အခန်း (၆၁၀)
Vol. 44 Ch. 610
ဖီးနစ်ငှက်၏တစ်ဝက်သည် အရှေ့ပင်လယ်သို့ ပြုတ်ကျသွားသည်။ ကျန်တစ်ဝက်သည် ရေစီးကြောင်းနှင့်အတူ မျောပါပြီး တောင်ပိုင်းကုန်းမြေသို့ ရောက်သွားသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် ချီစွမ်းအင်လှိုင်းများ ပေါ်ထွက်လာသည်။ အနီရောင်ချီစွမ်းအင်များက မြစ်တစ်စင်းလုံးကို အလင်းပေးလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် သွေးရောင်ကဲ့သို့ နီရဲနေသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏စွမ်းအားက လောက၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူဖြစ်သော နတ်သခင်ရွှယ်မင်ကို တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့သည်။
လောကသည် ပြန်လည်တိတ်ဆိတ်သွားပြီး ရွှေရောင်ချိပ်တံဆိပ်များက ညင်သာစွာ လွင့်မျောနေသည်။
နန်းမြို့တော်တွင် လုယန်က အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် မီးတောက်နီစစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ပတ်ဝန်းကျင်ဒေသများသို့ သွားရောက်ခဲ့သည်။
သူက ပုန်ကန်သူများကို သတ်ဖြတ်တော့မည်ဖြစ်သည်။
ယခုအချိန်တွင် လောကတစ်ခုလုံး တိတ်ဆိတ်နေသည်။
တာအိုဂိုဏ်း၏ကျွမ်းကျင်သူများက စုစည်းနေသော်လည်း စကားမပြောရဲပေ။
ယနေ့တွင် စကားပြောလိုက်သောလူသည် နတ်သခင်ရွှယ်မင်၏နောက်သို့ လိုက်သွားရလိမ့်မည်။
သူတော်စင်တစ်ဝက်အဆင့်ကို အနိုင်ယူခဲ့သော မဟာကျင့်ကြံသူကြီးသည် ဓားတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်။
ထိုအရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အစစ်အမှန်စွမ်းအား ဖြစ်သည်။
သူတော်စင်တစ်ဝက်အဆင့် ဝမ်မူယန်က သန်မာသော်လည်း တိုက်ခိုက်ရေးတွင် မကျွမ်းကျင်ပေ။ ထို့အပြင် သူက ကောင်းကင်နှင့်မြေကြီး၏ အမိန့်အာဏာကိုလည်း အပိုင်ရမထားပေ။
နတ်သခင်ရွှယ်မင်က ဝမ်မူယန်ကို အနိုင်ရခဲ့ပြီး တာအိုဂိုဏ်းများက ထင်ယောင်ထင်မှား ဖြစ်လာခဲ့သည်။
သူတို့က လောကသည် ပြောင်းလဲသွားပြီး ကွန်ဖြူးရှပ်တာအိုက ကျဆင်းသွားသည်ဟု ထင်လိုက်ကြသည်။
ယနေ့ဓားချက်သည် အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုတွင်ရှိသော ကျင့်ကြံသူများကို သင်ခန်းစာပေးလိုက်ခြင်း ဖြစ်သည်။
ဟန်မူယဲ့က ဓားကိုပြန်သိမ်းပြီး ခေါင်းခါ၍ သင်္ဘောဆီသို့ ပြန်သွားလိုက်သည်။
သင်္ဘောများကို ကာကွယ်ထားသော ချီစွမ်းအင်အလင်းလွှာများ ပျောက်ကွယ်သွားသောအခါတွင် ပျော်ရွှင်စွာအော်ဟစ်သံများ ပေါ်ထွက်လာသည်။
သင်္ဘောအခန်းထဲတွင် မဟာကျင့်ကြံသူကြီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တချို့က ပျော်ရွှင်နေပြီး တချို့က စိတ်လွတ်နေသည်။
“သူက နတ်သခင်ရွှယ်မင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်”
အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူက မယုံကြည်နိုင်စွာ ရေရွတ်သည်။
နတ်သခင်ရွှယ်မင်သည် လောက၏ အသန်မာဆုံးလူများထဲမှ တစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူဖြစ်သည်။
သို့သော် သူက ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
သူတော်စင်တစ်ဝက်အဆင့်အား အနိုင်ယူခဲ့သော မဟာကျင့်ကြံသူကြီးသည် ဓားတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။
“ကောင်းကင်နဲ့မြေကြီးရဲ့ကောင်းချီး၊ ကဗျာကို ဓားတစ်လက်အဖြစ် အသုံးချထားတယ်။ ငါက ဆရာသခင်မူယဲ့ကို သိသွားပြီ”
ကျောင်းတော်သားဝတ်စုံနှင့် ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူတစ်ဦးက ရယ်မောလိုက်သည်။
လူတိုင်းက သူ့ကိုကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် မဟာကျောင်းတော်သားက အော်ပြောသည်။
“ကျောင်းတော်သားတွေက ဓားတစ်လက်သယ်ထားပြီး ကဗျာကို ဓားအဖြစ် အသုံးချတယ်။ သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ဆရာသခင်ဟန်မူပဲ”
ကုန်းပတ်ပေါ်တွင် ယွင်သွမ့်က ဟွမ်ကျစ်ဟူကို လှည့်ကြည့်သည်။
“ကျစ်ဟူ၊ ငါက နင့်မွေးစားအဖေရဲ့အစေခံ ဖြစ်ချင်တယ်။ သူက ဓားကိုင်ထားပြီး ရှေ့တက်သွားတဲ့ပုံစံကို ငါမေ့မရတော့ဘူး ....”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ကျစ်ဟူက မျက်လုံးဝိုင်းကြီးများနှင့် သူမကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ထို့နောက် တီးတိုးပြောသည်။
“ဒီနေ့ည သူ့အခန်းထဲကို ပို့ပေးရမလား”
ယွင်သွမ့်က ခေါင်းညိတ်သည်။
“ထွက်သွားစမ်း။ နင်က ဘာတွေတွေးနေတာလဲ”
ဟွမ်ကျစ်ဟူက ခြေထောက်မြှောက်လိုက်ပြီး ပိတ်ကန်သည်။ ယွင်သွမ့်က ထိုအကွက်ကို ခန့်မှန်းထားပြီးသားဖြစ်သောကြောင့် ရှောင်တိမ်းလိုက်ပြီး ထွက်ပြေးသွားသည်။ သူတို့နှစ်ယောက်က ရယ်မောပြီး စနောက်နေသောကြောင့် စစ်သည်များက အာရုံစိုက်မိသည်။
ကုန်းစွန်းချင်ဖုန်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ကုန်းပတ်ပေါ်တွင် ထိုင်ချသည်။
ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် တိမ်ထူချောက်နက်ကို ဖျက်ဆီးခဲ့သည်။ ထို့နောက် သေခြင်းရှင်ခြင်းကို မသိနိုင်သော အလှည့်အပြောင်းများနှင့် ကြုံခဲ့ရသည်။ ကုန်းစွန်းချင်ဖုန်းက သန်မာသော်လည်း ကိုယ့်အသက်ကိုယ် မထိန်းချုပ်နိုင်ကြောင်း ခံစားမိသည်။
ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးချ၍ နတ်သခင်ရွှယ်မင်ကို သတ်ဖြတ်ခဲ့ပြန်သည်။
ကုန်းစွန်းချင်ဖုန်းက ခေါင်းမော့လိုက်ပြီး တင်းကျပ်စွာပိတ်ထားသော ထိပ်ဆုံးထပ်ရှိတံခါးကို လှမ်းကြည့်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ် ဟန်မူယဲ့ ....
