အခန်း (၆၁၅)
Vol. 44 Ch. 615
အကြီးအကဲက စကားမပြောနိုင်ပေ။
အကယ်၍ ရန်သူက အလွန်သန်မာနေလျှင် သူတို့အားလုံး သေဆုံးရလိမ့်မည်။
ဂိုဏ်းချုပ်က သူတို့ကို ပြန်မလာရန် အမိန့်ထုတ်ထားသည်။
‘ဒါပေမဲ့ တကယ်ပဲ ပြန်မသွားတော့ဘူးလား’
“ခလွမ်”
ဓားမြည်သံနှင့်အတူ သန့်စင်လေဓားဂိုဏ်း၏ ဆံပင်ဖြူများနှင့် အစိမ်းရောင်ဝတ်စုံဝတ်ထားသော အကြီးအကဲက ဓားကိုင်ထားပြီး ရှေ့သို့ တစ်လှမ်းတိုးသည်။
“လုဝူမင်၊ တပည့်တွေကိုခေါ်ပြီး ထွက်သွားတော့။ ငါက ဂိုဏ်းကိုသွားပြီး အကူအညီပေးလိုက်မယ်”
သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းများ ရစ်ပတ်နေသည်။ ထက်မြိသောအရှိန်အဝါတစ်ခုက ကောင်းကင်အထိ ထိုးတက်သွားသည်။
လေထုထဲတွင် အားကောင်းသောအငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။
“ငါ ဖန့်ရီဟယ်က လေသန့်စင်ဓားဂိုဏ်းမှာ မွေးဖွားကြီးပြင်းလာခဲ့တယ်။ ဂိုဏ်းက ငါ့အိမ်ပဲ”
“ဒီနေ့မှာ မိစ္ဆာတွေက ငါတို့ရဲ့ သန့်စင်လေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့တယ်။ ငါ ဖန့်ရီဟယ်က ဂိုဏ်းကို အသက်ကြွေးပြန်ဆပ်မယ်”
ထို့နောက် သူက ပျံထွက်သွားသည်။ ဂိုဏ်းတပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တချို့က သူ့နောက်သို့ လိုက်သွားသည်။ တချို့က ကျန်နေခဲ့သည်။
သန့်စင်လေဓားဂိုဏ်း၏ တပည့်များက ပြန့်ကျဲနေသောသဲပွင့်များ ဖြစ်သွားကြသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တစ်ကိုယ်တော်ကျင့်ကြံသူများကို လှည့်ကြည့်သည်။
ကျင့်ကြံသူများ၏ တိုက်ခိုက်လိုစိတ်သည် ခိုင်မာသောယုံကြည်ချက်မှ ဖြစ်ပေါ်လာသည်။ ထိုယုံကြည်မှု ဆက်ရှိနေလျှင် သေခြင်းရှင်ခြင်းကို မကြောက်တော့ပေ။ ယုံကြည်မှု မရှိလျှင် လူတစ်ယောက်က တိုက်ခိုက်လိုစိတ် ရှိတော့မည်မဟုတ်ပေ။
“ငါတို့အားလုံးက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူတွေပဲ။ သန့်စင်လေဓားဂိုဏ်းက တိုက်ခိုက်ခံနေရတဲ့အချိန်မှာ ငါ ဟန်မူယဲ့က ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်မှာလဲ”
“ဒီနေ့ကစပြီး ဟန်မူယဲ့နဲ့ အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက အတူရှင်သန်ပြီး အတူသေဆုံးမယ် ....”
သူ့အသံက ကြည်လင်နေပြီး မိုင်ထောင်ချီအထိ ပျံ့နှံ့သွားသည်။
အတူရှင်သန်ပြီး အတူသေဆုံးမည်။
မဟာဓားကျင့်ကြံသူကြီးတစ်ယောက်အနေဖြင့် သူက ပြောပြီးသားစကားကို ပြန်လည်ရုတ်သိမ်းမည်မဟုတ်ပေ။
“ငါတို့က အတူရှင်သန်ပြီး အတူသေဆုံးမယ်”
ဓားရှည်တစ်လက်ကိုင်ထားသော ချီကျီမင်က အော်ဟစ်လိုက်သည်။
“အတူရှင်သန်ပြီး အတူသေဆုံးမယ် ....”
