အခန်း (၆၃၈)
Vol. 46 Ch. 638
သူက လက်မြှောက်လိုက်ပြီး အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ထဲတွင်ရှိသော အစိမ်းရောင်ဓား၏ ဓားရိုးကို ဆုပ်ကိုင်သည်။ သူက ဓားဆန္ဒကို ဖော်ထုတ်လိုက်သည်။
သူ့စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာကြသည်။
ထိုပုံရိပ်များက အလွန်ရှုပ်ထွေးနေကြသည်။
အဆုံးမဲ့ညီညွတ်ခြင်းဓားသည် ကိုယ်ပိုင်အသိစိတ်ရှိသော စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်သည်။ ထို့အပြင် ဤဓားသည် ဓားတစ်သောင်းပေါင်းစပ်ပြီး ဖြစ်ပေါ်လာသောကြောင့် အသိစိတ်အများအပြား ရောယှက်နေသည်။
ဟန်မူယဲ့က ပုံရိပ်များကို သေချာစစ်ဆေးကြည့်လိုက်ပြီး အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ အမွေအနှစ်သည် ဓားစံအိမ်၏အမွေအနှစ်နှင့် ဆင်တူနေကြောင်း သိလိုက်ရသည်။
ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်သည် ဓားစံအိမ်၏ ဓားများစုစည်းခြင်းနှင့် ဆင်တူသည်။
ပုံရိပ်များက ဆက်တိုက်သွယ်ယှက်နေပြီး ဟန်မူယဲ့က အံ့အားသင့်သွားသည်။
အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ အမွေအနှစ်က မူလရင်းမြစ်သို့ ပြန်သွားခဲ့သည်။ ဓားစံအိမ်၏အရိပ်အယောင်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။
တစ်နည်းပြောရလျှင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်သည် ဓားစံအိမ်မှ ဆင်းသက်လာခဲ့သည်။
ဓားအိမ်သည် ဓားစံအိမ်ထက် ပိုမိုရိုးရှင်းသည်။
သို့သော် ဓားစံအိမ်က ပိုမိုသန်မာသည်။
နှစ်ခုလုံးတွင် ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။
ဟန်မူယဲ့က အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ သွားနိုင်လျှင် ဓားစံအိမ်သို့ သေချာပေါက်သွားပြီး အမွေအနှစ်နည်းစနစ်ကို ကျင့်ကြံမည်။
ဝိညာဉ်ရတနာဓားသည် တိုက်ခိုက်နိုင်စွမ်းနှင့် အသိစိတ်တွင် အလွန်အားကောင်းသည်။
အဆုံးမဲ့ညီညွတ်ခြင်းဓားသည် ရန်သူကို သတ်ဖြတ်ရန်အတွက် လုံလောက်သော ချီစွမ်းအင်နှင့် ဓားဆန္ဒကိုသာ လိုအပ်သည်။
ဓားကို အသုံးပြုသူက ဓားနည်းစနစ်များကို အသုံးပြုရန်မလိုဘဲ လက်ထဲတွင် ကိုင်ထားရန်သာ လိုအပ်သည်။ ထိုအရာသည် သတ်ဖြတ်ခြင်းနည်းလမ်း နှစ်ခုနှင့် ညီမျှသည်။
ဟန်မူယဲ့က မူလဝိညာဉ်ဓားနှင့် နတ်ဘုရားသားရဲကိုယ်ပွားအပြင် အစစ်အမှန်ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူ၏ တိုက်ခိုက်ခြင်းနည်းလမ်းများက ပိုမိုစုံလင်သည်။
ဟန်မူယဲ့က အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို သိမ်းလိုက်ပြီး လက်မြောက်သည်။ သူ့ရှေ့တွင် မြက်ရိတ်တံ ပေါ်လာသည်။
