← Chapters

အခန်း (၆၃၅)

Vol. 46 Ch. 635

အခန်း (၆၃၅)

Vol. 46 Ch. 635

ကျင်းမင်တာအိုဂိုဏ်းက ဟန်မူယဲ့ကို စစ်ဆေးရန်အတွက် ဝိညာဉ်ကျောက်တုံးတစ်သန်းခန့် သုံးခဲ့ရသည်။

ထိုစွမ်းအား ထွက်သွားသောအခါတွင် ဟန်မူယဲ့က ပေတစ်သောင်းအကွာတွင် ရပ်နေသော ပုံရိပ်ကို ကြည့်သည်။

“ဓားကျင့်ကြံသူ”

သူ့ရှေ့တွင် ချီစွမ်းအင်အလင်းများ တောက်ပနေပြီး မောက်မာသောမျက်နှာထားနှင့် တာအိုဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ရှိနေသည်။

“မင်းက ယွီရှန်ကို သတ်ဖြတ်ပြီး အကြီးအကဲပိုင်ကို အနိုင်ယူလိုက်တယ်မဟုတ်လား”

ထိုလူက ဟန်မူယဲ့ကို ထွင်းဖောက်မြင်ချင်သကဲ့သို့ စိုက်ကြည့်နေသည်။

“ငါတို့က လျှိုချွမ်ဓားပြနှစ်ယောက်ကို ဖမ်းထားတဲ့အတွက် မင်းက ဒီကို ရောက်လာတာမဟုတ်လား”

အံ့ဖွယ်ရွှေတာအိုဂိုဏ်းက ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့နှင့် ဖြစ်ရပ်များအားလုံးကို စစ်ဆေးနိုင်ခဲ့သည်။

သူတို့က အမှန်တကယ်ပင် အားကောင်းသောဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

ဟန်မူယဲ့က စကားပြန်မပြောပေ။ သူက ရှေ့တွင်ရှိနေသော သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်နှင့် ရွှေရောင်အလင်းတိုင်များကိုသာ ကြည့်သည်။

“အံ့ဖွယ်ရွှေတာအိုဂိုဏ်းက စိန်ခေါ်တာကို လက်မခံရဲဘူးလား”

သူက စိန်ခေါ်မှုကိုသာ ထုတ်ပြောပြီး လူကယ်မည့်အကြောင်း မပြောပေ။

သူက ခွန်အားကောင်းသောကြောင့် ဖမ်းဆီးခံထားရသောလူများကို ကယ်တင်နိုင်ရန် မခက်ပေ။

ခွန်အားမလုံလောက်လျှင် ကယ်တင်ရန် ခက်လိမ့်မည်။

ဟန်မူယဲ့၏စကားကြောင့် တာအိုတန်ခိုးရှင်က ကြောင်အသွားပြီး ရယ်လိုက်သည်။

“ကောင်းပြီလေ။ အရင်ဆုံး တိုက်ခိုက်ကြတာပေါ့”

“မင်းက မြန်မြန်သေမသွားဘူးလို့ မျှော်လင့်တယ်။ မဟုတ်ရင် ပြောစရာရှိတာကို မပြောနိုင်ဘဲ နေလိမ့်မယ်”

“ဝေါင်း ....”

ပေသုံးဆယ်ရှည်လျားသော ကျားဖြူတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး လေပြင်းတစ်ခုနှင့်အတူ ဟန်မူယဲ့၏နောက်တွင် ပေါ်လာသည်။ ထို့နောက် ကျားဖြူက လက်မြှောက်၍ ပုတ်ချသည်။

ဟန်မူယဲ့က မလှုပ်ရှားပေ။ သူက လက်မြှောက်၍ ကျောပေါ်တွင်ရှိသော အစိမ်းရောင်ကံကြမ္မာဓားကို ဆွဲထုတ်ပြီး ဘယ်ဘက်သို့ ခုတ်ချသည်။

“ရွှပ် ....”

