← Chapters

အခန်း (၆၂၉)

Vol. 45 Ch. 629

အခန်း (၆၂၉)

Vol. 45 Ch. 629

မီးပြင်းဖိုထဲတွင်ရှိသော သစ်ပင်သည် အာခီမီမီးတောက်ကြောင့် အစိမ်းရောင်အလင်းစီးကြောင်းအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်၌ ပတ်ဝန်းကျင်တွင်ရှိသော သစ်ငုတ်တိုများက ပျက်စီးသွားသည်။

ဟန်မူယဲ့က သစ်ငုတ်တိုများကို လှည့်ကြည့်လိုက်ပြီး စိတ်ပျက်သွားသည်။

“ရှေးခေတ်မဟာကျင့်ကြံသူကြီးတစ်ယောက်က အရမ်းပါရမီကောင်းတယ်လို့ ထင်နေခဲ့တာ”

“ကံဆိုးတာပဲ။ နည်းနည်းတော့ စိတ်ပျက်မိတယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် အမျိုးသမီးကျင့်ကြံသူက ကြောင်အသွားသည်။ သူမက တည်ငြိမ်စွာပြောသည်။

“နင်က ငါ့ရဲ့ အာခီမီအမွေအနှစ်အကြောင်းကို ပြောနေတာလား”

“နင်က အမွေအနှစ်ဝိညာဉ်ပုလဲကို မရသေးခင်မှာ စိတ်ပျက်နေတာလား”

“နင်တို့ မျိုးဆက်သစ်တွေက တကယ့်ကို မောက်မာလာတာပဲ”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ကျွန်တော်က အကြီးအကဲရဲ့ အာခီမီအမွေအနှစ်ကို စိတ်မပျက်ပါဘူး။ အကြီးအကဲကို စိတ်ပျက်တာပါ”

အမျိုးသမီးကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့၏အသံကို ဆက်ကြားရသည်။

“ရှေးခေတ်မိစ္ဆာနတ်ဘုရားတစ်ပါးအနေနဲ့ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံထားရပေမဲ့ အာခီမီပညာရပ်ကို နားမလည်ဘူး။ အဲဒါကို စိတ်ပျက်တာပါ”

ဖိနှိပ်ခံထားရသော ရှေးခေတ်နတ်ဘုရားမိစ္ဆာ ....

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် အမျိုးသမီးကျင့်ကြံသူ၏မျက်နှာထားက အေးစက်သွားသည်။

သူက အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူအဖြစ်မှ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဝံပုလွေဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသော အရပ်ဆယ်ပေရှည်သည့် မိစ္ဆာနတ်ဘုရားအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက သစ်သားနတ်ဘုရားနန်းတော်ကို တိုက်ခိုက်ခဲ့သော ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားဖြစ်သည်။

“ငါ့ကို ထွင်းဖောက်ပြီးမြင်သွားတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးသည်။

“ဒါပေမဲ့ မင်းက ငါ့ကို ထွင်းဖောက်မြင်ထားတာတောင် ဆေးလုံးသန့်စင်ပေးတဲ့ ပထမဆုံးလူပဲ”

“စိတ်မပူပါနဲ့။ ငါက မင်းကို မသတ်ပါဘူး။ အခုအချိန်ကစပြီး မင်းက ငါ့ရဲ့ အာခီမီကျေးကျွန်တစ်ယောက် ဖြစ်လာလိမ့်မယ်”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက မောက်မာသောမျက်နှာထားဖြင့် ပြင်းထန်သောအရှိန်အဝါကို ထုတ်လွှတ်သည်။

သူက ဟန်မူယဲ့၏ရှေ့တွင်ရှိနေသော မီးပြင်းဖိုကို တောက်လောင်နေသောမျက်လုံးများနှင့် ကြည့်လိုက်သည်။

