← Chapters

အခန်း (၆၃၂)

Vol. 46 Ch. 632

အခန်း (၆၃၂)

Vol. 46 Ch. 632

ဟန်မူယဲ့က အလျင်မလိုပေ။ သူက တာအိုဆရာတယန်နှင့် သုံးလေးရက်ခန့် လျှောက်သွားနေပြီး ဖရိုဖရဲနတ်ဘုရားခန်းဆောင်၊ ရှေးတိမ်တိုက်စကြဝဠာတို့နှင့် ပတ်သတ်သော သတင်းအချက်အလက်များကို စုစည်းလိုက်သည်။

ထို့နောက် ဟန်မူယဲ့က တာအိုဆရာတယန်နှင့်အတူ မိုင်သောင်းချီအကွာတွင်ရှိသော ကြယ်တစ်စင်းဆီသို့ ပျံသန်းသွားခဲ့သည်။

ထိုကြယ်သည် ကျင်းခယ်ကြယ်ဖြစ်ပြီး မိုင်ပေါင်း သန်းတစ်ထောင်ပတ်ဝန်းကျင်တွင် အကြီးမားဆုံးကြယ် ဖြစ်သည်။ ကြယ်ကိုအုပ်ချုပ်ထားသောဂိုဏ်းသည် ကျင်းမင်တာအိုဂိုဏ်းဖြစ်ပြီး ကောင်းကင်အဆင့်ကို ကျော်လွန်သွားသော ကျင့်ကြံသူကြီးများ ရှိနေကြသည်။

ဟန်မူယဲ့ခန့်မှန်းထားသည့်အတိုင်း ကျင်းခယ်ကြယ်ကို သန့်စင်ထားခဲ့သည်။

ကြယ်ပိုင်ရှင်သည် ကြယ်ကို အလုံးစုံ ထိန်းချုပ်နိုင်သည်။

သို့သော် သူ၏ နားလည်နိုင်စွမ်းအရ ကြယ်ပိုင်ရှင်သည် ကျင်းမင်တာအိုဂိုဏ်းဖြစ်ပြီး မဟာပုဂ္ဂိုလ်ကြီးတစ်ဦး မဟုတ်ခဲ့ပေ။

ကျင်းမင်တာအိုဂိုဏ်းသည် ဝင်္ကပါ၏အကူအညီဖြင့် ကြယ်ပေါ်တွင်ရှိသော အရာအားလုံးကို ထိန်းချုပ်နိုင်သည်။

သူတို့က သဘာဝစွမ်းအင်များကို စုစည်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းမှ စတင်၍ ကပ်ဘေးလှုံ့ဆော်ခြင်းအထိ ပြုလုပ်ပေးနိုင်သည်။

ဤကြယ်ပေါ်တွင် ကျင်းမင်တာအိုဂိုဏ်းသည် ကောင်းကင်နှင့်မြေကြီး၏ တာအို ဖြစ်သည်။

ဟန်မူယဲ့က ကျင်းခယ်ကြယ်ပေါ်သို့ ရောက်လာသောအချိန်တွင် ဖရိုဖရဲနတ်ဘုရားခန်းဆောင်သို့ တိုက်ရိုက်သွားလိုက်သည်။

“ဘုန်း”

သူက မိုင်တစ်သောင်းခန့်အကွာသို့ ရောက်လာသောအခါတွင် တုန်ခါသံကို ကြားလိုက်ရသည်။ ထို့နောက် တိုက်ခိုက်သံများကို ဆက်ကြားရသည်။

တာအိုဆရာတယန်က စပ်စုချင်နေသော်လည်း ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ထွက်သွားသည်။

သူက‌ ရှေးတိမ်တိုက်စကြဝဠာနှင့် မသက်ဆိုင်ပေ။ ဤနေရာတွင်ရှိသော ရန်ပွဲများတွင် ဝင်ပါရန် မလိုအပ်ပေ။

