အခန်း (၆၁၄)
Vol. 44 Ch. 614
ယခုအချိန်တွင် သန့်စင်လေဓားဂိုဏ်း၏စစ်ကူများက ဝိုင်းရံခံထားရသည်။ အနက်ရောင်ချပ်ဝတ် မိစ္ဆာစစ်တပ်က ထိုနေရာတွင် စုစည်းနေသောကြောင့် ဤကျွန်းက အနည်းငယ်လုံခြုံနေသည်။
သန့်စင်လေဓားဂိုဏ်း၏ စစ်ကူများက ရှုံးနိမ့်သွားပြီး မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်မိစ္ဆာများက ဤနေရာသို့ ရောက်လာခဲ့လျှင် သူတို့က မည်သို့ ခုခံနိုင်မည်နည်း။
ဟန်မူယဲ့၏စကားကြောင့် ဓားကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားသည်။ သူတို့က လမ်းပျောက်နေသည်။
“အဲဒါဆိုရင် ဘာလုပ်ကြမလဲ”
“သူတို့ကို ကယ်ရမှာလား။ ငါတို့က ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ”
“တကယ်လို့ အကြီးအကဲက ထွက်သွားရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ”
....
သူတို့က စွန့်ပစ်မခံရချင်ပေ။
အစောပိုင်းတွင် သန့်စင်လေဓားဂိုဏ်းက သူတို့ကို စွန့်ပစ်ခဲ့သည်။
“ဟီးဟီး၊ နောက်ဆုံးတော့ ငါတို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေပဲ မဟုတ်လား ....”
လူတစ်ယောက်က မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး စိတ်ဓာတ်ကျစွာ ပြောသည်။
မှန်သည်။ တစ်ကိုယ်တော်ကျင့်ကြံသူများကို မည်သူမှ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများနှင့် ငုံ့ကြည့်သည်။
‘လုံလောက်ပြီ’
“စစ်ပွဲရဲ့အကျိုးအမြတ်တွေကို စုစည်းဖို့အတွက် အသက်ရှူကြိမ်တစ်ရာ အချိန်ပေးလိုက်မယ်”
“ငါက မင်းတို့ကို ရိုးရှင်းတဲ့ ဓားဝင်္ကပါတစ်ခု သင်ကြားပေးမယ်။ ဆယ့်ငါးမိနစ်ကြာရင် ငါတို့က သန့်စင်လေဓားဂိုဏ်းရဲ့လူတွေကို သွားကယ်ကြမယ်”
ဟန်မူယဲ့က အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားအလင်းသည် ကျွန်းတစ်ကျွန်းလုံးကို ဖုံလွှမ်းသွားသည်။
ဓားအလင်း၏စွမ်းအားကြောင့် ဓားကျင့်ကြံသူများက ဆုံးဖြတ်ချက် ပြတ်သားလာသည်။
တစ်ခါတစ်ရံတွင် သန်မာသူများသည် အားနည်းသူများ၏ အထောက်အပံ့ဖြစ်သည်။
ခက်ခဲနေသောအချိန်တွင် လူများက သန်မာသူကို ကိုးကွယ်ပြီး မျှော်လင့်ချက်ထားလိမ့်မည်။
သို့သော် ထိုသို့ မျက်ကန်းယုံကြည်မှုမျိုးသည် များသောအားဖြင့် ရလဒ်ကောင်းကို မဖြစ်ပေါ်စေပေ။ ဦးဆောင်ထားသော ကျွမ်းကျင်သူက အမှန်တကယ် သတ္တိရှိမည်ဆိုလျှင် ခွန်အားကို လျင်မြန်စွာ စုဆောင်းနိုင်လိမ့်မည်။
အသက်ရှူကြိမ်တစ်ရာ ....