ပတ်ဝန်းကျင်တွင်ရှိနေသော ဓားကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။ သူတို့၏ကိုယ်ပေါ်တွင် ဓားအလင်းများ စုစည်းလာကြသည်။
ယခုအချိန်တွင် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။
ဟန်မူယဲ့က ဓားထုတ်လိုက်ပြီး သောင်းချီသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့်အတူ ပျံသန်းသွားသည်။
လမ်းပျောက်နေသော သန့်စင်လေဓားဂိုဏ်း၏ ကျင့်ကြံသူများက သူတို့၏နောက်မှ လိုက်လာသည်။
အတူရှင်သန်ပြီး အတူသေဆုံးမည်။
ယခုအချိန်တွင် သူတို့က ဂိုဏ်းတူတပည့်များနှင့်အတူ ရှိချင်သည်။
ဟန်မူယဲ့က ဓားကိုဝှေ့ယမ်းပြီး လမ်းပိတ်ထားသော အနက်ရောင်ချပ်ဝတ်မိစ္ဆာကို သတ်ဖြတ်လိုက်သည်။
သူတို့က မိုင်တစ်ထောင်အကွာသို့ လျင်မြန်စွာရောက်လာခဲ့သည်။
ရှေ့တွင်ရှိသော ကျွန်းကို အဆုံးမရှိသော မိစ္ဆာချီများက လွှမ်းမိုးထားသည်။
မိစ္ဆာများက လေသန့်စင်ဓားဂိုဏ်းကို တင်းကျပ်စွာဝိုင်းရံထားသည်။
လေသန့်စင်ဓားဂိုဏ်း၏ တပည့်များသည် နေရာအနှံ့တွင် သတ်ဖြတ်ခံနေရသည်။
“သတ်”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားအလင်းကို အသက်သွင်း၍ ခုတ်ချသည်။
သူက ခွန်အားများ သိပ်သုံးမထားပေ။ သို့သော် သူ့နောက်တွင်ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်သောင်းက ပေတစ်ထောင်ရှည်လျားသောဓားကို ဖန်တီးထားသည်။
ဓားအလင်းက မိုးခြိမ်းသံနှင့်အတူ ကျဆင်းလာသည်။
“ဘုန်း”
ဓားအလင်းက သန့်စင်လေဓားဂိုဏ်း၏တပည့်များအား ဝိုင်းရံထားသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို ချက်ချင်းသတ်ဖြတ်ပစ်လိုက်သည်။
“မင်းက သေချင်နေတာပဲ”
မိစ္ဆာချီများထဲမှ ခပ်နိမ့်နိမ့်အော်သံ ပေါ်ထွက်လာသည်။ လက်ထဲတွင် ဆေဘာဓားတစ်လက်ကိုင်ထားသော လူတစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ပေတစ်ထောင်ရှည်လျားသော ဆေဘာဓားအလင်းဖြင့် ခုတ်ချသည်။
ဆေဘာဓားအလင်းက ဓားအလင်းနှင့် ထိတွေ့သွားသည်။ တောင်တန်းများ ပြိုလဲနေပြီး မြေပြင်က အက်ကွဲသွားခဲ့သည်။
ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူ ....
