီသို့ ပြေးဝင်သွားသည်။

ယနေ့တွင် သူက ဓားတာအိုဝိညာဉ်သူငယ်ကို စုစည်းပြီး ကောင်းကင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်။

သူက ကောင်းကင်အဆင့်သို့ ရောက်သွားလျှင် ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းသည် အဆတစ်ရာခန့် တိုးတက်လာလိမ့်မည်။

မိုးကြိုးကပ်ဘေး ဆင်းသက်လာသည်။

ဟန်မူယဲ့က သက်တောင့်သက်သာရှိနေသည်။

သူက မိုးကြိုးကပ်ဘေးကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည်။

ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့နောက်တွင် ခွေသားရဲပုံရိပ် ပေါ်လာသည်။

သို့သော် သူက ခွေသားရဲ၏ပုံရိပ်ကို ဖိနှိပ်ပြီး ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။

ယခင်က မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရန်အတွက် ခွေသားရဲကို လိုအပ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူက ထိုနည်းလမ်းကို အသုံးပြုရန် မလိုတော့ပေ။

မိုးကြိုးများ ဆင်းသက်လာပြီး လျှပ်စီးမြွေအဖြစ်ပြောင်း၍ ဟန်မူယဲ့ကို ရစ်ပတ်လိုက်သည်။

“ဘုန်း”

ဟန်မူယဲ့၏ဝတ်ရုံက ချက်ချင်းပျက်စီးသွားပြီး ဗလာဖြစ်‌နေသောရင်ဘတ်ကို ဖော်ပြလိုက်သည်။

သူ့နောက်တွင် ပါ့ရှား၏ပုံရိပ် ပေါ်လာသည်။ သူ့ရင်ဘတ်တွင် ခွေသားရဲသည် မှိန်ဖျော့သောအင်းကွက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်အဆင့်ကျင့်ကြံသူများပင် အစွမ်းကုန်ခုခံရမည်ဖြစ်သော မိုးကြိုးများက ဟန်မူယဲ့ကို ချိန်းကြိုးတစ်ခုအဖြစ် ရစ်ပတ်ထားသည်။

လျှပ်စီးချိန်းကြိုးက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သွေးများကို ဆူပွက်သွားစေသည်။

“ကောင်းလိုက်တာ”

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ရယ်သည်။

သူ့အပြုအမူက မိုးကြိုးကပ်ဘေးကို ဒေါသထွက်သွားစေပုံရသည်။ ပိုမိုများပြားသော လျှပ်စီးများ စုစည်းလာပြီး ဟိန်းဟောက်နေသော မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

မိုးကြိုးနဂါးက ပါးစပ်ဖွင့်လိုက်သည်။ လျှပ်စီးကြောင်းများသည် မြားမိုးအဖြစ် ရွာကျလာသည်။

ဟန်မူယဲ့၏မျက်လုံးထဲတွင် ဓားအလင်းတစ်ခု လှုပ်ရှားလာသည်။ သူက လှုပ်ရှားလိုက်ပြီး လျှပ်စီးမြားအားလုံးကို တားဆီးခဲ့သည်။

ကျင့်ကြံခြင်းသည် ကောင်းကင်ကိုဖီဆန်သော အပြုအမူဖြစ်သည်။ ကပ်ဘေးဖြတ်ကျော်နေသောအချိန်တွင် အစွမ်းကုန်ထုတ်သုံးရမည်။

“ဓားထုတ်မယ်”

ဟန်မူယဲ့က ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် ခရမ်းရောင်မီးတောက်များ ပေါ်လာသည်။

ဓားနှစ်လက်လှုပ်ရှားလာသည်။ ဓားများ၏ ဝိညာဉ်စွမ်းအားသည် လျှံကျလုနီးပါး ဖြစ်နေသည်။

ဟန်မူယဲ့၏ ဒန်ထျန်တွင်ရှိသော ဓားဆန္ဒနှင့် ချီပင်လယ်တွင်ရှိသော ဓားရှည်သည် အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီ ဓားနှစ်လက်ထဲသို့ စိမ့်ဝင်လာသည်။

ဓားဆန္ဒသည် အလွန်သန်မာသည်။

ခရမ်းရောင်မီးတောက်ဓားနှင့် အစိမ်းရောင်ကံကြမ္မာဓားက အသံပေးလိုက်သည်။

ဟန်မူယဲ့က ရယ်လိုက်ပြီး ဓားချီများကို လှုံ့ဆော်သည်။

ဓားဆေးလုံးနှင့် ဓားအမြုတေများ ပေါ်ထွက်လာသည်။

သူက အဆင့်တက်ချင်သောကြောင့် တစ်ခါတည်း အကုန်လုပ်လိုက်မည်။

ဟန်မူယဲ့က မိုးကြိုးနဂါးဆီသို့ ပြေးဝင်သွားသည်။ ဓားဆေးလုံးနှင့် ဓားအမြုတေများအားလုံးက မိုးကြိုးနဂါး၏ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။ လျှပ်စီးကြောင်းများက နေရာအနှံ့တွင် ရစ်ပတ်နေသည်။

ပြန်လည်တိုက်ခိုက်ခြင်း ....

