အခန်း (၆၂၃)
Vol. 45 Ch. 623
အိမ်ရှေ့စံယွင်သွမ့်က ဓားကျင့်ကြံသူသုံးသန်းကို စုစည်းပြီး စန့်ယွီကို ဖိနှိပ်ထားသည်။ သူက သန်မာသည်ဟု ထုတ်မပြောခဲ့ပေ။
အရေးအကြီးဆုံးအနေဖြင့် အဓိကဂိုဏ်းကြီးများက ဝိညာဉ်သံချပ်ကာမိစ္ဆာများကို အစွမ်းကုန်သတ်ဖြတ်နေသောအချိန်တွင် အလွန်အားကောင်းသောတိုက်ခိုက်နိုင်စွမ်းနှင့် ဒဏ္ဍာရီလာဓားကျင့်ကြံသူ ဟန်မူယဲ့က ပျောက်ကွယ်နေခဲ့သည်။
အရှေ့ပင်လယ်က တိုက်ပွဲများဖြင့် ဖရိုဖရဲဖြစ်နေသောအချိန်တွင် သူက ပုန်းကွယ်နေခဲ့သည်။
ယခု အရှေ့ပင်လယ်က ငြိမ်းချမ်းသွားသောအချိန်တွင် သူက စိန်ခေါ်ရန် ရောက်လာသည်။
ထို့ကြောင့် မရေမတွက်နိုင်သော လူငယ်ဓားကျင့်ကြံသူများက မကျေမနပ်ဖြစ်နေကြသည်။
လွန်ခဲ့သောလဝက်ခန့်တွင် ဓားကျင့်ကြံသူအများအပြားက ဟန်မူယဲ့၏ စိန်ခေါ်ပွဲချိန်းဆိုချက်ကြောင့် ထန်တောင်ကုန်းဓားဂိုဏ်းသို့ ရောက်လာခဲ့သည်။
ယနေ့တွင် ဟန်မူယဲ့က စိန်ခေါ်ရန် ထွက်ပေါ်လာခဲ့သည်။
မော့ယွမ်က ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူလူငယ်များကို ကြည့်သည်။
သူက မည်သို့ ပြောရမည်နည်း။ ဤလူငယ်များသည် ဓားတာအိုတွင် ပါရမီကောင်းပြီး ရဲရင့်ကြသည်။ သူတို့က ကြိုးစားအားထုတ်မှုလည်း ရှိကြသည်။
သို့သော် သူတို့က အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံသိပ်မရှိပေ။ သူတို့က လောက၏ ရှုပ်ထွေးမှုကို နားမလည်သေးပေ။
“မင်းတို့ ဘယ်လိုထင်လဲ”
မော့ယွမ်က ခပ်ဟဟရယ်သည်။ သူက လက်မြှောက်လိုက်ပြီး ထိုင်ချရန်အတွက် သိပ်မဝေးသောနေရာတွင်ရှိသည့် သစ်သားထိုင်ခုံတစ်လုံးကို လှမ်းယူသည်။
“ငါကတော့ ဒီမှာပဲထိုင်နေပြီး စောင့်ကြည့်မယ်”
....
