ရန်ကျောက်ကဲကအခြားသောကြေယ်စင်များကို မှေးမှိန်သွားစေခဲ့
Vol. 13 Ch. 179
အခန်း (၁၇၉) ရန်ကျောက်ကဲကအခြားသောကြေယ်စင်များကို မှေးမှိန်သွားစေခဲ့
ကျောက်ဟိုက တောက်ပသည့်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။ သူ့မျက်နှာက အရင်ကနှင့်မတူ အလွန်တရာ တည်ကြည်လေးနက်နေသည်။ သူက စကားမပြောဘဲ အချိန်ကြာမြင့်စွာ ငြိမ်သက်နေလေသည်။
အခြားဘက်တွင်တော့ ကျောက်ဟိုကဲ့သို့ တုံ့ပြန်မှုပြုသူတစ်ယောက် ရှိနေခဲ့သည်။ ထိုသူက နေသူတော်စင်ဂိုဏ်းမှ အလင်းမင်းသား’ဟွမ်ကျိ’ ပင် ဖြစ်သည်။
ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားဖြင့် ပုံရိပ်ယောင်မိုးမြေကို ဖန်ဆင်းပြီး ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင်ဖြစ်ကြောင်း ထုတ်ဖော်ပြလိုက်ချိန်တွင် နေရာမှာပင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည့် ဟွမ်ကျိ၏ မျက်လုံးများထဲ၌ အလင်းရောင်များ တောက်ပနေသည်။
သို့သော် ထိုအလင်းရောင်များ ချက်ချင်းပြန်လည်ပျောက်ကွယ်သွားပြီး အရင်အတိုင်းပင် အေးဆေးတိတ်ဆိတ်သည့်အသွင် ပြန်ဖြစ်သွားသည်။
ရန်ကျောက်ကဲက ‘မိုးကြိုးတုန်လှုပ်သိုင်းကွက်’ ထုတ်ဖော်ကာ ရှဲ့ကျစ်ယီ၏ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို အနိုင်ယူလိုက်သည့်အခါ ဟွမ်ကျိ၏ တိတ်ဆိတ်နေသည့် အမူအရာက ပိုမိုနက်ရှိုင်းကာ လျှို့ဝှက်ဆန်းကျယ်လာသည်။
ရန်ကျောက်ကဲကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် ထန်ယုံဟောင်က သိမ်မွေ့စွာဖြင့် စကားဆိုသည်။
“သူနဲ့ ပညာဖလှယ်နိုင်တဲ့နေ့ကို အနှေးနဲ့အမြန်ရောက်လာတော့မယ်လို့ ငါ မျှော်လင့်ထားတယ် ၊ ငါတို့နှစ်ယောက် ဘယ်သူပဲ အနိုင်ရပါစေ အတွေ့အကြုံတွေအများကြီးရမယ်လို့ ယုံကြည်တယ်”
ထိုစကားကိုကြားသည့်တိုင် ဟွမ်ကျိက တိတ်ဆိတ်ငြိမ်သက်လျှက်ပင် ရှိသည်။
အခြားသူများလည်း သတိပြန်ဝင်လာကြပြီး သူတို့၏အကြည့်များက ရွှီဖေး ၊ ထန်ယုံဟောင်နှင့် စုန့်ချောင်တို့ (၃)ယောက်ဆီသို့ ကျရောက်သွားသည်။
ရှဲ့ကျစ်ယီ ရှုံးနိမ့်သွားပြီးနောက် ရန်ကျောက်ကဲကို ဆက်လက်စိန်ခေါ်နိုင်ရန် အရည်အချင်းရှိသူဆို၍ ကောင်းကင်ချိတ်ဆက်အဆင့် လူငယ် (၃)ယောက်သာ ကျန်ရှိတော့သည်။
ရွှီဖေးက ရန်ကျောက်ကဲနှင့် ဂိုဏ်းတူညီအစ်ကိုများဖြစ်လေရာ အချင်းချင်း တိုက်ခိုက်မည် မဟုတ်ပေ။ ပညာစမ်းချင်သည်ဆိုလျှင်တောင်မှ တောင်ပေါ်ပြန်ရောက်မှ ညီအစ်ကိုချင်း တိုးတိုးတိတ်တိတ် စိန်ခေါ်မည် ဖြစ်သည်။
ထန်ယုံဟောင်ကတော့ သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်သူကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်ပင်။
ထို့ကြောင့် လူတိုင်း၏အကြည့်က ပင်လယ်ခုနစ်စင်းသခင်လေး’စုန့်ချောင်ထံ ရောက်ရှိသွားကြသည်။
