အခန်း (၆၀၄)
Vol. 44 Ch. 604
အနက်ရောင်ချပ်ဝတ်နှင့် လုရှောင်ယွင်က ရှေ့သို့ထွက်လာပြီး လေ့ကျင့်ရေးကွင်း၏ အပြင်ဘက်တွင်ရပ်နေသော ဟွမ်ကျစ်ဟူကို လှမ်းကြည့်သည်။
လူတိုင်းကလည်း လိုက်ကြည့်လိုက်ကြသည်။
ထို့နောက် ပင့်သက်ရှိုက်သံများ စုပေါင်း၍ ပေါ်ထွက်လာသည်။
အဝါရောင်ဝတ်စုံနှင့် ဟွမ်ကျစ်ဟူက နှုတ်ခမ်းကိုက်ထားပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
စစ်သည်များက သူမဆီမှ အကြည့်မလွှဲနိုင်ခဲ့ပေ။
‘ဒါက အမြဲတမ်း သွေးတွေစွန်းပေနေတဲ့ ဓားနှစ်လက်ပိုင်ရှင် ဓားကျားရဲလား’
ရှေ့ဆုံးတွင်ရပ်နေသော ယာယီခေါင်းဆောင်အချို့က မယုံကြည်နိုင်ဘဲ မျက်ခမ်းစပ်များ တွန့်သွားကြသည်။
‘ငါက ဒီအလှလေးရဲ့လက်ထဲမှာ ရှုံးသွားခဲ့တာလား’
“သူမက အရမ်းလှတာပဲ ....”
လူတစ်ယောက်က တီးတိုးပြောသည်။
ပတ်ဝန်းကျင်ရှိလူများက ဒေါသထွက်သွားသည်။
‘စိတ်ထဲမှာရှိနေတာကို ထုတ်ပြောစရာလား’
‘ဒါနဲ့ သူမက တကယ်လှတာပဲ’
ဟွမ်ကျစ်ဟူက အလွန်ခက်ခဲစွာ လျှောက်လှမ်းလာရသည်။
သူမက လောင်ကျွမ်းနေသောအကြည့်များကို ခံစားနိုင်သည်။
သူမက မပျော်တော့ပေ။
ယခင်က ထိုလူများသည် သူမကိုတွေ့ရလျှင် ခေါင်းငုံ့သွားလေ့ရှိသည်။
ယခုအချိန်တွင် ခေါင်းငုံ့ထားရသောလူက သူမ ဖြစ်နေသည်။
သူမက ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကိုကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် နီရဲနေသောမျက်နှာဖြင့် ချက်ချင်းခေါင်းငုံ့လိုက်ရသည်။
‘ငါအနိုင်ယူခဲ့တဲ့လူတွေက ဘာဖြစ်လို့ ထူးထူးဆန်းဆန်း လိုက်ကြည့်နေတာလဲ’
‘အရိုက်ခံချင်နေပြန်ပြီထင်တယ်’
ဟွမ်ကျစ်ဟူက လက်သီးဆုပ်ထားပြီး တစ်လှမ်းချင်းစီ လျှောက်လာသည်။
လုရှောင်ယွင်က စင်မြင့်၏အောက်တွင်ရှိသော ကျောက်ထိုင်ခုံဘေးတွင် ရပ်နေသည်။ သူမ၏လက်ထဲတွင် ရေနှင့်မီးရောစပ်နေသော တုတ်ရှည်တစ်ချောင်း ပေါ်လာသည်။
“ဒေါ်လေး၊ စိတ်မပူပါနဲ့။ မနာပါဘူး”
လုရှောင်ယွင်က ခေါင်းငုံ့ထားပြီး တီးတိုးပြောသည်။
ဟွမ်ကျစ်ဟူက စကားပြန်မပြောပေ။
“ဘန်း”
စစ်ရေးလေ့ကျင့်ကွင်းတွင် ကြွပ်ဆပ်သောအသံ ပေါ်ထွက်လာသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။
ကြိမ်ဒဏ်ဆယ်ချက်ပြီးသောအခါတွင် ဟွမ်ကျစ်ဟူက လုရှောင်ယွင်၏အကူအညီဖြင့် စစ်ရေးလေ့ကျင့်ကွင်းထဲမှ ထွက်သွားသည်။
“လူစုခွဲမယ်”
လုယန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားသည်။
လုယန်ပျောက်ကွယ်သွားသောအခါတွင် တိတ်ဆိတ်နေသော စစ်ရေးလေ့ကျင့်ကွင်းက လှိုင်းထန်နေသောပင်လယ်ပြင်ကဲ့သို့ ဆူပွက်လာသည်။
လုရှောင်ယွင်နှင့်အတူ တဲအိမ်ထဲသို့ရောက်လာသော ဟွမ်ကျစ်ဟူက မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားသည်။
