အခန်း (၆၁၃)
Vol. 44 Ch. 613
“ခလွမ် ....”
ဓားနှင့်လှံတို့ ထိတွေ့သွားသောအသံ ပေါ်ထွက်လာပြီး ကျွန်းတစ်ကျွန်းလုံးကို တုန်ခါသွားစေသည်။
ရေလှိုင်းများ ဖြာထွက်လာပြီး မရေမတွက်နိုင်သော ကျောက်ဆောင်များ ပြိုကျသွားကြသည်။
ဓားကျင့်ကြံသူများက ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရသည်။
ရေလှိုင်းများနှင့်အတူ အနက်ရောင်ချပ်ဝတ် မိစ္ဆာစစ်တပ်က ရှေ့တက်လာပြန်သည်။
လုဝူမင်က အံတင်းတင်းကြိတ်ထားပြီး အော်ဟစ်လိုက်သည်။
“ဝင်္ကပါဖွဲ့စည်းပြီး သန့်စင်လေကျွန်းကို ကာကွယ်ကြ”
သူ့နောက်တွင်ရှိနေသော သန့်စင်လေဓားဂိုဏ်း၏ တပည့်များက ချက်ချင်းလှုပ်ရှားလိုက်သည်။ သူတို့က အောက်သို့ဆင်းသွားပြီး ကမ်းခြေတွင် ရပ်တန့်လိုက်သည်။
ဓားချီများ ချိတ်ဆက်သွားပြီး နဂါးတစ်ကောင်အဖြစ်ပြောင်းလဲ၍ မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို တားဆီးလိုက်သည်။
သန့်စင်လေဓားဂိုဏ်းမှ တပည့်များကြောင့် တိုက်ပွဲသည် အနည်းငယ်တည်ငြိမ်သွားခဲ့သည်။
ဓားကျင့်ကြံသူများက စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
ချီကျီမင်၏ဘေးတွင် ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က အသက်ပြင်းပြင်းရှူလိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
“တစ်နာရီလောက်ပဲ တောင့်ခံထားကြတာပေါ့။ စစ်ကူတွေက မကြာခင်ရောက်လာမှာပါ”
“သန့်စင်လေဓားဂိုဏ်းက ငါတို့ကို ပစ်မထားလောက်ပါဘူး”
ကမ်းခြေတွင် သန့်စင်လေဓားဂိုဏ်း၏တပည့်များက လှုပ်ရှားလိုက်သောကြောင့် မရေမတွက်နိုင်သော ချီးကျူးသံများကို ရရှိခဲ့သည်။
ကြောက်ရွံ့နေခဲ့သော ဓားကျင့်ကြံသူများက တက်ကြွလာပြန်သည်။
အရှေ့ပင်လယ်၏ ဓားတာအိုကျင့်ကြံခြင်းတွင် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းကျင့်ကြံသူများက အချင်းချင်း ကူညီပေးကြသည်။
ဂိုဏ်းတပည့်များက ရတနာများ ရှာဖွေရန်နှင့် တာဝန်များ လုပ်ဆောင်ရန်အတွက် ဂိုဏ်းမှထွက်လာပြီး တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ကျွန်းများကြားတွင် လျှောက်သွားလေ့ရှိသည်။
ဂိုဏ်းတပည့်ဖြစ်နေသော မိသားစု၏ကျင့်ကြံသူများလည်း ရှိကြသည်။
သို့သော် ဂိုဏ်းသည် စည်းကမ်းတင်းကျပ်သည်။ လွတ်လပ်မှုနှင့် အသားကျသွားသော ဓားကျင့်ကြံသူများက ထိန်းချုပ်ခံရန် ဆန္ဒမရှိတော့ဘဲ တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ခံယူလိုက်ကြသည်။
အရှေ့ပင်လယ်သည် အရင်းအမြစ်ကြွယ်ဝသည်။ ထို့ကြောင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ဂိုဏ်းတပည့်ဖြစ်စေ တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်စေ ကွာခြားချက် သိပ်မရှိပေ။
သူတို့က ကျင့်ကြံဆင့်မြင့်လာသောအချိန်တွင် မှီခိုရန်အတွက် ဂိုဏ်းတစ်ဂိုဏ်းရှာပြီး အကြီးအကဲအဖြစ် နေထိုင်လိမ့်မည်။
“ခလွမ် ....”