သူက စိတ်ကူးမယဉ်နိုင်လောက်အောင် သန်မာသည်။
သူက အရှေ့ပင်လယ်မှ ပြန်ရောက်လာလျှင် ဟန်မူယဲ့ကို စိန်ခေါ်ရန် စိတ်ကူးမိသေးသည်။
ထိုအကြောင်းကို မေ့ထားလိုက်လျှင် ပိုကောင်းသည်။
ကိုယ်ပိုင်အကန့်အသတ်ကို သိနားလည်ရမည်။
မြစ်ရေသည် ကွမ်မြစ်ဝအထိ တိုက်ရိုက်စီးဆင်းနေသည်။
လမ်းတစ်လျှောက်တွင် သူတို့ကို ရေဓာတ်မျိုးဆက်၏ တရားဝင်နတ်များက ကြိုဆိုခဲ့သည်။
လမ်းတစ်လျှောက်တွင် သာမန်လူသားများက မြစ်ကမ်းပါးတွင် ဒူးထောက်၍ အရိုအသေပေးခဲ့သည်။
ယွင်သွမ့်က သင်္ဘောဦးထိပ်တွင် ရပ်နေပြီး အဆက်မပြတ် လက်ပြနေသည်။
အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုတွင်ရှိသော တာအိုဂိုဏ်းများ၏အကြောင်းကို မည်သူမှ မပြောတော့ပေ။
သင်္ဘောဆယ်စင်းသည် ကွမ်မြစ်ဝမှ အရှေ့အရပ်သို့ ဦးတည်ပြီး အရှေ့ပင်လယ်ထဲသို့ ဝင်သွားခဲ့သည်။
ဆရာသခင်မူယဲ့က အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုကို ဓားသုံးချက်ဖြင့် ဖိနှိပ်ခဲ့သည်။ ထိုဖြစ်ရပ်သည် ကွမ်မြစ်ဝ၌ နတ်များအား တရားဝင်ဘွဲ့ထူး ချီးမြှင့်ပေးခဲ့သောအချိန်ထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသည်။
တာအိုဂိုဏ်းများကို ဦးဆောင်ထားသော နတ်သခင်ရွှယ်မင်သည် မခုခံနိုင်ဘဲ တစ်ချက်တည်း အသတ်ခံလိုက်ရသည်။ သူ့နောက်တွင်ရှိသော ဂိုဏ်းသည် ဂိတ်တံခါးကို ပိတ်ထားပြီး ထွက်မလာတော့ပေ။
အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများမှ ဒါဇင်ချီသော ကျွမ်းကျင်သူများ စုစည်းလာကြသည်။ သို့သော် သူတို့က ထပ်မံ၍ မတိုက်ခိုက်ရဲတော့ပေ။
....
ဟန်မူယဲ့က အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားနေသော ဓားအလင်းများသည် အကောင်အထည် ဖြစ်တည်လာသည်။
ဓားအလင်းသည် အလွန်သန်မာပြီး လွှတ်ပေးလိုက်လျှင် မိုင်တစ်သောင်းပတ်ဝန်းကျင်ကို ဖျက်ဆီးနိုင်လိမ့်မည်။
“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားက အရှိန်အဟုန်ရဲ့ ကိုယ်ထင်ပြမှုပဲ”
“ဓားချီ၊ ဓားဆန္ဒ၊ ဓားမာန်ဟုန်နဲ့ ဓားနယ်မြေ”
“အခုအချိန်မှာ တာအိုပြိုင်ပွဲကြောင့် ကံကြမ္မာအဆင့်နဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်တွေက ဖိနှိပ်ခံထားရတယ်။ ဓားနယ်မြေဖွဲ့စည်းဖို့အတွက် ခက်ခဲလိမ့်မယ်။ အဲဒါဆိုရင် အစွမ်းကုန်သုံးပြီး ဓားမာန်ဟုန်ကို မွေးဖွားပေးလိုက်မယ်”
ဟန်မူယဲ့၏မျက်လုံးများက တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေသည်။
“အရှေ့ပင်လယ်၊ ငါက အရှေ့ပင်လယ်ရဲ့ဓားကျင့်ကြံသူတွေကို ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ရဲ့ တတိယအဆင့်နဲ့ တွေ့ပေးမယ်လို့ ပြောခဲ့တယ်”
“အခု ငါ့ရဲ့ နားလည်နိုင်စွမ်းက ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ရဲ့ တတိယအဆင့်ထက် ကျော်လွန်နေပြီ”
ဟန်မူယဲ့က ပြုံးလိုက်သည်။
