အခန်း (၆၀၅)
Vol. 44 Ch. 605
အင်မော်တယ်ဝိညာဉ်ကမ္ဘာက သန်မာသော်လည်း အပြတ်အသတ် လွှမ်းမိုးနိုင်ခြင်းမဟုတ်ပေ။
အထူးသဖြင့် ယခုအချိန်တွင် ကံကြမ္မာအဆင့်နှင့် ပြန်လည်မွေးဖွားခြင်းအဆင့်များသည် ဖိနှိပ်ခံထားရသည်။ သူတော်စင်အဆင့်နှင့် သူတော်စင်တစ်ဝက်အဆင့်များသည် အားသာချက်မရှိတော့ပေ။
အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင်လည်း မဟာကျင့်ကြံသူကြီးများက ဖိနှိပ်ခံထားရသည်။ သူတို့၏ကမ္ဘာကဖရိုဖရဲဖြစ်နေသော်လည်း သိပ်အခြေအနေမဆိုးပေ။
“အနိုင်ရဖို့လား”
ဝမ်မော့ရှန်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“ကြည့်ရတာ အနိုင်ရဖို့ အခွင့်အရေးမရှိဘူး”
“အင်မော်တယ်ဝိညာဉ်ကမ္ဘာက ငါတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုပြီးသန်မာတယ်။ ဆရာတူညီလေးချန်နဲ့ ငါက ဖိနှိပ်ခံမထားရရင် တိုက်ခိုက်နိုင်သေးတယ်”
“အခု တာအိုပြိုင်ပွဲက စတင်နေပြီ။ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ဆယ်ဆပိုများတဲ့ကျွမ်းကျင်သူတွေကို ပိုင်ဆိုင်ထားတယ်”
“ပြီးတော့”
ဝမ်မော့ရှန်က စိုးရိမ်နေပုံပေါ်သည်။
“တာအိုပြိုင်ပွဲနယ်မြေရဲ့ ကျင့်ကြံသူ ၈၀%ကျော်က အင်မော်တယ်ဝိညာဉ်ကမ္ဘာဘက်မှာ ရှိနေကြတယ်”
ပြင်ပကမ္ဘာမှ ကျွမ်းကျင်သူများသည် အခွင့်အရေးရှာဖွေရန်အတွက် တာအိုပြိုင်ပွဲနယ်မြေသို့ ရောက်လာကြသည်။
ထိုလူများသည် ကိုယ်ကျင့်တရားကို ဂရုမစိုက်ကြပေ။ သူတို့က ခွန်အားကွာခြားမှုကိုသာ ဂရုစိုက်သည်။
သူတို့က သန်မာသောအင်အားစုဆီသို့ သွားကြလိမ့်မည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာက ဖိနှိပ်ခံထားရကြောင်း မြင်လိုက်ရသောအခါတွင် ရောက်မလာကြတော့ပေ။
“ငါက ဆရာတူညီလေးချန်နဲ့ ဆွေးနွေးပြီးပြီ။ ငါတို့က ကျွမ်းကျင်သူတချို့ကို စုစည်းပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာကို တိုက်ခိုက်မယ်။ သူတို့ကို လွယ်လွယ်ကူကူ မအောင်မြင်စေရဘူး”
ဝမ်မော့ရှန်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။
‘အလစ်ဝင်တိုက်ပြီး သတ်ဖြတ်တော့မှာလား’
ဟန်မူယဲ့က တွေးသည်။
‘ဒီနည်းလမ်းက မဆိုးဘူးပဲ’
‘ဒါပေမဲ့ တစ်ဖက်ကမ္ဘာက တိုက်ပွဲကို အရင်စလာရင်ရော’
‘ပြီးတော့ သူတို့က တူညီတဲ့နည်းလမ်းကိုသုံးပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တိုက်ခိုက်လာရင် ငါက ဖိအားတွေအားလုံးကို တစ်ယောက်တည်းတောင့်ခံထားရမှာလား’
