← Chapters

အခန်း (၆၃၉)

Vol. 46 Ch. 639

အခန်း (၆၃၉)

Vol. 46 Ch. 639

လွန်ခဲ့သောဆယ်နှစ်တွင် အသစ်တည်ထောင်ထားသော အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းက အာကာသထဲတွင် နာမည်ရလာခဲ့သည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းက အရည်အသွေးကောင်းသော ဆေးလုံးများကို အများအပြား ထုတ်လုပ်နိုင်သည်။

ဆေးလုံးများကြောင့် ကျော်ကြားလာသောဓားဂိုဏ်းသည် ရှေးနတ်ဘုရားကျဆုံးနယ်မြေတွင် ထူးခြားနေမည်ဖြစ်သော်လည်း ရှေးတိမ်တိုက်စကြဝဠာတွင် ပုံမှန်သာဖြစ်သည်။

ဤနေရာတွင် ဂိုဏ်းများသည် ဝင်ငွေရှာဖွေရန်အတွက် နည်းလမ်းအသီးသီး ရှိကြသည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းက ‌ဆေးလုံးများကိုမှီခို၍ စီးပွားဖြစ်လာပြီး စံချိန်မီဓားများကို စုစည်းနေသည်။

ထို့ကြောင့် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းသည် အစီအစဉ်ကြီးတစ်ခု ချမှတ်နေသည်ဟု အင်အားစုများက သုံးသပ်ကြသည်။

သို့သော် ရှေးတိမ်တိုက်စကြဝဠာတွင် ထိုနည်းလမ်းမျိုးသည် အလွန်အတွေ့ရများသည်။

လုံလောက်သောအရင်းအမြစ်နှင့် ဝိညာဉ်ကျောက်တုံးများ ရှိနေလျှင် ဂိုဏ်းသို့ တခြားလူများ ဝင်ရောက်လာကြလိမ့်မည်။

လွန်ခဲ့သောဆယ်နှစ်ခန့်တွင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းသည် ကြယ်ပေါ်တွင်ရှိသော တခြားဂိုဏ်းများအားလုံးကို ဖိနှိပ်ခဲ့သည်။ သူတို့က မိုင်တစ်ရာကျယ်ဝန်းသော ဤကြယ်ကို အဆုံးမဲ့ညီညွတ်ခြင်းကြယ်ဟု အမည်ပေးခဲ့သည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းတွင် တပည့်သုံးသိန်းကျော် ရှိနေပြီဖြစ်သည်။ ထို့အပြင် ကောင်းကင်အဆင့် ကျင့်ကြံသူများလည်း သုံးဆယ်ခန့် ရှိနေခဲ့သည်။

သာမန်တပည့်များကို အလိုရှိသလို သိမ်းသွင်းနိုင်သော်လည်း ကောင်းကင်အဆင့် ကျွမ်းကျင်သူများကို ဖြည်းဖြည်းချင်း ပျိုးထောင်ပေးရန် လိုအပ်သည်။

ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို အပြင်လူများ ယှဉ်နိုင်မည်မဟုတ်ပေ။

ယခုအချိန်တွင် ဝိညာဉ်သူငယ် အဌမအဆင့်သို့ ရောက်နေပြီဖြစ်သော တုမင်ထောင်က အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ ခန်းဆောင်ထဲတွင် ဖြောင့်မတ်စွာထိုင်နေသည်။ ထူစွန်းရှစ်တို့ကလည်း သူ့ဘေးတွင် ထိုင်နေကြသည်။

ဟန်မူယဲ့လည်း ရှိနေခဲ့သည်။

သူက များသောအားဖြင့် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ ကိစ္စရပ်များနှင့်ပတ်သတ်၍ ဝင်ပါလေ့မရှိပေ။ ဤနေ့တွင် အ‌ရေးကြီးကိစ္စဖြစ်သောကြောင့် သူက ရောက်လာခဲ့ရသည်။

ဟန်မူယဲ့က ဂိုဏ်း၏ဝင်ငွေကို ထိန်းချုပ်ထားသောကြောင့် နောက်ကွယ်တွင်ရှိနေသော ခေါင်းဆောင်ဟု ပြောနိုင်သည်။