မြက်ရိတ်တံက ကမ္ဘာဦးခေတ်၏ နတ်ဘုရားလက်နက်ဖြစ်သည်။
ထိုရတနာကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ပြီး ယနေ့ခေတ် ပန်းပဲပညာနည်းစနစ်များဖြင့် မပြုပြင်နိုင်တော့ပေ။
မြက်ရိတ်တံ၏ စွမ်းအားသည် ဓမ္မရတနာ၊ စိတ်ဝိညာဉ်ရတနာနှင့် တာအိုရတနာတို့ထက် သာလွန်နေသည်။
သို့သော် တိုက်ခိုက်နိုင်စွမ်းအရ အဆင့်မြင့်မှော်ရတနာအဆင့်တွင်သာ ရှိသည်။
ပြောရမည်ဆိုလျှင် မြက်ရိတ်တံကို တိုက်ပွဲများအတွက် ဖန်တီးခဲ့ခြင်းမဟုတ်ပေ။
မြက်ရိတ်တံသည် အာခီမီတာအို၏ ရတနာတစ်ပါးဖြစ်သည်။
ဟန်မူယဲ့က မြက်ရိတ်တံပေါ်တွင် လက်တင်ထားပြီး သစ်သားနတ်ဘုရားနန်းတော်၏ အမွေအနှစ်ကို ခံစားကြည့်နေသည်။
ထိုအမွေအနှစ်တွင် အလွန်စနစ်ကျသော နည်းလမ်းများ ပါဝင်သည်။ ဝိညာဉ်ဆေးပင်များ ပျိုးထောင်ခြင်းမှ ဆေးလုံးသန့်စင်ခြင်းအထိ ဖြစ်သည်။
သစ်သာနတ်ဘုရားနန်းတော်၏ ဆေးလုံးများသည် ဟန်မူယဲ့သိထားသော ဆေးလုံးများထက် သာလွန်နေသည်။
ရှားပါးသော ဒုတိယအဆင့် ဆေးလုံးများ၊ ပထမအဆင့် ဆေးလုံးများနှင့် ကျင့်ကြံခြင်းလောက၏ ဆေးလုံးအဆင့်ကို ကျော်ဖြတ်သွားသော ဆေးလုံးများလည်း ရှိနေကြသည်။
အာခီမီတာအို ....
ရှေးခေတ်၏ ဆေးလုံးသန့်စင်ခြင်းအမွေအနှစ် ဖြစ်သည်။
အာခီမီတာအို၏ အဆင့်ကိုးဆင့်တိုင်းတွင် မဟာတာအိုစွမ်းအားများ ပါဝင်နေသည်။
ဟန်မူယဲ့က သစ်သားနတ်ဘုရားနန်းတော်၏ အထွတ်အထိပ်အခြေအနေကို တွေးမကြည့်ရဲပေ။
ထို့အပြင် အမွေအနှစ်များအားလုံး ပြတ်တောက်သွားသည်အထိ ရှေးခေတ်၏ နတ်ဘုရားများစစ်ပွဲသည် မည်မျှ ပြင်းထန်ခဲ့သနည်း။
ဟန်မူယဲ့က ထိုသို့တွေးမိပြီး ရုတ်တရက် ကြောင်အသွားသည်။
ရှေးခေတ်မှ ရှင်ကျန်သူများ ရှိနေကြသေးသည်။
သစ်သားနတ်ဘုရားမနှင့် ရွှေဝံပုလွေမိစ္ဆာတို့က အချိန်ကြာမြင့်စွာ ချိပ်ပိတ်ခံထားရပြီး အလွန်အားနည်းနေသည်။ သူတို့က တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သို့သော် တခြားကျွမ်းကျင်သူများက မည်သည့်နေရာသို့ ရောက်သွားကြသနည်း။
ဆည်သည် သူတို့ကို မတားဆီးနိုင်ပေ။
‘သူတို့ ဆည်အပြင်ဘက်မှာလား အတွင်းထဲမှာလား’
‘အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အထက်ဘုံသုံးပါးမှာ အဲဒီလိုပုဂ္ဂိုလ်ကြီးတွေ ရှိနေကြသေးလား’
‘အဆုံးမဲ့နတ်ဘုရားဘုရင်ကရော ရှေးခေတ်ရဲ့ ရှင်ကျန်သူပဲလား’
‘နတ်ဘုရားဘုရင်လို ကျွမ်းကျင်သူမျိုးက ရှေးခေတ်မှာ ရှင်သန်ခဲ့လောက်တယ်’
ဟန်မူယဲ့က အမြင်ကျယ်လာလေ ကျင့်ကြံခြင်းလောကကို ကြောက်ရွံ့လေဖြစ်သည်။
သူက ပိုမိုသန်မာလာသော်လည်း ထိုပုဂ္ဂိုလ်ကြီးများ၏ရှေ့တွင် တိုက်ခိုက်ရန် မတတ်နိုင်သေးပေ။