ဓားအလင်းသည် မိုင်သုံးသောင်အကွာသို့ ရောက်လာသည်။ ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် တန်ခိုးရှင်တစ်ဦး ပေါ်လာသည်။
“ငါက မူယန်ဓားဂိုဏ်းရဲ့ စွန်းကျီတောက်ပါ။ အင်မော်တယ်ဟန်ကို ကြိုဆိုဖို့အတွက် ရောက်လာပါတယ်”
ထိုသို့ဖြင့် တန်ခိုးရှင်က ဓားနှင့်ထိုးချသည်။
ဓားအလင်းသည် အောက်တွင်ရှိသော ပင်လယ်ရေကို လှုပ်ရှားသွားစေပြီး လေဆင်နှာမောင်းဆယ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
ထိုဓားချက်ကြောင့် မိုင်တစ်ရာရှည်လျားသော ရေနဂါးတစ်ကောင် ပေါ်ထွက်လာသည်။
“မဆိုးဘူး”
ဟန်မူယဲ့၏ မူလဝိညာဉ်ဓားဆီမှ အသံတစ်သံ ပေါ်ထွက်လာသည်။ ဓားအလင်းက လှုပ်ရှားလိုက်ပြီး မိုင်တစ်ရာကို ဖြတ်ကျော်သွားသည်။
“ဘုန်း”
ထိုဓားချက်ကြောင့် လေဆင်နှာမောင်းများအားလုံးက နှစ်ပိုင်းပြတ်သွားခဲ့သည်။
စွန်းကျီတောက်၏မျက်နှာက ဖြူဖျော့နေပြီး သွေးအန်လုနီးပါးဖြစ်သွားသည်။
သူက သုံးရက်ကြာသည်အထိ ခွန်အားများစုဆောင်းပြီး တစ်ချက်တည်းတိုက်ခိုက်ရန် စောင့်နေခဲ့သည်။ သို့သော် အသက်ဆယ်ခါရှုချိန်ပင် တောင့်မခံနိုင်ခဲ့ပေ။
အင်မော်တယ်ဟန်က အမှန်တကယ်ပင် ဓားအင်မော်တယ်ဖြစ်သည်။
“ရေနဂါးဟိန်းသံတဲ့လား”
ဟန်မူယဲ့က တီးတိုးပြောသည်။ မူလဝိညာဉ်ဓားက တုန်ခါနေပြီး လည်ပတ်သွားသည်။
“ငါ့မှာလည်း ရေနဂါးဟိန်းသံဓားကွက် ရှိတယ်”
သူက စကားအဆုံးတွင် ပင်လယ်ပြင်သို့ ဓားဖြင့်ထိုးချလိုက်သည်။
“ဘုန်း”
ရေလှိုင်းများမြင့်တက်လာပြီး ပေတစ်သောင်းရှည်လျားသော ရေနဂါးတစ်ကောင်က ခေါင်းမော့၍ ဟိန်းဟောက်နေသည်။
ရေနဂါးဟိန်းသံ ....
စွန်းကျီတောက်က ကြောင်အသွားပြီး ရေရွတ်လိုက်သည်။
“ရေဓာတ်လိုက်ဖက်ညီမှု အမြင့်ဆုံးအဆင့်၊ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ငှားယူပြီး ရေနဂါးအဖြစ် ပြောင်းလဲလိုက်တယ်။ ဒီဓားချက်၊ ဒီဓားချက်က ....”
ထိုဓားချက်က ကောင်းကင်ကို ဖီဆန်နေသည်။
“ဘုန်း”
ကောင်းကင်ထက်မှ မိုးကြိုးတစ်စင်း ကျဆင်းလာပြီး ရေနဂါး၏ဦးခေါင်းကို ဖျက်ဆီးပစ်လိုက်သည်။
လေထုထဲတွင် ရေဂါး၏ဟိန်းဟောက်သံက ပဲ့တင်ထပ်နေသည်။
ရေနဂါးဖြစ်ပေါ်လာသောအချိန်တွင် ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်မိခဲ့သည်။ ထိုအရာသည် အစစ်အမှန် ရေနဂါးဟိန်းသံ ဖြစ်သည်။
“ငါ စွန်းကျီတောက်က နားလည်သွားပါပြီ”
စွန်းကျီတောက်က ဟန်မူယဲ့၏ မူလဝိညာဉ်ဓားကို ဦးညွှတ်လိုက်ပြီး နောက်ဆုတ်သွားသည်။