သို့သော် ထိုအကြောင်းကို တခြားလူများ မသိကြပေ။

နောက်ပိုင်းတွင်ဝင်ရောက်လာသော အကြီးအကဲနှင့်တပည့်များက ဂိုဏ်း၏အရေးကိစ္စများကို သိပ်ဂရုမစိုက်သော မဟာအကြီးအကဲတစ်ယောက် ရှိနေကြောင်း သတိထားမိကြသည်။ သို့သော် သူတို့က အသေးစိတ်အချက်အလက်များကို မသိပေ။

ယနေ့စည်းဝေးပွဲအတွက် ခန်းဆောင်ထဲတွင် လူအနည်းငယ်သာရှိနေခဲ့သည်။

လျှိုချွမ်၊ ချီယွင်ရီနှင့် ဟန်မူယဲ့တို့မှလွဲ၍ တပည့်သုံးယောက်နှင့် စမ်းသပ်မှုအောင်မြင်ထားသော အကြီးအကဲငါးယောက်သာ ရှိနေကြသည်။

တပည့်သုံးယောက်သည် ဂိုဏ်း၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းနှင့် ပါရမီသည် သိပ်မဆိုးပေ။ သူတို့ကို ဂိုဏ်း၏အနာဂတ်အတွက် အလေးထားပြီး သင်ကြားပေးနေသည်။

ထိုအချိန်တွင် တပည့်သုံးယောက်နှင့် အကြီးအကဲငါးယောက်က ဘေးတွင်ထိုင်နေသော ဟန်မူယဲ့ကို မသိစိတ်အလျောက် လှမ်းကြည့်မိသည်။

‘ဒီအကြီးအကဲရဲ့ ကျင့်ကြံခြင်းနဲ့ တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုမျိုးလဲ’

“ရှေးတိမ်တိုက်စကြဝဠာမှာ ‌ရှေးနတ်ဘုရားဆေးဥယျာဉ်ကို နှစ်တစ်ထောင်မှာတစ်ကြိမ် ဖွင့်လှစ်တယ်။ အရင်တုန်းက ငါတို့ရဲ့ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကလည်း အဲဒီဖွင့်ပွဲမှာ ဝင်ပါဖူးတယ်”

တုမင်ထောင်က လူတိုင်းကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ရှေးနတ်ဘုရားဆေးဥယျာဉ် ....

ဟန်မူယဲ့က ထိုနာမည်ကို သိနေသည်။

နတ်ဘုရားများ၏စစ်ပွဲမတိုင်ခင် ရှေးတိမ်တိုက်စကြဝဠာတွင် ဆေးဥယျာဉ်ဆယ်ခုကျော် ရှိခဲ့သည်။ ရှေးခေတ်နတ်ဘုရားခုံရုံး၏ မဟာကျင့်ကြံသူကြီးများက ဆေးပင်များ စိုက်ပျိုးရန်အတွက် ထိုဆေးဥယျာဉ်များကို တည်ဆောက်ခဲ့ကြသည်။

ကျင့်ကြံခြင်းလောကတွင် အင်မော်တယ်ဆေးလုံးအများအပြား ပျောက်ဆုံးသွားခဲ့သည်။

ပထမအဆင့်ဆေးလုံးကို သန့်စင်ရန်အတွက် အင်မော်တယ်အဆင့် ဆေးပင်များကို အသုံးပြုရမည်။ တာအိုဆေးလုံး၏ အဓိကဆေးပင်များအားလုံးသည် အင်မော်တယ်အဆင့်တွင် ရှိနေကြသည်။

ဟန်မူယဲ့က ‌ဆေးဥယျာဉ်အကြောင်းကို ကြားမိသောအခါတွင် ရှာကြည့်ရန် စိတ်ကူးခဲ့သည်။

သို့သော် ဆေးဥယျာဉ်များကို အလွန်အားကောင်းသောဝင်္ကပါဖြင့် လွှမ်းခြုံထားပြီး အပြင်လူများက ဝင်္ကပါဖွင့်သောအချိန်တွင်သာ ဝင်ရောက်နိုင်သည်။

ထို့အပြင် ဆေးဥယျာဉ်ကို စောင့်ကြပ်ခဲ့သော ရှေးခေတ်ကျင့်ကြံသူကြီးများက သေဆုံးသွားပြီဖြစ်သော်လည်း အကာအကွယ်အစီအစဉ်များက အလွန်အားကောင်းနေဆဲ ဖြစ်သည်။

ထူးဆန်းသော သားရဲများ၊ ရုပ်သေးရုပ်များနှင့် ဝင်္ကပါများက ဝိညာဉ်ဖွဲ့စည်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်ပစ်နိုင်သည်။