ဟန်မူယဲ့က ဝမ်မော့ရှန်ကိုကြည့်လိုက်ပြီး ထိုမြေခွေးအိုကြီးသည် တမင်သက်သက် ထုတ်ပြောနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ သို့သော် ဝမ်မော့ရှန်နှင့် ချန်ချင်းကျစ်တို့ ကိုယ်တိုင်ထွက်တိုက်ရန် မလိုအပ်သေးပေ။
“အမတ်ချုပ်ကြီးဝမ်၊ ကျွန်တော်က ပြန့်ကျဲကြယ်ကျွန်းကိုသွားပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် မဟာမိတ်တွေ ရှာခဲ့ပါတယ်။ ဒီတိုက်ပွဲကို အချိန်ဆွဲထားလို့ရမလား”
ဟန်မူယဲ့က ပြောသည်။
မဟာမိတ်များအကြောင်း ကြားလိုက်ရသောအခါတွင် ဝမ်မော့ရှန်က မျက်လုံးများတောက်ပသွားသည်။
“ဂိုဏ်းတူညီလေး၊ မြန်မြန်ပြောပြပါအုံး”
‘ဒီလူအိုကြီးက သတင်းကြားချင်လို့ အကြာကြီးစောင့်နေတာနေမှာ’
ဝမ်မော့ရှန်က ဟန်မူယဲ့၏ ပြန့်ကျဲကြယ်ကျွန်းမှသတင်းများကို သိချင်နေလောက်သည်။
သူက ဓားအကဲဖြတ်ပွဲအကြောင်းကို ကျော်ချလိုက်ပြီး နတ်ဘုရားဘုရင်များ၊ ကျင်းနန်နယ်မြေ၊ ပျက်စီးခြင်းတောရိုင်း၏ ချီလင်နှင့် တခြားအင်အားစုများ၏ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။
ပျက်စီးခြင်းစကြဝဠာ၏ မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သော ချီလင်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာလိမ့်မည်။ ဝမ်မော့ရှန်က ပျော်ရွှင်သွားသည်။
ကျင်းနန်နယ်မြေ၏ ကွန်ဖြူးရှပ်တာအိုလမ်းစဉ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကူညီပေးချင်စိတ်ရှိသည်။
“အဲဒီဆိုရင် နွယ်စိမ်းရှုဝေကို အလေးအနက်ထားရမယ်”
ဝမ်မော့ရှန်က ညင်သာစွာပြောသည်။
ရှုဝေ၏ဖြစ်ရပ်က ကျင်းနန်နယ်မြေ၏ကျင့်ကြံသူများကို စိတ်လှုပ်ရှားသွားစေသည်။
အကယ်၍ နွယ်စိမ်းရှုဝေက ကျင်းနန်နယ်မြေသို့ လိုက်သွားခဲ့လျှင် တာအိုတည်ထောင်သော အကျိုးကျေးဇူးအနေဖြင့် သူတော်စင်တစ်ပါး ချက်ချင်းဖြစ်သွားနိုင်သည်။
သို့သော် နွယ်စိမ်း၏သဘောထားကို မသိရသေးပေ။
အင်အားစုကြီးနှစ်ခုက ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပူးပေါင်းလိုသည့်အတွက် ဝမ်မော့ရှန်၏မျက်နှာထားက ပိုကြည့်ကောင်းလာသည်။
“ငရဲက ဗလာဖြစ်မသွားရင် နတ်ဘုရားရင်က ထွက်သွားမှာမဟုတ်ဘူး”
ဟန်မူယဲ့က အဆုံးမဲ့ပင်လယ် နတ်ဘုရားဘုရင်များ၏ အခြေခံအုတ်မြစ်ကို ပြောပြလိုက်သည်။ ဝမ်မော့ရှန်က လေးနက်သောမျက်နှာထားဖြင့် မတ်တပ်ရပ်သည်။
“အဲဒီတော့ ဒါက မဟာကျင့်ကြံသူကြီးတွေ အဆင့်တက်သွားဖို့အတွက် အထွတ်အထိပ်လမ်းစဉ်ပေါ့”
ဝမ်မော့ရှန်က ခေါင်းညိတ်သည်။
