အခန်း (၆၂၈)
Vol. 45 Ch. 628
သို့သော် ကြိုးက ဧရာမလက်ကြီးကို ခဏသာတားဆီးနိုင်ပြီး ပြတ်တောက်သွားခဲ့သည်။
“သစ်သားနတ်ဘုရားမ၊ အညံ့ခံလိုက်စမ်း။ မဟုတ်ရင် မင်းရဲ့ သစ်သားနတ်ဘုရားနန်းတော်ကို တစ်ခါတည်းဖျက်ဆီးပစ်မယ်”
လေဟာနယ်ထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။
အချုပ်အနှောင်မှလွတ်မြောက်လာသော ဧရာမလက်ကြီးက ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်သည်။
သစ်သားနတ်ဘုရားမက မရေမတွက်နိုင်သော ပန်းများပွင့်လန်းနေသည့် ပေတစ်သောင်းမြင့်မားသော သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသည်။
ပန်းပွင့်တိုင်းသည် ကမ္ဘာတစ်ခုသဖွယ် ကျဆင်းလာသည်။
လက်သီးက မှိန်ဖျော့သွားသည်။
ပန်းပွင့်များအားလုံး ကြွေကျသွားသောအခါတွင် လက်သီးဆုပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
သစ်ပင်က ဖြည်းဖြည်းချင်း ညှိုးနွမ်းသွားပြီး အရိပ်အယောင်သာ ကျန်ရစ်တော့သည်။
“အခုအချိန်ကစပြီး သစ်သားနတ်ဘုရားနန်းတော်ကို ပိတ်ထားမယ်။ ရုပ်သေးအစောင့်တွေကလွဲပြီး ကျန်တဲ့လူတွေအားလုံးက ငါနဲ့အတူ ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို ဖိနှိပ်ဖို့အတွက် ဆောင်ရွက်ရမယ်”
သစ်ပင်ဆီမှ အသံတစ်သံ ထွက်လာသည်။ မည်နှာမည်းကျင့်ကြံသူများက သစ်သားတိုင်များအဖြစ် ပြောင်းလဲသွားပြီး နန်းတော်နှင့်အတူ တိတ်ဆိတ်စွာရှိနေခဲ့ကြသည်။
လက်ထဲတွင် ဓားကြီးများကိုင်ထားသော မျက်နှာမည်းကျင့်ကြံသူဆယ်ယောက် ပေါ်ထွက်လာခဲ့သည်။
“ဘုန်း”
ပုံရိပ်များ ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားကလည်း ပျောက်ကွယ်သွားသည်။ မျက်နှာမည်းကျင့်ကြံသူကိုလည်း မမြင်ရတော့ပေ။
ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
“ရွှပ် ....”
ဓားချက်ဆယ်ချက်က သူချန်ထားခဲ့သောပုံရိပ်ကို ပိုင်းဖြတ်လိုက်သည်။
တစ်ဖက်တွင်ပြန်ပေါ်လာသော ဟန်မူယဲ့က လက်မြှောက်ပြီး ဓားအမြုတေ ၃၆၁ခုကို ထုတ်ဖော်သည်။ ဓားအလင်းက ပေတစ်ရာပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
တခြားနေရာများတွင် ဓားအမြုတေ ၃၆၁ခုက မိုင်တစ်သိန်းကို လွှမ်းခြုံပြီး ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူကို လွယ်ကူစွာသတ်ဖြတ်နိုင်သည်။
သို့သော် ဆည်ထဲတွင် ကောင်းကင်စက်ဝန်းဓားဝင်္ကပါက ပေတစ်ရာပတ်ဝန်းကျင်ကိုသာ လွှမ်းခြုံနိုင်သည်။
သို့သော် လုံလောက်သည်။
ပေတစ်ရာအတွင်း၌ ပုံရိပ်ဆယ်ခုက ဖိနှိပ်ခံထားရပြီး မလှုပ်ရှားနိုင်တော့ပေ။
ဟန်မူယဲ့က မျက်နှာမည်းကျင့်ကြံသူဆယ်ယောက်ကို ကြည့်လိုက်သည်။
သူတို့က သစ်သားနတ်ဘုရားနန်းတော်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကာကွယ်ထားသော ရုပ်သေးရုပ်အစောင့်များ ဖြစ်ကြသည်။
ရုပ်သေးရုပ်အစောင့်များ၏ ခွန်အားနှင့် အမြန်နှုန်းက လိုက်ဖက်ညီမှုရှိသည်။