“သေစမ်း။ သုံးနှစ်ကြာအောင်တိုက်ခိုက်ပြီး တည်ဆောက်ခဲ့ရတဲ့ဂုဏ်သတင်းက ကြိမ်ဒဏ်ဆယ်ချက်ကြောင့် ပျက်စီးသွားပြီ”
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် လုရှောင်ယွင်က ကျယ်လောင်စွာရယ်သည်။
“ဒေါ်လေး၊ ဦးလေးနှစ်ကို ဘယ်လိုလုပ်ပြီး ရန်စမိလိုက်တာလဲ”
ဟွမ်ကျစ်ဟူက အံကြိတ်ထားပြီး မျက်ရည်ဝဲနေသည်။
“ငါက ဘာဖြစ်လို့ သူ့ကို ရန်စရမှာလဲ”
“ငါ့မွေးစားအဖေပဲ။ သူက ပြင်ပဘုံမှာ အနေများသွားပြီး နှလုံးသားမာကျောလာတယ်”
သူမက ရပ်တန့်လိုက်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။
“ငါက အရမ်းတုံးတာပဲ။ မွေးစားအဖေပြန်လာတဲ့အကြောင်းကို ပိုးသားတိမ်တိုက်အင်မော်တယ်သင်္ဘောဆီ သတင်းပို့လိုက်ရမှာ”
“သွားပါပြီ။ အဲဒီသတင်းနဲ့ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်သောင်း ရလိမ့်မယ်”
....
စစ်ရေးလေ့ကျင့်ကွင်းတွင် ယာယီခေါင်းဆောင်များနှင့် လက်ရွေးစင်များက ထွက်မသွားဘဲ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
“ရှုချန်ယွမ်၊ မင်းကိုအနိုင်ယူခဲ့တဲ့ ဓားကျားရဲက မိန်းမတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မင်းက မိန်းမတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူးလား”
ရှေ့ဆုံးတွင် အရပ်ရှည်သော စစ်သူကြီးတစ်ယောက်က ရယ်မောလိုက်ပြီး ဘေးတွင်ရှိသော လူငယ်ကို ကြည့်သည်။
လူငယ်က မျက်နှာထားပြောင်းလဲမသွားဘဲ အေးစက်စွာပြောသည်။
“စခန်းထဲမှာ ဓားကျားရဲကို အနိုင်ယူနိုင်တဲ့လူ သုံးယောက်၊ ငါးယောက်လောက်ပဲ ရှိတယ်။ မင်း ကျောက်တချန်က ကံကောင်းပြီး သူမနဲ့ မတွေ့ခဲ့ဘူး။ မဟုတ်ရင် မင်းလည်း အရိုက်ခံရလိမ့်မယ်”
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော စစ်သူကြီးများက မျက်နှာထားပြောင်းလဲသွားသည်။
အရိုက်ခံထားရသောလူများနှင့် အရိုက်မခံရသေးသောလူများ၏ မျက်နှာထားက မတူညီပေ။
“ဟားဟား၊ ကောင်းပြီ။ ငါက ကြိုးစားကြည့်လိုက်မယ်။ ဓားကျားရဲက ငါ့ကို အနိုင်ယူနိုင်မလား ကြည့်ရတာပေါ့။ ငါက သူမကို စိန်ခေါ်လိုက်မယ်။ မင်းတို့က သူမကို ငါ့ဆီကနေလုယူဖို့ မတွေးကြနဲ့”
အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းသော ကျောက်တချန်က ပြုံးလိုက်ပြီး ရှေ့တက်သွားသည်။
“ဘန်း”
ရှေ့တွင်ရပ်နေသော ပိန်ပါးသည့်စစ်သူကြီးတစ်ယောက်က နောက်လှည့်ပြီး ကျောက်တချန်ကို ကန်ထုတ်လိုက်သည်။
“မင်းက ဓားကျားရဲကိုစိန်ခေါ်ဖို့ အဆင့်မီလို့လား”
အံ့ဖွယ်နေမင်းကျားငါးကောင်ထဲမှ တစ်ယောက်ဖြစ်သူ သွေးကျား ချမ်ယွီထန် ....