ကျားဖြူက အမြီးပြတ်သွားသည်။

ကျားဖြူ၏ လက်သည်းပုတ်ချက်သည် ဟန်ပြဖြစ်ပြီး အမြီးရိုက်ချက်သည် အစစ်အမှန်ဖြစ်သည်။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်တွင် ကျားဖြူ၏နည်းစနစ်များကို လေ့လာခဲ့သည်။

ကျားဖြူ၏အမြီးက ဓားတစ်ချက်ကြောင့် ပြတ်တောက်သွားသောအခါတွင် တာအိုတန်ခိုးရှင်၏မျက်နှာက မည်းမှောင်သွားသည်။

အမြီးပြတ်သွားသောကျားဖြူက ပိုမိုကြမ်းတမ်းလာသည်။ သူက ပါးစပ်ဟလိုက်ပြီး ကိုက်ချသည်။

ဟန်မူယဲ့က ညင်သာစွာ နှာမှုတ်သည်။ သူ့နောက်တွင် နတ်ဘုရားသားရဲပါ့ရှား၏ပုံရိပ် ပေါ်လာသည်။

“နတ်ဘုရားသားရဲ သွေးမျိုးဆက်စွမ်းအားပဲ”

မျက်နှာချင်းဆိုင်တွင်ရှိနေသော တာအိုတန်ခိုးရှင်က ထိတ်လန့်စွာပြောသည်။

ကျားဖြူက ပါ့ရှား၏ပုံရိပ်နှင့် ထိတွေ့သွားပြီး တစ်ကိုယ်လုံးတုန်ခါ၍ ပျောက်ကွယ်သွားခဲ့သည်။

“နတ်ဘုရားသားရဲသွေးမျိုးဆက်ပဲ။ ကောင်းတယ်။ ကောင်းတယ်”

တာအိုတန်ခိုးရှင်က အံတင်းတင်းကြိတ်ထားပြီး လက်ထဲတွင်ရှိသော ချီစွမ်းအင်အလင်းများကို ပိုက်ကွန်အဖြစ် ဖန်တီးသည်။

“ငါက မင်းကိုသတ်ပြီး သွေးမျိုးဆက်ကို ထုတ်ယူလိုက်ရင် နတ်ဘုရားသားရဲပါ့ရှားရဲ့ သွေးမျိုးဆက်စွမ်းအားကို ဆက်ခံနိုင်လိမ့်မယ်”

ပိုက်ကွန်က ဟန်မူယဲ့ကို လွှမ်းခြုံရန် ကြိုးစားသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဓားကိုမြှောက်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်လျှင် သူက နတ်ဘုရားသားရဲပါ့ရှား၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း သိနိုင်ရန် ခက်ခဲသည်။

သူ့ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်က နတ်ဘုရားသားရဲ၏ခွန်အားကို သွေးမျိုးဆက်စွမ်းအားဟု ထင်မှတ်နေသည်။

နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်သည် နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ထက် အဆပေါင်းသန်းချီ၍ ပိုမိုသန်မာသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပိုက်ကွန်နှင့် ရင်ဆိုင်သည်။

ပိုက်ကွန်၏ ရွှေကြိုးမျှင်တစ်ခုချင်းစီသည် မှော်ရတနာများ မဖြတ်တောက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုပိုက်ကွန်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ ထိုတာအိုတန်ခိုးရှင်က ပထမဆုံးတိုက်ပွဲကို ရင်ဆိုင်ရန် စွမ်းရည်ရှိသည်။

ဟန်မူယဲ့က ပိုက်ကွန်၏အောက်သို့ ရောက်သွားသောအချိန်တွင် တာအိုတန်ခိုးရှင်က ပြုံးသည်။

သို့သော် သူ့အပြုံးက ချက်ချင်းအေးခဲသွားသည်။

အဆင့်မြင့်မှော်ရတနာနှင့် ယှဉ်နိုင်သော ပိုက်ကွန်သည် ဟန်မူယဲ့ကြောင့် ပျက်စီးသွားခဲ့သည်။

ဟန်မူယဲ့၏ခွန်အားက လျော့နည်းမသွားဘဲ တာအိုတန်ခိုးရှင်၏ဦးခေါင်းကို လက်သီးဖြင့်ထိုးသည်။

တာအိုတန်ခိုးရှင်က ခဏတာ ကြောင်အသွားသည်။ ဟန်မူယဲ့က အကာအကွယ်အလွှာကို ထိုးဖောက်ပြီး တာအိုတန်ခိုးရှင်၏ နှာတံကို လက်သီးဖြင့် ထိုးချသည်။

“ဂျွတ် ....”