ဤလောကတွင် စိတ်ကူးမယဉ်နိုင်အောင် သန်မာသော ပုဂ္ဂိုလ်ကြီးများ ရှိနေကြသည်။
“ဝီ”
မြက်ရိတ်တံက တုန်ခါသွားပြီး ဟန်မူယဲ့၏ဘေးတွင် ပုံရိပ်များ ပေါ်လာကြသည်။
အာခီမီရုပ်သေးများ ဖြစ်ကြသည်။
မြက်ရိတ်တံ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရုပ်သေးများသည် သစ်သားမျိုးဆက်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သူတို့က တိုက်ခိုက်နိုင်စွမ်း မကောင်းသော်လည်း ဆေးလုံးများကို သန့်စင်နိုင်သည်။
သူတို့၏မှတ်ဉာဏ်ထဲတွင် အာခီမီနည်းစနစ်များ ထည့်သွင်းပေးလိုက်လျှင် သူတို့၏ခွန်အားနှင့် ကိုက်ညီသော ဆေးလုံးများကို သန့်စင်ပေးနိုင်သည်။
ထိုအရာသည် မြက်ရိတ်တံ၏ ပထမဆုံးအသုံးပြုပုံ ဖြစ်သည်။ ထိုအာခီမီရုပ်သေးများကို သစ်သားနတ်ဘုရားနန်းတော်က သန့်စင်ထားခဲ့သည်။
ရုပ်သေးရုပ်အများစုသည် ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို ဖိနှိပ်နေသောအချိန်တွင် အားကုန်သွားကြသည်။ ယခု ဟန်မူယဲ့တွင် ရုပ်သေးရုပ်သုံးထောင်သာ ကျန်တော့သည်။
ထိုရုပ်သေးရုပ်သုံးထောင်တွင် နှစ်ထောင့်သုံးရာသည် အာခီမီရုပ်သေးများ ဖြစ်ကြသည်။ ကျန်ခုနစ်ရာသည် သစ်သားမျိုးဆက်စွမ်းအားကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး တိုက်ခိုက်နိုင်စွမ်းရှိသော ကိုယ်ရံတော်ရုပ်သေးများ ဖြစ်ကြသည်။
ယခုအချိန်တွင် ထိုရုပ်သေးများအားလုံးက အလွန်အားနည်းနေသည်။ သူတို့ကို အသုံးပြုချင်လျှင် အရင်ဆုံး အားဖြည့်ပေးရမည်။
ထိုကိစ္စသည် ဟန်မူယဲ့အတွက် မခက်ပေ။
သူက ရတနာအမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။ ထိုရတနာများကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲလိုက်လျှင် ဝိညာဉ်ကျောက်တုံးတောင်တန်းတစ်ခုကို တည်ဆောက်နိုင်လိမ့်မည်။
‘ဝိညာဉ်ကျောက်တုံးတွေကို သုံးဖို့အတွက်ပဲ ရှာထားတာမဟုတ်ဘူးလား’
ထို့အပြင် ငွေကြေးရှာဖွေရန် အလွန်လွယ်ကူသည်။
ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများ ကုန်သွားလျှင် တာအိုဆရာတယန်ကိုခေါ်၍ ဆည်ထဲသို့ ပြန်သွားမည်ဟု တွေးလိုက်သည်။
ရှေးတိမ်တိုက်စကြဝဠာတွင် ရတနာမုဆိုးများ ရှိနေသည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။
မြက်ရိတ်တံ၏ ဒုတိယအသုံးပြုပုံသည် ဝိညာဉ်ဆေးပင်များကို ကြီးထွားစေခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ရန် ချီစွမ်းအင်လိုအပ်သည်။
သူက အဖိုးတန်သော ဝိညာဉ်ဆေးပင်များနှင့် တွေ့ခဲ့လျှင် ထိုနည်းလမ်းကို ထုတ်သုံးနိုင်သည်။
မြက်ရိတ်တံ၏ တတိယအသုံးပြုပုံသည် ဝိညာဉ်ဆေးပင်များကို သိုလှောင်ခြင်းဖြစ်သည်။