အနက်ရောင်ချပ်ဝတ်ကျင့်ကြံသူ၏ လှံရှည်နှင့် ထိတွေ့သွားပြန်သည်။
လုဝူမင်၏မျက်နှာက အနည်းငယ်နီရဲနေသည်။ သို့သော် သူက နောက်မဆုတ်ပေ။
အဝေးတစ်နေရာတွင် ချီစွမ်းအင်နှင့် ဓားချီများ လှုပ်ရှားလာကြသည်။
စစ်ကူများ ရောက်လာတော့မည်ဖြစ်သည်။
“ဘုန်း”
သို့သော် ပေါက်ကွဲမှုတစ်ခုက လူတိုင်းကို ဆွဲဆောင်လိုက်သည်။
ထို့နောက် ရွှေအလင်းစီးကြောင်းများ ကောင်းကင်ထက်တွင် ပေါ်ထွက်လာသည်။
သန့်စင်လေဓားဂိုဏ်း၏ အကူအညီတောင်းခံမှုဖြစ်သည်။
လီဝူမင်နှင့် ကျွန်းပေါ်တွင်ရှိနေသော ဓားကျင့်ကြံသူများက မျက်နှာများ ဖြူဖျော့သွားကြသည်။
သန့်စင်လေဓားဂိုဏ်း၏ စစ်ကူများက ဝိုင်းရံခံထားရသည်။
ထို့အပြင် ဝိညာဉ်သံချပ်ကာမိစ္ဆာများက အလွန်သန်မာသောကြောင့် သန့်စင်လေဓားဂိုဏ်း၏ ကျွမ်းကျင်သူများက အကူအညီတောင်းနေရသည်။
လုဝူမင်က ကျွန်းကို ငုံ့ကြည့်သည်။
ယခုအချိန်တွင် ဓားကျင့်ကြံသူများအားလုံးက လမ်းပျောက်နေကြသည်။
သူတို့က စစ်ကူများကို စောင့်ဆိုင်းနေခဲ့သည်။
သူတို့က စစ်ကူများရောက်လာမည်ဟု အားတင်းထားသောကြောင့် ဆယ်ဆခန့် ခွန်အားသာနေသော ရန်သူများကို တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် စစ်ကူများက အတိုက်ခံနေရသည်။
လေသန့်စင်ဓားဂိုဏ်း၏ ကျွမ်းကျင်သူများကပင် အကူအညီတောင်းနေရသည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် သန်မာသော်လည်း အရေအတွက်များပြားသော မျိုးနွယ်စုတစ်ခုသာ ဖြစ်သည်။ သူတို့တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ မရှိပေ။
ရေနဂါးကလန်နှင့် ဓားဂိုဏ်းများက ဝိညာဉ်သံချပ်ကာမိစ္ဆာမျိုးနွယ်စုကို အလေးအနက် မထားခဲ့ပေ။ သူတို့က အစစ်အမှန်ကျွမ်းကျင်သူများကို မပိုင်ဆိုင်ခဲ့ပေ။
သို့သော် ကျွမ်းကျင်သူများမရှိလျှင် လေသန့်စင်ဓားဂိုဏ်းကို မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
“သွားကြစို့။ သူတို့ကို သွားကူမယ်”
လုဝူမင်က အံတင်းတင်းကြိတ်ထားပြီး အော်ဟစ်လိုက်သည်။
ကမ်းခြေတွင်ရှိနေသော လေသန့်စင်ဓားဂိုဏ်း၏ တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပျံတက်သွားသည်။
တစ်ကိုယ်တော်ကျင့်ကြံသူများက သူတို့၏ ဂိုဏ်းတူညီအစ်ကိုများနှင့် မယှဉ်နိုင်ပေ။
လေသန်စင်ဓားဂိုဏ်းသည် သူတို့၏ အခြေခံအုတ်မြစ် ဖြစ်သည်။
လုဝူမင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ဓားအလင်းသည် တပည့်များ၏ ဓားဝင်္ကပါနှင့် ပေါင်းစပ်သွားပြီး ပေတစ်ထောင်ရှည်လျားသော နဂါးတစ်ကောင် ဖြစ်သွားသည်။ ထို့နောက် အဝေးတစ်နေရာသို့ ပျံထွက်သွားသည်။
သန့်စင်လေကျွန်းက တိတ်ဆိတ်နေသည်။
လေသန့်စင်ဓားဂိုဏ်း၏ ကျွမ်းကျင်သူများ မရှိလျှင် သူတို့က မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို မည်သို့ ခုခံရမည်နည်း။
ချက်ချင်းဆိုသလိုပင် တိုက်ခိုက်လိုစိတ်များ ကျဆင်းသွားသည်။