“အောင်မြင်မှုမရဘဲ နှစ်တစ်ထောင်ကြသည်အထိ လေ့ကျင့်ခဲ့တယ်။ ငါ့ရဲ့ ရေနဂါးဟိန်းသံက ဝိညာဉ်လိုအပ်နေတာပဲ”
ဟန်မူယဲ့၏ဓားချက်က နှစ်တစ်ထောင်ကြာသည်အထိ သူနားမလည်ခဲ့သော ပြဿနာကို နားလည်သွားစေသည်။
“ဝီ”
မူလဝိညာဉ်ဓားက ဓားအလင်းများနှင့်အတူ ဆက်လက်ပျံသန်းသွားသည်။
လေထုထဲတွင် လူရိပ်များပေါ်လာသည်။ သို့သော် သူတို့က မူလဝိညာဉ်ဓားကို မတားဆီးရဲပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အင်မော်တယ်ဟန်က ရေနဂါးဟိန်းသံကို အသုံးပြုပြီး စွန်းကျီတောက်၏ ရေနဂါးဟိန်းသံကို အနိုင်ယူခဲ့သည်။
ထိုသတင်းက အရှေ့ပင်လယ်တွင် ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားခဲ့သည်။
အင်မော်တယ်ဟန်က ရေဓာတ်လိုက်ဖက်ညီမှုတွင် အမြင့်ဆုံးအဆင့်သို့ ရောက်နေသည်။ သူက အရှေ့ပင်လယ်သို့ ရောက်လာသည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။
အဝါရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လေထုထဲသို့ ပျံတက်လာသည်။ သူ့က လေပြင်းနှင့် မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။
“တောင်စောင်းရဲ့ ကျန်းမင်ကျင်းက အကြံတောင်းဖို့အတွက် ရောက်လာပါတယ် ....”
သူ့အသံပေါ်ထွက်လာပြီး ပေတစ်သောင်းမြင့်မားသော ကျောက်ဆောင်တစ်ခု ဆင်းသက်လာခဲ့သည်။
ထိုကျောက်ဆောင်ကို ဓားဆန္ဒဖြင့် ဖွဲ့စည်းထားပြီး ဓားတာအိုစွမ်းအားများဖြင့် ပြည့်နှက်နေသည်။
လေထုထဲတွင် လူတစ်ယောက်က တီးတိုးပြောလိုက်သည်။ “တောင်စောင်းကျန်းမင်ကျင်းက အရှေ့ပင်လယ်ရဲ့ ထိပ်တန်းအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတွေထဲက တစ်ယောက်ပဲ။ သူက ဝိညာဉ်ကိုယ်ခွဲအဌမအဆင့်ကို ရောက်နေပြီ”
ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူက ဓားမာန်ဟုန်ဖြင့် တိုက်ခိုက်နိုင်သည်။
မရေမတွက်နိုင်လောက်သောနတ်အာရုံများ ကျဆင်းလာကြသည်။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော အလင်းလွှာတွင် ကျောက်ဆောင်တောင်စောင်းတစ်ခုနှင့် မူလဝိညာဉ်ဓားကို မြင်နေရသည်။
ကူယွမ်လုံနှင့်တခြားလူများက မျက်လုံးပြူးနေပြီး လက်သီးဆုပ်ထားသည်။
“ဓားလမ်းစဉ်က ထက်မြိပြီး ကြောက်ရွံ့မှုကင်းမဲ့တယ်”
“ငါက ဓားထုတ်လိုက်တဲ့အချိန်မှာ ကျရှုံးမှုတွေနဲ့ ကြုံတွေ့ရရင်လည်း နောက်ဆုတ်မှာမဟုတ်ဘူး”
ဟန်မူယဲ့က ရေရွတ်လိုက်သည်။ မူလဝိညာဉ်ဓား တန်းတန်းမတ်မတ် ရှေ့တက်သွားသည်။
“ခလွမ် ....”