သူတို့ကို အဆင့်တူကျင့်ကြံသူများက ခုခံနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ရုပ်သေးရုပ်များကို ဖိနှိပ်ထားပြီး ရှေ့တွင်ရှိသော ပုံရိပ်ယောင်ဆန်သည့်နန်းတော်ကို ကြည့်သည်။
ထိုနေရာတွင် ပေတစ်ထောင်မြင့်မားသော ဆွေးမြည့်နေသည့် သစ်ပင်ကြီးနှင့်အတူ သစ်ငုတ်တိုများက ကျောက်စရစ်မြေတွင် တည်ရှိနေသည်။
ထိုသစ်ပင်က သစ်ကိုင်းအများစုကို ဆုံးရှုံးထားပြီး အလွန်အိုဟောင်းနေသည်။
ထိုအရာသည် သူမြင်ခဲ့သော သစ်သားနတ်ဘုရားမ၏ ပန်းပွင့်သစ်ပင်ကြီးဖြစ်သည်။
‘ရှေးခေတ်ကျင့်ကြံသူတစ်ယောက်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်လား’
ဟန်မူယဲ့က ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး ဆွေးမြည့်နေသောသစ်ပင်ကြီးကို ထိကြည့်လိုက်သည်။
“ဘုန်း”
သစ်သားဓာတ်စွမ်းအားများက ဟန်မူယဲ့ကို အပိုင်စီးချင်သကဲ့သို့ ပြေးထွက်လာသည်။
‘ပူးကပ်ချင်တာလား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
သူ့ခန္ဓာကိုယ်က နတ်ဘုရားသားရဲကိုယ်ပွားဖြစ်သော်လည်း ဓားတာအိုမူလဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။
သူ့ခန္ဓာကိုယ်ကို အပိုင်လိုချင်လျှင် မူလဝိညာဉ်ဓားကို ခုခံနိုင်ရမည်။
မူလဝိညာဉ်ဓားက သူ၏ စိတ်နယ်ပယ်ထဲတွင် ခိုင်မာစွာရှိနေသည်။ တာအိုဘိုးဘေးတစ်ယောက် ရောက်လာခဲ့လျှင်ပင် ဟန်မူယဲ့က မူလဝိညာဉ်ဓားဖြင့် တိုက်ခိုက်ရဲသည်။
သစ်သားဓာတ်စွမ်းအားများက ရပ်တန့်သွားခဲ့သည်။
“မင်းက သစ်သားနတ်ဘုရားနန်းတော်ရဲ့ အမွေအနှစ်စမ်းသပ်မှုကို အောင်မြင်ရင် အရာအားလုံး ယူသွားလို့ရတယ်”
ဟန်မူယဲ့၏စိတ်ထဲတွင် အသံတစ်သံ ထွက်လာသည်။
ဟန်မူယဲ့၏ရှေ့တွင် အဖြူရောင့်ပွင့်လွှာဝတ်စုံဖြင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာသည်။
“ဂိုဏ်းတူညီမလား”
ဟန်မူယဲ့က ကြောင်အသွားသော်လည်း ခေါင်းခါလိုက်ပြီး ပြောသည်။
“မဟုတ်ဘူး”
ထိုအမျိုးသမီးကျင့်ကြံသူက မူဝမ်နှင့် အနည်းငယ်ဆင်တူသည်။
“ဓားကျင့်ကြံသူလား”
အမျိုးသမီးကျင့်ကြံသူက နောင်တရနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
“နှမြောစရာပဲ”
“ထွက်သွားပါတော့”
အမျိုးသမီးကျင့်ကြံသူ၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“အကြီးအကဲ၊ အမွေအနှစ်ကို ဆက်ခံဖို့အတွက် ဘယ်လိုလူမျိုးကို ရှာနေတာလဲ။ အာခီမီပညာရှင်လား”
အမျိုးသမီးကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“သစ်သားနတ်ဘုရားနန်းတော်က အာခီမီကျင့်ကြံခြင်းကို အလေးပေးတယ်။ အဲဒါကြောင့် ငါတို့က အာခီမီအမွေအနှစ်ကို လက်ဆင့်ကမ်းပေးတယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ဖျားတွင် ရွှေရောင်ဝိညာဉ်မီးတောက်ကို ထုတ်ဖော်သည်။
“ကျွန်တော်ကလည်း အာခီမီလမ်းစဉ်ကို လေ့လာထားတယ်။ ကြိုးစားကြည့်လို့ ရမှာပါ”