“သစ်သားနတ်ဘုရားမ၊ ငါက နင့်ကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် ငါက နတ်ဘုရားတစ်သောင်းကျဆုံးကပ်ဘေးကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး”

“အခု နင့်ရဲ့ဖိနှိပ်နိုင်စွမ်းက ပျောက်ကွယ်သွားပြီ။ ငါက နင့်ရဲ့ သစ်သားနတ်ဘုရားနန်းတော်ကို ဖျက်ဆီးပြီး ပျောက်ဆုံးသွားတဲ့နတ်ဘုရားနယ်မြေကို ရှာဖွေဖို့အတွက် သစ်သားနတ်ဘုရားနှလုံးသားကို ယူသွားလိုက်မယ်။ အဲဒါက မကောင်းဘူးလား”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက လက်ကိုဆန့်ထုတ်ပြီး မီးပြင်းဖိုကို ဆွဲယူသည်။

ပုံရိပ်ယောင်ဆန်သောမီးပြင်းဖိုက ပြိုကွဲသွားသည်။ ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက အစိမ်းရောင်အလင်းစီးကြောင်းကို ဆွဲယူလိုက်သည်။

သို့သော် အလင်းစီးကြောင်းက သူ့လက်နှင့် ထိတွေ့သွားသောအချိန်တွင် သူက မျက်နှာထားပြောင်းလဲသွားသည်။

အစိမ်းရောင်နွယ်ကြိုးတစ်ချောင်း ပေါ်လာပြီး သူ၏လက်ဝါး၊ လက်မောင်းနှင့် တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်သည်။

အလင်းစီးကြောင်းထဲမှ အစိမ်းရောင်နှင့်အဖြူရောင် ရောထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ထွက်လာခဲ့သည်။

သစ်သားနတ်ဘုရားမ ဖြစ်သည်။

ပန်းပွင့်သစ်ပင်အဖြစ် ပြောင်းလဲပြီး ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို ဖိနှိပ်ထားခဲ့သော သစ်သားနန်းတော်၏သခင်မ ဖြစ်သည်။

“နင်၊ နင်က စွမ်းအားတွေ ကုန်ခမ်းသွားပြီမဟုတ်ဘူးလား”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက မျက်လုံးပြူးသွားသည်။

သစ်သားနတ်ဘုရားမက ခေါင်းညိတ်လိုက်ပြီး ဘေးတွင်ရပ်နေသော ဟန်မူယဲ့ကို ကြည့်သည်။ သူမက ညင်သာစွာ ပြောသည်။

“နင်ပြောတာမှန်တယ်။ သူက နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံထားရပေမဲ့ အာခီမီပညာရပ်ကို နည်းနည်းလေးမှ နားမလည်ခဲ့ဘူး”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

သစ်သားနတ်ဘုရားမက နွယ်ကြိုးဖြင့်ရစ်ပတ်ခံထားရသော ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို ဂရုမစိုက်စွာ ကြည့်သည်။

“ဒီမိတ်ဆွေလေးက ဝိညာဉ်မီးတောက်နဲ့ သစ်ကိုင်းကို မီးရှို့လိုက်တဲ့အချိန်မှာ ရေဓာတ်မီးတောက်ကို သုံးခဲ့တယ်။ အဲဒီမီးတောက်က ငါ့ရဲ့ စွမ်းအင်အဆီအနှစ်ကို မထိခိုက်စေတဲ့အပြင် ဝိညာဉ်ကို အားဖြည့်ပေးပြီး ငါ့ကို ပြန်နိုးလာစေတယ်”

“သူက ဆေးလုံးသန့်စင်နေတဲ့အချိန်မှာ နင်က ဆေးလုံးတစ်လုံးကိုပဲ မြင်လိုက်ရပေမဲ့ သူက ဆေးလုံးတစ်ရာကို သန့်စင်ခဲ့တယ်။ နင်က တစ်လုံးယူသွားပြီး သူက ကျန်တဲ့ဆေးလုံးတွေကို ငါ့အတွက် ပေးခဲ့တယ်”