ကမ်းခြေတွင် ဝင်္ကပါကို ဖွဲ့စည်းထားလိုက်သည်။
ဓားကျင့်ကြံသူတစ်သောင်းကျော်က မတူညီသော အုပ်စု ခုနစ်ခု၊ ရှစ်ခုအဖြစ် လျော့ရဲစွာ စုစည်းနေသည်။
ဟန်မူယဲ့၏လက်ထဲတွင် ဓားအလင်းများ ပေါ်ထွက်လာပြီး ဓားနည်းစနစ်ကို သင်ပြပေးနေသည်။
ထိုဓားနည်းစနစ်က အလွန်ရိုးရှင်းသည်။ ထိုနည်းစနစ်ဖြင့် ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများ၏စွမ်းအားကို စုဆောင်းနိုင်သည်။
ဤနေရာတွင်ရှိသော ဓားကျင့်ကြံသူများအားလုံးသည် တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အပြည့်အဝ ပူးပေါင်းနိုင်မည်မဟုတ်ပေ။
ထိုဓားနည်းစနစ်သည် ဓားကျင့်ကြံသူများ၏စွမ်းအားကို ပေါင်းစည်းပေးနိုင်သော်လည်း နှစ်ယောက်ပေါင်းစွမ်းအားသည် လူနှစ်ယောက်သီးသန့် တိုက်ခိုက်ခြင်းထက် အားနည်းနေလိမ့်မည်။
သို့သော် ပြန့်ကျဲပြီး ဖရိုဖရဲဖြစ်နေသော ယခင်တိုက်ပွဲများနှင့် ယှဉ်လိုက်လျှင် ဤအခြေအနေသည် အလွန်ကောင်းမွန်နေပြီဖြစ်သည်။
ဆယ့်ငါးမိနစ်အကြာတွင် သန့်စင်လေကျွန်း၏ ကမ်းခြေတွင်ရှိသော ဓားအလင်းသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
ဝင်္ကပါသည် ဓားကျင့်ကြံသူများ၏ စုပေါင်းစွမ်းအားကို အဆတစ်ရာအထိ တိုးတက်လာစေသည်။
ထိုစွမ်းအားဖြင့် ကောင်းကင်အဆင့် ဝိညာဉ်သူငယ်ကျွမ်းကျင်သူတစ်ယောက်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။
လုံလောက်သည်။
ဟန်မူယဲ့က ဓားဖြင့် ရှေ့သို့ညွှန်ပြလိုက်ပြီး အော်ပြောသည်။
“အားလုံးပဲ။ ငါက ဟန်မူယဲ့ပါ။ တချို့လူတွေကတော့ ငါ့ကို ကြားဖူကြလိမ့်မယ်။ ငါက အရှေ့ပင်လယ်ရဲ့ အရှုပ်အထွေးတွေကို ဖြေရှင်းပေးဖို့အတွက် ရောက်လာခဲ့တာပဲ”
သူက ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ပေါ့ပါးစွာပြောသည်။
“အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက ငါတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အခြေခံအုတ်မြစ်တစ်ခုပဲ။ တစ်ကိုယ်တော်ကျင့်ကြံသူတွေကလည်း ဓားကျင့်ကြံသူတွေရဲ့ အခြေခံအုတ်မြစ်ပဲ”
“တစ်ကိုယ်တော်ကျင့်ကြံသူတွေ ပူးပေါင်းထားရင် အရှေ့ပင်လယ်ကို သေချာပေါက် ထိန်းချုပ်နိုင်လိမ့်မယ်”
ဟန်မူယဲ့က ဝင်္ကပါများအားလုံးကို ဦးဆောင်လိုက်ပြီး ပျံတက်သွားသည်။ သူက ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲ၍ လေထုထဲတွင် မျောလွင့်နေသည်။
ဟန်မူယဲ့ ....