သူ၏ဦးခေါင်းက နောက်သို့ လန်ကျသွားသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

ထိုအရာသည် ချီစွမ်းအင်ကျင့်ကြံသူများ၏ အားနည်းချက်ဖြစ်သည်။ သူတို့က ရန်သူနှင့် နီးကပ်သွားလျှင် တိုက်ခိုက်နိုင်စွမ်း၏ ၃၀%ကိုပင် ထုတ်မသုံးနိုင်တော့ပေ။

“ဝီ”

ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားက တုန်ခါလာပြီး ဓားချီများကို ထုတ်လွှတ်သည်။

တာအိုတန်ခိုးရှင်က ကြောက်ရွံ့သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ များပြားသော ရွှေရောင်အဆောင်လက်ဖွဲ့များနှင့် ချီစွမ်းအင်အလင်းများ ပျံသန်းထွက်လာကြသည်။ ထို့နောက် သူ၏ မူလဝိညာဉ်က ဖျတ်ခနဲ ထွက်ပြေးသွားသည်။

သူက ရုပ်ခန္ဓာကို ပြတ်သားစွာစွန့်လွှတ်ပြီး မူလဝိညာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည်။

ဟန်မူယဲ့က ထွက်ပြေးသွားသော မူလဝိညာဉ်ကို မြင်ရသောအခါတွင် ပြုံးမိသည်။

ထိုလူက ပူးကပ်ခံထားရသည်။

မူလဝိညာဉ်သည် အဖြူရောင်ဆံပင်နှင့် အဖြူရောင်မုတ်ဆိတ်များရှိသော တာအိုတန်ခိုးရှင် လူအိုကြီးတစ်ယောက် ဖြစ်နေသည်။

ဟန်မူယဲ့၏ရှေ့တွင် ဝိညာဉ်ကိုယ်ခွဲအဆင့် မူလဝိညာဉ်သည် သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသော သိုးတစ်ကောင်နှင့် မခြားပေ။

မူလဝိညာဉ်ဓားက တုန်ခါသွားသည်။ ဓားအလင်းတစ်ခုက လူအိုကြီး၏ မူလဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

ဓားချက်သုံးချက်အပြီးတွင် လူအိုကြီး၏ မူလဝိညာဉ်က စက္ကူတစ်ရွက်ကဲ့သို့ ပါးလျသွားခဲ့သည်။

ထိုလူအိုကြီးက မလွတ်မြောက်နိုင်ကြောင်း နားလည်သွားပြီး ဟန်မူယဲ့နှင့် သူစွန့်ပစ်ခဲ့သော ခန္ဓာကိုယ်ကို လှည့်ကြည့်သည်။

“မင်းပြောတာ မှန်တယ်။ ငါက မင်းရဲ့ခန္ဓာကိုယ်ကို လုယူလိုက်ရင်တောင် နှစ်တစ်ရာထက်ပိုပြီး အသက်မရှင်နိုင်ဘူး”

လူအိုကြီးက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“မင်းက ငါ့ရဲ့ အထူးချွန်ဆုံး မျိုးဆက်သစ်ပဲလေ။ ငါက တကယ်မှားသွားခဲ့တယ်”

သူ့စကားအဆုံးတွင် မူလဝိညာဉ်က တောင့်မခံနိုင်တော့ဘဲ ညင်သာသောအသံနှင့်အတူ ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲပြီး ပျောက်ကွယ်သွားသည်။

လေထုထဲတွင် ချီစွမ်းအင်များ ကျန်ရစ်ခဲ့သည်။

ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူတစ်ဦး သေဆုံးသွားခဲ့သည်။

“ဝီ”

လူအိုကြီး သေသွားသောအခါတွင် ရွှေအလင်းတိုင်များက ဟန်မူယဲ့ဆီသို့ ပြေးဝင်လာပြီး ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အံ့ဖွယ်ရွှေတာအိုဂိုဏ်းက မည်သည့်အရာကိုမှ ထိန်ချန်မထားတော့ပေ။

ဟန်မူယဲ့က ရယ်လိုက်ပြီး ဓားကို မြောက်သည်။ ပေတစ်ထောင်ရှည်လျားသော ဓားအလင်းသည် သူ့ရှေ့တွင်ရှိနေသော ချီစွမ်းအင်ဝင်္ကပါကို ထိုးဖောက်ပြီး ဖျက်ဆီးပစ်လိုက်သည်။

ဓားအလင်းက မိုင်တစ်ရာအထိ ‌ရောက်သွားသည်။ ဓားအလင်းရောင် ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့ကလည်း မိုင်တစ်ရာအကွာတွင် ရှိနေခဲ့သည်။

“ခလွမ် ....”