သစ်သားနတ်ဘုရားမက မျက်နှာထားပြောင်းလဲသွားသော ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို ကြည့်လိုက်ပြီး ပြုံးသည်။

“နင်က အဲဒီဆေးလုံးတစ်လုံးနဲ့ စွမ်းအားနည်းနည်းလောက်ပဲ ပြန်ရလိုက်တာမဟုတ်လား။ နင်က အချိန်အတော်ကြာအောင် ဖိနှိပ်ထားခံရတဲ့အတွက် ခွန်အားမရှိတော့ဘူး”

“အဲဒါတောင် သူ့ကို အာခီမီကျေးကျွန်တစ်ယောက်အဖြစ် လိုချင်သေးတယ်ပေါ့”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက အံတင်းတင်းကြိတ်လိုက်ပြီး ဟိန်းဟောက်သည်။ သစ်သားနတ်ဘုရားမက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“နင့်ရဲ့ အာခီမီကျင့်ကြံခြင်းက အရမ်းနက်နဲနေမယ်လို့ ထင်မထားခဲ့ဘူး”

“ဒီနေရာမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ချိပ်ပိတ်ခံထားရတဲ့အတွက် ကျင့်ကြံခြင်းလောကကြီးက တကယ်ပြောင်းလဲသွားပြီထင်တယ် ....”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သစ်သားနတ်ဘုရားမဖမ်းထားသော ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို ကြည့်သည်။

“အကြီးအကဲက ဒီမိစ္ဆာနတ်ဘုရားကို ဘယ်လိုကိုင်တွယ်မှာလဲ”

သစ်သားနတ်ဘုရားမက လက်မြှောက်သည်။ နွယ်ကြိုးက ချက်ချင်း နီရဲသွားသည်။

ဟိန်း‌ဟောက်နေခဲ့သော ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက တစ်ကိုယ်လုံးတုန်ခါလာပြီး အနက်ရောင်ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း သေးငယ်လာပြီး လက်ဝါးအရွယ်အစားရှိ‌သော အစိမ်းရောင်ဝံပုလွေတစ်ကောင် ဖြစ်သွားသည်။

“နင်က သူ့ကိုစိတ်ဝင်စားနေတာ ငါသိတယ်။ ဒါပေမဲ့ ငါတို့လိုမျိုး နှစ်ပေါင်းမ‌ရေမတွက်နိုင်အောင် အသက်ရှင်လာတဲ့ ကျင့်ကြံသူတွေက ဘယ်လိုနည်းလမ်းမျိုးတွေ ပိုင်ဆိုင်ထားလဲဆိုတာကို နင်သိမှာမဟုတ်ဘူး”

သစ်သားနတ်ဘုရားမက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းခါသည်။

သူမက လက်ကို ဆန့်ထုတ်လိုက်သောအခါ လက်ဖဝါးထဲတွင် အစိမ်းရောင်အလင်းလုံးတစ်လုံး ပေါ်လာခဲ့သည်။

ထို့အပြင် အမွေအနှစ် ဝိညာဉ်ပုလဲလုံးလည်း ရှိနေသည်။

“မိစ္ဆာနတ်ဘုရားရဲ့ နတ်စွမ်းအားနဲ့ ငါ့ရဲ့ အမွေအနှစ်ပုလဲလုံး။ တစ်ခုရွေးပါ”

နတ်စွမ်းအား ....

အမွေအနှစ်ပုလဲလုံး ....