“ဆရာမော့ယွမ်၊ ဘယ်အဆင့်အထိ ရောက်နေပြီလဲ”
ဟန်မူယဲ့က ခေါင်မိုးပေါ်သို့ တက်သွားသည်။
မြစ်ပြင်တွင် ရေလှိုင်းများ လှုပ်ရှားနေသည်။
“ယွင်သွမ့်၊ အမတ်ချုပ်ကြီးဝမ်ရဲ့ လက်ရေးစာကိုသုံးပြီး အရှေ့ပင်လယ်မှာ ရွက်လွှင့်ဖို့ အဆင်ပြေတယ်မဟုတ်လား”
ဟန်မူယဲ့က ကုန်းပတ်ပေါ်တွင်ရှိနေသော ယွင်သွမ့်ကို ငုံ့ကြည့်လိုက်ပြီး မေးသည်။
ယွင်သွမ့်တွင် အမတ်ချုပ်ကြီးဝမ်၏ လက်ရေးစာရှိသည်။ ထိုစာဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စွမ်းအားကို အသုံးချနိုင်သည်။
ထို့ကြောင့် သင်္ဘောဆယ်စင်းပေါ်တွင်ရှိသော အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် မီးတောက်နီစစ်သည်များသည် အင်အားဆယ်ဆများသော ရန်သူကို တိုက်ခိုက်နိုင်သည်။
ကုန်းစွန်းချင်ဖုန်းကလည်း ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးချ၍ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို တိုက်ခိုက်နိုင်သည်။
ထို့အပြင် အရေးကြီးသောအချိန်၌ ထိုစာကို အသုံးချပြီး အမတ်ချုပ်ကြီးဝမ်၏ ကိုယ်ပွားကို အသက်တစ်ရာရှူချိန်အထိ ဆင့်ခေါ်နိုင်သည်။
အသက်တစ်ရာရှူချိန်သည် သိပ်မကြာသော်လည်း အမတ်ချုပ်ကြီးဝမ်က အရာအားလုံးကို ဆောင်ရွက်နိုင်သည်။
ယွင်သွမ့်က ထိုစာကိုအသုံးပြုပြီး အမတ်ချုပ်ကြီးဝမ်၏ကိုယ်ပွားကို ဆင့်ခေါ်မည်မဟုတ်သောကြောင့် တာအိုဂိုဏ်းများက တိုက်ခိုက်ခဲ့သည်။
သူမက အရှေ့ပင်လယ်သို့မရောက်ခင် ထိုစာကို အသုံးပြုလိုက်လျှင် အိမ်ရှေ့စံအဆင့်အတန်းသည် အသုံးမဝင်ဖြစ်သွားလိမ့်မည်။
သို့သော် အရှေ့ပင်လယ်သို့ ဝင်ရောက်လာလျှင် ယွင်သွမ့်က ထိုစာကို အသုံးချနိုင်ပြီဖြစ်သည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ယွင်သွမ့်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“စိတ်မပူပါနဲ့ဆရာ။ ပြဿနာမရှိပါဘူး”
သူမက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းငုံ့သွားပြန်သည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူနှင့် ကုန်းစွန်းချင်ဖုန်းကို ကြည့်သည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး ပျံတက်သွားသည်။
“ခလွမ် ....”
သူက ဓားထုတ်သည်။
ဓားက ဖျတ်ခနဲလင်းလက်သွားပြီး ဓားချက် ကျဆင်းလာသည်။
“ဘုန်း”
မြစ်ရေသည် မိုင်ထောင်ချီကျယ်ပြန့်သည်။
မရေမတွက်နိုင်သော ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် နှစ်ပိုင်းပြတ်သွားပြီး ကမ်းခြေသို့ ရောက်သွားကြသည်။ သူတို့၏ သွေးချီနှင့် မိစ္ဆာချီများသည် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာများက တိုက်ခိုက်ရန်အတွက် ဤနေရာတွင် စောင့်ဆိုင်းနေကြသည်။
“ဓားကျင့်ကြံသူ ဟန်မူယဲ့က အရှေ့ပင်လယ်ကို ဓားတစ်လက်နဲ့ စိန်ခေါ်ချင်တယ်။ ငါ့ကို စိတ်မပျက်စေနဲ့ ....”