မိုးကြိုးနဂါးသည် ကောင်းကင်ကပ်ဘေးကို ကိုယ်စားပြုထားသော တာအိုစွမ်းအားဖြစ်သည်။ သို့သော် ဟန်မူယဲ့၏ ဓားဆေးလုံးနှင့် ဓားအမြုတေများကြောင့် တိုက်ရိုက်ဖိနှိပ်ခံလိုက်ရသည်။

လောကတွင် ထိုဖြစ်ရပ်မျိုးသည် အလွန်ရှားပါးသည်။

လေဟာနယ်ထဲတွင် နတ်အာရုံများ လှုပ်ရှားလာကြသည်။

သို့သော် ထိုနတ်အာရုံများကို မမြင်နိုင်သောစွမ်းအားတစ်ခုက တားဆီးထားပြီး ပျောက်ကွယ်သွားစေသည်။

တာအိုပြိုင်ပွဲနယ်မြေတွင် မဟာတာအိုသည် ကိုယ်ထင်ပြလာသည်။

ဤနေရာတွင် ကံကောင်းခြင်းများအားလုံးကို ကာကွယ်ပေးထားသည်။

နှစ်တစ်ရာတာအိုပြိုင်ပွဲသည် နယ်မြေတစ်ခုကို ပျက်စီးသွားစေလိမ့်မည်။ ထို့အပြင် တာအိုဘိုးဘေးအသစ် တစ်ယောက်ကိုလည်း ပျိုးထောင်ပေးလိမ့်မည်။

မဟာတာအိုသည် တာအိုဘိုးဘေးဖြစ်လာနိုင်သော ကျွမ်းကျင်သူများအားလုံးကို ကာကွယ်ပေးသည်။

“တာအိုမျိုးစေ့”

အာကာသထဲတွင် လူတစ်ယောက်က ထိတ်လန့်စွာအော်ဟစ်လိုက်သည်။

“အဲဒါက ဘယ်သူလဲ”

လူတစ်ယောက်က တီးတိုးပြောသည်။

မဟာတာအို၏ အာရုံစိုက်မှုကို ရထားသော အနာဂတ်ကျွမ်းကျင်သူက မည်သူနည်း။

သူက တာအိုဘိုးဘေးတစ်ယောက် ဖြစ်လာနိုင်သည်။

“သူ့ကို သတ်ပစ်လိုက်”

နတ်အာရုံအများအပြားက အမိန့်ပေးလိုက်သည်။

လေထုထဲတွင် ပေါက်ကွဲသံများ ထွက်လာသည်။

မိစ္ဆာအလင်းနှင့် သန့်ရှင်းသောအလင်းစီးကြောင်းများ ပျံသန်းလာသည်။

“ဘုန်း”

ကောင်းကင်တွင်ရှိသော မိုးကြိုးနဂါးသည် မိုးကြိုးကပ်ဘေးကို ဆက်လက်မဖန်တီးနိုင်တော့ပေ။

ဟန်မူယဲ့က မိုးကြိုးနဂါးကို ထိန်းချုပ်နိုင်ခဲ့သည်။

“မဟာတာအိုစွမ်းအားက ဒီလိုမျိုးကို”

ဟန်မူယဲ့၏ ရယ်သံနှင့်အတူ မိုးကြိုးနဂါးသည် ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့၏ဒန်ထျန်တွင်ရှိသော ဓားတာအိုရွှေအမြုတေနှင့် ချီပင်လယ်တွင်ရှိသော အဆုံးမရှိသည့် ဓားဆန္ဒများသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

“ဝီ”

အာကာသထဲတွင် ဓားတစ်လက်ပေါ်လာသည်။

ဓားတာအိုဝိညာဉ်သူငယ် ....

“သန့်စင်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ပဲ ....”

အာကာသထဲတွင်ပေါ်လာသော ဓားကိုကြည့်လိုက်ပြီး လူတစ်ယောက်က ပြောသည်။

“ဟမ့်၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ ကျင့်ကြံသူတစ်ယောက်ဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ မဟုတ်ဘူးဆိုရင်တော့ သူ့ကို ချက်ချင်းသတ်ပစ်မယ် ....”

အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က တည်ငြိမ်စွာပြောသည်။

အရပ်မျက်နှာတိုင်းတွင် မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများ စုစည်းလာသည်။ သူတို့က အာကာသထဲတွင် ဖြည်းညင်းစွာလည်ပတ်နေသော ဓားတာအိုဝိညာဉ်သူငယ်ကို ကြည့်သည်။

ဓားတာအိုဝိညာဉ်သူငယ် ဖြစ်တည်လာပြီး ကျင့်ကြံသူပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

All Chapters