ချမ်ယွီထန်က လှုပ်ရှားလိုက်သောအခါတွင် ပတ်ဝန်းကျင်ရှိလူများက စကားမပြောရဲတော့ပေ။
“ဘာလဲ လူအိုကြီးချမ်၊ မင်းက ငါနဲ့ ပြိုင်ချင်တာလား”
အံ့ဖွယ်နေမင်းဓားကို ကျောပေါ်တွင်လွယ်ထားပြီး မျက်လုံးထဲတွင် ရွှေအလင်းများတောက်ပနေသော လူငယ်တစ်ယောက်က ပြောလိုက်သည်။
ကျားပျံ ပိုင်ကျန့်ဖေး ....
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးထဲတွင်ရှိသော တိုက်ခိုက်လိုစိတ်များကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက အလိုလျောက် နောက်ဆုတ်သွားကြသည်။
“မင်းတို့တွေ ဆက်ပြီးကစားနေလိုက်ကြ။ ငါသွားတော့မယ်”
တစ်ဖက်တွင်ရပ်နေသောလူငယ်က ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။
သူက ခြေလှမ်းအနည်းငယ်လျှောက်သွားပြီး ရုတ်တရက် ရပ်တန့်၍ စစ်တပ်၏ ဆေးခန်းဆောင်ကို ဦးတည်လိုက်သည်။
“ကြိမ်ဒဏ်ဆယ်ချက်က ပြင်းထန်လွန်းတယ်။ အမာရွတ်တွေမကျန်အောင် ချီစွမ်းအင်ဝိညာဉ်သွေးကြောအားဖြည့်ဆေးကို သုံးလိုက်ရင် ပိုကောင်းလိမ့်မယ် ....”
လူငယ်၏စကားကြောင့် ပိုင်ကျန့်ဖေးနှင့် ချမ်ယွီထန်က ကြောင်အသွားသည်။
“သေစမ်း စွန်းကျန့်။ မင်းက ငကြောက်ပဲ”
“ဟားဟား၊ ငါ့မှာ ချီစွမ်းအင်ဝိညာဉ်သွေးကြောအားဖြည့်ဆေး ရှိနေတယ်”
....
