အခန်း (၆၀၃)
Vol. 44 Ch. 603
“ဘန်း”
ကြွပ်ဆပ်သောအသံနှင့်အတူ ဟန်မူယဲ့ကိုတားဆီးထားသော အနက်ရောင်ချပ်ဝတ်စစ်သည်က ပြင်းထန်စွာအရိုက်ခံလိုက်ရသည်။
“ဒါက ငါ့မွေးစားအဖေပဲ”
ဟွမ်ကျစ်ဟူက အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ရှေ့တက်လာသည်။
အရိုက်ခံလိုက်ရသောစစ်သည်က မျက်နှာကို လက်တစ်ဖက်ဖြင့်အုပ်ထားပြီး ခေါင်းမော့ကြည့်သည်။ သူက ဟွမ်ကျစ်ဟူ၏ပုံစံကို မြင်လိုက်ရသောအခါတွင် ကြောင်အသွားပြီး စိတ်ရှုပ်ထွေးနေသည်။ ထို့နောက် တီးတိုးရေရွတ်သည်။
“ဓား .... ဓားကျားရဲလား ....”
အံ့ဖွယ်နေမင်းကိုယ်ရံတော်အုပ်စုက ဓားရိုးပေါ်တွင် လက်တင်ထားခဲ့သော်လည်း လမ်းပျောက်သွားသည်။
စစ်တပ်စခန်းတွင် ဓားကျား ဟွမ်ကျစ်ဟူသည် လူတိုင်းကို ကြောက်ရွံ့သွားစေနိုင်သည်။
သို့သော် ရက်စက်သည့်ဓားကျားသည် သွယ်လျသောလက်များနှင့် မိန်းမလှလေးတစ်ယောက် ဖြစ်သွားခဲ့သည်။
“လမ်းဖမ်စမ်း။ ငါက မင်းတို့ကို လုံလောက်အောင် သင်ခန်းစာမပေးရသေးဘူးလား”
ဟွမ်ကျစ်ဟူက ခြေထောက်မြှောက်ပြီး ကန်ထုတ်ချင်သော်လည်း သူမ၏ဝတ်စုံကြောင့် မလုပ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူက သတိဝင်လာသည်။ သို့သော် သူက ဟွမ်ကျစ်ဟူကို မကြည့်ရဲဘဲ ခေါင်းငုံ့လိုက်ပြီး ပြောသည်။
“ဒါက ကျွန်တော့်ရဲ့တာဝန်ပါ ....”
ဟွမ်ကျစ်ဟူက ဒေါသထွက်သွားသည်။ သူမက လက်မြှောက်လိုက်ပြန်သည်။ သို့သော် အေးစက်သည့်နှာမှုတ်သံကို ကြားလိုက်ရသည်။
“မင်းက အမှားမလုပ်ခဲ့ပါဘူး”
ဟန်မူယဲ့က အေးစက်စွာပြောသည်။
ဟွမ်ကျစ်ဟူက အနည်းငယ်ကြောင်အသွားပြီး ဟန်မူယဲ့၏အသံကို ထပ်ကြားလိုက်ရသည်။
“အရေးကြီးစစ်တပ်စခန်းကို ကျူးကျော်ဝင်ရောက်လာပြီး အံ့ဖွယ်နေမင်းကိုယ်ရံတော်တစ်ယောက်ကို ဒဏ်ရာရစေမယ်ဆိုရင် ဘယ်လိုအပြစ်ပေးရမလဲ”
ခေါင်းငုံ့ထားသောစစ်သည်က တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“ခေါင်းဖြတ်ပြီး ကွပ်မျက်ခံရပါမယ်”
သူက ထိုစကားကြောင့် မျက်လုံးပြူးသွားသောဟွမ်ကျစ်ဟူကို မြင်လိုက်ရသည်။ ပုံမှန်အတိုင်းဆိုလျှင် ကြောက်ရွံ့ရသော ဓားကျားရဲက ယခုအချိန်တွင် အလွန်ချစ်စရာကောင်းနေသည်။ သူက မတတ်နိုင်တော့ဘဲ နှလုံးသားပျော့ပြောင်းသွားသည်။
“အမ်၊ ဒါပေမဲ့ အထက်အရာရှိတစ်ယောက်က လက်အောက်ငယ်သားကိုသင်ပြပေးတာ ဖြစ်သင့်ပါတယ် ...”