ရေလှိုင်းတစ်ခုကဲ့သို့ ပြေးဝင်လာသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို မြင်လိုက်ရသောအခါတွင် လူတချို့က ဓားကို ပစ်ချလိုက်သည်။ လူတချို့က အံတင်းတင်းကြိတ်ထားပြီး ပြေးဝင်သွားသည်။
ယနေ့တွင် သူတို့က သေဆုံးရန်အတွက် ကံပါလာခဲ့သည်။
ချီကျီမင်က လက်ထဲတွင် ဓားကိုင်ထားပြီး ဟန်မူယဲ့ကို ကြည့်သည်။
တင်ပျဉ်ခွေထိုင်နေခဲ့သော ဟန်မူယဲ့က ဖြည်းဖြည်းချင်း ထရပ်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သောဓားအလင်းများ စုစည်းနေပြီး သိပ်သည်းသောအလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။
ဓားအလင်းသည် အလွန်သန်မာသောကြောင့် ချီကျီမင်နှင့် တခြားလူများက အာရုံစိုက်မိသွားသည်။
“ညီအစ်ကိုဟန်၊ မင်းရဲ့ ကျင့်ကြံခြင်းက ....”
ချီကျီမင်က ထိတ်လန့်စွာပြောသည်။
ယခုအချိန်တွင် ဟန်မူယဲ့က ရွှေအမြုတေအဆင့်မှ ကောင်းကင်အဆင့်သို့ တက်သွားသည်။
သူက ကောင်းကင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
သန့်စင်လေကျွန်းတွင် ကောင်းကင်အဆင့်ကျင့်ကြံသူ ထပ်ရှိနေသည်။ လုဝူမင် ထွက်သွားသောအခါတွင် နောက်တစ်ယောက် ပေါ်လာခဲ့သည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်တွင်ရှိသော ဓားအလင်းက စိတ်ဓာတ်ကျသွားသော ဓားကျင့်ကြံသူများကို တားဆီးလိုက်သည်။
ကောင်းကင်အဆင့်ကျင့်ကြံသူတစ်ဦး ရှိနေလျှင် အသက်ရှင်ရန် အခွင့်အရေးရှိသည်။
သူတို့အားလုံးက ဟန်မူယဲ့ကို ကြည့်နေကြသည်။
ဟန်မူယဲ့က တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။
ဟန်မူယဲ့က ဓားထုတ်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
အနက်ရောင်ချပ်ဝတ် မိစ္ဆာကျင့်ကြံသူက ရယ်မောလိုက်ပြီး လှံရှည်ဖြင့် ဟန်မူယဲ့၏ခေါင်းကို ရိုက်ချသည်။
သူ့အမြင်တွင် သန့်စင်လေဓားဂိုဏ်း၏ ကျင့်ကြံသူများ ထွက်သွားသောကြောင့် သန့်စင်လေကျွန်းကို အချိန်မရွေး သိမ်းယူနိုင်လိမ့်မည်။
ကျွန်းပေါ်တွင် လူတိုင်းက ဟန်မူယဲ့ကို မော့ကြည့်နေကြသည်။
‘ဒီကောင်းကင်အဆင့်ကျင့်ကြံသူက လှံချက်ကို တားဆီးနိုင်မှာလား’
‘တကယ်လို့ သူမတားနိုင်ဘူးဆိုရင် ငါတို့အားလုံး သေသွားလိမ့်မယ်’
လှံရှည်က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို စုဆောင်းထားပြီး နဂါးတစ်ကောင်သဖွယ် ဆင်းသက်လာသည်။ ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ ဓားနှစ်လက်ကို လွှတ်ချလိုက်သည်။
‘ဓားတွေကို စွန့်ပစ်လိုက်တာလား’
‘မဟုတ်သေးဘူး’
ဓားထိန်းချုပ်နည်းစနစ် ဖြစ်သည်။
ဓားနှစ်လက်က မျဉ်းကွေးသဖွယ် လှုပ်ရှားသွားပြီး အနက်ရောင်ချပ်ဝတ် မိစ္ဆာကျင့်ကြံသူ၏ရှေ့တွင် ပြန်ပေါ်လာသည်။
မိစ္ဆာကျင့်ကြံသူက ဆိုးယုတ်စွာရယ်သည်။ သူက လှံကို ပြန်မသိမ်းဘဲ လက်တစ်ဖက်လွှတ်၍ ဓားရှည်ကို ဆွဲယူသည်။
“ဘန်း”
ဓားရှည်က အဖမ်းခံလိုက်ရသည်။
‘မဟုတ်ဘူး ....’