အရှေ့ပင်လယ်၏ဓားကျင့်ကြံသူများကို စိန်ခေါ်ချင်သော ဟန်မူယဲ့သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဖြစ်ပြီး အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူရှပ်တာအို ဆရာသခင်တစ်ဦး ဖြစ်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများက သတင်းပုံပြင်များကို ပိုမို စိတ်ဝင်စားကြသည်။
သို့သော် လောက၏ ထိပ်တန်းကျွမ်းကျင်သူသည် သူတို့၏ရှေ့တွင် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူက သူတို့ကို ဓားဝင်္ကပါများပင် သင်ကြားပေးခဲ့သည်။
“ညီအစ်ကိုဟန်၊ ဟားဟား။ ငါ ချီကျီမင်က ဓားအင်မော်တယ်ကို ညီအစ်ကိုလို့ ခေါ်နေခဲ့တာပဲ”
ချီကျီမင်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ခန္ဓာကိုယ်ထဲမှ ဓားအလင်းများ ပေါ်ထွက်လာသည်။
သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော ဓားကျင့်ကြံသူများက ရယ်မောလိုက်ကြသည်။
ဓားဝင်္ကပါ၏စွမ်းအားက ပိုမိုမြင့်တက်လာပြန်သည်။
ထိုအရာသည် စိတ်ခွန်အားတက်ကြွလာခြင်းဖြစ်သည်။
ယခုအချိန်တွင် ဟန်မူယဲ့က ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ပြီး သူတို့၏ စိတ်ခွန်အားကို မြှင့်တင်ပေးခဲ့သည်။
သူတို့ကို ဦးဆောင်ထားသောလူသည် အရှေ့ပင်လယ်ကို စိန်ခေါ်ထားသော မဟာကျင့်ကြံသူ ဓားအင်မော်တယ်ဟန်မူယဲ့ ဖြစ်သည်။
ထိုကျွမ်းကျင်သူမျိုးနှင့် ပူးပေါင်းတိုက်ခိုက်ရသည့်အတွက် တိုက်ပွဲတွင် သေဆုံးသွားလျှင်လည်း ထိုက်တန်သည်။
“ဝီ”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားအလင်းသည် တောက်ပနေသည်။
“ညီအစ်ကိုတို့၊ ငါ့ကို ကူညီပေးပါ”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
ညီအစ်ကို ....
စကားတစ်ခွန်းမှမပြောဘဲ ဓားအလင်းများက တောက်ပလာကြသည်။
ဓားချီက ဧရာမဓားတစ်လက်အဖြစ် စုစည်းသွားသည်။
ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဤနည်းလမ်းမျိုးကို မကြာခဏ ထုတ်သုံးခဲ့သည်။
သူက အထောက်အပံ့တစ်ခုအနေဖြင့် ဓားချီများအားလုံးကို စုစည်းပြီး ဘေးတွင်ရှိနေသော ကျွမ်းကျင်သူကို လက်လွှဲပေး၍ တိုက်ခိုက်စေလိမ့်မည်။
ယခုအချိန်၌ အရှေ့ပင်လယ်တွင် သူက ဓားကျင့်ကြံသူများ၏စွမ်းအားကို စုစည်းပြီး ကိုယ်တိုင် တိုက်ခိုက်တော့မည်။
သူက မသိလိုက်ပါဘဲ ဤလောက၏ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့သည်။
“ဓားကို လွှဲပေးလိုက်ပါ”
သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ဧရာမဓားကြီးက သူ့ရှေ့သို့ ရောက်လာခဲ့သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဟန်မူယဲ့က သန့်စင်လေကျွန်းမှာရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်သောင်းကို စုစည်းပြီး သန့်စင်လေဓားဂိုဏ်းရဲ့ တာအိုရောင်းရင်းတွေကို ကယ်တင်မယ်”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
သူက နာမည်ကို ထုတ်မပြောလျှင် အရာအားလုံး အလကားဖြစ်သွားလိမ့်မည်။
“ဓားအင်မော်တယ်”
“ဓားအင်မော်တယ်က ငါတို့ကိုကယ်ဖို့ ရောက်လာပြီ”
“ဟားဟား၊ လုဝူမင်က ဓားအင်မော်တယ်နဲ့ တာအိုရောင်းရင်းတွေကို ကျေးဇူးတင်ပါတယ်”
“အင်မော်တယ်ဟန်နဲ့ တာအိုရောင်းရင်းတွေကို တကယ်ကျေးဇူးတင်မိတယ်”
ရှေ့တွင် အသံများကို ကြားလိုက်ရသည်။
ဟန်မူယဲ့၏နောက်တွင် ဓားကျင့်ကြံသူများက စိတ်လှုပ်ရှားနေကြသည်။
သူတို့က မည်သူမှ ဂရုမစိုက်သော ပြန့်ကျဲနေသောသဲပွင့်များနှင့် ပုရွက်ဆိတ်များ ဖြစ်ခဲ့သည်။
သို့သော် ယခုအချိန်တွင် သန့်စင်လေဓားဂိုဏ်း၏ ကျွမ်းကျင်သူများကပင် သူတို့ကို ကျေးဇူးတင်နေရသည်။
ထိုက်တန်သည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်မြှောက်သည်။
ဧရာမဓားကြီးက မြင့်တက်လာသည်။
ယခုအချိန်တွင် ဓားသည် တိုက်ခိုက်လိုစိတ်၊ ခံစားချက်များနှင့် ပြည့်နှက်နေသည်။
ဤတိုက်ပွဲသည် ဓားတာအို၏ခမ်းနားမှုကို ပြသလိမ့်မည်။
တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် ထိုသို့ ဆောက်ရွက်နိုင်သည်။
အားနည်းသူများကလည်း တိုက်ခိုက်နိုင်သည်။
“သတ်”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်သည်။
“သတ် ....”