သို့သော် သူက တစ်ဖက်သို့ လှည့်လိုက်သောအချိန်တွင် နောက်ကျောဘက်မှ စူးရှသောအော်ဟစ်သံကို ကြားရသည်။

လူအများအပြား ပျံသန်းလာကြသည်။

ထို့နောက် သင်္ဘောပျံတစ်စင်း၏အသံကို ထပ်ကြားရသည်။

ဟန်မူယဲ့က ပျံသန်းနေသောလူများကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

လူတစ်ယောက်က နောက်သို့ လှည့်ကြည့်သည်။

“ကောင်လေးဟန်လား”

ဘေးတွင်ရှိသောလူများက ရပ်တန့်သွားသောလူကို ဆွဲခေါ်လိုက်သည်။

“လူအိုကြီးထူ၊ မြန်မြန်ထွက်သွားရအောင်။ အံ့ဖွယ်ရွှေတာအိုဂိုဏ်းရဲ့ တပည့်တွေရောက်လာရင် ငါတို့ အသတ်ခံရလိမ့်မယ်”

လူအိုကြီးထူက ခေါင်းညိတ်လိုက်ပြီး တီးတိုးရေရွတ်သည်။

“ငါက အမြင်မှားနေတာပဲဖြစ်ရမယ်။ ဒါက ရှေးတိမ်တိုက်စကြဝဠာပဲ။ ဒီကိုလာဖို့ အရမ်းခက်တယ်။ အဲဒီကောင်လေးက အံ့ဖွယ်ကောင်းကင်ကမ္ဘာရဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ရှိနေတာလေ။ ဒီကိုလာဖို့ မဖြစ်နိုင်ဘူး ....”

သူက စကားပြောလိုက်ပြီး ဓားကိုမြှောက်၍ ခုတ်ချသည်။

“ဘုန်း”

သူ့ဓားချက်ကြောင့် ရှေ့တွင်ရှိသော ဆယ်မိုင်ပတ်ဝန်းကျင်သည် ပြိုကျသွားပုံပေါ်သည်။ ချီစွမ်းအင်အလင်းတိုင်များ ‌ပေါ်ထွက်လာကြသည်။

ထိုနေရာတွင် ဖုံးကွယ်ထားသော ဝင်္ကပါတစ်ခု ရှိနေသည်။

ထိုဓားချက်ကြောင့်သာမဟုတ်လျှင် သူတို့က ဝင်္ကပါထဲသို့ ရောက်သွားပြီး သေဆုံးရလိမ့်မည်။

“လူအိုကြီးထူ၊ မင်းရဲ့ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်က တကယ်အသုံးဝင်တာပဲ။ မဟုတ်ရင် ငါတို့က ဝင်္ကပါထဲမှာ အဖမ်းခံရပြီးသာ ဖြစ်သွားလိမ့်မယ်”

မုတ်ဆိတ်နှင့်လူကြီးတစ်ယောက်က ပြုံးလိုက်ပြီး ပြောသည်။

“ဝှစ်”

သူတို့အားလုံးက ဆက်လက်ပျံသန်းသွားကြသည်။ သို့သော် မိုင်တစ်ရာအကွာတွင် ရပ်တန့်လိုက်ရပြန်သည်။

ရှေ့တွင် ဓားအိမ်တစ်လက်လွယ်ထားသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က လက်ပိုက်၍ ရပ်နေသည်။

“ဘာလို့ပြေးနေကြတာလဲ”

“လျှိုချွမ်ဓားပြတွေထဲမှာ မင်းတို့ ငါးယောက်ပဲကျန်တော့တယ်။ ကျန်တဲ့နှစ်ယောက်က ငါ့ရဲ့ အံ့ဖွယ်ရွှေတာအိုဂိုဏ်းမှာ မင်းတို့နဲ့ပြန်ပြီးဆုံစည်းဖို့ စောင့်နေကြတယ်”

လူငယ်က လှောင်ပြောင်လိုက်ပြီး လူအိုကြီးထူကို ကြည့်သည်။

“ဓားတစ်သောင်းထူ၊ မင်းရဲ့စွမ်းရည်ကို ကြည့်ရအောင်”

“ခလွမ် ....”