ကျွန်းပေါ်တွင် ဓားကျင့်ကြံသူများက မျက်လုံးမှိတ်လိုက်ကြသည်။
ဓားကျင့်ကြံသူတစ်ယောက်၏ဓားက အဖမ်းခံလိုက်ရလျှင် မျှော်လင့်ချက်မရှိတော့ပေ။
ခုခံနိုင်စွမ်းကောင်းသော အနက်ရောင်ချပ်ဝတ် မိစ္ဆာကျင့်ကြံသူ၏ရှေ့တွင် ဓားထိန်းချုပ်နည်းစနစ်ကို အသုံးပြုလိုက်ခြင်းသည် အကောင်းဆုံးရွေးချယ်မှုမဟုတ်ပေ။
ဓားကျင့်ကြံသူက ရှုံးနိမ့်သွားတော့မည်။
ထိုအချိန်တွင် နောက်ထပ်ဓားတစ်လက်က မိစ္ဆာကျင့်ကြံသူဖမ်းယူထားသော ဓားရှည်နှင့် ထိတွေ့သွားသည်။
မိစ္ဆာကျင့်ကြံသူ၏ လက်ထဲတွင်ရှိသော ဓားရှည်က လည်ပတ်လာသည်။
ဓားအလင်းပေါ်ထွက်လာပြီး မိစ္ဆာကျင့်ကြံသူ၏လည်ပင်းကို ထိုးဖောက်သွားသည်။ လေထုထဲတွင် သွေးတန်းတစ်ခု ကျန်ရစ်ခဲ့သည်။
ဓားသည် အရှိန်အဟုန် လျော့ကျသွားပြီး ဖြည်းဖြည်းချင်း ပြုတ်ကျလာသည်။
သို့သော် အနက်ရောင်ချပ်ဝတ် မိစ္ဆာကျင့်ကြံသူ၏မျက်နှာက ဖြူဖျော့နေသည်။ သူက လည်ပင်းကို ဆုပ်ကိုင်ထားရန် ကြိုးစားလိုက်သည်။
သူ့လည်ပင်းတွင်ရှိသော သွေးစွန်းဒဏ်ရာက ပိုမိုနီရဲလာပြီး ပိုမိုနက်ရှိုင်းနေသည်။
“ဘန်း”
သွေးများ ပြန့်ကျဲထွက်လာသည်။
ဓားနှစ်လက်ကို ပေါင်းစပ်ပြီး ထူးခြားဆန်းကြယ်သော လူသတ်ကွက်ကို ထုတ်ဖော်ခဲ့သည်။
သူက ဓားနည်းစနစ်ကိုသာ အသုံးချခဲ့ပြီး ခွန်အားကို ထုတ်မသုံးခဲ့ပေ။
အနက်ရောင်ချပ်ဝတ် မိစ္ဆာကျင့်ကြံသူ၏ခန္ဓာကိုယ်က မိစ္ဆာအလင်းကို ထုတ်ပေးပြီး လောကကို အားဖြည့်ပေးလိုက်သည်အထိ ဓားကျင့်ကြံသူများက အသိဝင်မလာခဲ့ပေ။
‘အဲဒီလိုမျိုး ဓားအလင်းလေးတစ်ခုက ကောင်းကင်အဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်တာလား’
“ဝီ”
ဓားနှစ်လက်က ဟန်မူယဲ့ဆီသို့ ပြန်ရောက်လာသည်။ ထို့နောက် ပေတစ်ရာရှည်လျားသော လခြမ်းကွေးအဖြစ် ပြောင်းလဲသွားပြီး ခုတ်ချလိုက်သည်။
ယခုအချိန်တွင် ဓားအလင်းက မတူညီတော့ပေ။
လခြမ်းကွေး၏ အေးစက်သောအလင်းရောင်က လေထုကို ထိုးခွဲလာသည်။ ကောင်းကင်တစ်ဝက်အဆင့်နှင့် ကမ္ဘာမြေအဆင့်များက ထိုဓားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။
လွှမ်းမိုးနိုင်စွမ်းရှိသည်။