တစ်ဖက်တွင် ကျင့်ကြံသူအများအပြား ပြေးထွက်လာသည်။
ဂိုဏ်းဆီသို့ ထွက်သွားခဲ့သော ဖန့်ရီဟယ်နှင့် တခြားလူများက အခြေအနေဆိုးဝါးနေပြီး ဟန်မူယဲ့တို့၏ရှေ့တွင် ပြန်ပေါ်လာသည်။
လေထုထဲတွင် အနက်ရောင်ချပ်ဝတ်ကျင့်ကြံသူများ ရှိနေပြီး သူတို့ကို ပြင်းထန်စွာဖိနှိပ်ထားသည်။
ဟန်မူယဲ့နှင့် တစ်ကိုယ်တော်ဓားကျင့်ကြံသူများကိုလည်း မဟာကျင့်ကြံသူအများအပြားက ဝိုင်းရံထားသည်။
လေသန့်စင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က အကူအညီမပေးရန် အမိန့်ထုတ်ခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။ ဝိညာသံချပ်ကာမိစ္ဆာများက စစ်ကူရောက်လာသောလူများကို သတ်ဖြတ်ရန် စောင့်နေခဲ့သည်။
စစ်ကူများ ရောက်လာခဲ့လျှင် သေဆုံးသွားရလိမ့်မည်။
မဟာကျင့်ကြံသူကြီးများ၏ ဖိအားကြောင့် ဟန်မူယဲ့၏နောက်တွင် ရှိနေသော တစ်ကိုယ်တော်ကျင့်ကြံသူများက သွေးမရှိတော့ဘဲ တစ်ကိုယ်လုံး တုန်ခါနေကြသည်။
ဟန်မူယဲ့က ဓားရှည်ကို ကိုင်ထားပြီး ရှေ့တွင်ရှိနေသော အနက်ရောင်ချပ်ဝတ်မိစ္ဆာနှင့် ပတ်ဝန်းကျင်တွင်ရှိနေသော မိစ္ဆာကျင့်ကြံသူများကို ကြည့်သည်။
“ညီအစ်ကိုတို့၊ သေရမှာ ကြောက်လား”
ဟန်မူယဲ့က အော်ပြောသည်။
‘သေရမှာကြောက်လား’
‘ကြောက်တာပေါ့’
လူတိုင်းက သေရမည်ကို ကြောက်ရွံ့ကြသည်။
သူတို့က အသက်ရှည်ရန်အတွက် ကျင့်ကြံနေခြင်းဖြစ်သည်။
တိတ်ဆိတ်နေသောပတ်ဝန်းကျင်သည် အဖြေပင်ဖြစ်သည်။
ဟန်မူယဲ့က ဓားဖြင့် ရှေ့သို့ညွှန်ပြလိုက်သည်။ သူ့မျက်လုံးများက တောက်ပနေသည်။
“ငါကလည်း သေရမှာကြောက်တယ်”
အမှန်ပင်ဖြစ်သည်။ ပါရမီရှိသော ဟန်မူယဲ့က တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်ထားသည်။
သူက အသက်ရှင်နေလျှင် လောက၏အထွတ်အထိပ်သို့ ရောက်သွားလိမ့်မည်။
ထိုလူမျိုးက စွန့်စားနေရန် မလိုအပ်ပေ။
“ညီအစ်ကိုဟန်၊ ငါတို့က မင်းကို ကာကွယ်ထားပြီး လမ်းဖောက်ပေးမယ်”
ချီကျီမင်က အံကြိတ်ထားပြီး အစွမ်းကုန်ကြိုးစား၍ စကားပြောလိုက်သည်။
ပတ်ဝန်းကျင်တွင် မဟာကျင့်ကြံသူကြီးများ ရှိနေသောကြောင့် သူတို့က လေထုထဲတွင် ရပ်တည်နိုင်ရန်ပင် ခက်ခဲနေသည်။
“လမ်းဖောက်ပြီးထွက်သွားပါ အင်မော်တယ်ဟန်။ မင်းက ဒီနေရာမှာ သေသွားလို့ မဖြစ်ဘူး ....”