ဓားအလင်းကို လှံတစ်ချောင်းက တားဆီးလိုက်သည်။

သို့သော် လှံက နောက်မဆုတ်နိုင်ခင် ဟန်မူယဲ့က ထပ်မံတိုက်ခိုက်လိုက်သည်။

ဓားဦးထိပ်သည် လှံကိုရစ်ပတ်ထားသော ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို ဖယ်ရှားပစ်လိုက်သည်။

အဝေးတစ်နေရာတွင် အော်သံတစ်သံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က လှံကို ပျော်ရွှင်စွာသိမ်းယူသည်။

သူက လှံကို ဆုပ်ကိုင်ပြီး ဓားချီများ ထည့်သွင်းလိုက်သည်။

“ဘုန်း”

မြွေတစ်ကောင်ကဲ့သို့ ရုန်းကန်နေသောလှံက ချက်ချင်း တုန်ခါသွားသည်။ နတ်ဘုရားအလင်းများ ပေါက်ကွဲထွက်လာပြီး အသိစိတ် ပျောက်ကွယ်သွားသည်။

မှော်ရတနာ၏အသိစိတ်က ပျက်စီးသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထိုအသိစိတ်ကို သူက ပျိုးထောင်ပေးခဲ့ခြင်းမဟုတ်ပေ။ လှံ၏အသိစိတ်ကို ထိန်းသိမ်းထားလျှင်လည်း အသုံးမဝင်ပေ။

လှံထဲသို့ စိမ့်ဝင်သွားသော ဓားချီများကြောင့် ဟန်မူယဲ့၏ စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာသည်။

သူက လှံ၏ သန့်စင်ခြင်းဖြစ်စဉ်ကို မြင်ခဲ့ရသည်။ လှံပိုင်ရှင်က လှံရှည်နည်းစနစ်များကို လေ့ကျင့်နေသည်။ အံ့ဖွယ်ရွှေတာအိုဂိုဏ်းတွင်ရှိသော လှံပိုင်ရှင်၏အဆင့်အတန်းကိုလည်း သိလိုက်ရသည်။

ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့် ဖြစ်သည်။

ဟန်မူယဲ့က လှံကိုင်ထားပြီး ခပ်ဟဟရယ်သည်။ သူက တစ်ချက်လှုပ်ရှားလိုက်ပြီး ဆယ်မိုင်အကွာသို့ ရောက်သွားသည်။

အစိမ်းဖျော့ရောင်သံကြိုးချပ်ဝတ်နှင့် လူငယ်တစ်ယောက်က ထိတ်လန့်နေပုံပေါ်သည်။ သူက ရွှေရောင်လှံတစ်ချောင်းကို ထုတ်ယူပြီး ဟန်မူယဲ့ကို တိုက်ခိုက်လိုက်သည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိ‌သောလှံရှည်ကို လှုပ်ရှားလိုက်သည်။ လှံထိပ်ဖျားက မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး လူငယ်၏လက်ထဲတွင်ရှိသော လှံရှည်ကို လွင့်ထွက်သွားစေသည်။

“ဖရိုဖရဲဝိညာဉ်လှံကွက်ပဲ။ မင်းက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ အမွေအနှစ်လှံနည်းစနစ်ကို သိနေတာလဲ ....”

လူငယ်က မျက်လုံးပြူးသွားသည်။ သူမတုံ့ပြန်နိုင်ခင် ဟန်မူယဲ့၏လှံက မြွေတစ်ကောင်အဖြစ်ပြောင်းလဲ၍ သူ့ကို ချုပ်နှောင်လိုက်သည်။

ဟန်မူယဲ့က လူငယ်ကိုခေါ်ပြီး ဆက်လက်ပျံသန်းသွားသည်။

သူက မိုင်တစ်သောင်းအကွာတွင်ရှိသော အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ ဂိတ်ပေါက်ဝသို့ ရောက်သွားသည်။

သူ့ရှေ့တွင် အစိမ်းရောင်တာအိုဝတ်စုံနှင့် အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏လူများ စုစည်းနေကြသည်။

ရှေ့ဆုံးတွင်ရှိသောလူသည် အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ ခေါင်းဆောင် တာအိုတန်ခိုးရှင်ကျန်းယွီ ဖြစ်သည်။

သူက ဝိညာဉ်ကိုယ်ခွဲအဌမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ထူးခြားသော တာအိုနည်းစနစ်များကို တတ်မြောက်ထားသည်။