လခြမ်းကွေးကြောင့် ဖြစ်ပေါ်လာသော သွေးရောင်အလင်းသည် ကမ်းခြေတစ်ခုလုံးကို အလင်းပေးခဲ့သည်။
ထိုဓားက အကြင်နာတရားကင်းမဲ့သည်။
သူက အစစ်အမှန် ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူက သန်မာသောရန်သူတစ်ယောက်ကို ပါးနပ်စွာတိုက်ခိုက်ပြီး အနိုင်ယူလိမ့်မည်။
အားနည်းသူများကတော့ နောက်ဆုတ်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
ဓားကျင့်ကြံသူများက ထိုသို့ပင် ဖြစ်သင့်သည်။
“မင်းတို့က ဘာဖြစ်လို့ ဓားမထုတ်သေးတာလဲ။ ဘာကို စောင့်နေတာလဲ”
ဟန်မူယဲ့က ဓားကိုင်ထားပြီး ပြန်လှည့်လာ၍ အော်ဟစ်လိုက်သည်။
တိုက်ခိုက်ကြ ....
“ခလွမ် ....”
ဓားကျင့်ကြံသူများက ဓားရှည်များကို ဆွဲထုတ်လိုက်ပြီး ပြိုကွဲသွားသော အနက်ရောင်ချပ်ဝတ် မိစ္ဆာစစ်တပ်ဆီသို့ ပြေးဝင်သွားကြသည်။
တာအိုပြိုင်ပွဲအတွင်း၌ ရန်သူများကို သတ်ဖြတ်လိုက်လျှင် ချီစွမ်းအားများ ပြန်ရလိမ့်မည်။
ထိုစွမ်းအားက သိပ်မများလျှင်ပင် ကျင့်ကြံခြင်းမှရရှိလာသော ချီစွမ်းအားထက် အဆပေါင်းများစွာ ပိုသာသည်။
ထို့အပြင် အနက်ရောင်ချပ်ဝတ်မိစ္ဆာစစ်တပ်က ပြိုကွဲသွားပြီဖြစ်သောကြောင့် တစ်ဖက်သတ် သတ်ဖြတ်ခံနေရသည်။
“ဝူ ....”
ရေထုထဲမှ ခရာသံပေါ်ထွက်လာပြီး အနက်ရောင်ချပ်ဝတ်မိစ္ဆာများက ရေလှိုင်းနှင့်အတူ ပြန်လည်ဆုတ်ခွာသွားသည်။
ကမ်းခြေတွင် မရေမတွက်နိုင်သော ကြေးခွံနက်ငါးမိစ္ဆာအလောင်းများ ကျန်ရစ်ခဲ့သည်။
တစ်ကိုယ်တော်ကျင့်ကြံသူအချို့က ရှေ့တက်သွားပြီး သင့်တော်သော အစိတ်အပိုင်းများကို စုဆောင်းချင်ခဲ့သည်။ သို့သော် ပတ်ဝန်းကျင်တွင်ရှိနေသော လူများက သူတို့ကို တားဆီးထားလိုက်သည်။
စည်းမျဉ်းများအရ ဤတိုက်ပွဲတွင် အများဆုံးအကျိုးဆောင်ပေးသောလူက အကျိုးအမြတ်ကို ခွဲဝေပေးလိမ့်မည်။
ဤတစ်ကြိမ်တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ရုတ်တရက်ပေါ်ထွက်လာသောကြောင့် သူတို့အားလုံးက ရှင်သန်နိုင်ခဲ့သည်။
“ညီအကိုဟန်၊ အကြီးအကဲဟန်၊ စစ်မြေပြင်ကို အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ရမလား။ အနက်ရောင်ချပ်ဝတ်မိစ္ဆာတွေက နောက်ဆုတ်သွားပါပြီ ....”