နှစ်ခုလုံးက အလွန်ထူးခြားသောပစ္စည်းများ ဖြစ်ကြသည်။

ကမ္ဘာဦးခေတ်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း ‌ရှေးခေတ်နတ်ဘုရားတစ်ပါး၏ အမွေအနှစ်နှင့် မိစ္ဆာနတ်ဘုရားတစ်ပါး၏ အခြေခံအုတ်မြစ်က အသုံးဝင်နေဆဲဖြစ်သည်။

ထို့အပြင် ကျွမ်းကျင်သူများ ရှားပါးနေသော မျက်မှောက်ခေတ်၌ ထိုရတနာနှစ်ခုက ရှေးခေတ်၏ မဟာကျင့်ကြံသူများနှင့် ယှဉ်နိုင်သော ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်လိမ့်မည်။

ဟန်မူယဲ့က သစ်သားနတ်ဘုရားမကို မော့ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ကျွန်တော်က အကြီးအကဲရဲ့ ရုပ်သေးနည်းစနစ်ကို စိတ်ဝင်စားပါတယ်”

ရုပ်သေးနည်းစနစ် ....

သစ်သားနတ်ဘုရားမ၏မျက်နှာထားက ထူးဆန်းသွားသည်။

သူမက ဟန်မူယဲ့ကို စိုက်ကြည့်နေပြီး အမွေအနှစ်ပုလဲလုံးနှင့် နတ်စွမ်းအားကို ပြန်လည်ရုတ်သိမ်းသည်။ ထို့နောက် လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။ ပတ်ဝန်းကျင်တွင်ရှိသော သစ်သားတိုင်များက ပျောက်ကွယ်သွားပြီး သုံးပေရှည်လျားသော တုတ်တစ်ချောင်း ဖြစ်လာသည်။

“ယူလိုက်ပါ”

ဟန်မူယဲ့က တုတ်ချောင်းကို ယူလိုက်ပြီး ပြန့်ကျဲနေသော ဓားအမြုတေ ၃၆၁ခုကို သိမ်းသည်။ ထို့နောက် လှည့်ထွက်သွားသည်။

သူက အလွန်လျင်မြန်ပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။

ထွက်သွားသောဟန်မူယဲ့ကို ကြည့်လိုက်ပြီး သစ်သားနတ်ဘုရားမ၏မျက်နှာထားက ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

သူမ၏မျက်လုံးထဲတွင်ရှိသော အေးစက်မှုများက ပျောက်ကွယ်သွားပြီး ကြမ်းတမ်းမှုများ ဝင်ရောက်လာသည်။

“ရွှေဝံပုလွေ၊ ငါတို့က သူ့ကို အရူးမလုပ်နိုင်ခဲ့ဘူးထင်တယ်”

သစ်သားနတ်ဘုရားမက ရေရွတ်သည်။ သူမ၏ခြေထောက်ဘေးတွင် ရှိနေသော အစိမ်းရောင်ဝံပုလွေလေးက အသိဉာဏ်ပြည့်ဝနေသော မျက်လုံးတစ်စုံဖြင့် ခေါင်းမော့ကြည့်သည်။

“ဆည်ကို တစ်ယောက်တည်းဖြတ်ရဲတဲ့လူတွေက လူဆိုးမဟုတ်တဲ့လူ ရှားတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ကို ခွန်အားနည်းနည်းပြန်ရလာအောင် လုပ်ပေးသွားတယ်”

အစိမ်းရောင်ဝံပုလွေက အထီးကျန်နေသောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။

“ငါတို့က ဒီမှာပိတ်မိနေတာ နှာမြောစရာပဲ။ ငါတို့တစ်သက်လုံး ဒီကနေ ထွက်သွားနိုင်တော့မှာမဟုတ်ဘူး ....”

သစ်သားနတ်ဘုရားမက လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး ဝံပုလွေလေးကို ကောက်ချီလိုက်သည်။ ထို့နောက် လွတ်လပ်မှုပြန်ရသွားသော ရုပ်သေးရုပ်များကို ပြန်ကြည့်သည်။

“သွားကြစို့။ နတ်ဘုရားဥက္ကာခဲပေါက်ကွဲမှုက ဘယ်အချိန်မှာ ထပ်ဖြစ်လာမလဲ မသိဘူး။ ငါတို့ ရှင်သန်နိုင်ရင် ဒီကနေထွက်သွားမယ့်အကြောင်းကို ဆက်ပြောကြတာပေါ့”

....