ဟန်မူယဲ့က လှံရှည်၏မှတ်ဉာဏ်ထဲတွင် မန္တန်များလေ့ကျင့်နေသော တာအိုတန်ခိုးရှင်ကျန်းယွီကို မြင်ခဲ့ရသည်။ သူ့မန္တန်များက အမှန်တကယ်ပင် မှော်ဆန်သည်။

“တာအိုရောင်းရင်း၊ ငါ့ရဲ့ အံ့ဖွယ်ရွှေတာအိုဂိုဏ်းက မင်းနဲ့ ရန်ငြိုးမရှိဘူးမဟုတ်လား”

တန်ခိုးရှင်ကျန်းယွီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

သူ့နောက်တွင်ရှိနေသော အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ ဂိုဏ်းသားများက ‌ဒေါသထွက်နေကြသည်။

အံ့ဖွယ်ရွှေတာအိုဂိုဏ်းက အရာအားလုံးကို သိရှိထားသည်။ ဟန်မူယဲ့က လူကယ်ရန်အတွက် ဤနေရာသို့ ရောက်လာသော်လည်း သူတို့က ရန်ငြိုးမရှိကြောင်း ထုတ်ပြောပြီး အပြစ်ကင်းချင်ယောင် ဆောင်နေသည်။

သို့သော် ဟန်မူယဲ့က သူတို့၏စကားထဲတွင် မျောပါသွားမည်မဟုတ်ပေ။

“အကြီးအကဲကျန်းယွီ၊ ရန်ငြိုးမရှိတာက အ‌ရေးပါလို့လား”

ဟန်မူယဲ့က ဓားကိုမြှောက်လိုက်ပြီး ညင်သာစွာပြောသည်။

“ငါက ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ မင်းသိမှာပါ”

ကျန်းယွီက ခေါင်းညိတ်လိုက်ပြီး ရွှေအလင်းများကို ထုတ်လွှတ်သည်။

“မင်းက ဓားကျင့်ကြံသူတစ်ယောက်ဆိုတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း လုပ်တတ်တယ်”

“ဒီလူတွေက သိပ်ပြီး အသုံးမဝင်ဘူး။ ငါတို့က လွှတ်ပေးလိုက်ရင်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ မင်းက ဒီလိုမျိုး လူသိရှင်ကြား စိန်ခေါ်လာတဲ့အခါမှာ ငါက သူတို့ကို လွှတ်မပေးနိုင်တော့ဘူး”

ကျန်းယွီက လေးနက်သောမျက်နှာထားဖြင့် ရွှေရောင်ချိပ်တံဆိပ်တစ်ခုကို ကိုင်ထားသည်။

“ငါ့တိုက်ကွက်ကို ခုခံပါ။ မင်းမသေရင် ဒီလူနှစ်ယောက်ကိုခေါ်ပြီး ထွက်သွားလို့ရပြီ”

သူ့နောက်တွင် ဂိုဏ်းသားနှစ်ယောက်က သတိမေ့နေသောလူနှစ်ယောက်ကို သယ်လာသည်။

အလွန်ရိုးရှင်းသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီလေ”

ကျန်းယွီပြောခဲ့သည့်အတိုင်း သူက အံ့ဖွယ်ရွှေတာအိုဂိုဏ်းနှင့် ရန်ငြိုးမရှိပေ။ သူက တိုက်ကွက်တစ်ကွက်ကို ခုခံပြီး လူနှစ်ယောက်ကိုခေါ်၍ ထွက်သွားနိုင်မည်။

ဟန်မူယဲ့၏အဖြေကို ကြားရသောအခါတွင် ကျန်းယွီက အော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသော ရွှေရောင်ချိပ်တံဆိပ်ကို ပစ်လွှတ်သည်။

ဓမ္မရတနာ ....

အဆင့်မြင့်မှော်ရတနာ ....

ထိုအဆင့်မြင့်မှော်ရတနာတွင် မဟာတာအို၏ အငွေ့အသက်တချို့ ပါဝင်နေသည်။

‘အဲဒါက အံ့ဖွယ်ရွှေတာအိုဂိုဏ်းရဲ့ ထိပ်တန်းအဆင့်ရတနာ ကျင်းထျန်းချိပ်တံဆိပ်မဟုတ်လား’

လှံ၏မှတ်ဉာဏ်ထဲတွင် ပေတစ်ရာကြီးမားသော ချိပ်တံဆိပ်က ပေထောင်ချီရှည်လျားသော တောင်တန်းတစ်ခုကို တစ်ချက်တည်း ဖျက်ဆီးခဲ့သည်။

All Chapters