စစ်ရေးလေ့ကျင့်ကွင်းသည် ရှုပ်ထွေးနေခဲ့သည်။ ဟွမ်ကျစ်ဟူက ဆက်နေရန် သတ္တိမရှိတော့ဘဲ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ထားပြီး ကိုယ်ပိုင်တဲအိမ်သို့ ပြန်ပြေးလာသည်။
လုရှောင်ယွင်က ပြုံးလိုက်ပြီး သူမ၏နောက်မှ လိုက်လာခဲ့သည်။
သိပ်မဝေးသောနေရာတွင် အလယ်ဗဟိုတဲအိမ်၌ လုယန်က စားပွဲ၏ထိပ်ဆုံးတွင် ထိုင်နေသည်။ ဟန်မူယဲ့က ဘေးတွင် တည်ငြိမ်စွာရှိနေသည်။
“ဘလေးက ပြင်ပဘုံကနေပြန်လာတာ ပျော်စရာပဲ။ သူမကို ဘာဖြစ်လို့ အပြစ်ပေးရတာလဲ”
လုယန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး နားမလည်နိုင်စွာ မေးသည်။
စခန်းအတွင်း၌ ဟွမ်ကျစ်ဟူ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် အလွန်ကောင်းသည်။
လုယန်က သူမကို ပျိုးထောင်ပေးရန် ရည်ရွယ်ထားသည်။
သို့သော် ယနေ့ဖြစ်ရပ်ကြောင့် စစ်သည်များသည် ဓားကျားရဲကို ကြောက်ရွံ့တော့မည်မဟုတ်ပေ။
စစ်တပ်တွင် ဂုဏ်သတင်းမရှိလျှင် တိုက်ခိုက်နိုင်စွမ်းများ ဆုံးရှုံးသွားလိမ့်မည်။
“ငါက နည်းနည်းလောက် တစ်ကိုယ်ကောင်းဆန်မိနေတယ်”
ဟန်မူယဲ့က တဲအိမ်၏အပြင်ဘက်သို့ ကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။
“ကျစ်ဟူက အစ်ကိုခြောက်ရဲ့ သမီးအရင်း၊ ငါ့ရဲ့ မွေးစားသမီးပဲ။ ဒီနှစ်တွေမှာ ငါက သူမကို အကောင်းဆုံးပညာရေးနဲ့ အကောင်းဆုံးကျင့်ကြံခြင်းကို ပေးအပ်ခဲ့တယ်။ ဒါပေမဲ့ သူမကို လွှတ်ထားမိသလို ဖြစ်သွားတယ်”
“မိန်းကလေးတစ်ယောက်က ရှေ့တန်းမှာ အမြဲတမ်း တိုက်ခိုက်ပြီး သတ်ဖြတ်နေလို့မရဘူး”
ဟန်မူယဲ့၏မျက်နှာထားက လေးနက်နေသည်။
တာအိုတိုက်ပွဲသည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးလိမ့်မည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် အလောင်းများနှင့် သွေးပင်လယ်ကို အနည်းဆုံး နှစ်ငါးဆယ်ခန့် မြင်နေရမည်။
စစ်စခန်းအတွင်း၌ နှစ်တစ်ရာတာအိုပြိုင်ပွဲတွင် ရှင်သန်နိုင်သောလူများ ဆက်ယောက်ထက်ပိုရှိမည်မဟုတ်မပေ။
သူမက သူ၏ မွေးစားသမီးဖြစ်သည်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ စည်းကမ်းများကြောင့်သာမဟုတ်လျှင် ဟန်မူယဲ့က သူမကို ယာယီခေါင်းဆောင်စမ်းသပ်ပွဲမှ ထွက်ခွာရန် ပြောလိမ့်မည်။
ဤတစ်ကြိမ်တွင် ဟွမ်ကျစ်ဟူ၏ပုံစံအမှန်ကို ထုတ်ဖော်ခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် စစ်ပွဲနှင့် ကြုံတွေ့ရလာသောအချိန်၌ သူက စွမ်းအားသုံးပြီး သူမကို တခြားနေရာသို့ တိတ်တဆိတ် ရွှေ့ပြောင်းလိုက်လျှင် အပြစ်ပြောခံရတော့မည်မဟုတ်ပေ။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လုယန်က ခေါင်းညိတ်သည်။
သူက အာကာသထဲတွင် တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် တာအိုပြိုင်ပွဲ၏အန္တရာယ်ကို ကောင်းမွန်စွာနားလည်သည်။