ထိုအချိန်တွင် စစ်တပ်စခန်းထဲမှ လူအများအပြား ပြေးထွက်လာသည်။
ထိပ်ဆုံးတွင်ရှိနေသောလူသည် ဒေသသုံးခု၏ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်၊ နန်းမြို့တော်၏ လက်ထောက်စစ်သူကြီး လုယန်ဖြစ်သည်။
လုယန်က ဟန်မူယဲ့ကို မြင်လိုက်ရသောအချိန်တွင် စိတ်လှုပ်ရှားသွားပုံပေါ်သည်။ သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။
“လုယန်က ဘလေးကို နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒီမှာ ဘလေးဆိုတာ မရှိပါဘူး။ မင်းက အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်၊ ယာယီခေါင်းဆောင်စမ်းသပ်ပွဲကို တာဝန်ယူထားရတဲ့လူပဲ။ ဒီနေရာမှာ မင်းက ရာထူးအကြီးဆုံးပါ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် လုယန်က ကြောင်အသွားပြီး လျင်မြန်စွာပြောလိုက်သည်။
“ဘလေးက ဘယ်လိုပြောလိုက်တာလဲ။ ကျွန်တော်က ဘလေးရဲ့ရှေ့မှာ မောက်မာနေရင် အဘိုးက ကျွန်တော့်အရိုးတွေကို ချိုးပစ်လိမ့်မယ်”
“လုယွီကျိုးက အဲလိုလုပ်ရဲမှာမဟုတ်ပါဘူး”
ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။
“သူက အခု ငါ့ကို မနိုင်တော့ဘူး”
လုယန်က ပါးစပ်ဖွင့်လိုက်သော်လည်း စကားမပြောနိုင်ခဲ့ပေ။
လုယန်၏ဘေးတွင်ရှိနေသော စစ်သူကြီးများက ဟွမ်ကျစ်ဟူကို ကြည့်လိုက်ပြီး ပြုံးမိသည်။ သို့သော် ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။
“ဒါက ကျစ်ဟူလား”
လုယန်က ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး ပြုံးသည်။
“လှလှပပ ဝတ်စားထားတာပဲ။ စခန်းထဲမှာရှိတဲ့ သခင်လေးတွေက မင်းကိုပဲ စိုက်ကြည့်နေကြတော့မယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ကျစ်ဟူက နှာမှုတ်သည်။
“အစ်ကိုလုယန်၊ ကျွန်မရဲ့ ဓားကျားရဲဂုဏ်သတင်းက အလကားလို့ထင်နေတာလား”
လုယန်၏အပြုံးက အေးခဲသွားသည်။ သူက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က အေးစက်စွာပြောလိုက်သည်။
“မင်းက စခန်းကို ကျူးကျော်ဝင်ရောက်လာပြီး အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခဲ့တယ်။ လုယန်၊ သူမကို ဘယ်လိုအပြစ်ပေးရမလဲ”
‘အပြစ်ပေးရမှာလား’
လုယန်က စစ်သည်၏ပါးပြင်တွင်ရှိသော အနီရောင်လက်ဝါးရာနှင့် ဟွမ်ကျစ်ဟူကို ကြည့်သည်။
‘ဒါက ပုံမှန်ပဲမဟုတ်ဘူးလား’
‘ဓားကျားရဲ့ဂုဏ်သတင်းကို တိုက်ပွဲကနေပဲ ရလာတာမဟုတ်ဘူးလား’
ဤစခန်းတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံး၏ ယာယီခေါင်းဆောင်များနှင့် ပြည့်နှက်နေသည်။ သူတို့အားလုံးက ထူးခြားသောကျင့်ကြံခြင်းကို ပိုင်ဆိုင်မထားလျှင်ပင် အားကောင်းသောနောက်ခံကို ပိုင်ဆိုင်ထားကြသည်။