သူက ဓားရှည်ကို ဆွဲထုတ်သည်။ သူ၏ ဓားအလင်းသည် အရိုးထဲအထိ အေးစက်နေသည်။ သူက ပေတစ်ထောင်အကွာတွင် ရပ်နေသော်လည်း ဓားအလင်းက လူများကို ဝါးမြိုနိုင်ပုံပေါ်သည်။

တားဆီးခံထားရသောလူများက မျက်နှာထားပြောင်းလဲသွားသည်။ သူတို့က ပြေးဝင်သွားတော့မည့်အချိန်တွင် လူအိုကြီးထူက လက်မြှောက်၍ တားဆီးလိုက်သည်။

“အံ့ဖွယ်ရွှေတာအိုဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ရေခဲဓား ယွီရှန်”

လူအိုကြီးထူက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဓားရိုးပေါ်တွင် လက်တင်သည်။

“ဝိညာဉ်သူငယ် အဌမအဆင့် မဟာဓားကျင့်ကြံသူတစ်ယောက်ပဲ”

ဝိညာဉ်သူငယ် အဌမအဆင့် ....

ကျန်လူများက တုန်ခါသွားကြသည်။

သူတို့ထဲတွင် ကျင့်ကြံဆင့်အမြင့်ဆုံးလူသည် ဝိညာဉ်သူငယ် ဆဌမအဆင့်တွင်ရှိသော လူအိုကြီးထူ ဖြစ်သည်။

ဝိညာဉ်သူငယ် အဌမအဆင့် ကျင့်ကြံသူ၏ရှေ့တွင် သူတို့က ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် ဓားတစ်ချက်ကို တားဆီးနိုင်မည်မဟုတ်ပေ။

“မင်းက ငါ့ရဲ့ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို မြင်ချင်တယ်ဆိုမှတော့ ပြပေးရမှာပေါ့”

လူအိုကြီးထူက ညင်သာစွာပြုံးလိုက်ပြီး ဓားကိုဆွဲထုတ်၍ ပျံတက်သွားသည်။

ဓားက လေထုထဲတွင် သန်းချီသောဓားများအဖြစ် ကွဲထွက်သွားသည်။

“ဒီဓားချက်ကို ဓားတစ်သောင်းတို့အိမ်အပြန်လို့ ခေါ်တယ်။ ဒါက လောကမှာရှိတဲ့ သာမန်ဓားကျင့်ကြံသူတွေအတွက် မဟာတာအိုအထိ လမ်းဖွင့်ပေးဖို့ ရည်ရွယ်ထားတဲ့ နည်းစနစ်ပဲ”

“ငါက ဒီနည်းစနစ်နဲ့ပတ်သတ်ပြီး အခြေခံလောက်ပဲ သိသေးတယ်။ မင်းဆီကနေ အကြံတောင်းပါရစေ”

ဓားအလင်းများက ဓားတစ်လက်အဖြစ် စုစည်းသွားသည်။ လူအိုကြီးထူက အော်ဟစ်လိုက်ပြီး ယွီရှန်ကို ဓားအလင်းဖြင့် ခုတ်ချသည်။

ယွီရှန်၏မျက်လုံးများက တောက်ပသွားသည်။ သူက လက်ထဲတွင်ရှိသောဓားကို ချက်ချင်းမြှောက်၍ ဝှေ့ယမ်းလိုက်သည်။

“ခလွမ် ....”