ဆေးဥယျာဉ်ဖွင့်လှစ်ခြင်းသည် အခွင့်အရေးတစ်ခုဖြစ်သလို ကပ်ဘေးတစ်ခုလည်း ဖြစ်သည်။

လူတချို့က ဝိညာဉ်ဆေးပင်အမျိုးမျိုး ရရှိလာပြီး ကျင့်ကြံဆင့်များ မြင့်တက်သွားကြသည်။ လူတချို့က ပြန်ထွက်မလာနိုင်တော့ပေ။

သို့သော် ဂိုဏ်းကြီးများက အချက်အလက်အမျိုးမျိုးကို စုဆောင်းထားပြီး မဟာကျင့်ကြံသူကြီးများကလည်း ကာကွယ်ပေးနေသောကြောင့် အန္တရာယ်ကို လျော့ချနိုင်သည်။

ဂိုဏ်းသေးများက အခွင့်အရေးတချို့ရရှိရန် မျှော်လင့်ပြီး တပည့်များကို စေလွှတ်ကြလိမ့်မည်။

“အဲဒါကြောင့် ဒီတစ်ကြိမ်မှာ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကလည်း အခွင့်အရေးရှာဖွေဖို့အတွက် တပည့်တွေကို စေလွှတ်မယ်”

တုမင်ထောင်က လူတိုင်းကို ကြည့်လိုက်သည်။

အကြီးအကဲများက တိုက်ရိုက်တပည့်သုံးယောက်ကို အလိုလျောက် ကြည့်မိသည်။

ထိုတပည့်သုံးယောက်က သတင်းရထားခဲ့သည်။ သူတို့က ဦးညွှတ်လိုက်ပြီး ပြောသည်။

“မစိုးရိမ်ပါနဲ့ဂိုဏ်းချုပ်။ ကျွန်တော်တို့က အကောင်းဆုံးဆောင်ရွက်ခဲ့ပါ့မယ်”

ဂိုဏ်း၏အခွင့်အရေးသည် သူတို့၏အခွင့်အရေးလည်း ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ခုအတွက် တိုက်ခိုက်မယူလျှင် အခွင့်အရေး ရလာမည်မဟုတ်ပေ။

သူတို့သုံးယောက်က လမ်းတစ်လျှောက်တွင် တိုက်ခိုက်ခဲ့သောကြောင့် သိန်းချီသောတပည့်များကြားတွင် ထိပ်ဆုံး၌ ရပ်တည်နေသည်။

“အကြီးအကဲဟန်၊ ဆေးဥယျာဉ်မှာ ဂိုဏ်းတပည့်တွေကို ကာကွယ်ပေးနိုင်မလားမသိဘူး”

တုမင်ထောင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“အကြီးအကဲဟန်ရဲ့ အရေးကိစ္စတွေက ပိုပြီးအရေးကြီးတာကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူက လိုအပ်သော ဝိညာဉ်ဆေးပင်များကို ရှာဖွေရန်အတွက် ဆေးဥယျာဉ်ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။ သူက ဂိုဏ်းတပည့်များကို ကူညီနိုင်လျှင် ကူညီပေးလိုက်မည်။

တုမင်ထောင်က အောက်တွင်ရှိနေသော တိုက်ရိုက်တပည့်သုံးယောက်ကို မျက်စပစ်ပြသည်။

တပည့်သုံးယောက်က ဟန်မူယဲ့ကို လျင်မြန်စွာ ဦးညွှတ်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲဟန်”

ဟန်မူယဲ့က တည်ငြိမ်စွာခေါင်းညိတ်သည်။

အသစ်ရာထူးတိုးလာသော အကြီးအကဲငါးယောက်က မဟာအကြီးအကဲ၏ခွန်အားကို နားမလည်နိုင်ပေ။ ဂိုဏ်းချုပ်ကပင် မဟာအကြီးအကဲကို လေးစားနေရသည်။

ပုံမှန်အတိုင်းဆိုလျှင် တပည့်များကို ကာကွယ်ရန်အတွက် ဂိုဏ်းချုပ်က ဆောင်ရွက်ပေးရသည်။

ဟန်မူယဲ့က တခြားလူများ၏အတွေးကို ဂရုမစိုက်ဘဲ တုမင်ထောင်၊ ထူစွန်းရှစ်နှင့် တခြားလူများကို ကြည့်လိုက်သည်။