လုယန်ကပင် ခေါင်းကိုက်နေရသည်။
ဥပမာအနေဖြင့် အိမ်ရှေ့မင်းသားယွင်သွမ့်က ယာယီခေါင်းဆောင်တစ်ယောက်အဖြစ် စခန်းသို့ ဝင်ရောက်လာသည်။
အရှေ့ပင်လယ်၏ ရေနဂါးကလန်မှ ကျွမ်းကျင်သူများနှင့် ဓားကျင့်ကြံသူများ၊ တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာကလန်မှ ကျွမ်းကျင်သူများ၊ အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် မြောက်ပိုင်းကုန်းမြေမှ ကျွမ်းကျင်သူများလည်း ရှိနေကြသည်။
အလယ်ပိုင်းကုန်းမြေ၏ အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့မှ ပျိုးထောင်ပေးထားသော ယာယီခေါင်းဆောင်အချို့သည်လည်း ရင်ဆိုင်ရခက်သော ပြိုင်ဘက်များဖြစ်ကြသည်။
ဟွမ်ကျစ်ဟူက စခန်းသို့ ရောက်လာသောအချိန်တွင် ထူးခြားမှုမရှိခဲ့ပေ။
သို့သော် ယာယီခေါင်းဆောင်များ၏ အဆင့်သတ်မှတ်ချက်တိုက်ပွဲတွင် အဆင့်တစ်ထောင်အောက်တွင်ရှိနေသော ဟွမ်ကျစ်ဟူက ဓားနှစ်လက်ကိုအသုံးချ၍ တစ်နေ့အတွင်း၌ တိုက်ပွဲ ၈၆ပွဲကို ဆက်တိုက် တိုက်ခိုက်ပြီး အဆင့်တစ်ရာထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုတိုက်ပွဲများတွင် ဟွမ်ကျစ်ဟူ၏ ဓားတာအိုကျွမ်းကျင်မှုကို လူတိုင်းက အသိအမှတ်ပြုလိုက်ရသည်။
သူမက ဓားကို အဝေးရောက်တိုက်ခိုက်မှုနှင့် အနီးကပ်တိုက်ခိုက်မှုတွင် ကောင်းမွန်စွာအသုံးချနိုင်သည်။
သူမက ရွှေအမြုတေအဆင့်တွင် ရှိနေသော်လည်း ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူများကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။
ယာယီခေါင်းဆောင်များသည် သုံးလအတွင်း၌ အချင်းချင်းရင်းနှီးလာပြီး အဖွဲ့ငယ်လေးများ ဖြစ်လာခဲ့သည်။
အကြောင်းပြချက်တချို့ကြောင့် ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူတို့သည် ဆက်ဆံရေးအလွန်ကောင်းသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် မြောက်ပိုင်းကုန်းမြေမှ ကျွမ်းကျင်သူအချို့ကလည်း ပူးပေါင်းမိသွားပြီး အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
ဟွမ်ကျစ်ဟူက နှစ်ဝက်အတွင်း၌ အံ့ဖွယ်နေမင်းကိုယ်ရံတော် အယောက်သုံးဆယ်ကို ဦးဆောင်ပြီး ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သူမတို့က လူအင်အား ဆယ်ဆခန့်ကွာသော ရန်သူများကို သတ်ဖြတ်နိုင်ခဲ့သည်။
သူမက ဓားနှစ်လက်ကို အသုံးချပြီး ကျွမ်းကျင်သူတစ်ရာခန့်ကို အနိုင်ယူခဲ့သည်။
ထိုတိုက်ပွဲများတွင် ဓားကျား၏နာမည်ဂုဏ်သတင်းက စခန်းအတွင်း၌ ပျံ့နှံ့သွားသည်။