မရေမတွက်နိုင်သောဓားများ ထိတွေ့သွားသည့်အသံကို ကြားနိုင်သည်။

သိပ်မဝေး‌သောနေရာတွင် သင်္ဘောပျံနှစ်စင်းက သူတို့ကို ဝိုင်းရံထားလိုက်သည်။

လူတိုင်းက လေထုထဲတွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိတွေ့သွားသော ဓားနှစ်လက်ကို ကြည့်နေကြသည်။

“အရမ်းကောင်းတဲ့ ဓားနည်းစနစ်ပဲ”

အသက်တစ်ရာရှူကြိမ်အကြာတွင် ယွီရှန်က အော်ဟစ်လိုက်ပြီး နောက်ဆုတ်သည်။

သူက ပေတစ်ထောင်အကွာသို့ ရောက်သွားသောအချိန်တွင် ဓားအလင်းများ ‌ပျောက်ကွယ်သွားခဲ့သည်။ လူအိုကြီးထူက ဓားရှည်တစ်လက်ကို ကိုင်ထားပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူ့ဓားကလည်း အနည်းငယ် တုန်ခါနေသည်။

“ဓားနည်းစနစ်တစ်ခုတည်းကို အသုံးပြုပြီး ငါနဲ့ အချိန်အကြာကြီး တိုက်ခိုက်နိုင်တဲ့အတွက် မင်း ဓားတစ်သောင်းထူက တကယ် တော်တာပဲ”

ယွီရှန်က ဓားတစ်သောင်းထူကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“မင်းက အရှုံးပေးလိုက်ပြီး ငါတို့ဂိုဏ်းကနေခိုးသွားတဲ့ အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို ပြန်ပေးလိုက်ပါ။ မင်းကို ခက်ခဲအောင် မလုပ်ဘူး”

ဓားတစ်သောင်းထူက ဓားရှည်ကို ကိုင်ထားပြီး စကားမပြောပေ။

“အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်က ငါတို့ဂိုဏ်းရဲ့ပစ္စည်းပဲ။ မင်းတို့ အံ့ဖွယ်ရွှေတာအိုဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ”

ဓားတစ်သောင်းထူ၏နောက်တွင် ရှိနေသော သက်လတ်ပိုင်းအရွယ် ဓာကျင့်ကြံသူတစ်ဦးက ဒေါသတကြီး‌ အော်ဟစ်လိုက်သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ယွီရှန်၏မျက်နှာထားက အေးစက်သွားသည်။ ထက်မြိနေသော ဓားဆန္ဒတစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်လာသည်။

ဓားတစ်သောင်းထူက ဓားဖြင့် ရှေ့သို့ ညွှန်ပြသည်။ ဓားအလင်းများ စုစည်းလာကြပြန်သည်။

“ဓားတစ်သောင်းထူ၊ ငါက မင်းကို မျက်နှာသာပေးပြီးပြီ။ မင်းက အသိဉာဏ်မရှိဘူးပဲ။ မင်းရဲ့ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်က ဒီလောက်ပါပဲ”

ယွီရှန်၏လက်ထဲတွင်ရှိသော ဓားသည် ရေခဲမြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ မြွေက ရစ်ခွေနေပြီး ခပ်နိမ့်နိမ့် ဟိန်းဟောက်သည်။

ရေခဲမြွေ ပေါ်လာသောအချိန်တွင် ပတ်ဝန်းကျင်၌ ရေခဲပန်းပွင့်များ လွင့်မျောနေခဲ့သည်။

ပေသုံးထောင်ပတ်ဝန်းကျင်တွင် အအေးဓာတ်များ တစ်လွှာပြီးတစ်လွှာ လွှမ်းခြုံသွားသည်။

ဓားတစ်သောင်းထူ၏ဓားက ချက်ချင်း အေးခဲသွားသည်။

သူက လက်ထဲတွင်ရှိသောဓားကို ကြည့်လိုက်ပြီး မျက်နှာထား လေးနက်လာသည်။

သူ့နောက်တွင်ရှိနေသော ကျင့်ကြံသူများက အစွမ်းကုန်ကြိုးစားပြီး အအေးဓာတ်ကို ခုခံနေသည်။ သို့သော် သူတို့၏မျက်နှာများက ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ခါနေကြသည်။

“ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်က ဒီလောက်ပါပဲတဲ့လား”

ထိုအချိန်တွင် တည်ငြိမ်သောအသံ ပေါ်ထွက်လာသည်။

“ဟန်မူယဲ့”

ဓားတစ်သောင်းထူက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ယွီရှန်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ရှေ့သို့ လှမ်းကြည့်သည်။

“ရွှပ် ....”