“သတ် ....”
“သတ် ....”
မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။
အားနည်းသူများက သန်မာသူများကို အော်ဟစ်လိုက်ခြင်းဖြစ်သည်။
ဓားကျင့်ကြံသူတစ်သောင်း၏ စွမ်းအားများ စုစည်းလာပြီး ပေတစ်သောင်းရှည်လျားသော ဓားက ကျဆင်းလာခဲ့သည်။
“ဂါး ....”
အနက်ရောင်ချပ်ဝတ်နှင့် ကောင်းကင်အဆင့်မိစ္ဆာက ပြေးထွက်လာပြီး ဓားကို တားဆီးရန် ကြိုးစားသည်။
သို့သော် သူက ဓားနှင့် ထိတွေ့လိုက်သောအချိန်တွင် မျက်နှာထားပြောင်းလဲသွားသည်။
သူ၏ ပေတစ်ထောင်ကြီးမားသော ခန္ဓာကိုယ်ကပင် ဓား၏စွမ်းအားကို မခုခံနိုင်ပေ။
ဒုတိယ၊ တတိယ၊ စတုတ္ထ ....
ကောင်းကင်အဆင့်မိစ္ဆာငါးယောက်က ပျံတက်လာပြီး ဓားကို အစွမ်းကုန်တားဆီးလိုက်သည်။
ဟန်မူယဲ့က လေထုထဲတွင် တည်ငြိမ်စွာရှိနေသည်။
သူ့နောက်တွင် ဓားဝင်္ကပါဖွဲ့စည်းထားသော ဓားကျင့်ကြံသူများက နဖူးသွေးကြောများ ထောင်ထနေပြီး အံတင်းတင်းကြိတ်၍ အစွမ်းကုန်ထုတ်သုံးထားသည်။
သူတို့က ကောင်းကင်အဆင့်မိစ္ဆာငါးယောက်ကို ဖိနှိပ်ထားနိုင်သည်။
ကျေနပ်စရာကောင်းသည်။
“သတ်”
လူတစ်ယောက်က အော်ဟစ်လိုက်သည်။
“သတ် ....”
မရေမတွက်နိုင်လောက်သော လူများက တုံ့ပြန်လိုက်သည်။
ယခုအချိန်တွင် သူတို့က ပုရွက်ဆိတ်များနှင့် သဲပွင့်များ မဟုတ်တော့ပေ။ သူတို့က ကောင်းကင်အဆင့်ကျင့်ကြံသူနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ဓားအလင်းက အလွန်တောက်ပနေသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“ဘုန်း”
မိစ္ဆာငါးယောက်၏ခန္ဓာကိုယ်များက ပြတ်တောက်သွားကြသည်။
“ဘုန်း”
အဆုံးမရှိသောဓားအလင်းသည် ရေမျက်နှာပြင်ကို ထိုးခွဲသွားပြီး မိုင်တစ်ရာရှည်လျားသော ချောက်နက်တစ်ခု ဖြစ်လာစေသည်။
ကောင်းကင်အထိ ရေလှိုင်းများ မြင့်တက်လာခဲ့သည်။
ဓားအလင်းနှင့်ယှဉ်လိုက်လျှင် ကောင်းကင်အဆင့် မိစ္ဆာငါးယောက်၏ သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော သွေးအလင်းသည် ပိုမိုလှပသည်။
ကောင်းကင်အဆင့်ကျွမ်းကျင်သူများသည် ဓားတစ်ချက်ကြောင့် ပြတ်တောက်သွားရသည်။
“အရမ်းအားကောင်းတဲ့ ဓားချက်ပဲ ....”