မြက်ရိတ်တံ၏လက်ကိုင်တွင် နေရာလွတ်တစ်ခုရှိပြီး ဝိညာဉ််ဆေးပင်များကို သိမ်းဆည်းထားနိုင်သည်။
သိမ်းဆည်းထားသော ဝိညာဉ်ဆေးပင်များသည် ဆေးစွမ်းအား လျော့နည်းမသွားဘဲ ဖြည်းဖြည်းချင်း ပိုမိုသန်မာလာလိမ့်မည်။
ထိုဆေးပင်များကို ပြန်လည်စိုက်ပျိုးမည်ဆိုလျှင်ပင် ဆေးစွမ်းအားများ လျော့နည်းသွားမည်မဟုတ်ပေ။
အာခီမီကျင့်ကြံသူများအတွက် မြက်ရိတ်တံသည် ရှားပါးသော ရတနာတစ်ခုပင် ဖြစ်သည်။
အာခီမီကျင့်ကြံသူများက ဤရတနာအကြောင်းကို သိသွားခဲ့လျှင် သွေးမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်သည်။
ဟန်မူယဲ့က မြက်ရိတ်တံကို ကိုင်ထားပြီး ပြုံးသည်။
သူက ဤရတနာကို ရရှိထားသောကြောင့် အသုံးပြုရမည်။
သူက ပတ်ဝန်းကျင်တွင် ဝိညာဉ်ကျောက်တုံးများကို ဖြန့်ချလိုက်သည်။
“ဘုန်း”
ဝိညာဉ်ကျောက်တုံးများက ကွဲကြေသွားပြီး အဆုံးမရှိသောချီစွမ်းအင်များ စုစည်းလာကြသည်။ ထိုစွမ်းအင်များကို မြက်ရိတ်တံထဲသို့ ထည့်သွင်းပေးလိုက်သည်။
သစ်ကိုင်းခြောက်နှင့်တူသော မြက်ရိတ်တံက ကျောက်စိမ်းရောင်တောက်လာသည်။
သူက မြက်ရိတ်တံထဲသို့ စွမ်းအင်များထည့်သွင်းပေးပြီး အာခီမီရုပ်သေးများကို ဆေးလုံးသန့်စင်ရန် ညွှန်ကြားလိုက်သည်။
ဟန်မူယဲ့က ကျင်းမင်တာအိုဂိုဏ်း၏ စစ်ဆေးမှုကို ရှောင်တိမ်းချင်သောကြောင့် ကျင်းခယ်ကြယ်ပေါ်တွင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကို မတည်ဆောက်ခဲ့ပေ။
ဤနေရာသည် ကျင်းခယ်ကြယ်နှင့် မိုင်သုံးထောင်သာ ကွာဝေးပြီး ကျင်းခယ်ကြယ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်ဟု ပြောနိုင်သည်။ ထို့ကြောင့် ဤနေရာသည် အလွန်သင့်တော်သည်။
ဆယ်ရက်အကြာတွင် ဟန်မူယဲ့က အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူများကို ဦးဆောင်၍ စံအိမ်ထဲမှ ထွက်လာခဲ့သည်။
သူက တောင်တန်း၏အနောက်ဘက်တွင် ကမ္ဘာမြေမီးတောက်ကိုအသုံးပြု၍ ဖွင့်လှစ်ထားသော ဆေးခန်းဆောင်သို့ ရောက်လာခဲ့သည်။ ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး တာအိုအနှစ်သာရမီးပြင်းဖိုကို ဆင့်ခေါ်သည်။
ဤဆေးခန်းဆောင်ကို ဟန်မူယဲ့က အထူးတလည် တည်ဆောက်ခဲ့သည်။
တာအိုအနှစ်သာရမီးပြင်းဖိုက ချက်ချင်းဆိုသလိုပင် ပေတစ်ထောင်မြင့်မားသွားပြီး တောင်တန်းများကိုကျော်ဖြတ်၍ လေထုထဲတွင် မျောလွင့်နေသည်။
“ဝီ”
ချီစွမ်းအင်အလင်းများ ဖြတ်သန်းသွားပြီး ဝိညာဉ်မီးတောက် ပေါ်ထွက်လာသည်။
ချီစွမ်းအင်အလင်းများကြောင့် တုမင်ထောင်နှင့် တခြားလူများက ပျံသန်းလာကြသည်။
ကံကောင်းစွာဖြင့် ဂိုဏ်းကို သာမန်ဝင်္ကပါတစ်ခုနှင့် လွှမ်းခြုံထားသောကြောင့် အပြင်လူများက အာရုံခံမကြည့်နိုင်ပေ။
“ဒါက ရတနာအစစ်အမှန်ပဲ ....”