လိုက်ကာစတစ်ခု ပြတ်တောက်သွားသကဲ့သို့ အေးခဲနေသောကမ္ဘာက ပြိုကျသွားခဲ့သည်။

နှင်းပွင့်များက တစ်ခါမှ မတည်ရှိဘူးသကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ရေခဲမြွေက တုန်ခါနေပြီး ဓားတစ်လက်အဖြစ် ပြန်ပြောင်းသွားပြီး ယွီရှန်၏ရှေ့တွင် လွင့်မျောနေသည်။

“မင်းက ဘယ်သူလဲ”

ယွီရှန်က လေပေါ်တွင်လမ်းလျှောက်နေသော ဟန်မူယဲ့ကို လှမ်းကြည့်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားချီများ စုစည်းနေသည်။

ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ဓားချီနှင့် ချီစွမ်းအားများ မရှိပေ. သို့သော် တစ်ဖက်လူက သူ၏ဓားဖြင့် တည်ဆောက်ထားခဲ့သော ရေခဲကမ္ဘာကို လွယ်ကူစွာ ဖျက်ဆီးနိုင်ခဲ့သည်။ ထိုလူက သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

“မင်းက ငါဘယ်သူလဲဆိုတာကို သိစရာမလိုဘူး”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး နောက်တွင်ရှိနေသော ဓားတစ်သောင်းထူကို ကြည့်သည်။ သူ့လက်ထဲတွင် အစိမ်းရောင်ဓားတစ်လက် ပေါ်လာသည်။

“ငါ့ရဲ့ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို ခုခံပြီးရင် မင်းကို သွားခွင့်ပြုမယ်”

ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ် ....

သူ့ရှေ့တွင်ရှိနေသော လူကလည်း ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို တတ်မြောက်ထားသည်။

ဓားတစ်သောင်းထူမှလွဲ၍ ကျန်လူများအားလုံး မျက်လုံးပြူးသွားကြသည်။

ဓားတစ်‌သောင်းထူက ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကြောင့် ကျော်ကြားသည်။ ထိုနည်းစနစ်က လောကတွင်ရှိသော အဆင့်နိမ့်ဓားကျင့်ကြံသူများအတွက် လမ်းဖောက်ပေးနိုင်သည်ဟု ဓားတစ်သောင်းထူက အမြဲပြောသည်။ သို့သော် ထိုနည်းစနစ်ကို အသုံးပြုနိုင်သည့် ဒုတိယမြောက်လူကို မတွေ့ဘူးကြပေ။

ယနေ့တွင် နောက်တစ်ယောက် ပေါ်လာခဲ့ပြီဖြစ်သည်။

‘သူက ဓားတစ်သောင်းထူရဲ့ ဂိုဏ်းတူညီလေးလား။ ဒါမှမဟုတ် မျိုးဆက်တူတာလား’

“လူအိုကြီးထူ၊ ပူးပေါင်းပြီး တိုက်ခိုက်ကြမလား”

အစောပိုင်းတွင် စကားပြောခဲ့သော ခန္ဓာကိုယ်တောင့်တင်းသည့် ဓားကျင့်ကြံသူက တီးတိုးပြောသည်။

‘ပူးပေါင်းရမှာလား’

ဓားတစ်သောင်းထူက တုံ့ဆိုင်းနေသည်။

သူက ဟန်မူယဲ့၏ ဓားပညာရပ်ကို လေးစားသည်။

သို့သော် ဟန်မူယဲ့၏ ကျင့်ကြံခြင်းက ....