“ငါက ဂိုဏ်းကနေထွက်သွားရင် ဟာကွက်ပေါ်လာလိမ့်မယ်။ ဂိုဏ်းအတွက် ဝင်္ကပါတစ်ခုတည်ဆောက်ဖို့ လိုလိမ့်မယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

သူ့စကားကြောင့် တိုက်ရိုက်တပည့်သုံးယောက်နှင့် အကြီးအကဲငါးယောက်က မျက်လုံးပြူးသွားကြသည်။

ဂိုဏ်းကို တစ်ယောက်တည်းကာကွယ်ထားနိုင်သောကြောင့် ထိုမဟာအကြီးအကဲသည် ဂိုဏ်း၏ အစစ်အမှန် အခြေခံအုတ်မြစ် ဖြစ်သည်။

ဂိုဏ်းချုပ်က သူ့ကို လေးစားနေသည့်အတွက် အတွေးများရန် မလိုတော့ပေ။

“အကြီးအကဲဟန်ပြောတာ မှန်ပါတယ်။ ကျွန်တော်က ကျင်းမင်တာအိုဂိုဏ်းကို ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ ....”

တုမင်ထောင်၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် တုံ့ဆိုင်းမှုများ ပေါ်လာသည်။

“ကျွန်တော်တို့ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းက အရမ်းအားကောင်းတဲ့ ဂိုဏ်းစောင့်ဝင်္ကပါကို မလိုအပ်သေးဘူးလို့ ပြောတယ်။ လက်ရှိအခြေအနေက လုံလောက်တယ်တဲ့”

သူတို့၏စကားသည် မမှားပေ။

ဂိုဏ်းတစ်ဂိုဏ်း၏ခွန်အားသည် စုဆောင်းထားသော အရင်းအမြစ်များပေါ်တွင် မှီခိုနေသည်။ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းက အရင်းအမြစ်များအားလုံးကို ဂိုဏ်းစောင့်ဝင်္ကပါအတွက် အသုံးပြုလိုက်လျှင် တပည့်များကို မည်သို့ ပျိုးထောင်ပေးမည်နည်း။

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

သူက လွန်ခဲ့သောနှစ်များတွင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းအတွက် လှုပ်ရှားခဲ့သည်။

သူက ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို နောက်ဆုတ်သွားအောင် လုပ်ခဲ့သည်။

ထိုသတင်းကို ထုတ်မပြောသောကြောင့် အပြင်လူများက မသိခဲ့ပေ။

အကယ်၍ သူထွက်သွားခဲ့လျှင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ လုံခြုံရေးကို အာမခံမပေးနိုင်တော့ပေ။

ဂိုဏ်း၏ ဆေးလုံးရောင်းချခြင်းမှ ရရှိလာသော အကျိုးအမြတ်များကို လူအများအပြားက တပ်မက်နေကြသည်။

တုမင်ထောင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ကျွန်တော်က ကျင်းမင်တာအိုဂိုဏ်းရဲ့ ရင်းနှီးတဲ့တပည့်တွေကို မေးကြည့်ခဲ့တယ်။ သူတို့ရဲ့ ဝင်္ကပါအစီအရင်အကြီးအကဲ ရှန်ကျုံးမင်က ဝင်္ကပါတည်ဆောက်ဖို့အတွက် ငြင်းပယ်လိုက်တာလို့ ပြောတယ်”

‘ရှန်ကျုံးမင်တဲ့လား’

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“သူက အံ့ဖွယ်ရွှေတာအိုဂိုဏ်းရဲ့ ဂိုဏ်းစောင့်ဝင်္ကပါကို တည်ဆောက်ပေးခဲ့တဲ့လူလား”

တုမင်ထောင်က ခေါင်းညိတ်လိုက်ပြီး အကူအညီမဲ့စွာ ပြောသည်။

“အကြီးအကဲဟန်က အံ့ဖွယ်ရွှေတာအိုဂိုဏ်းရဲ့ ဂိုဏ်းစောင့်ဝင်္ကပါကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်။ အကြီးအကဲရှန်ကျုံးမင်က အဲဒါကို အရှက်ရစရာတစ်ခုအဖြစ် မြင်နေတယ်။ အဲဒါကြောင့် ....”