ဟွမ်ကျစ်ဟူ၊ ယွင်သွမ့်နှင့် တခြားယာယီခေါင်းဆောင်သုံးယောက်က စခန်းအတွင်း၌ အသန်မာဆုံးလူများ ဖြစ်လာကြသည်။
‘အံ့ဖွယ်နေမင်းကျားငါးကောင်’
ထိုနာမည်သည် အလွန်ကျော်ကြားသည်။
အထူးသဖြင့် လုယန်နှင့် ဟွမ်ကျစ်ဟူတို့၏ ဆက်ဆံရေးက မတော်တဆ ပျံ့နှံ့လာသည်။ လုယန်က သူမကို ညီမအရင်းတစ်ယောက်သဖွယ် သဘောထားသည်။
ထို့ကြောင့် သူမကို ဆန့်ကျင်ရဲသူမရှိပေ။
လုယန်က စိတ်ဓာတ်ကျနေသော ဟွမ်ကျစ်ဟူကို ကြည့်သည်။
ဟန်မူယဲ့နှင့် လုယန်၏ ဆက်ဆံရေးအရ ဟွမ်ကျစ်ဟူသည် လုယန်၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။
သို့သော် ဟွမ်ကျစ်ဟူက အကြီးအကဲတစ်ယောက်အဖြစ် နာမည်တပ်ရန် အလွန်ရှက်ရွံ့နေသောကြောင့် သူတို့နှစ်ယောက်က သီးသန့်ရှိနေသောအခါတွင် တစ်ယောက်ကိုတစ်ယောက် မျိုးဆက်တူများအဖြစ် သဘောထားကြသည်။
လုယန်က ရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဘလေး၊ ကျွန်တော်က မသိတတ်ဘူးဖြစ်သွား ....”
“သူမက မသိတတ်ဘူး။ မင်းကလည်း မသိတတ်ဘူးလား”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။ လုယန်၏မျက်နှာထားက ပြောင်းလဲသွားသည်။
“တာအိုပြိုင်ပွဲမှာ လျော့ပေါ့နေလို့ မရဘူး။ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်ကို သေချာလေ့ကျင့်ပေးပြီး ရွေးချယ်ရမယ်။ နောက်ပိုင်းမှာ တာအိုပြိုင်ပွဲအတွက် အစွမ်းကုန်တိုက်ခိုက်ရလိမ့်မယ်”
“စည်းမဲ့ကမ်းမဲ့ ဖြစ်နေလို့မရဘူး”
ဟန်မူယဲ့၏အသံက အေးစက်ပြီး မာန်ပါသည်။
သူက ဝိညာဉ်ကိုယ်ခွဲ ပဥ္စမအဆင့်သို့ ရောက်နေသည်။ သူ့ဝိညာဉ်က ကောင်းကင်အဆင့်ကို ကျော်ဖြတ်သွားပြီဖြစ်သည်။ သူ၏ လှုပ်ရှားမှုနှင့် စကားလုံးတိုင်းသည် တာအိုကို သက်ရောက်နိုင်သည်။
သူစကားပြောလိုက်သောအချိန်တွင် စခန်းတစ်ခုလုံးက အေးစက်သွားသည်ဟု ထင်ရသည်။
“ဘလေးပြောတာ မှန်ပါတယ်”
လုယန်က ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။
“သူမကို ဘယ်လိုအပြစ်ပေးရမလဲ”
ဟွမ်ကျစ်ဟူက နှုတ်ခမ်းကိုက်ထားပြီး တိတ်ဆိတ်နေသည်။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။
“အခုက အရေးကြီးနေတဲ့အချိန်ပဲ။ အပြစ်ဒဏ်ကို အနည်းငယ်ပဲချမှတ်ပြီး သတိပေးချက်ပြရမယ်။ သူမကို ကြိမ်ဒဏ်ဆယ်ချက်ပေးလိုက်ပါ”
ထို့နောက် သူက ဆက်ပြောသည်။
“တခြားလူတွေကို သတိပေးတဲ့အနေနဲ့ စခန်းတစ်ခုလုံးရဲ့ရှေ့မှာ ကြိမ်ဒဏ်ချမှတ်ရမယ်”
‘ငါ့ကို စခန်းတစ်ခုလုံးရှေ့မှာ ကြိမ်ဒဏ်ပေးမှာလား’
ဟွမ်ကျစ်ဟူ၏မျက်နှာက ဖြူဖျော့သွားသည်။
‘ငါ့မျက်နှာကို ဘယ်သွားထားရမလဲ’
“မွေးစားအဖေ ....”