လုဝူမင်က တီးတိုးပြောသည်။
သူတို့အားလုံးက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဓားအင်မော်တယ်က ဤနေရာတွင် သူတို့နှင့်အတူ သေဆုံးမသွားသင့်ပေ။
သူတို့က ဓားရိုးကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အကြည့်များ ပြတ်သားလာသည်။
“လမ်းဖောက်ပြီး ထွက်သွားရမှာလား”
ဟန်မူယဲ့၏ တိုက်ခိုက်လိုစိတ်များ စုစည်းလာပြီး သူ့နောက်တွင် ပုံရိပ်ယောင်ဓားတစ်လက် ပေါ်ထွက်လာသည်။
အခြေတည်ဝိညာဉ်ဓားက သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။
“ငါ ဟန်မူယဲ့က ဘယ်သူမှမရောက်ဘူးသေးတဲ့ ဒီလောကရဲ့ အထွတ်အထိပ်ကို မရောက်သေးလို့ သေရမှာ ကြောက်တယ်”
“ငါ ဟန်မူယဲ့က အပြီးမသတ်ရသေးတဲ့ ကိစ္စတွေနဲ့ နောင်တတွေ ရှိနေသေးလို့ သေရမှာကြောက်တယ်”
“ငါ ဟန်မူယဲ့က ဒီဘဝမှာ အကြွေးတင်နေတာတွေ မဆပ်ရသေးလို့ သေရမှာ ကြောက်တယ်”
သူ့လက်ထဲတွင်ရှိသောဓားက တုန်ခါနေသည်။ ဟန်မူယဲ့က ဓားကို ကြည့်လိုက်သည်။
“ညီအစ်ကိုတို့၊ လက်ထဲမှာရှိတဲ့ဓားကို မေးလိုက်ပါ”
“မင်းတို့ကို အသက်ရှင်ခွင့်ပေးနိုင်မလားလို့ မေးကြည့်ပါ”
ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“အစိမ်းရောင်ကံကြမ္မာဓား၊ မင်းက ငါ့ကို အသက်ရှင်ခွင့် ပေးမယ်မဟုတ်လား”
“ဝီ”
အစိမ်းရောင်ကံကြမ္မာဓားက ကျယ်လောင်စွာ အသံပေးလိုက်ပြီး ဓားအလင်းများကို ထုတ်လွှတ်သည်။
ထိုအချိန်တွင် မိုင်တစ်သောင်းပတ်ဝန်းကျင်၌ ဓားများအားလုံး တုန်ခါလာသည်။
ဓားက တုံ့ပြန်နေသည်။
ဓားကျင့်ကြံသူများက မျက်လုံးများတောက်ပသွားသည်။
ဤဘဝတွင် သူတို့က ဓားကိုသာ ကျင့်ကြံထားသည်။
ယခု သေဆုံးခြင်းနှင့် ရင်ဆိုင်နေရသောအချိန်တွင် သူတို့က ဘဝတစ်လျှောက်လုံး၏ အကောင်းအဆိုးများကို ဓားဆီသို့ အပ်နှင်းလိုက်မည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဓားသွားပေါ်တွင် လက်ဝါးတင်၍ ဆွဲချလိုက်သည်။
သွေးများ စိမ့်ထွက်လာသည်။
ဓားက စိမ့်ထွက်လာသော သွေးအားလုံးနှင့် ပေါင်းစပ်သွားသည်။
အစိမ်းရောင်ကံကြမ္မာဓားသည် ပေတစ်သောင်းရှည်လျားသော နဂါးတစ်ကောင်ဖြစ်သွားပြီး ကောင်းကင်ထက်တွင် ဟိန်းဟောက်နေသည်။
“ငါတို့ ဓားကျင့်ကြံသူတွေက နှလုံးသားထဲမှာ ဓားရှိတယ်။ လက်ထဲမှာလည်း ဓားရှိတယ်။ ဘာကို ကြောက်နေရမှာလဲ”
ဟန်မူယဲ့က ကောင်းကင်ကိုကြည့်လိုက်ပြီး ဟိန်းဟောက်သည်။ သူက လက်မြှောက်ပြီး အစိမ်းရောင်ကံကြမ္မာဓားကြောင့် ဖြစ်ပေါ်လာသော နဂါးကို လမ်းညွှန်သည်။