သူက ဆက်မပြောပေ။ သို့သော် အဓိပ္ပာယ်က ရှင်းလင်းနေသည်။ ကျင်းမင်တာအိုဂိုဏ်း၏ အကြီးအကဲရှန်က သူတို့ကို ဝင်္ကပါတည်ဆောက်ရန်အတွက် ခွင့်ပြုမပေးခဲ့ပေ။

တပည့်သုံးယောက်နှင့် အကြီးအကဲငါးယောက်က ဟန်မူယဲ့ကို ထိတ်လန့်စွာကြည့်နေကြသည်။

‘မဟာအကြီးအကဲက ရွှေအံ့ဖွယ်တာအိုဂိုဏ်းကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးခဲ့တဲ့ မဟာဓားကျင့်ကြံသူပဲ’

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် အဝေးတစ်နေရာတွင်ရှိသောကြယ်ကို လှမ်းကြည့်သည်။

“ငါက ကျင်းခယ်ကြယ်ကို သွားလိုက်မယ်”

ကျင်းခယ်ကြယ်ပေါ်တွင်ရှိသော ကျင်းမင်တာအိုဂိုဏ်းသည် ကျွမ်းကျင်သူအများအပြားကို ပိုင်ဆိုင်ထားသော အင်အားစုကြီးတစ်ခု ဖြစ်သည်။

သူတို့တွင် လောကတစ်ခုလုံးကို ဖိနှိပ်နိုင်သည့် မဟာကျင့်ကြံသူကြီးတစ်ဦး မရှိသော်လည်း ဝင်္ကပါ၏အကူအညီကြောင့် ကျင်းခယ်ကြယ်ပေါ်တွင် ပြိုင်ဘက်ကင်းသည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကို ခက်ခဲအောင်လုပ်ခြင်းသည် ဝင်္ကပါဆရာသခင်တစ်ယောက်၏ ဆုံးဖြတ်ချက်တစ်ခုတည်းသာ မဖြစ်နိုင်ပေ။

ထိုအင်အားစုနှင့် ရင်ဆိုင်ရန် အချိန်ကျလာသည်။

ဟန်မူယဲ့က ဓားနှင့် ဝိညာဉ်ဆေးပင်များကို စုဆောင်းနိုင်ခဲ့သည်။ သို့သော် ဖရိုဖရဲနတ်ဘုရားခန်းမကိုသာ မှီခို၍ ဖြည်းဖြည်းချင်းစုဆောင်းနေလျှင် လိုအပ်ချက်ပြည့်မီရန် အချိန်ကြာလိမ့်မည်။

သူက ဆည်ပြင်ပတွင် အချိန်ကြာမြင့်စွာ မနေနိုင်ပေ။

သူ၏ အစစ်အမှန်ခန္ဓာကိုယ်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်တော့မည်ဖြစ်သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အရှိန်အဟုန်ကလည်း ဖြည်းဖြည်းချင်း စုစည်းလာသည်။ အရေးအကြီးဆုံးအနေဖြင့် အာကာသထဲတွင် လွင့်မျောနေသော ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာတော့မည်။

အများဆုံး ဆယ်နှစ်အတွင်း၌ ထိုကုန်းမြေက တာအိုပြိုင်ပွဲနယ်မြေသို့ ဝင်ရောက်လာပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဆင်းသက်လိမ့်မည်။

ထိုအချိန်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာက တိုက်ခိုက်လိမ့်မည်။

ဟန်မူယဲ့က အစစ်အမှန်ခန္ဓာကိုယ်နှင့် နတ်ဘုရားသားရဲကိုယ်ပွားကို တစ်ချိန်တည်းအသုံးပြုပြီး အရာအားလုံးကို ဖိနှိပ်၍ ကုန်းမြေအပိုင်းအစကို ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဆင်းသက်စေရမည်။

ထိုအရာသည် သူ၏ တာအိုလမ်းစဉ်နှင့်လည်း ပတ်သတ်နေသည်။

ပျက်စီးခြင်းတောရိုင်း၏ ကုန်းမြေအပိုင်းအစပေါ်တွင်ရှိသော မျိုးနွယ်စုအများအပြားသည် သူ၏ သွေးမျိုးဆက်ပြုပြင်ခြင်းကို ခံယူထားကြသည်။ သူတို့ကို အင်မော်တယ်ဝိညာဉ်ကမ္ဘာက သိမ်းပိုက်သွားလျှင် မဖြစ်ပေ။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ အပြင်ဘက်တွင် ပေါ်လာသည်။ သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကောင်းကင်ထက်တွင် ပျံသန်းသွားသည်။

အဆုံးမရှိသော ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး လောကကို အလင်းပေးလိုက်သည်။

All Chapters