ဟန်မူယဲ့က မိုင်တစ်ရာအကွာသို့ ရောက်သည်အထိ နောက်လှည့်မကြည့်ခဲ့ပေ။

သူ့မျက်လုံးများက တောက်ပနေပြီး ပြုံးလိုက်သည်။

သူက လက်မြှောက်လိုက်ပြီး သစ်သားနတ်ဘုရားမပေးခဲ့သော သစ်သားတုတ်ကို ထုတ်ကြည့်သည်။

“ရှေးခေတ်ကောင်းကင်သစ်သား၊ ဒီလိုရတနာမျိုးနဲ့ ရုပ်သေးလုပ်ထားတယ်လား။ ဖြုန်းတီးတာပဲ ....”

သူ့လက်ထဲတွင် ချီစွမ်းအင်အလင်းများ တောက်ပလာသည်။ သူ့ပတ်ဝန်းကျင်တွင် အနက်ရောင်ဝတ်စုံနှင့် ဓားကိုင်ထားသောပုံရိပ်များ ပေါ်လာသည်။

“ဒါက ရုပ်သေးနည်းစနစ်မဟုတ်ဘူး။ သစ်သားမျိုးဆက် ရတနာတစ်ခုပဲ”

ဒဏ္ဍာရီများအရ ရှေးခေတ်တွင် ကမ္ဘာမြေကိုးထပ်၌ အမြစ်တွယ်ပြီး ကောင်းကင်ဘုံကိုးဆင့်အထိ မြင့်တက်သွားသော သစ်ပင်ကြီးတစ်ပင် ရှိခဲ့သည်။

ထိုကောင်းကင်သစ်ပင်သည် လောက၏ သစ်သားမျိုးဆက်တွင် ထိပ်တန်းရတနာတစ်ခု ဖြစ်သည်။ သစ်ပင်၏ သစ်ရွက်တစ်ရွက်သည် ကမ္ဘာတစ်ခုကို ပျိုးထောင်ပေးနိုင်သည်။

ဟန်မူယဲ့က သုံးပေခန့်ရှည်လျားသော သစ်သားတုတ်ကို ကိုင်ထားပြီး သစ်သားမျိုးဆက်၏ ခမ်းနားသောစွမ်းအားများကို ခံစားကြည့်နေသည်။

ထိုစွမ်းအားက အဆုံးမရှိလုနီးပါး ဖြစ်နေသည်။

“ဘုန်း”

ပေါက်ကွဲသံနှင့်အတူ ဟန်မူယဲ့၏စိတ်ထဲ၌ ခမ်းနားသောမြင်ကွင်းတစ်ခု ပေါ်လာသည်။

ကောင်းကင်ကို ထောက်ပံ့ပေးထားသော သစ်ကိုင်းများနှင့် ကောင်းကင်ကို ဖုံးကွယ်ထားနိုင်သော သစ်ရွက်များကို မြင်လိုက်ရသည်။

ဓားအလင်းတစ်ခု ကျဆင်းလာပြီး လေဟာနယ်ထဲသို့ သစ်ကိုင်းတစ်ကိုင်း ပြုတ်ကျသွားသည်။ မရေမတွက်နိုင်သောကြယ်များ ပျက်စီးသွားခဲ့သည်။

နတ်ဘုရားအလင်းများဖြင့် တောက်ပနေသော လူတစ်ယောက်က သစ်ကိုင်းကို ဖမ်းယူလိုက်သည်။

နတ်ဘုရားအလင်းများ သွယ်ယှက်သွားသည်။ ထိုလူက ပြန်ပေါ်လာသောအချိန်တွင် သစ်ကိုင်းကို သုံးပေရှည်လျားသော တုတ်တစ်ချောင်းအဖြစ် ပြောင်းလဲလိုက်သည်။