“ကျင့်ကြံခြင်းမှာ ကံကြမ္မာနဲ့ ပြန်လည်မွေးဖွားခြင်းကို ဖြတ်တောက်ပြီး ပြန်ကြည့်လိုက်ရင် မင်းကိုချည်နှောင်ထားတာက သက်ရှိတွေမဟုတ်ဘဲ မဟာတာအိုဖြစ်နေတာကို မြင်ရလိမ့်မယ်”
“ဒါပေမဲ့ မဟာတာအိုက စွမ်းအားတွေအားလုံးရဲ့ အရင်းအမြစ်ပဲ။ လွတ်မြောက်နိုင်ဖို့အတွက် ဘယ်လိုမျိုး ဟန်ချက်ညီအောင် ထားနိုင်မှာလဲ”
ဝမ်မော့ရှန်က ဟန်မူယဲ့နှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေပုံပေါ်သည်။
ထိုအဆင့်မျိုးသည် အလွန်ခက်ခဲသည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က မဟာဆန္ဒတစ်ခုဖြင့် ရှေ့သို့ ခြေလှမ်းတစ်ဝက် တိုးသွားနိုင်ခဲ့သည်။
သို့သော် ငရဲအား ဗလာဖြစ်သွားစေချင်သော သစ္စာစကားသည် ပြည့်ဝနိုင်မည်လား။
ဟန်မူယဲ့လည်း မသိပေ။
မဟာကျင့်ကြံသူကြီးတစ်ယောက်၏ လွတ်မြောက်ရာလမ်းစဉ်ကို စိတ်ကူးမကြည့်နိုင်ပေ။
ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းများတွင် ခွန်အားတိုးလာရုံသာမက အားကောင်းသောမဟာမိတ်များကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
ကျင်းနန်နယ်မြေ၏ ကွန်ဖြူးရှပ်တာအိုလမ်းစဉ်သည် အစွမ်းကုန်ကြိုးစား၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကယ်တင်လိမ့်မည်။ ဓားစံအိမ်နှင့် ပျက်စီးခြင်းတောရိုင်းသည်လည်း အလွန်သန်မာသည်။
အရေးအကြီးဆုံးအနေဖြင့် အဆုံးမဲ့နတ်ဘုရားဘုရင်ကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ပြိုင်ဘက်ကင်းနေလိမ့်မည်။
“အဆုံးမဲ့နတ်ဘုရားဘုရင်က တကယ်ပဲ ကူညီဖို့ဆန္ဒရှိမယ်ဆိုရင် .....”
ဝမ်မော့ရှန်က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“အဲဒီလိုဆိုရင် ဆရာတူညီလေးချန်နဲ့ ငါက အစွမ်းကုန်ကြိုးစားပြီး ရှေ့တန်းကို ထိန်းသိမ်းထားမယ်”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့အတွက် နှစ်ပေါင်းနှစ်ဆယ် အချိန်ပေးလိုက်မယ်။ လုံလောက်တယ်မဟုတ်လား”
နှစ်ပေါင်းနှစ်ဆယ်အကြာတွင် ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ရောက်လာလိမ့်မည်။ ထိုအချိန်တွင် ဝမ်မော့ရှန်နှင့် ချန်ချင်းကျစ်တို့က မလှုပ်ရှားလျှင်ပင် အင်မော်တယ်ဝိညာဉ်ကမ္ဘာက တိုက်ခိုက်လာလိမ့်မည်။
‘နှစ်ပေါင်းနှစ်ဆယ်လား’
‘ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့လား’
ဟန်မူယဲ့က မျက်လုံးများတောက်ပသွားပြီး တည်ငြိမ်စွာပြောသည်။
“အဲဒါဆိုရင် ကျွန်တော်က သမင်ဖြူတောင်တန်းကျောင်းတော်ကို အရင်ဆုံးသွားဖို့ လိုအပ်ပါလိမ့်မယ်”
သမင်ဖြူတောင်တန်းကျောင်းတော် ....