“စစ်ပွဲမှာ အဖေနဲ့သမီးဆိုတာမျိုး မရှိဘူး။ ငါက မင်းကို ဒီနှစ်တွေမှာ သင်ပြပေးဖို့ ပျက်ကွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ မင်းကို သင်ခန်းစာပေးရမယ်”
ဟန်မူယဲ့၏မျက်နှာက အေးစက်နေပြီး သူမ၏ရှေ့တွင်ရှိသော စစ်သည်များကို ညွှန်ပြသည်။
“နောက်ကျရင် ဒီလူတွေက မင်းရဲ့လက်အောက်ငယ်သားတွေ ဖြစ်လာလိမ့်မယ်”
“သူတို့က မင်းနဲ့အတူတူပဲ”
“မင်းက သူတို့ကို လူအများရှေ့မှာ ရိုက်နှက်ရဲတယ်ဆိုရင် မင်းကလည်း လူအများရှေ့မှာ ကြိမ်ဒဏ်ခံနိုင်ရမယ်”
ဟွမ်ကျစ်ဟူက ကြောင်အသွားပြီး စကားမပြောနိုင်တော့ပေ။
ဟန်မူယဲ့က လုယန်ကို ကြည့်သည်။
“မင်းက ဘာစောင့်နေတာလဲ”
လုယန်က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်၍ ချီစွမ်းအင်အလင်းတစ်ခုကို ပစ်လွှတ်သည်။
“ဒုံ၊ ဒုံ၊ ဒုံ ....”
မိုးခြိမ်းသံကဲ့သို့ စည်တီးသံပေါ်ထွက်လာပြီး စခန်းတစ်ခုလုံးက အသက်ဝင်လာသည်။ စစ်သည်များက ကွင်းပြင်တွင် စုစည်းလာပြီး ညီညာစွာရပ်နေကြသည်။
ဟန်မူယဲ့က စခန်းထဲသို့ ဝင်သွားသည်။ လုယန်က နောက်ဆုတ်လိုက်ပြီး စိတ်ဓာတ်ကျနေသော ဟွမ်ကျစ်ဟူကို ကြည့်သည်။ သူက ကျယ်လောင်စွာ ရယ်မောမိတော့မည်။
ဟွမ်ကျစ်ဟူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မျက်နှာထားလေးနက်နေသော စစ်သည်များကို မြင်ရသည်။ သူမက ခေါင်းငုံ့လိုက်ပြီး စခန်းထဲသို့ ပြေးဝင်သွားသည်။
သူမ၏နောက်တွင် တီးတိုးစကားသံများ ပေါ်ထွက်လာသည်။
“သခင်ဓားကျားရဲက တကယ်နူးညံ့တာပဲ။ အရမ်းလှတယ် ....”
“ခေါင်းဆောင် ပါးရိုက်ခံလိုက်ရတာ နာလား။ ဒီလိုမှန်းသိခဲ့ရင် ကျွန်တော်က ခေါင်းဆောင်အစား အရိုက်ခံပေးပါတယ်”
“ထွက်သွားစမ်း၊ သခင်ကျားဓားရဲ့ လက်ဝါးက အရမ်းနူးညံ့တယ်”
....