“ဘာကို ကြောက်နေရမှာလဲ”
သူ့အသံက မိုင်ထောင်ချီအကွာအထိ ပျံ့နှံ့သွားသည်။
“မင်းတို့က ဘာကို ကြောက်နေတာလဲ”
“မင်းတို့လက်ထဲမှာရှိတဲ့ဓားက ဘယ်မှာလဲ”
ဓားကျင့်ကြံသူများက သူ့ကို အတုယူပြီး ဓားသွားပေါ်တွင် လက်ဝါးကို ဖိဆွဲသည်။ ဓားပေါ်တွင် သွေးများ စွန်းထင်းသွားသည်။
သူတို့၏ သွေးချီများက အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။
သွေးချီများက ဓားအလင်းနှင့် ပေါင်းစပ်သွားပြီး ပေတစ်သောင်းရှည်လျားသော သွေးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သွေးနဂါးက ဟိန်းဟောက်လိုက်ပြီး မဟာမိစ္ဆာများ၏ ဝိညာဉ်ဖိအားကို ချိုးဖျက်ခဲ့သည်။
သွေးနဂါးသည် ဓားကျင့်ကြံသူများ၏ ဓားဆန္ဒနှင့် တိုက်ခိုက်လိုစိတ်မှတစ်ဆင့် ဖြစ်ပေါ်လာသည်။ သွေးနဂါး၏ခွန်အားသည် ကောင်းကင်အဆင့်ကျင့်ကြံသူကို ကျော်လွန်နေပြီဖြစ်သည်။
“ငါက ဓားသွားကို သွေးနဲ့ စွန်းထင်းလိုက်မယ်”
ဟန်မူယဲ့က ရေရွတ်သည်။
သူ့ခေါင်းပေါ်တွင် အစိမ်းရောင်ကံကြမ္မာဓား၏ ပေတစ်ထောင်ရှည်လျားသော နဂါးအရိပ်က လှုပ်ရှားလာပြီး ရစ်ခွေနေသည်။
“မိစ္ဆာတွေကို သတ်ဖြတ်မယ်။ မိစ္ဆာတွေကို နှိမ်နင်းမယ်။ ရန်သူတွေကို သတ်ဖြတ်မယ်”
နဂါးက ရှေ့တက်သွားသည်။
ဆေဘာဓားကိုင်ထားသော အနက်ရောင်ချပ်ဝတ်နှင့် မိစ္ဆာကျင့်ကြံသူက မျက်နှာထားပြောင်းလဲသွားသည်။ အဆုံးတွင် သူက လှည့်ထွက်သွားခဲ့သည်။
အစိမ်းရောင်ကံကြမ္မာဓားမှ ဖြစ်ပေါ်လာသော နဂါး၏ခွန်အားသည် သူ့ကို ထိတ်လန့်သွားစေသည်။
ထိုစွမ်းအားကို သူက ခုခံနိုင်မည်မဟုတ်ပေ။
“ငါက ဓားသွားကို သွေးနဲ့ စွန်းထင်းလိုက်မယ်”
“မိစ္ဆာတွေကို သတ်ဖြတ်မယ်။ မိစ္ဆာတွေကို နှိမ်နင်းမယ်။ ရန်သူတွေကို သတ်ဖြတ်မယ်”
ဓားကျင့်ကြံသူများက တီးတိုးရေရွတ်လိုက်သည်။ သွေးနဂါးက ဟိန်းဟောက်ပြီး လက်သည်းများကိုလှုပ်ရှား၍ ပတ်ဝန်းကျင်တွင်ရှိနေသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို တိုက်ခိုက်လိုက်သည်။
သွေးနဂါးက အနက်ရောင်ချပ်ဝတ်ကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆုပ်၍ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။ မိစ္ဆာအလင်းနှင့် သွေးများသည် ပတ်ဝန်းကျင်တွင် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။