သို့သော် နှစ်တစ်ရာတာအိုပြိုင်ပွဲမှ အမှန်တကယ်လွတ်မြောက်နိုင်သောလူ မရှိနိုင်ပေ။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူအတွက်သာ စစ်တပ်စခန်းသို့ ရောက်လာခြင်းမဟုတ်ပေ။ သူက ဒေသများ၊ စီရင်စုများ၏ အခြေအနေနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အကြောင်းကို ဆွေးနွေးခဲ့သည်။
“ကျွန်တော်က အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေနဲ့ နေရာတိုင်းကိုသိမ်းပိုက်ဖို့ လုပ်ထားတယ်။ ဒါပေမဲ့ တာအိုဂိုဏ်းတွေနဲ့ မိစ္ဆာလမ်းစဉ်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေတယ်။ ကျွန်တော်က ယုံကြည်ချက် သိပ်မရှိဘူး”
လုယန်၏မျက်နှာထားက အနည်းငယ်မှုန်မှိုင်းနေသည်။
သခင်ရွှယ်မင်နှင့် ဝမ်မူယန်တို့၏တိုက်ပွဲကြောင့် ကွန်ဖြူးရှပ်တာအို၏ဂုဏ်သတင်းသည် ပြင်းထန်စွာ ထိခိုက်သွားသည်။
လက်ရှိအချိန်တွင် ဆရာသခင်များထိန်းချုပ်ထားသော ဒေသနှင့်စီရင်စုများမှလွဲ၍ တခြားနေရာများသည် ဖရိုဖရဲဖြစ်နေသည်။
“အမတ်ချုပ်ကြီးဝမ်နဲ့ မှူးမတ်ဝူက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အရှုပ်အထွေးကို အသုံးချပြီး စစ်တပ်ကို လေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်”
လုယန်က ဟန်မူယဲ့ကို ကြည့်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာက မည်သို့ပင် ဖရိုဖရဲဖြစ်နေပါစေ ဝမ်မော့ရှန်၏ထိန်းချုပ်မှုမှ လွတ်မသွားနိုင်ပေ။
ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင်ရှိသော လူတိုင်းကို ရှုပ်ထွေးမှုများကြားတွင် အတွေ့အကြုံရပြီး တိုးတက်လာစေချင်သောကြောင့် မလှုပ်ရှားခဲ့ပေ။
ထိုအချက်သည် မှားယွင်းနေသည်။
သီးပင်စားပင်များနှင့် အတူတူကြီးပြင်းလာသော ပေါင်းပင်များကဲ့သို့ ဖြစ်သည်။ ထိုပေါင်းပင်များက အလွန်စိမ်းလန်းနေလိမ့်မည်။
ခက်ခဲမှုများကို ပိုမိုကြုံတွေ့ထားရသော လူများကသာ အရာအားလုံးကို ရင်ဆိုင်နိုင်လိမ့်မည်။
“ငါက အမတ်ချုပ်ကြီးဝမ်ကို သွားတွေ့လိုက်မယ်”
ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“မင်းက အသင့်ပြင်ထားဖို့လိုမယ်”
“အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့က ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးတော့မယ်”
ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးမည်။
လုယန်က မတ်တပ်ရပ်လိုက်ပြီး လေးနက်စွာခေါင်းညိတ်သည်။
ထိုသို့ဆိုလျှင် သူက တွန့်ဆုတ်နေမည်မဟုတ်ပေ။
သူလုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ စဉ်းစားနေရန် မလိုအပ်ပေ။
ဟန်မူယဲ့က စခန်းမှထွက်လာပြီး ဇူအော်လင်းကို ပြန်သွားရန် ညွှန်ကြားလိုက်သည်။
သူက အလွန်လျင်မြန်စွာ ပြေးသွားသောကြောင့် သူ့ပုံရိပ်ကို ရှင်းလင်းစွာမမြင်နိုင်ပေ။