အနက်ရောင်ချပ်ဝတ် မိစ္ဆာစစ်တပ်၏ ဝိုင်းရံခြင်းကို ခံထားရသော သင်္ဘောပျံပေါ်တွင်ရှိနေသည့် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ရေရွတ်လိုက်သည်။
သူ့ဘေးတွင် တခြားလူများကလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
သန့်စင်လေဓားဂိုဏ်း၏ အသန်မာဆုံး အကြီးအကဲကပင် ထိုဓားချက်မျိုးကို မလုပ်နိုင်ပေ။
“ဝိညာဉ်သူငယ်သတ္တမအဆင့် မိစ္ဆာကျင့်ကြံသူ သုံးယောက်၊ ဝိညာဉ်သူငယ် နဝမအဆင့် မိစ္ဆာကျင့်ကြံသူ တစ်ယောက်နဲ့ ဝိညာဉ်ကိုယ်ခွဲအဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို တစ်ခါတည်း သတ်ပစ်လိုက်တယ်။ ဒီလိုဓားချက်မျိုးက တစ်ကိုယ်တော်ကျင့်ကြံသူတွေဆီကနေ ထွက်ပေါ်လာတယ်”
လုဝူမင်၏မျက်နှာထားက လေးနက်နေပြီး နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားအင်မော်တယ်က အရှေ့ပင်လယ်ကို စိန်ခေါ်ချင်တယ်လို့ ပြောခဲ့တယ်။ သူက ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို အသုံးချပြီး ဂိုဏ်းတွေကို စိန်ခေါ်ချင်တာလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခု ကြည့်လိုက်ပါအုံး ....”
ယခုအခြေအနေအရ သူက တစ်ကိုယ်တော်ကျင့်ကြံသူများ၏စွမ်းအားကို အသုံးချပြီး အရှေ့ပင်လယ်ကို လွှမ်းမိုးပစ်ချင်ပုံရသည်။
ထိုအရာသည် အမှန်တကယ်ပင် ဓားဖြင့်လွှမ်းမိုးခြင်း ဖြစ်လိမ့်မည်။
“တာအိုရောင်းရင်းတို့ အခု မတိုက်ခိုက်ရင် ဘယ်တော့မှ တိုက်ခိုက်မှာလဲ”
ဟန်မူယဲ့က အော်ပြောလိုက်သည်။
တိုက်ခိုက်မည်။
ဝိုင်းရံခံထားရသော သန့်စင်လေဓားဂိုဏ်း၏ ကျွမ်းကျင်သူများက ပျံသန်းထွက်လာပြီး နေရာအနှံ့တွင် တိုက်ခိုက်လိုက်သည်။
ဦးဆောင်ထားမည့် ကျွမ်းကျင်သူများ ကျဆုံးသွားသောကြောင့် အနက်ရောင်ချပ်ဝတ်မိစ္ဆာများက မတိုက်ခိုက်နိုင်တော့ဘဲ ထွက်ပြေးလိုက်ကြသည်။
“ဘုန်း”
ဟန်မူယဲ့က တည်ငြိမ်စွာ ဓားဖြင့်ခုတ်ချသည်။ သူက သန့်စင်လေဓားဂိုဏ်း၏ တည်နေရာကို ကြည့်လိုက်သည်။
“သန့်စင်လေဓားဂိုဏ်းရဲ့ တာအိုရောင်းရင်းတို့၊ မင်းတို့ဂိုဏ်းက တိုက်ခိုက်ခံနေရပြီ”
သူ့စကားကြောင့် သန့်စင်လေဓားဂိုဏ်း၏ ကျွမ်းကျင်သူများက မျက်နှာထားပြောင်းလဲသွားကြသည်။
မိုင်တစ်ထောင်အကွာတွင် တောက်လောင်နေသော မီးတောက်များကို မြင်ရသည်။
“ဘုန်း”
လေထုထဲတွင် ပေါက်ကွဲသံများကို ကြားနိုင်သည်။