ဓားဦးထိပ်က ကျောက်ဆောင်နှင့် ထိတွေ့သွားပြီး ကျောက်ဆောင်ကိုထိုးဖောက်၍ ရှေ့ဆက်ပျံသန်းသွားသည်။
ကူယွမ်လုံနှင့်တခြားလူများ သက်ပြင်းမချနိုင်ခင် မူလဝိညာဉ်ဓား၏ရှေ့တွင် ကျောက်နံရံတစ်ခု ပေါ်လာသည်။
“ဘုန်း”
ဓားက ကျောက်နံရံကို ထိုးဖောက်လိုက်သည်။
ပိုမိုထူထဲပြီး ကြံ့ခိုင်သော ကျောက်နံရံတစ်ခု ပေါ်လာပြန်သည်။
ဓားက မရပ်တန့်ဘဲ ထိုးဖောက်လိုက်သည်။
နံရံများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
အသက်တစ်ရာရှုချိန်အတွင်း၌ ဓားရှည်က ကျောက်နံရံသုံးထောင်ကို ထိုးဖောက်ခဲ့သည်။
ရှေ့တွင် ကျောက်နံရံများ ဆက်လက်စုစည်းလာပြန်သည်။
“ဘယ်လို ထိုးဖောက်ကြမလဲ”
ကူယွမ်လုံက မျက်လုံးပြူးသွားပြီး ရေရွတ်သည်။
“ကျင့်ကြံခြင်းနဲ့ပတ်သတ်လာရင် ဇွဲရှိရမယ်။ နှလုံးသားထဲမှာ ဓားရှိရမယ်”
“လက်ထဲမှာရှိတဲ့ဓားက ကျိုးပျက်မသွားခင်မှာ နှလုံးသားထဲမှာရှိတဲ့ဓားက ကျိုးပျက်မသွားသင့်ဘူး”
ဟန်မူယဲ့၏အသံက တည်ငြိမ်နေပြီး မူလဝိညာဉ်ဓားဖြင့် ဆက်လက်ထိုးဖောက်သည်။
“ခလွမ် ....”
ဓားက ကျောက်နံရံထဲသို့ တစ်ပေခွဲခန့်အထိ တိုးဝင်သွားပြီး ရပ်နေသည်။
လူတိုင်းက မျက်လုံးပြူးသွားသည်။
ဓားက ရှေ့ဆက်မသွားနိုင်တော့ပေ။
ဓားရှည်က ကျောက်နံရံသုံးထောင်ကို ထိုးဖောက်ခဲ့ပြီး ရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်းက ဓားရှည်ကို ကြည့်နေခဲ့သည်။
ဓားကျင့်ကြံသူများက ထက်မြိပြီး မယိုင်လဲနိုင်သောစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။ သို့သော် အတားအဆီးတစ်ခုနှင့် ကြုံတွေ့သွားလျှင် ထက်မြိမှုများ ဆက်မရှိနိုင်တော့ပေ။
ဓားက ရပ်တန့်သွားပြီဖြစ်သောကြောင့် ရှေ့ဆက်သွားနိုင်တော့မည် မဟုတ်ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဓားအင်မော်တယ်ဟန်မူယဲ့သည် အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများကို စိန်ခေါ်ခဲ့သည်။ သို့သော် တစ်ကိုယ်တော်ကျင့်ကြံသူ ကျန်းမင်ကျင်း၏ရှေ့တွင် ရပ်တန့်သွားရတော့မည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဟန်မူယဲ့က မော့ယွမ်ရဲ့တပည့်လို့ ငါကြားတယ်။ မော့ယွမ်ရဲ့ကျင့်ကြံခြင်းက နက်နဲပေမဲ့ သန့်စင်မှုမရှိဘူး။ ကြည့်ရတာ အမှန်ပဲထင်တယ်။ ဟီးဟီး ....”
လေထုထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ဓားနည်းစနစ်က အထင်ကြီးဖွယ်ကောင်းသည်။ ရေနဂါးဟိန်းသံသည် အလွန်လှပသည်ဟု ပြောနိုင်သည်။
သို့သော် အမှန်တကယ်တိုက်ခိုက်မှုတွင် ဓားသွားက လုံလောက်အောင် မထက်မြိခဲ့ပေ။
ထို့ကြောင့် ကျောက်နံရံရှေ့တွင် ရပ်တန့်သွားခြင်းဖြစ်သည်။
“မဆိုးဘူး။ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို မှီခိုပြီး အရှေ့ပင်လယ်ကို လွှမ်းမိုးနိုင်ခဲ့တယ်။ မင်းရဲ့ ဉာဏ်ရည်နဲ့ စိတ်ဓာတ်က ထိပ်တန်းအဆင့်လို့ ပြောနိုင်တယ်။ မင်းရဲ့ ဓားပညာရပ်ကလည်း တကယ်အဆင့်မြင့်တယ်”
အသံတစ်သံက ချီးကျူးလိုက်သည်။
“ဟုတ်တယ်။ အရှေ့ပင်လယ်ရဲ့အပြင်မှာရှိတဲ့ ဓားကျင့်ကြံသူတွေက ဒီလိုအဆင့်မျိုးအထိရောက်ဖို့ မလွယ်ဘူး”
သူ့အသံက ညင်သာနေသည်။ သူက ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
အရှေ့ပင်လယ်၏ မောက်မာသော လူငယ်မျိုးဆက်သစ်များက ထိုစကားကို ကြားလိုက်ရသောအခါတွင် ခေါင်းညိတ်လိုက်ကြသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဟန်က အနည်းငယ်မောက်မာပြီး ရိုင်းစိုင်းသော်လည်း စွမ်းရည်ရှိသည်။
သူက အလယ်ပိုင်းကုန်းမြေ၏အမိန့်အာဏာကို အသုံးပြုပြီး အရှေ့ပင်လယ်ကို လှုပ်ရှားသွားစေသည်။ ထို့နောက် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်သည်။ ထိုအရာမျိုးကို အပြင်လူများ မလုပ်နိုင်ပေ။
သူ၏ဓားချက်က ကျောက်နံရံသုံးထောင်ကို ထိုးဖောက်သွားပြီး အစစ်အမှန်စွမ်းရည်ကို ပြသခဲ့သည်။
အရှေ့ပင်လယ်၏အပြင်ဘက်တွင် ထိုဓားကျင့်ကြံသူမျိုး သိပ်မရှိပေ။
ယခုအချိန်တွင် ဟန်မူယဲ့နှင့်အတူ ရှိနေသော ကူယွမ်လုံနှင့် တခြားလူများကပင် ထိုသို့တွေးမိသည်။
ဤနေရာသည် ဓားကျင့်ကြံသူများစုစည်းနေသော အရှေ့ပင်လယ်ဖြစ်သည်။ အရှေ့ပင်လယ်ကို အမှန်တကယ်စိန်ခေါ်နိုင်သောလူများ မရှိပေ။
ပါရမီရှင်ဟန်မူယဲ့ဆိုလျှင်ပင် မဖြစ်နိုင်ပေ။
“ငါရှုံးသွားပြီလို့ ထင်နေကြတာလား”
ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။
ဟန်မူယဲ့၏အသံကို ကြားလိုက်ရသောအခါတွင် ကူယွမ်လုံနှင့် တခြားလူများက အံ့အားသင့်သွားကြသည်။
“မင်းတို့က ဒီဓားကွက်ကို နားလည်နိုင်ရင် သုံးသပ်ကြည့်လိုက်ပါ။ နားမလည်နိုင်ရင်တော့ မေ့ထားလိုက်ပါ”
ထိုသို့ဖြင့် သူက မျက်လုံးမှိတ်ထားခဲ့သည်။
‘ဒီဓားက ဘာများထူးခြားနေလို့လဲ’
သူတို့အားလုံးက တွေးမိကြသည်။
‘ရှေ့ဆက်မသွားနိုင်တဲ့ဓားက အခြေအနေကို ပြောင်းလဲနိုင်လို့လား’
လူတိုင်းက အလင်းလွှာကို ကြည့်လိုက်ကြသည်။
“ဟေး၊ ဓားသွားက နည်းနည်း ရှေ့တိုးသွားသလိုပဲ ....”