ဝမ်မော့ရှန်က ခေါင်းညိတ်သည်။
“ကောင်းပြီ။ ငါက သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ကျောင်းအုပ်ကို နန်းမြို့တော်ဆီ ဖိတ်ခေါ်ဖို့အတွက် အမိန့်စာထုတ်လိုက်မယ်”
“တော်ဝင်ကျောင်းတော်နဲ့ တိုင်းပြည်ရဲ့အမြုတေကို မင်းဆီ အပ်ခဲ့မယ်”
“နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာက တည်ငြိမ်သွားပြီး အနာဂတ်အောင်ပွဲအတွက် အရှိန်အဟုန်ကို တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”
ဝမ်မော့ရှန်က စုတ်တံကိုမြှောက်ပြီး စာရွက်တွင်ရေးသားလိုက်သည်။
“ဝီ”
ထိုအချိန်တွင် ရွှေရောင်တောက်ပနေသော ဆက်သွယ်ရေးအဆောင်လက်ဖွဲ့တစ်ခု ဆင်းသက်လာသည်။
ဝမ်မော့ရှန်က လက်မြှောက်ပြီး အဆောက်လက်ဖွဲ့ကို ဆွဲယူသည်။ သူက မျက်မှောင်ကြုတ်သည်။
“အရှေ့ပင်လယ်က ဖရိုဖရဲဖြစ်နေတယ် ....”
သူက အဆောင်လက်ဖွဲ့ကို ဟန်မူယဲ့ဆီသို့ ပစ်ပေးသည်။
ဟန်မူယဲ့က ဖမ်းယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
အရှေ့ပင်လယ်သည် ဖရိုဖရဲဖြစ်နေသည်။
မှူးမတ်ဝူက ရေနဂါးကလန်ကို အာကာသထဲတွင်တိုက်ခိုက်ရန် ဆွဲခေါ်ခဲ့သည်။ အရှေ့ပင်လယ်တွင် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို ဖိနှိပ်မည့်လူမရှိတော့သည့်အတွက် သောင်းကျန်းလာသည်။
ယခင်က ဓားဂိုဏ်းများသည် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို တိုက်ခိုက်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူတို့က အချင်းချင်းတိုက်ခိုက်နေကြသည့်အတွက် ဝိညာဉ်သံချပ်ကာမိစ္ဆာများကြောင့် ဓားကျင့်ကြံသူအများအပြား သေဆုံးသွားခဲ့သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ စုစည်းလေ့ရှိသည့်ကျွန်းများကို ဝိညာဉ်သံချပ်ကာမိစ္ဆာများက သိမ်းယူထားသည်။ ဓားဂိုဏ်းများက ရေနဂါးကလန် ချန်ထားခဲ့သော ဝိညာဉ်နယ်မြေများကို သိမ်းယူလျက် အလုပ်ရှုပ်နေသည်။ သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အဆင့်နိမ့်ကျင့်ကြံသူများကို ဂရုမစိုက်ပေ။
“အရှေ့ပင်လယ် ....”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အေးစက်စွာပြောသည်။
“ကျွန်တော်သွားလိုက်မယ်”
အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများသည် သူစီစဉ်ထားသော ဓားဝင်္ကပါအတွက် အရေးကြီးသောအစိတ်အပိုင်းတွင် ပါဝင်နေသည်။
ဓားကျင့်ကြံသူများအား သတ်ဖြတ်နေသော ဝိညာဉ်သံချပ်ကာမိစ္ဆာများကို လွှတ်မထားနိုင်ပေ။
အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများက စိတ်ဝမ်းကွဲနေသောကြောင့် ဟန်မူယဲ့က သူတို့အားလုံးကို ထိန်းချုပ်လိုက်မည်။
“ကောင်းပြီ”
ဝမ်မော့ရှန်က ပြုံးသည်။ သူက စာရွက်တစ်ရွက်ကို ထပ်ဆွဲယူပြီး ရေးလိုက်ပြန်သည်။
ဟန်မူယဲ့က ဝမ်မော့ရှန်ကိုကြည့်ပြီး လှည်းစားခံလိုက်ရသည်ဟု ခံစားမိပြန်သည်။
ထိုသို့မဟုတ်လျှင် ဤအချိန်တွင် သတင်းရောက်လာရန် အကြောင်းမရှိပေ။
သူမပျော်တော့ပေ။
ဟန်မူယဲ့က အကြာကြီးမနေတော့ဘဲ ထွက်လာခဲ့သည်။
ဝမ်မော့ရှန်က ထွက်သွားသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပိုမိုနက်ရှိုင်းစွာပြုံးသည်။
“စာကြမ်းပိုးကောင်၊ သူ့ကို ဒီလိုမျိုးအကွက်ချနေတဲ့အတွက် ဆက်ဆံရေးပြိုကွဲသွားမှာကို မစိုးရိမ်ဘူးလား”
မှူးမတ်ဝူ၏အသံ ပေါ်ထွက်လာသည်။
သံချပ်ကာဝတ်စုံနှင့် မှူးမတ်ဝူက ပေါ်လာပြီး ဝမ်မော့ရှန်ကို ကြည့်သည်။
“အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ နောက်ကွယ်မှာ အထက်ဘုံသုံးပါးရဲ့ဂိုဏ်းတွေ ရှိနေတာကို သူမသိဘူး။ နတ်ဘုရားဘုရင်က ဝင်ပါလာမယ်ဆိုရင်တောင် အဆင်ပြေဖို့ မသေချာဘူး။ မင်းက သူ့ကို အလျင်စလိုလုပ်ခိုင်းနေရင် နောက်ကျ ရှင်းပြဖို့လွယ်မှာမဟုတ်ဘူး”
“ရှင်းပြရမှာလား”
ဝမ်မော့ရှန်က တည်ငြိမ်နေသောမျက်နှာထားဖြင့် ပြောသည်။
“တာအိုပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင် အရာအားလုံး ရပ်တန့်သွားလိမ့်မယ်။ တာအိုပြိုင်ပွဲမှာ အနိုင်ရသွားရင်တော့ .... ဟီးဟီး ....”
တာအိုပြိုင်ပွဲတွင် အနိုင်ရသွားလျှင် ရှင်းပြနေရန် မလိုတော့ပေ။
မှူးမတ်ဝူက စကားမပြောဘဲ ခေါင်းခါသည်။ သူက ပျောက်ကွယ်သွားသည်။
သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များသည် ပြင်ပဘုံတွင် ရှိနေကြသည်။ ထိုနေရာတွင် တိုက်ပွဲက ပြင်းထန်နေသောကြောင့် သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်ပတ်သတ်၍ ဂရုမစိုက်နိုင်ပေ။
ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဟန်မူယဲ့ဆီသို့ ပေးလိုက်မည်ဟု ပြောနေသောအချိန်တွင် စနောက်နေခြင်းမဟုတ်ပေ။
ပြင်ပဘုံတိုက်ပွဲသည် အဓိကဖြစ်သည်။
ကွန်ဖြူးရှပ်တာအို၏ ကျွမ်းကျင်သူများနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လက်ရွေးစင်များအားလုံးသည် ပြင်ပဘုံတွင် ရှိနေကြသည်။ ထို့ကြောင့် အမတ်ချုပ်ကြီးဝမ်နှင့် မှူးမတ်ဝူတို့ကလည်း ပြင်ပဘုံတွင် အာရုံစိုက်ထားရသည်။
ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်သို့ ပြန်ရောက်လာပြီး သိပ်မကြာခင်အချိန်တွင် သတင်းများ ပျံ့နှံ့လာသည်။