“သန့်စင်လေဓားဂိုဏ်းရဲ့တပည့်တွေ၊ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်က အင်အားအလုံးအရင်းနဲ့ လေသန့်စင်ဓားဂိုဏ်းကို တိုက်ခိုက်လာတယ်။ ဂိုဏ်းက အန္တရာယ်ကျရောက်နေပြီ။ အကြီးအကဲတွေနဲ့ ငါက အသက်စွန့်ပြီးတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်”
“အပြင်မှာရောက်နေတဲ့တပည့်တွေကို ပြန်လာခွင့်မပြုဘူး။ သန့်စင်လေဓားဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်လက်သယ်ဆောင်ထားရမယ် ....”
နက်ရှိုင်းသောအသံ ပေါ်ထွက်လာသည်။
ထိုအသံက သုံးကြိမ်တိတိ ပဲ့တင်ထပ်နေခဲ့သည်။
ဂိုဏ်းချုပ်နှင့် အကြီးအကဲများက သေဆုံးသည်အထိ တိုက်ခိုက်လိမ့်မည်။ အပြင်သို့ရောက်နေသော ဂိုဏ်းတပည့်များကို ပြန်လာခွင့်မပြုပေ။
သူတို့က ရန်သူနှင့်အတူ သေဆုံးသွားလိမ့်မည်။
သန့်စင်လေဓားဂိုဏ်း၏ လူဝုမင်နှင့် ကောင်းကင်အဆင့်ကျွမ်းကျင်သူများက ဝမ်းနည်းနေပုံပေါ်သည်။ သူတို့က အံတင်းတင်းကြိတ်ထားပြီး ဂိုဏ်းကို လှမ်းကြည့်သည်။
ထိုနေရာတွင် ဂိုဏ်းတူတပည့်များက အသက်စွန့်၍ တိုက်ခိုက်နေကြသည်။
သို့သော် ဂိုဏ်းချုပ်က တပည့်များကို ပြန်မလာရန်အတွက် အမိန့်ပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရန်သူက အလွန်သန်မာနေသည်။ ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ခွန်အားကို စုစည်းလိုက်မည်ဆိုလျှင်ပင် ကျရှုံးသွားရလိမ့်မည်။
ထို့ကြောင့် အမွေအနှစ်ကို ထိန်းသိမ်းရန်အတွက် တပည့်များ ဆက်ရှိနေသေးလျှင် ပိုကောင်းလိမ့်မည်။
သန့်စင်လေဓားဂိုဏ်း၏ တပည့်များက လမ်းပျောက်နေသည်။ အများစုက ငိုကြွေးနေကြသည်။
ဂိုဏ်းတပည့်အများစုသည် ဂိုဏ်းကို အိမ်တစ်အိမ်အဖြစ် သတ်မှတ်ထားကြသည်။
ယခုအချိန်တွင် သူတို့၏အိမ်က ပျက်စီးသွားတော့မည်ဖြစ်သည်။
ပတ်ဝန်းကျင်တွင်ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများကလည်း မျက်နှာထားရှုပ်ထွေးနေသည်။
သူတို့ထဲတွင် အများစုက ဂိုဏ်းများ ပျက်စီးသွားသောကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်လာရသည်။
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
သန့်စင်လေဓားဂိုဏ်း၏ ရွှေအမြုတေအဆင့် ဂိုဏ်းခွဲမှူးတစ်ယောက်က အံတင်းတင်းကြိတ်ထားပြီး ဘေးတွင်ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲကို ကြည့်သည်။