ကောင်းကင်သစ်ပင်၏သစ်ကိုင်းကို ရိုးရှင်းစွာသန့်စင်လိုက်ပြီး တုတ်တစ်ချောင်းအဖြစ် ပြောင်းလဲခဲ့သည်။ ထိုတုတ်ချောင်းတွင် နာမည်ရှိသည်။

မြက်ရိတ်တံ ဖြစ်သည်။

လောကတွင်ရှိသော သစ်ပင်များအားလုံးကို ဤတုတ်ချောင်းဖြင့် ခိုင်းစေနိုင်သည်။

မြက်ရိတ်တံကို အစိမ်းရောင်နတ်ဘုရားအလင်းများဖြင့် လွှမ်းခြုံနေသော လူတစ်ယောက်က လက်လွှဲယူခဲ့သည်။

ထို့နောက် အလင်းနှင့်အမှောင် ရောယှက်သွားပြီး သစ်သားနတ်ဘုရားမက ဤသစ်သားတုတ်ကို အသုံးပြု၍ သစ်သားနတ်ဘုရားနန်းတော်ကို တည်ဆောက်ခဲ့သည်။

အပြင်လူများက သစ်သားနတ်ဘုရားမ၏ အမွေအနှစ်တွင် ထိပ်တန်းအဆင့်ရတနာတစ်ခုရှိနေကြောင်း သိထားကြသည်။ သို့သော် ထိုရတနာကို သေချာမသိကြပေ။

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက ထိုရတနာကိုသိမ်းယူရန်အတွက် ရောက်လာခဲ့သော်လည်း သစ်သားနတ်ဘုရားမ၏ မြက်ရိတ်တံကြောင့် ဖိနှိပ်ခံလိုက်ရသည်။

“သစ်သားနတ်ဘုရားမက ဒီလိုရတနာမျိုးကို လွယ်လွယ်ပဲ ပေးလိုက်တာလား”

ဟန်မူယဲ့က အနည်းငယ်ကြောင်အသွားပြီး တီးတိုးရေရွတ်သည်။

သူက မြက်ရိတ်တံကို ကြည့်လိုက်သောအခါ မရေမတွက်နိုင်လောက်သည့် ဝိညာဉ်အင်းကွက်များကို မြင်ရသည်။

ထိုအင်းကွက်တစ်ခုချင်းစီသည် အမွေအနှစ်တစ်ခု ဖြစ်သည်။

သစ်သားနတ်ဘုရားမ၏ အမွေအနှစ်သည် ဤတုတ်ချောင်းပေါ်တွင် ရှိနေသည်။

ဟန်မူယဲ့က ချီစွမ်းအင်ကို ရုတ်သိမ်းလိုက်သောအခါတွင် မျက်နှာမည်းကျင့်ကြံသူများ၏ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။ သူက သစ်သားနတ်ဘုရားနန်းတော်ကို လှမ်းကြည့်သည်။

သူက သစ်သားနတ်ဘုရားမနှင့်ပတ်သတ်ပြီး တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိသည့်အတွက် ရုပ်သေးနည်းစနစ်ကိုသာ တောင်းယူပြီး ထွက်လာခဲ့သည်။

သို့သော် သူက မည်သည့်အရာကိုပင် ယူသွားပါစေ သစ်သားနတ်ဘုရားမက အမွေအနှစ်ကို ရအောင်ပေးလိုက်သည်။

“ဆည်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ”

ဟန်မူယဲ့က လေးနက်သောမျက်လုံးများဖြင့် မြက်ရိတ်တံကို ဆုပ်ကိုင်ထားသည်။

“ဘန်း”

ပေတစ်ရာမြင့်မားသော အနက်ရောင်ချပ်ဝတ် ဝက်သိုးတစ်ကောင်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာခဲ့သည်။

All Chapters