လူတစ်ယောက်က တီးတိုးပြောသည်။
‘ဓားသွားက ရှေ့တိုးသွားတာလား’
‘ဟုတ်ချင်လည်းဟုတ်မှာပေါ့’
‘အဲဒါက အသုံးဝင်လို့လား’
သုံးပေရှည်လျားသောဓားသည် အပြင်ဘက်တွင် နှစ်ပေကျန်နေခဲ့သည်။ ထို့အပြင် ဓားရိုးလည်း ရှိနေသေးသည်။
‘နည်းနည်းလေးရှေ့တို့သွားရင်ရော ဘာဖြစ်မှာမလို့လဲ’
မည်သူမှ စကားမပြောပေ။
သူတို့အားလုံးက ဓားကို ကြည့်နေကြသည်။
အချိန်အတော်ကြာသွားသည်။
“ဓားက နည်းနည်းလှုပ်သွားပြန်ပြီလို့ ငါထင်တယ် ....”
နေ့တစ်ဝက်အကြာတွင် ဓားက ရှေ့သို့ အနည်းငယ်တိုးသွားပြန်သည်။
နေဝင်သွားသောအချိန်တွင် ကျောက်နံရံက ကောင်းကင်နံရံတစ်ခုကဲ့သို့ နေရောင်ကို တားဆီးထားခဲ့သည်။ ဓားတစ်လက်ကတော့ အစွမ်းကုန်သုံးပြီး ကျောက်နံရံကို ထိုးဖောက်သွားရန် ကြိုးစားနေပုံရသည်။
အာရုံစိုက်နေသောလူအများအပြားက ခေါင်းခါလိုက်ကြသည်။
သူတို့၏အမြင်တွင် အနိုင်အရှုံးက အဖြေပေါ်နေပြီဖြစ်သည်။ ဤသို့ ဆက်လုပ်နေလျှင်လည်း အဓိပ္ပာယ်မရှိပေ။
ဓားကျင့်ကြံသူများက ဆုံးဖြတ်ချက်ပြတ်သားသင့်သည်။
ဤအခြေအနေသည် ဓားကျင့်ကြံသူတစ်ယောက်၏စိတ်ဓာတ်နှင့် မကိုက်ညီပေ။
‘အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားအင်မော်တယ်က လူသားကမ္ဘာကိုကျဆင်းလာတဲ့ အင်မော်တယ်တစ်ယောက် မဟုတ်ဘူးလား။ သူ့မှာ သူတော်စင်အငွေ့အသက်တွေ မရှိတော့ဘူးလား’
တစ်ညကုန်ဆုံးသွားသည်။
နေထွက်လာသောအချိန်တွင် ကျောက်နံရံနှင့်ဓားက တောက်ပနေခဲ့သည်။
“အမ်၊ ဒီဓားက တစ်ညအတွင်းမှာ တစ်လက်မတိုးသွားခဲ့တာပဲ”
လူတစ်ယောက်က သတိထားမိလိုက်သည်။
သို့သော် လူအများစုက ဂရုမစိုက်တော့ပေ။
တစ်မိနစ်၊ တစ်လက်မ၊ တစ်ပေ .... ထိုအရာသည် ကွာခြားချက်ရှိနိုင်မည်လား။
ဟန်မူယဲ့၏ဘေးတွင် ကူယွမ်လုံနှင့်တခြားလူများက တစ်ညလုံးရှိနေခဲ့သည်။
သူတို့က ဖြည်းဖြည်းချင်းရှေ့တိုးသွားသော ဓားရှည်ကို စောင့်ကြည့်နေခဲ့ကြသည်။