အမျိုးသမီးကျင့်ကြံသူက အံ့အားသင့်သွားသည်။ သူမက ဓားဝင်္ကပါထဲတွင် ပိတ်မိနေသော ရုပ်သေးရုပ်များကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“ကောင်းပြီလေ”
သူမက ထိုသို့ပြောလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းသည်။ ဆွေးမြည့်နေသော သစ်ပင်ကြီးဆီမှ သစ်ကိုင်းအချို့ ပြုတ်ကျလာသည်။
“ဘုန်း’
ဟန်မူယဲ့က မှုန်မှိုင်းနေသော တည်နေရာတစ်ခုသို့ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။
“ဒီသစ်ကိုင်းတွေကို အသက်တစ်ရာရှုကြိမ်အတွင်းမှာ မီးတောက်လာအောင် လုပ်ရမယ်”
အမျိုးသမီးကျင့်ကြံသူက ပြောလိုက်သည်။
‘ဒါကို စမ်းသပ်မှုလို့ခေါ်တာလား’
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်ချောင်းထိပ်တွင်ရှိသော ဝိညာဉ်မီးတောက်ဖြင့် သစ်ကိုင်းများကို ရစ်ပတ်လိုက်သည်။
သို့သော် သစ်ကိုင်းများကို မီးကူးမသွားခဲ့ပေ။
“ဒါကို ရွှေစိမ်းဝမ်ချွမ်သစ်သားလို့ ခေါ်တယ်။ လောကမှာ အမာကျောဆုံးသစ်သားတွေထဲက တစ်ခုပဲ။ နင်က အဲဒါကို မီးတောက်သွားအောင် လုပ်နိုင်ရင် ....”
အမျိုးသမီးကျင့်ကြံသူ၏စကားသံ မဆုံးခင် ဟန်မူယဲ့၏လက်ထဲတွင် အစိမ်းရောင်မီးတောက်တစ်ခု ပေါ်လာသည်။
“သစ်သားက သတ္တုကို ထိန်းချုပ်တယ်။ သတ္တုက ရေကို ထိန်းချုပ်တယ်။ ရေနဲ့မီးက အချင်းချင်းဆန့်ကျင်နေတယ်။ သစ်သားက ရေကို ထိန်းချုပ်တယ်။ ထိန်းချုပ်မှုနဲ့ ဆန့်ကျင်မှုတွေကြားမှာ ဟန်ချက်တစ်ခု ရှိရတယ်”
ဟန်မူယဲ့က တီးတိုးရေရွတ်သည်။ သူ့လက်ထဲတွင်ရှိသော အစိမ်းရောင်ဝိညာဉ်မီးတောက်က သစ်ကိုင်းများကို ရစ်ပတ်ပြီး လောင်ကျွမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် တည်နေရာတစ်ခုလုံးက ပိုမိုရှင်းလင်လာသည်။
“ကောင်းတယ်”
အမျိုးသမီးကျင့်ကြံသူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထို့နောက် သစ်ကိုင်းများ ထပ်ကျလာသည်။
“ဒုတိယအဆင့်မှာ စိမ်းရွှေဝမ်ချွမ်သစ်သားကို အသုံးပြုပြီး ဆေးလုံးသန့်စင်ရမယ်”
‘ဒီသစ်ကိုင်းတွေကို အသုံးပြုပြီး ဆေးလုံးသန့်စင်ရမှာလား’
‘သစ်ကိုင်းတွေနဲ့ ဘယ်လိုလုပ်ပြီး ဆေးလုံးသန့်စင်နိုင်မှာလဲ’
ဟန်မူယဲ့က သစ်ကိုင်းများကို ကြည့်သည်။
သစ်ကိုင်းပေါ်တွင် သစ်ရွက်ခြောက်များနှင့် ညှိုးနွမ်းနေသော ပွင့်ခိုင်များ ရှိနေကြသည်။ နူးညံ့သော သစ်ကိုင်းနုများလည်း ရှိနေသည်။ သို့သော် ခြောက်သွေ့နေပြီဖြစ်သည်။
သူက သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူသည်။
ဟန်မူယဲ့က သစ်ရွက်၊ ပွင့်ခိုင်နှင့် သစ်ကိုင်းနုများကို ချွေယူပြီး ရှေ့တွင် ထားလိုက်သည်။
“အပင်တစ်ပင်တည်းက ဖြစ်ပေမဲ့ မတူညီတဲ့ဆေးစွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်”
“ငါသိပြီ”
ဟန်မူယဲ့က တီးတိုးရေရွတ်ပြီး သစ်ကိုင်းများကို ခွဲခြမ်းလိုက်သည်။
သစ်ခေါက်၊ ပင်စည်နှင့် သစ်သားအူတိုင် ....