သူက ချက်ချင်းဆိုသလိုပင် မြို့အထက်ပိုင်းတွင်ရှိသော အမတ်ချုပ်ကြီး၏နေအိမ်သို့ ရောက်လာသည်။
မြို့အထက်ပိုင်းသည် ပိုမိုတိတ်ဆိတ်နေသည်။ ချင်စုယန်နှင့် တခြားကျွမ်းကျင်သူများက ပြင်ပဘုံတွင် စောင့်ကြပ်နေကြသည်။
သူက အမတ်ချုပ်ကြီး၏အိမ်တော်သို့ ရောက်လာသောအခါ ဂိတ်ပေါက်တွင်ရှိနေသော စစ်သည်များက သူ့ကိုတားဆီးရန် ကြိုးစားလိုက်သည်။ သို့သော် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားတစ်ဦးက လျင်မြန်စွာရောက်လာခဲ့သည်။
“ဆရာမူယဲ့ကို နှုတ်ဆက်ပါတယ်”
“ကျေးဇူးပြုပြီး အထဲကိုကြွပါ”
အမတ်ချုပ်ကြီးဝမ်အိမ်တော်မှ အိမ်တော်ထိန်းကျိုးဝမ်ပေါ်သည် ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်တစ်ဦးဖြစ်သည်။ သူက အမတ်ချုပ်ကြီးအိမ်တော်၏ ကိစ္စအများအပြားကို တာဝန်ယူထားသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျိုးဝမ်ပေါ်၏ဦးဆောင်မှုနောက်တွင် အိမ်တော်ထဲသို့ ဝင်သွားသည်။
ခြံဝိုင်းသည် ရိုးရှင်းပြီး ပန်းပင်နှင့် အလှပင်အချို့ကိုသာ မြင်နိုင်သည်။
ကျောင်းတော်သားဝတ်စုံ သို့မဟုတ် အရာရှိဝတ်စုံဝတ်ထားသော အလျင်လိုနေသည့် လူများကို မြင်နိုင်သည်။
ဤနေရာသည် ကောင်းကင်အံ့ဖွယ်တိုင်းပြည်၏ အမြုတေဖြစ်သည်။
ခန်းဆောင်ထဲတွင် တစ်နှစ်တစ်ကြိမ် ညီလာခံကျင်းပလေ့ရှိသည်။
ဟန်မူယဲ့က ခန်းဆောင်ထဲသို့ဝင်သွားပြီး စားပွဲရှည်၏ထိပ်တွင် ထိုင်နေသောပုံရိပ်ကို ကြည့်သည်။
အမတ်ချုပ်ကြီးဝမ် ဖြစ်သည်။ သို့သော် အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘဲ မူလဝိညာဉ်ပုံရိပ်တစ်ခုသာ ဖြစ်သည်။
အမတ်ချုပ်ကြီးဝမ်၏ ခန္ဓာကိုယ်အစစ်အမှန်က ပြင်ပဘုံတွင် စောင့်ကြပ်နေသည်။
“မဟာတာအိုမျိုးစေ့က တကယ့်ကို ရှားပါးတယ်”
ဝမ်မော့ရှန်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး နှုတ်မဆက်နိုင်ခင် ဝမ်မော့ရှန်က ပြောလိုက်ပြန်သည်။
“ဆရာတူညီလေး၊ ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မင်းဆီအပ်ခဲ့မယ်ဆိုရင်ရော”
ဆရာတူညီလေး ....
ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး၏ တပည့်တစ်ယောက်အနေဖြင့်ဆိုလျှင် ဟန်မူယဲ့က ဝမ်မော့ရှန်၏ ဆရာတူညီလေးဖြစ်သည်။
သို့သော် ဟန်မူယဲ့က ထိုဆက်သွယ်ချက်ကို အလေးမထားပေ။
ဝမ်မော့ရှန်နှင့် နီးကပ်လာလျှင် သူက မည်သည့်အကျိုးကျေးဇူးကို ရနိုင်မည်နည်း။
ဝမ်မော့ရှန်က သူ့ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာအား ထိန်းချုပ်ရန် တိုက်ရိုက်တောင်းဆိုလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“အမတ်ချုပ်ကြီးဝမ်၊ လက်ရှိအခြေအနေအတိုင်းဆိုရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက အနိုင်ရဖို့ မဖြစ်နိုင်ဘူးမဟုတ်လား”
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးမေးသည်။