အခြေတည်ဝိညာဉ် အဌမအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်း သတ်ဖြတ်ပစ်လိုက်သည်။
သွေးနဂါး၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး အစိမ်းရောင်ကံကြမ္မာဓား၏ နဂါးကို လမ်းညွှန်သည်။ ပေတစ်သောင်းရှည်လျားသော သွေးနဂါးက နောက်မှ နီးကပ်စွာလိုက်လာပြီး မိစ္ဆာချီများထဲသို့ ပြေးဝင်သွားသည်။
“ဘုန်း”
ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် မိစ္ဆာကျင့်ကြံသူများဖြစ်စေ အဆုံးမရှိသော အနက်ရောင်ချပ်ဝတ် မိစ္ဆာစစ်သည်များဖြစ်စေ လွင့်ထွက်သွားကြပြီး သွေးချီအဖြစ် ပြောင်းလဲသွားသည်။ နဂါးက သွေးချီများကို စုပ်ယူလိုက်သည်။
သွေးနဂါးက ရှေ့သို့ ဆက်လက်ချီတက်လာသည်။ မိုင်တစ်ရာအကွာတွင် သွေးနဂါး၏ခန္ဓာကိုယ်က ပေနှစ်သိန်းအထိ ရှည်လျားနေပြီဖြစ်သည်။ နဂါး၏ကိုယ်ပေါ်တွင် သွေးရောင်ကြေးခွံများ ဖြစ်တည်နေပြီး အကြည့်များက ကြမ်းတမ်းနေသည်။
သွေးနဂါးသည် ဓားဆန္ဒနှင့် သွေးချီများမှတစ်ဆင့် ဖြစ်တည်လာပြီး သတ်ဖြတ်ရန် ရည်ရွယ်သည်။
သွေးနဂါးကို တားဆီးနိုင်သောအရာ မရှိပေ။
“ဘန်း”
နောက်ဆုံးကျန်နေသော အနက်ရောင်ချပ်ဝတ်နှင့် မဟာမိစ္ဆာ၏ခန္ဓာကိုယ်က ပျက်စီးသွားခဲ့သည်။ နဂါး၏ရှေ့တွင် မည်သည့်အရာမှ မရှိတော့ပေ။
သဘာဝစွမ်းအင်ဖြင့် ပြည့်နှက်နေသော တောင်တန်းနှင့် အဆောက်အအုံများကိုသာ မြင်နိုင်သည်။
သူတို့က လှပသော တောင်တန်းနှင့်မြစ်များအတွက် တိုက်ခိုက်ခဲ့ကြသည်။
ဟန်မူယဲ့က လက်မြှောက်သည်။ နဂါးက ဓားအလင်းတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် ခမ်းနားစွာရှိနေသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဟန်မူယဲ့က အရှေ့ပင်လယ်ရဲ့ သန့်စင်လေဓားဂိုဏ်းကို စိန်ခေါ်ဖို့ ရောက်လာခဲ့ပါတယ်။ စိန်ခေါ်မှုကို လက်ခံမယ့်လူ ရှိပါသလား”
စိန်ခေါ်သည်။
အပြင်ဘက်တွင် မရေမတွက်နိုင်သော ကြေးခွံနက်မိစ္ဆာများက ဝိုင်းရံထားသည်။ သို့သော် ဟန်မူယဲ့က သူတို့ကို လျစ်လျူရှုထားပြီး စိန်ခေါ်နေသည်။
ဓားကျင့်ကြံသူများ၏အမြင်တွင် ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် စကားထဲထည့်ပြောရန် အရေးမပါပေ။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အင်မော်တယ်ဟန်ကို သန့်စင်လေဓားဂိုဏ်း တစ်ဂိုဏ်းလုံးက ကြိုဆိုလိုက်ပါတယ်”
ရှေ့တွင်ရှိသော အဆောက်အအုံထဲမှ ကျယ်လောင်သောအသံ ပေါ်ထွက်လာသည်။
ထို့နောက် ဓားအလင်းများ တောက်ပလာခဲ့သည်။