စုန့်ချောင်က ကျောက်စိမ်းပင်လယ်မြို့တော်၏ မြို့တော်သခင် စုန့်ဝူလျန်၏ သားဖြစ်ပြီး ကျောက်စိမ်းပင်လယ်မြို့တော်၏ နောက်ပိုင်းမျိုးဆက်လူငယ်များထဲတွင် ထိပ်တန်းတစ်ယောက် ဖြစ်သည်။ ထွန်းလင်းဓားအရှင် “ထန်ယုံဟောင်” ကို သိုင်းကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည့်တိုင် ဂုဏ်သိက္ခာကျဆင်းစရာ အကြောင်းမရှိပေ။
ထို့ပြင် သူက ရန်ကျောက်ကဲနှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မင်းသား (၄)ပါးတွင် တစ်ပါးအဖြစ် ချီးကျူးခံရသူ ဖြစ်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ဝါဒတောင်တို့က မဟာမိတ်များဖြစ်ကြသော်လည်း တပည့်အချင်းချင်း သိုင်းမပြိုင်ရဟု တားဆီးထားခြင်း မရှိပေ။ လေထဲတွင် သွေးရနံ့လွှမ်းသည့် သေခြင်းရှင်ခြင်းတိုက်ပွဲမျိုးသာလျှင် ရှောင်ရှားကြမည် ဖြစ်သည်။
သို့ပေသိ စုန့်ချောင်က ရန်ကျောက်ကဲနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ လူတိုင်းက သူ့ကိုစိုက်ကြည့်နေကြသည့်တိုင် သူက သိမ်မွေ့တည်ကြည်သည့်ဟန်ပန်ကို ထိန်းသိမ်းထားမြဲဖြစ်သည်။
စုန့်ချောင်၏အမူအရာအရ ယနေ့အဖို့ ရန်ကျောက်ကဲနှင့် စုန့်ချောင် တိုက်ပွဲကို တွေ့မြင်ရမည်မဟုတ်ဟု အားလုံး နားလည်လိုက်ကြသည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတစ်ခုလုံးတွင် နဂါးနှင့်ကျားတိုက်ပွဲများမှာ ကောင်းကင်ဘုံချိတ်ဆက်အဆင့် ကျင့်ကြံသူ (၃) ယောက်ဖြစ်သည့် စုန့်ချောင် ၊ ထန်ယုံဟောင်နှင့် ရွှီဖေးတို့အကြားမှ ပြင်းထန်သည့်တိုက်ပွဲများသာလျှင် ဖြစ်သည်။ သို့ပေသိ ဤနေရာတွင် အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်ခဲ့သူကတော့ ဝါဒတောင်မှ ရန်ကျောက်ကဲပင်ဖြစ်ကြောင်း မည်သူမှ ငြင်းမရပေ။
ရန်ကျောက်ကဲက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ မတိုင်မီကပင် လျိုရှန်းဖုန်းကို အနိုင်ယူခဲ့သည်။
ထို့နောက် အချိန်ခဏအတွင်း ရှန်ထျန်းအလယ်ဆင့်သို့ အဆင့်တက်သွားပြီး ကောင်းကင်ဘုံချိတ်ဆက်အဆင့်အောက်တွင် နံပါတ် (၁)ဟု ကျော်ကြားသည့် ရှဲ့ကျစ်ယီကို အနိုင်ယူခဲ့ပြန်သည်။
ရန်ကျောက်ကဲက ရည်ရွယ်ချက်ရှိရှိပြုလုပ်သည်လား ၊ မရည်ရွယ်ဘဲလား မသိနိုင်သော်လည်း တိုက်ပွဲတိုင်းတွင် ပြိုင်ဘက်နှင့်ထိပ်တိုက်ရင်ဆိုင်ပြီး သူတို့၏အကျွမ်းကျင်ဆုံးသိုင်းပညာများကို ချိုးဖျက်အနိုင်ယူခဲ့သည်ပင်။ ထိုကိစ္စက လူတိုင်းအတွက် အငြင်းပွားစရာ ဖြစ်ရသည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ရန်ကျောက်ကဲက ကောင်းကင်မြင့်ထက်တောက်ပနေသည့် နေရောင်ခြည်အလား မြေပြင်ထက်သို့ တောက်ပစွာအလင်းပေးနေပြီး အခြားသောကြေယ်စင်များကို မှေးမှိန်သွားစေခဲ့သည်။
လူငယ်တပည့်များသာမက တိုက်ပွဲကိုအကဲခတ်နေကြသည့် အကြီးအကဲများသည်ပင် အကြည့်ချင်းဖလှယ်ရင်း ငြိမ်သက်နေကြသည်။
အချိန်အတန်ကြာပြီးနောက် ရှန်းရှီဝမ်က သက်ပြင်းချရင်း...