ခြောက်သွေ့နေသောသစ်ရွက်များကို ညင်သာစွာဆုတ်ဖြဲလိုက်သည်။
အကြော၊ အရွက်နှင့် အမျှင် ....
ပွင့်ခိုင်ကိုလည်း သုံးပိုင်းခွဲလိုက်သည်။
ပွင့်ချပ်အကာ၊ ပွင့်ချပ်နှင့် ဝတ်ဆံ ....
ချက်ချင်းဆိုသလိုပင် သစ်ကိုင်းက ဒါဇင်ချီနေသောအစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။
လောက၏အာခီမီတာအိုသည် အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာခဲ့သော်လည်း အသေးစိတ်ကျသော အချက်အလက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
‘အာကာသထဲမှာ ဆေးလုံးသန့်စင်နိုင်တဲ့ မဟာကျင့်ကြံသူကြီးတွေရှိနေတယ်လို့ ပြောကြတာ မထူးဆန်းတော့ပါဘူး။ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစွမ်းအင်တွေကိုလည်း ဆေးလုံးသန့်စင်ဖို့ အသုံးပြုနိုင်တာလား’
ဟန်မူယဲ့က မျက်လုံးများတောက်ပလာသည်။ သူက လက်မြှောက်လိုက်ပြီး အလင်းလုံးတစ်ခုကို ဆင့်ခေါ်သည်။
ထိုအလင်းလုံးက ပုံရိပ်ယောင်ဆန်သော မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့လက်ဝါးတွင် မီးလုံးတစ်လုံး ရစ်ပတ်နေပြီး ပုံရိပ်ယောင်မီးပြင်းဖိုကို လွှမ်းခြုံလိုက်သည်။
သူက သစ်ကိုင်းတစ်ခု၏ အစိတ်အပိုင်းအမျိုးမျိုးကို ဆေးလုံးအဖြစ် သန့်စင်တော့မည်ဖြစ်သည်။
ဘေးတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူက ပျော်ရွှင်သွားပုံပေါ်သည်။
မီးပြင်းဖိုထဲသို့ သစ်ကိုင်းများထည့်လိုက်သည်။ ထို့နောက် သစ်ရွက်၊ သစ်ခေါက်နှင့် ပွင့်ခိုင်များ စသည်ဖြင့် ဆက်ထည့်သည်။
မီးပြင်းဖိုထဲတွင် စွမ်းအားအမျိုးမျိုး သွယ်ယှက်နေသည်။
“သစ်သားဓာတ်က ပြင်းထန်နေတာလား။ မီးဓာတ်နဲ့ လျော့ချလိုက်သင့်တယ်”
“ရွှေစိမ်းဝမ်ချွမ်သစ်သားရဲ့ အူတိုင်မှာ သတ္တုဓာတ်တွေ ပါနေတာပဲ။ ဝတ်ဆံမှာပါတဲ့ ရေစွမ်းအားနဲ့ ဓာတ်ပြယ်သွားအောင် လုပ်ရမယ်”
....
ဟန်မူယဲ့က ဘေးတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူနှင့် သူ့ကိုယ်သူ ပြန်ပြောနေပုံရသည်။
မီးပြင်းဖိုထဲတွင် ဆေးစွမ်းအားများက ဖြည်းဖြည်းချင်းပေါင်းစပ်နေပြီး ပုံစံပေါ်လာသည်။
မီးပြင်းဖိုထဲတွင် တောက်ပနေသော ဝိညာဉ်အင်းကွက်များနှင့် ရွှေရောင်ဆေးလုံးတစ်လုံး ဖြစ်တည်လာခဲ့သည်။
“ဆေးစွမ်းအားက သန့်စင်ပြီး သစ်သားနဲ့သတ္တုဓာတ်စွမ်းအားတွေ ပါဝင်နေတယ်။ သစ်သားနဲ့ သတ္တုဓာတ်ကျင့်ကြံခြင်းအတွက် အသုံးပြုသင့်တယ်”
“ဒီဆေးလုံးက ....”