“ဝီ”

ထိုအချိန်တွင် ဟန်မူယဲ့၏ဓားက တုန်ခါလာသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

“အကျိုးနည်း၊ ဓားဝိညာဉ်သူငယ်”

ဓားတစ်သောင်းထူက မျက်လုံးပြူးသွားခဲ့သည်။

ဓားတာအို၏ ဝိညာဉ်သူငယ် ....

ယွီရှန်းကလည်း ထိတ်လန့်သွားခဲ့သည်။ သူက ဓားရှည်ကို လျင်မြန်စွာဆုပ်ကိုင်လိုက်ပြီး ချီစွမ်းအင်အလင်းကို ထုတ်ဖော်သည်။

လူတစ်ယောက်က ဓားတာအို၏ အထွတ်အထိပ်သို့ ရောက်သွားလျှင် ဓားဝိညာဉ်သူငယ်ကို ထုတ်ဖော်နိုင်လိမ့်မည်။

သူ့ရှေ့တွင်ရှိနေသော လူသည် သန့်စင်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဓားဝိညာဉ်သူငယ်ကို ဖွဲ့စည်းထားနိုင်သော ဓားကျင့်ကြံသူတစ်ယောက်တွင် ကျင့်ကြံဆင့်၏ ကန့်သတ်ချက်များ မရှိပေ။ ထိုလူမျိုးနှင့် တိုက်ခိုက်ရာတွင် ကျင့်ကြံဆင့်နှင့်ပတ်သတ်၍ ထည့်မတွက်သင့်ပေ။

“ဘုရားရေ၊ ဓားဝိညာဉ်သူငယ်ပဲ။ ငါက နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့ပေမဲ့ ဓားဝိညာဉ်သူငယ်ကို ဖွဲ့စည်းနိုင်တဲ့လူ သုံးယောက်ပဲ မြင်ဖူးတယ်”

ဓားတစ်သောင်းထူ၏နောက်တွင် ရှိနေသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။

“အဆုံးမဲ့ညီညွှတ်ခြင်းဓားအိမ်ရဲ့ ပိုင်ရှင်က ဓားဝိညာဉ်သူငယ်ကို ဖွဲ့စည်းထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်လို့ ပြောတကြယ်”

“အဆုံးမဲ့ညီညွှတ်ခြင်းဓားဂိုဏ်းမှာ ဓားဝိညာဉ်သူငယ်ကို ဖွဲ့စည်းနိုင်မယ့် နည်းလမ်းရှိတယ် ....”

ဓားတစ်သောင်းထူ၏ဘေးတွင် ရပ်နေသော ခန္ဓာကိုယ်တောင့်တင်းသည့် ဓားကျင့်ကြံသူက ပြောလိုက်သည်။ သူက ဟန်မူယဲ့၏ ဦးခေါင်းထက်တွင်ရှိသော ဓားဝိညာဉ်သူငယ်ကို တောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေသည်။

ဟန်မူယဲ့က ဓားရှည်ကို ကိုင်ထားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ့မှာ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်လို့ ခေါ်တဲ့ ဓားကွက်တစ်ခု ရှိတယ်”

“အဲဒီဓားကွက်က ဓားနည်းစနစ်တစ်သောင်းကို အခြေခံအဖြစ် အသုံးချပြီး လောကမှာရှိတဲ့ ဓားကျင့်ကြံသူတွေအားလုံးအတွက် လမ်းဖွင့်ပေးနိုင်တယ်”

“ဒီနည်းစနစ်ကို ကျင့်ကြံဖို့ဆိုရင် ဓားနည်းစနစ်တစ်သောင်းကို အရင်ဆုံး လေ့ကျင့်ရမယ်။ အဆုံးမှာတော့ ဓားတစ်သောင်းက ဓားတစ်လက်အဖြစ် ပြောင်းသွားလိမ့်မယ်”

သူ့အသံက ဓားအလင်းနှင့်အတူ ထွက်ပေါ်လာသည်။ ဟန်မူယဲ့က ဓားဖြင့် ထိုးသွင်းလိုက်သည်။

All Chapters