အိမ်ရှေ့မင်းသား ယွင်သွမ့်သည် အရှုပ်အထွေးများကို ဖြေရှင်းရန်အတွက် အရှေ့ပင်လယ်သို့ သွားရောက်လိမ့်မည်။
တော်ဝင်မိသားစု၏ ဓားသမားများ၊ တော်ဝင်ကျောင်းတော်၏ ကျွမ်းကျင်သူများနှင့် ပြင်ပဘုံမှ ပြန်ရောက်လာသော ဆရာသခင်မူယဲ့က လိုက်သွားလိမ့်မည်။
ထို့အပြင် စစ်ဆေးမှုခံယူနေသော အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ယာယီခေါင်းဆောင်များကိုလည်း ခေါ်သွားလိမ့်မည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ယာယီခေါင်းဆောင်သုံးထောင်ကို ဖြန့်ကျက်ထားသည်။ အရှေ့ပင်လယ်၏ ယာယီခေါင်းဆောင်တချို့က အရှေ့ပင်လယ်သို့ ပြန်လိုက်သွားလိမ့်မည်။
အာခီမီကံကြမ္မာစံအိမ်၏ ခြံဝိုင်းလေးထဲတွင် ဟန်မူယဲ့က ဖြောင့်မတ်စွာထိုင်နေသည်။
ခိုးဝင်လာသောဟွမ်ကျစ်ဟူက ဟန်မူယဲ့ရှိနေလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် စိတ်ဓာတ်ကျသွားသည်။
“အချိန်ကိုကြည့်လိုက်အုံး”
ဟန်မူယဲ့က အေးစက်စွာပြောသည်။
ဟွမ်ကျစ်ဟူက အနည်းငယ်ရှုပ်ပွနေသော ဆံပင်များကို ပွတ်သပ်လိုက်သည်။ သူမက တီးတိုးပြောသည်။
“ဆယ့်တစ်နာရီ ....”
သူမ၏စကားမဆုံးခင် အပြင်ဘက်မှ နာရီအချက်ပေးသံ ပေါ်ထွက်လာသည်။
ဆယ့်နှစ်နာရီဖြစ်သည်။
“မင်းက မိန်းကလေးတစ်ယောက်လေ။ အိမ်ကို ညသန်းခေါင်ကျမှ ပြန်လာတယ်ပေါ့။ ငါမရှိရင် မင်းက အပြင်မှာ တစ်ညလုံးနေအုံးမှာမဟုတ်လား”
ဟန်မူယဲ့က နှာမှုတ်လိုက်သည်။
ဟွမ်ကျစ်ဟူက ခေါင်းငုံ့ထားပြီး စကားမပြောပေ။
ယွင်သွမ့်က သူမကို ပြန်ပြောရန် သင်ကြားပေးလိုက်သော်လည်း သူမက ပြန်မပြောရဲပေ။
“အရှေ့ပင်လယ်ကိုသွားဖို့က မင်းရဲ့အကြံလား၊ ယွင်သွမ့်ရဲ့အကြံလား”
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကြည့်သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ နောက်ကွယ်တွင် တစ်ယောက်ယောက်က တမင်အကွက်ချနေခြင်းဖြစ်ကြောင်း ဟန်မူယဲ့က သိလိုက်သည်။
သူက အရှေ့ပင်လယ်ကို ဖြေရှင်းရန်အတွက် ဝန်ထုပ်ဝန်ပိုးများကို မလိုအပ်ပေ။
သူက အရှေ့ပင်လယ်ကို တစ်ယောက်တည်း ပိုင်းဖြတ်ပစ်နိုင်သည်။
“ယွင်သွမ့်က သူ့ဘာသာ သွားချင်တာပါ။ ပြီးတော့ ဒေါ်လေးယွင်ကျင်းက ....”
ဟွမ်ကျစ်ဟူက ဟန်မူယဲ့ကို ကြည့်သည်။
ယွင်သွမ့်က သူမရှေ့တွင် ဟန်မူယဲ့နှင့်ပတ်သတ်၍ အပြစ်ပြောလေ့ရှိသည်။
မင်းသမီးယွင်ကျင်း၏ဂုဏ်သတင်းကို ဖျက်ဆီးပြီး တစ်ယောက်တည်းထားခဲ့သည်။ ဟန်မူယဲ့ နှလုံးသားမရှိသော လူယုတ်မာတစ်ယောက်ဖြစ်သည်။ ယောင်္ကျားများက စားပြီးနားမလည်မလုပ်သင့်ပေ။