စစ်ရေးလေ့ကျင့်ကွင်းတွင် စစ်သည်များ စုစည်းနေကြသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ယာယီခေါင်းဆောင် သုံးထောင်နှင့် လက်ရွေးစင်လူငယ် သုံးသောင်းတို့ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နေရာအနှံ့တွင် လေ့ကျင့်ရန်အတွက် ဆယ်စုနှစ်ချီအောင် တာဝန်ပေးထားခဲ့သည်။ သူတို့က အနက်ရောင်ချပ်ဝတ် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ အဓိကအင်အားစုများ ဖြစ်လာလိမ့်မည်။
သူတို့က စစ်တပ်စခန်းတွင် အမိန့်နာခံတတ်အောင် လေ့ကျင့်ခဲ့ရသည်။ ထို့ကြောင့် အသက်တစ်ရာရှုချိန်အတွင်း၌ သူတို့အားလုံးက အသင့်ဖြစ်သွားသည်။
ဟွမ်ကျစ်ဟူက စစ်ရေးလေ့ကျင့်ကွင်းသို့ ရောက်လာသောအချိန်တွင် အနက်ရောင်ချပ်ဝတ်စစ်သည်များကို မြင်လိုက်ရသည်။ သူတို့က ဖြောင့်မတ်စွာရပ်နေပြီး သွေးနှင့်ချီများက လှုပ်ရှားနေသည်။
လုယန်က ရှေ့တွင်ရှိနေသော စင်မြင့်ပေါ်သို့ တက်သွားသည်။
ဟန်မူယဲ့က စစ်ရေးလေ့ကျင့်ကွင်း၏ အပြင်ဘက်တွင်ရပ်နေပြီး အထဲသို့ ဝင်မသွားပေ။
သူက အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ယာယီခေါင်းဆောင်အဆင့်အတန်းကို ဟွမ်ကျစ်ဟူအား ပေးအပ်ခဲ့သည်။ သူက အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့်ပတ်သတ်၍ တရားဝင်ရာထူးမရှိပေ။ ထို့ကြောင့် စစရေးလေ့ကျင့်ကွင်းသို့ ဝင်ရောက်ရန် မသင့်တော်ပေ။
လျင်မြန်စွာလျှောက်လာသော လုယန်ကို မြင်လိုက်ရသောအခါ ရှေ့ဆုံးတွင်ရပ်နေသော ယာယီခေါင်းဆောင်များ၏မျက်နှာထားက လေးနက်သွားသည်။
‘တစ်ခုခုဖြစ်သွားတာလား’
“ငါက ကိစ္စတစ်ခုအတွက် မင်းတို့အားလုံးကို စုစည်းလိုက်ရတာပဲ”
လုယန်က စင်မြင့်ပေါ်တွင်ရပ်နေပြီး စစ်သည်များကို ငုံ့ကြည့်သည်။
“ငါတို့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေက အမှန်တရားကိုထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ ငါတို့က စည်းကမ်းတင်းကျပ်တယ်”
“ယာယီခေါင်းဆောင်ဟွမ်ကျစ်ဟူက စည်းကမ်းမလိုက်နာဘဲ စစ်တပ်စခန်းကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ကြိမ်ဒဏ်ဆယ်ချက် အရိုက်ခံရမယ်”
ကြိမ်ဒဏ်ဆယ်ချက် အရိုက်ခံရမည်။
ယာယီခေါင်းဆောင်များအတွက် ထိုပြစ်ဒဏ်သည် အရေးမပါချေ။
သူတို့က ကြိမ်ဒဏ်တစ်ရာကိုပင် သည်းခံနိုင်သည်။
သို့သော် မျက်နှာပျက်ရသည်။
စခန်းတစ်ခုလုံး၏ရှေ့၌ ကြိမ်ဒဏ်အပေးခံရလျှင် ဓားကျားရဲ၏ဂုဏ်သတင်းသည် ပျက်စီးသွားလိမ့်မည်။
ရှေ့ဆုံးတွင်ရပ်နေသော ယာယီခေါင်းဆောင်အချို့က နားမလည်နိုင်သောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
သခင်လုယန်နှင့် ဟွမ်ကျစ်ဟူတို့သည် ဆက်ဆံရေးကောင်းသည်။ ဤကိစ္စ၏နောက်ကွယ်တွင် အကြောင်းပြချက်တချို့ ရှိနေလိမ့်မည်။
“လုရှောင်ယွင်က အပြစ်ဒဏ်ကို ပြုလုပ်ရမယ်”
လုယန်က အော်ပြောလိုက်သည်။