ဟန်မူယဲ့က ရေလှိုင်းများကို စီးနင်းထားပြီး ပြေးဝင်လာသော ထောင်ချီနေသည့်မိစ္ဆာများကို လျစ်လျူရှုထားသည်။ သူက အော်ဟစ်လိုက်ပြီး ဓားကို ဝှေ့ယမ်းသည်။
သူက ဤအချိန်ကို ကြာမြင့်စွာ စောင့်စားခဲ့ရသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဟန်မူယဲ့သည် အရှေ့ပင်လယ်၏ ဓားတာအိုလမ်းစဉ်ကို စိန်ခေါ်မည်။
အရှေ့ပင်လယ်တွင် ဓားအင်မော်တယ်၏ နာမည်ဂုဏ်သတင်းသည် အချိန်ကြာမြင့်စွာ ပျံ့နှံ့နေခဲ့သည်။
သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို အမွေဆက်ခံထားသည့် မော့ယွမ်၏ တပည့်ဖြစ်သည်။
ထန်တောင်ကုန်းဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်သော ကူယွမ်လုံက အနောက်ဘက်နယ်စပ်ကုန်းမြေမှ အရှေ့ပင်လယ်သို့ ပြန်ရောက်လာသောအချိန်တွင် ဓားအင်မော်တယ်ကို ရှားပါးသော ဓားကျွမ်းကျင်သူတစ်ယောက်အဖြစ် ပြောဆိုခဲ့သည်။
ထန်တောင်ကုန်းဓားဂိုဏ်းနှင့် သိပ်မတည့်သော တိမ်တိုက်ပင်လယ်ဓားဂိုဏ်းမှ ကောင်းထန်ကျင်းကပင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ကို ချီးကျူးခဲ့သည်။
အထူးသဖြင့် ဓားအင်မော်တယ်ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဓားကျင့်ကြံသူများအတွက် လမ်းဖောက်ပေးခဲ့သောကြောင့် အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများက သူ့ကို လေးစားကြသည်။
သူက လောက၏ ရှားပါးသော ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။
ဓားကျင့်ကြံသူများသည် သူ့လိုပင် တာဝန်သိတတ်ရမည်။
ဟန်မူယဲ့က ရေလှိုင်းပေါ်တွင် ရပ်နေပြီး အရှေ့ပင်လယ်ကို စိန်ခေါ်ချင်သည်။ အရှေ့ပင်လယ်သည် တုန်ခါသွားခဲ့သည်။
အရှေ့ပင်လယ်သည် ဓားကျင့်ကြံသူများ၏ ပိုင်နက်ဖြစ်သည်။
အရှေ့ပင်လယ်ကို စိန်ခေါ်ရဲသော ဓားကျင့်ကြံသူများ မရှိခဲ့ပေ။
အရှေ့ပင်လယ်သို့ စိန်ခေါ်ရန်ရောက်လာသော နောက်ဆုံးလူသည် ဟန်မူယဲ့၏ဆရာ မော့ယွမ်ဖြစ်သည်။
မော့ယွမ်က အရှေ့ပင်လယ်တွင် အမှန်ကတယ် မသောင်းကျန်းခဲ့ပေ။ သူက ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို အသုံးချ၍ တခြားလူများဆီမှ အကြံဉာဏ်တောင်းခဲ့ခြင်းသာ ဖြစ်သည်။
ထို့နောက် မော့ယွမ်က ထန်တောင်ကုန်းဓားဂိုဏ်းတွင် သီးသန့်ကျင့်ကြံနေပြီး စိန်ခေါ်ရန်ရောက်လာသော လူများကိုသာ တိုက်ခိုက်လိမ့်မည်။
မော့ယွမ်က သန်မာသော်လည်း ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကြောင့် ကျော်ကြားလာခြင်းဖြစ်သည်။
သူက ဓားတစ်သောင်းကို ဓားတစ်လက်အဖြစ် ပေါင်းစည်းနိုင်သည်။
ထိုဓားကျင့်ကြံသူမျိုးကို လေးစားသင့်သည်။
သို့သော် ဟန်မူယဲ့က မတူပေ။
သူက ဓားအင်မော်တယ်ဖြစ်သလို ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်တစ်ပါးလည်း ဖြစ်သည်။ သူက မြစ်အထက်တွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးချ၍ တာအိုလမ်းစဉ်၏ နတ်သခင်တစ်ပါးကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့သည်။
ထိုကျွမ်ကျင်သူမျိုးက အရှေ့ပင်လယ်ကို စိန်ခေါ်လာခဲ့လျှင် အစွမ်းကုန်တုံ့ပြန်ရန် လိုအပ်သည်။
အရှေ့ပင်လယ်တွင် ဓားကျင့်ကြံသူများ စုစည်းလာကြပြီး အရှေ့ပင်လယ်၏ မြစ်ဝဆီသို့ ဦးတည်လိုက်သည်။
အရှေ့ပင်လယ်၏ အစပ်တွင် တိမ်လွှာကျွန်းရှိသည်။
အဖြူရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ဦးက တင်ပျဉ်ခွေထိုင်နေသည်။
သူနှင့် ပေတစ်ထောင်အကွာတွင် မည်သူမှ မနေရဲပေ။
ထက်မြိသော ဓားအလင်းများက ပေတစ်ထောင်ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
အရှေ့ပင်လယ်၏ မဟာဓားကျင့်ကြံသူ ကျူးထောင်ဖြစ်သည်။