“တကယ်ပဲ နောက်ထပ် ရန်ဝူတိ (ပြိုင်ဘက်ကင်း’ရန်’) တစ်ယောက် ထွက်ပေါ်လာတာပဲ”
ကျန်လူများကတော့ မည်သည့်စကားမှမဆိုဘဲ နှုတ်ဆိတ်နေကြသည်။ မျက်နှာတစ်ခုလုံးမဲမှောင်နေသည့် အကြီးအကဲ’မော့’ သည်ပင် စကားတစ်လုံးမှ မဆိုခဲ့ပေ။
ရှန်းရှီဝမ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း...
“ဒီအဘိုးကြီးအထင် ဒီကောင်လေးက သူ့အဖေထက်တောင် သာမယ်ထင်တယ်”
သူက ဖန်ကျွင်းကို လှည့်ကြည့်လိုက်ပြီး...
“နောက်ထပ် နဂါးအစစ်ကို ဝါဒတောင်က မွေးထုတ်ပေးနိုင်ခဲ့ပြီပဲ ၊ ဂုဏ်ယူပါတယ် ၊ ဂုဏ်ယူပါတယ်”
ဖန်ကျွင်းက အနည်းငယ်ခေါင်းညိတ်လိုက်ရင်း...
“ရှန်းရှီဝမ်က ယဉ်ကျေးလွန်းနေပါပြီ”
အကြီးအကဲ’မော့’ က ရန်ကျောက်ကဲကို စိုက်ကြည့်နေသည်။ သူကဲ့သို့ပင် လှိုင်းနက်ဂေဟာမှ အကြီးအကြနှင့် နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲတို့ကလည်း ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေကြသည်။
သူတို့အကြည့်များက အနည်းငယ်တင်းမာနေကြသည့်တိုင် လေးနက်သည့်အဓိပ္ပါယ်များနှင့်လည်း ပြည့်နက်နေသည်။
ဖန်ကျွင်း ၊ ကောင်းကင်မိုးကြိုးခန်းမမှအကြီးအကဲ ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှအကြီးအကဲ’ချန်’နှင့် ရှန်းရှီဝမ်တို့ကတော့ ပုံမှန်အတိုင်းပင် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်နှာအမူအရာ ပြောင်းလဲသွားကြခြင်း မရှိပေ။
မိုးပျံကျွန်းထက်တွင် ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင် (၃)ယောက် အရင်ဆုံး ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပြီး ရန်ကျောက်ကဲက ရှဲ့ကျစ်ယီကို အနိုင်ယူပြီးနောက် မည်သူမှ ထပ်မံယှဉ်ပြိုင်ရန် စိတ်မဝင်စားကြတော့ပေ။
စောစောက တွေ့ကြုံခဲ့ရသည့်တိုက်ပွဲများသည်ပင် သူတို့နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်ရာ ဖြည်းဖြည်းချင်းစဉ်းစားရန် အချိန်လိုအပ်သည်။
အားလုံးက တွေ့ဆုံပွဲ ပြီးဆုံးသွားပြီးဟု ထင်မှတ်လိုက်ကြချိန် အခြေအနေများက ရုတ်တရက် ပြောင်းလဲသွားသည်။
ထူထပ်သည့်တိမ်တိုက်များဖြင့် အစဉ်အမြဲ ဖုံးလွှမ်းနေသည့် ကြည်လင်လျှို့ဝှက်ရေကန်ကြီးသည် ရုတ်တရက် တဆတ်ဆတ်တုန်ခါလာပြီး ကန်ရေပြင်ကလည်း ပွက်ပွက်ဆူလာသည်။
တိမ်တိုက်အလွှာများက အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ဆက်တိုက်ဆိုသလို ရေပူပေါင်းများက ကောင်းကင်ထက်တိုင် မရပ်မနား မြင့်တက်လာသည်။
ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည့် ကန်ရေပြင်အောက်ဖက်တွင် မှိန်ဖျော့ဖျော့အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ရေကန်အောက်ခြေတွင် ကြီးမားသည့် အစီအရင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအစီအရင်ကြီးထဲတွင် များပြားစွာသော ဝိညာဉ်သင်္ကေတများက တောက်ပနေပြီး မှော်သင်္ကေတများသည်လည်း လှည့်ပတ်နေသည်။
အနက်ရောင်အလင်းတန်းကြောင့် ကန်ရေပြင်တစ်ခုလုံး ရုတ်ချည်းမည်းမှောင်သွားကာ ကန်ရေပြင်ထက်မှ တိမ်တိုက်များသည်ပင် အနက်ရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်တိမ်တိုက်များကြားတွင် ကြောက်မက်ဖွယ်ရာ အနီရောင်လျှပ်စီးများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ထိုလျှပ်စီးကြောင်းများက အမှောင်ထုကို ဖယ်ရှားခြင်းမရှိသည့်အပြင် ပို၍ထူးဆန်းသော အကြောက်တရားကို ဖြစ်ပေါ်စေသည်။
ကန်ရေပြင်အောက်မှ ကြီးမားသည့်အစီအရင်နှင့်အတူ လှည့်ပတ်နေသည့် ဝိညာဉ်သင်္ကေတများနှင့် မှော်သင်္ကေတများက လည်ပတ်နေပြီး မှုံမှိုင်းသည့်အလင်းရောင်များထွက်ပေါ်လာကာ ဘယ်အရာနှင့်မှ နှိုင်းယှဉ်မရသည့် ညစ်ညမ်းမှုများ ထွက်ပေါ်လာသည်။
ထိုအချိန်...
ကြည်လင်လျှို့ဝှက်ရေကန်၏အနောက်မြောက်ဘက်တွင် မူလကပင် ရေကန်ထဲသို့ စီးဆင်းဝင်ရောက်နေသည့် ရေစီးကြောင်းတစ်ခု ရှိသည်။ ထိုရေစီးကြောင်းက ချက်ချင်းပင် အရှိန်အဟုန်ပြင်းထန်လာသည်။
ထို့နောက် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ အသက်ဝင်လာပြီး အဆက်မပြတ် ဆူပွက်လာကာ ထူးဆန်းသည့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါး၏ ခန္ဓကိုယ်တစ်ခုလုံးမှာ သွေးနီရောင်တောက်ပနေသည်။
ထိုထူးဆန်းသောနဂါးက ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်ထုတ်လိုက်ပြီး ကြည်လင်လျှို့ဝှက်ရေကန်ထဲတွင် အဆက်မပြတ်လှည့်ပတ်လိုက်ရာ လေပြင်းများစတင်တိုက်ခတ်လာတော့သည်။
ထိုနဂါးသည်ကား မြေကမ္ဘာနယ်မြေမှ မြစ်ဖျားခံလာသည့် ရေစီးကြောင်းမှ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
သွေးနီရောင်နဂါး၏ ခန္ဓာကိုယ်ထဲမှ အဆုံးမရှိသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကြည်လင်လျှို့ဝှက်ရေကန်ကို ပိုပြီးပရမ်းပတာ ဖြစ်သွားစေသည်။
ထို့နောက် ထူးဆန်းသောနဂါးက ခြေသည်းများကို ဆန့်ထုတ်ကာ ရေကန်အောက်ခြေရှိ အနက်ရောင်အလင်းတန်းများ တောက်ပနေသော ကြီးမားသည့်အစီအရင်ကြိးကို လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည်။