ချီကျီမင်က ရှေ့တက်လာပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။
“ညီအစ်ကိုချီက စီစဉ်ထားလိုက်ပါ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
ထိုနေရာတွင် ချီစွမ်းအင်အလင်း၊ ဓားအလင်းနှင့် မိစ္ဆာချီအလင်းများ သွယ်ယှက်နေသည်။
သန့်စင်လေဓားဂိုဏ်း၏ စစ်ကူများက ထိုနေရာတွင် တိုက်ခိုက်ခံနေရသည်။
သူ့အကြည့်ကို မြင်လိုက်ရသောအခါတွင် ချီကျီမင်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လျင်မြန်စွာပြောသည်။
“အကြီးအကဲဟန်က အဲဒီကို သွားချင်လို့လား”
ဟန်မူယဲ့က ထွက်သွားလို့မဖြစ်ပေ။
သူထွက်သွားပြီး အနက်ရောင်ချပ်ဝတ်မိစ္ဆာများ ထပ်မံတိုက်ခိုက်လာလျှင် ကျွန်းပေါ်တွင်ရှိသော လူအားလုံး သေဆုံးရလိမ့်မည်။
ချီကျီမင်၏စကားကြောင့် လူတိုင်း၏မျက်နှာများ ဖြူဖျော့သွားခဲ့သည်။
ကျန်လူများက တီးတိုးမေးမြန်းနေပြီး စိုးရိမ်စိတ်များနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
အကျိုးအမြတ်များကို ခွဲယူနိုင်ကြောင်းကြားလိုက်ရသော ဓားကျင့်ကြံသူများက ခေါင်းမော့ကြည့်သည်။
အကျိုးအမြတ်များ မည်မျှပင် ရှိနေပါစေ သူတို့၏ ကိုယ်ပိုင်အသက်နှင့် မယှဉ်နိုင်ပေ။
“အားလုံးပဲ သန့်စင်လေဓားဂိုဏ်းက ငါတို့ကိုကယ်တင်ဖို့အတွက် ထွက်လာပြီး တိုက်ခိုက်ခံခဲ့ရတယ်။ ငါတို့က သူတို့ကို အန္တရာယ်ကြားမှာ ပစ်မထားသင့်ဘူး”
ဟန်မူယဲ့က သက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။
သူ့စကားကြောင့် ဓားကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။
သို့သော် သူတို့က စကားမပြောပေ။
သူတို့က သန့်စင်လေဓားဂိုဏ်းကို မကယ်နိုင်ပေ။
သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ထို့အပြင် ဟန်မူယဲ့က ဤနေရာတွင်ရှိနေသည့် တစ်ဦးတည်းသော ကောင်းကင်အဆင့်ကျင့်ကြံသူ ဖြစ်သည်။
သူတို့က သန့်စင်လေဓားဂိုဏ်းကို ကယ်တင်နိုင်စွမ်းမရှိပေ။
ချီကျီမင်၏မျက်နှာထားက ပြောင်းလဲသွားသော်လည်း စကားမပြောခဲ့ပေ။
သူက သန့်စင်လေဓားဂိုဏ်းမှလူများကို ပစ်ထားလိုက်ပြီး ဟန်မူယဲ့ကို ဤနေရာတွင်ဆက်နေရန် မတောင်းဆိုနိုင်ပေ။
ဤနေရာတွင်ရှိနေသော လူအများစုက ထိုသို့ ရည်ရွယ်ထားသော်လည်း ထုတ်မပြောနိုင်ပေ။
တစ်ကိုယ်ကောင်းဆန်ခြင်းကို ထုတ်မပြောသင့်ပေ။
သူတို့အားလုံးက အသံထွက်မလာသောအခါတွင် ဟန်မူယဲ့က ကျယ်လောင်စွာပြောသည်။
“တကယ်လို့ သန့်စင်လေဓားဂိုဏ်းရဲ့စစ်ကူတွေ ပျက်စီးသွားခဲ့ရင် ငါတို့က ရှင်သန်နိုင်မှာမဟုတ်ဘူး”