ကျန်းချန်က တာအိုအနှစ်သာရမီးပြင်းဖိုကို မြင်လိုက်ရသောအခါတွင် ထိတ်လန့်စွာပြောသည်။
တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။
ထိုသို့ပင် ဖြစ်သင့်သည်။ မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သော ဟန်မူယဲ့က ထိပ်တန်းအဆင့်ရတနာများကို ပိုင်ဆိုင်ထားလိမ့်မည်။
ထိုမီးပြင်းဖိုသည် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းစောင့်ရတနာနှင့် အဆင့်တူတွင် ရှိနိုင်သည်။
“ဝီ”
မီးပြင်းဖိုက လည်ပတ်သွားပြီး အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူများ ပေါ်လာကြသည်။
အာခီမီရုပ်သေးတစ်ရာသည် မီးပြင်းဖို၏အောက်ခြေတွင် မတ်တပ်ရပ်နေကြသည်။ သူတို့၏ခန္ဓာကိုယ်ထဲမှ သစ်သားမျိုးဆက်စွမ်းအားများ ပေါ်ထွက်လာပြီး မီးပြင်းဖိုကို လွှမ်းခြုံလိုက်သည်။
ထိုအာခီမီရုပ်သေးတစ်ရာသည် ရွှေအမြုတေပထမအဆင့်တွင် ရှိနေကြသည်။ သူတို့၏ သန့်စင်ခြင်းနည်းစနစ်က တူညီပြီး လှုပ်ရှားမှုများက သပ်ရပ်သည်။
သူတို့၏ ပူးပေါင်းဆောက်ရွက်မှုက အာခီမီကျင့်ကြံသူ အများစုထက် သာလွန်သည်။
သို့သော် သူတို့က လုံလောက်သောအသိဉာဏ်ကို မပိုင်ဆိုင်သည့်အတွက် မတော်တဆဖြစ်ရပ်များကို မဖြေရှင်းနိုင်ပေ။
ဟန်မူယဲ့က မီးပြင်းဖို၏ဘေးတွင် ရပ်နေပြီး အာခီမီရုပ်သေးတစ်ရာ၏ ဆေးလုံးသန့်စင်မှုကို စောင့်ကြည့်နေသည်။ ခဏအကြာတွင် သူတို့က ဆေးလုံးသုံးရာကို သန့်စင်နိုင်ခဲ့သည်။
ဆေးလုံးများက အဆင့်မမြင့်ပေ။ သတ္တမအဆင့်တွင်သာ ရှိနေသည်။
မီးပြင်းဖိုတစ်ဖိုတွင် ဆေးလုံးသုံးရာကို သန့်စင်ခဲ့သည်။
ဆေးလုံးများ၏အရည်အသွေးက အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ကြားတွင် ရှိနေသည်။ ဝိညာဉ်ဆေးလုံးများအဖြစ် သတ်မှတ်နိုင်သည်။
လုံလောက်သော ဝိညာဉ်စွမ်းအားမရှိလျှင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အင်မော်တယ်အဆင့်ဆေးလုံးကို သန့်စင်ရန် ခက်ခဲသည်။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က ဆေးလုံးနှင့်ပတ်သတ်၍ မြင့်မားသောလိုအပ်ချက်များ မရှိခဲ့ပေ။ ဝိညာဉ်ဆေးလုံးများသည် အဆင်ပြသည်။
ဆေးလုံးများ ထွက်လာသောအခါ ကောင်းကင်ထက်တွင် ရွှေအလင်းများ ဖြတ်ပြေးသွားကြသည်။
ထိုဆေးလုံးများသည် ကြယ်များနှင့် တူနေသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲတွင် သိမ်းလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းကို တုမင်ထောင်ဆီသို့ ပစ်ပေးသည်။
“ဒီဆေးလုံးတွေကို ရောင်းပြီး ဝိညာဉ်ကျောက်တုံးနဲ့ ဝိညာဉ်ဆေးပင်တွေ ပြန်ယူခဲ့”
သတ္တမအဆင့်ဆေးလုံးသုံးရာဖြင့် ဝိညာဉ်ကျောက်တုံးအများအပြား ရနိုင်သည်။
ထို့အပြင် အရေးအကြီးဆုံးအနေဖြင့် ဤစီးပွားရေးသည် အချိန်ကြာမြင့်စွာ တည်ရှိနိုင်သည်။
အနာဂတ်တွင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ အဓိကဝင်ငွေ ဖြစ်လာလိမ့်မည်။
သုံးရက်အကြာတွင် တုမင်ထောင်က ဝိညာဉ်ကျောက်တုံး၊ ဝိညာဉ်ဆေးပင်များဖြင့် ပြန်လာခဲ့သည်။
အာခီမီတာဝန်များကိုလည်း ယူလာခဲ့သည်။
အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းက လုံလောက်သောအရင်းအမြစ်များကို ရရှိထားပြီး ဖြည်းဖြည်းမှန်မှန် ဆက်သွားနေသည်။
ဆယ်နှစ်ကြာသွားခဲ့သည်။
ကျင့်ကြံခြင်းသည် အဆုံးမရှိပေ။ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းသည် ဤကြယ်ပေါ်တွင် ဆယ်နှစ်ပြည့်သွားခဲ့ပြီ ဖြစ်သည်။