အစီအရင်က ကြီးမားသည့် တံခါးတစ်ချပ်သဖွယ်ဖြစ်လာပြီး ထူးဆန်းသောနဂါး၏ ကုတ်ခြစ်မှုကြောင့် တံခါးနှစ်ချပ်လုံး ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ရာရောင်ဝါတစ်ခု တံခါးအတွင်းမှ ထွက်ပေါ်လာပြီး ကြည်လင်လျှို့ဝှက်ရေကန်ကို ဖုံးကွယ်သွားသည်။
ထိုရောင်ဝါက ညစ်ညမ်းမှုများကို ထုတ်လွှတ်ခြင်းမရှိဘဲ စိတ်ကိုပျံ့လွင့်စေပြီး တည်ငြိမ်မှုကို ပျက်ပြားစေသည့် စွမ်းအားများကို ထုတ်လွှတ်နေသည်။
ထိုထူးဆန်းသည့်စွမ်းအားက ရေကန်တွင်ရှိနေသည့် လူသားတိုင်း၏ အနက်ရှိုင်းဆုံးနှင့် အမှောင်ဆုံးဆန္ဒများ ၊ အဆိုးမြင်စိတ်များအားလုံး ထွက်ပေါ်လာစေရန် အဆက်မပြတ် ဖိအားပေးနေသည်။
ထိုအမှောင်ဆန္ဒများနှင့် အဆိုးမြင်စိတ်ထားများသည် မြေဆီလွှာမှ အညှောင့်ပေါက်ပြီး လျှင်မြန်စွာအမြစ်ဆွဲကာ ကောင်းကင်ထိတိုင်ကြီးထွားလာသည့် သစ်ပင်ကြီးတစ်ပင်ပမာ အလျှင်အမြန် ကြီးထွားလာသည်။
တစ်ချိန်တည်းပင် ရေကန်အောက်ခြေတွင်တည်ရှိနေသည့် အစီအရင်ကြီးကလည်း ယခင်ကထက် ပိုမိုကျယ်ပြန့်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ထိုရောင်ဝါကို အဆပေါင်းများစွာတိုးပွားလာစေရန် အာဟာရဖြည့်ပေးလျှက် ရှိသည်။
ကောင်းကင်မိုးကြိုးခန်းမမှ ပေးပို့ထားသည့်သတင်းများကို ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ရောက်နေကြသည့် ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ ပင်မတိုက်ရိုက်တပည့်အများစုအား အကြီးအကဲများက ကြိုတင်အသိပေးထားပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို တွေ့မြင်လိုက်ရသည့်အခါ လူငယ်တပည့်အများစုက စိတ်ကို တည်ငြိမ်အောင် အချိန်မီ ထိန်းချုပ်လိုက်ကြသည်။
စိတ်ထဲမှခံစားချက်များ ပြောင်းလဲသွားသည်ကို ဂရုတစိုက် စောင့်ကြည့်ထိန်းချုပ်ရင်း ရန်ကျောက်ကဲ၏ မျက်ဝန်းများက အဝေးဆီမှ ကန်ရေပြင်ဆီသို့ ကျရောက်သွားသည်။ ရေကန်ထဲတွင် သွေးနီရောင်လျှပ်စီးများလင်းလက်နေပြီး သွေးနီရောင်နဂါးကြီးတစ်ကောင် ကူးခတ်နေသည်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ သို့သော် ချက်ချင်းပင် နဂါးကြီးက ရေကန်အောက်ခြေသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ကို ပရမ်းပတာဖြစ်စေရန် ပြုစားနေသည့် ရောင်ဝါတစ်ခုကို ခံစားလိုက်ရပြီး ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးလိုက်သည်။
“တကယ်ပဲ ငရဲကိုးထပ်က နတ်ဆိုးတွေပဲ...”