ဟန်မူယဲ့က မျက်လုံးများတောက်ပသွားပြီး တီးတိုးရေရွတ်သည်။
“ဆေးလုံးတစ်လုံးနဲ့ ရွှေအမြုတေအဆင့်တစ်ယောက်ကို ဖန်တီးနိုင်တယ်”
ဤဆေးလုံးကို အသုံးပြုလိုက်လျှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည်။ ထိုဆေးလုံးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသည်။
‘လောကမှာ ဒီလိုအဖိုးတန်ဆေးလုံးမျိုး ရှိနေသေးတာလား’
အမျိုးသမီးကျင့်ကြံသူက အံ့အားသင့်သွားသည်။ သူမက လက်မြှောက်လိုက်ပြီး ဆေးလုံးကို လှမ်းယူသည်။ ထို့နောက် အာရုံခံကြည့်လိုက်ပြီး ပြောသည်။
“နင့်ရဲ့နည်းလမ်းတွေက မဆိုးဘူးပဲ”
“နောက်တစ်ဆင့်က ....”
သူမက လက်ကို ဝှေ့ယမ်းပြီး ညှိုးနွမ်းနေသော သစ်ပင်ကြီးကို ဆွဲနှုတ်သည်။
“ဒီသစ်ပင်ကိုအသုံးပြုပြီး ဆေးလုံးသန့်စင်လိုက်ပါ”
‘ဒီသစ်ပင်လား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
“အကြီးအကဲ၊ ဒါက အကြီးအကဲရဲ့ ....”
ဟန်မူယဲ့က စကားကို အဆုံးမသတ်နိုင်ခဲ့ပေ။
အမျိုးသမီးကျင့်ကြံသူက ခပ်ဟဟရယ်သည်။
“ငါတို့ အာခီမီကျင့်ကြံသူတွေက ဓားကျင့်ကြံသူတွေနဲ့ မတူဘူး။ ငါတို့က ကိုယ့်ကိုယ်ကိုယ်စတေးပြီး မဟာတာအိုကို လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိကြတယ်”
“နင်က ဆေးလုံးသန့်စင်နိုင်မယ်ဆိုရင် ဒီအမွေအနှစ်က နင့်အတွက်ပဲ”
အမျိုးသမီးကျင့်ကြံသူ၏လက်ထဲတွင် ရွှေရောင်အလင်းလုံးတစ်ခု ပေါ်လာသည်။
အမွေအနှစ် ဝိညာဉ်ပုလဲလုံး ....
ရှေးခေတ်တွင် အမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် ထိုပစ္စည်းကို အသုံးပြုခဲ့သည်။ ထိုပစ္စည်းက ကျောက်စိမ်းပေလွှာနှင့် ဆင်တူသည်။
သို့သော် အမွေအနှစ်ဝိညာဉ်ပုလဲလုံးက ကျောက်စိမ်းပေလွှာထက် တန်ဖိုးကြီးသည်။ အထဲတွင် လူတစ်ယောက်၏ကျင့်ကြံခြင်းကို တိုက်ရိုက်လမ်းညွှန်ပေးနိုင်သော ဝိညာဉ်အမှတ်အသားတစ်ခု ရှိနေသည်။
အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့ယုံကြည်စေရန်အတွက် ဝိညာဉ်ပုလဲလုံးကို လက်ဖြင့်ထိလိုက်သောအခါတွင် ပုံရိပ်များပေါ်လာသည်။
ဆေးလုံးသန့်စင်နေသော ပုံရိပ်များ ဖြစ်ကြသည်။
အမှန်တကယ်ပင် အမွေအနှစ်ပုလဲလုံးဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူ့ရှေ့တွင်ရှိနေသော ပုံရိပ်ယောင်မီးပြင်းဖိုက ပေတစ်ထောင်မြင့်မားသွားပြီး သစ်ပင်ကို ချက်ချင်းလွှမ်းခြုံလိုက်သည်။
အာခီမီမီးတောက် ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်တည်နေရာက လျင်မြန်စွာ အားနည်းလာသည်။
အဝေးတစ်နေရာတွင် ဖိနှိပ်ခံထားရသော ရုပ်သေးရုပ်အစောင့်များက အန္တရာယ်ကို အာရုံခံမိပုံပေါ်ပြီး အစွမ်းကုန် ရုန်းကန်လိုက်ကြသည်။
သို့သော် သူတို့က ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို မချိုးဖောက်နိုင်ခဲ့ပေ။
ဟန်မူယဲ့၏ဘေးတွင်ရှိသော အမျိုးသမီးကျင့်ကြံသူက ပြုံးလိုက်ပြီး အမွေအနှစ်ပုလဲလုံးကို တင်းကျပ်စွာ ကိုင်ထားသည်။