အခန်း (၆၄၀)
Vol. 46 Ch. 640
“သူက ပိုပြီး သန်မာလာပြန်ပြီ ....”
ထူစွန်းရှစ်၏မျက်နှာထားက ရှုပ်ထွေးနေသည်။
တခြားလူများက သူ့ကိုကြည့်လိုက်ပြီး ခါးသီးသောအပြုံးများဖြင့် ခေါင်းခါကြသည်။
သူတို့က ဂိုဏ်း၏အကူအညီဖြင့် ကျင့်ကြံဆင့်များ လျင်မြန်စွာတိုးလာကြသည်ဟု ထင်ခဲ့သည်။ သို့သော် သူတို့နှင့် ဟန်မူယဲ့၏ကြားတွင် မကျော်လွှားနိုင်သော ချောက်နက်ကြီးတစ်ခု ရှိနေဆဲဖြစ်သည်။
“ဘုန်း”
ဟန်မူယဲ့က အာကာသထဲတွင် ပျံသန်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားဆန္ဒက အလင်းစက်ကွင်းအသွင် ပြောင်းလဲ၍ ပတ်ဝန်းကျင်၏ဖိအားကို ချေဖျက်ပေးနေသည်။
သူက အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းတွင် ဆေးလုံးများသာ သန့်စင်နေခဲ့ခြင်းမဟုတ်ပေ။
သူက ဓားနည်းစနစ်အမျိုးမျိုးကို ပေါင်းစပ်ခဲ့သောကြောင့် ဓားတာအိုနှင့်ပတ်သတ်၍ ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
သူ၏ ဓားလမ်းစဉ်သည် မဟာတာအိုနှင့် ယှဉ်နိုင်သည်။
သူက မိုင်သုံးထောင်အကွာအဝေးကို ချက်ချင်းဖြတ်သန်းပြီး ကျင်းခယ်ကြယ်ပေါ်သို့ ရောက်လာခဲ့သည်။ ကျင်းခယ်ကြယ်သည် လွန်ခဲ့သောဆယ်နှစ်နှင့် အတူတူပင်ဖြစ်သည်။
ထိုအရာသည် ကျင့်ကြံခြင်းလောက ဖြစ်သည်။
အချိန်က နေရာတိုင်းတွင် အမှတ်အသားများ မချန်ရစ်နိုင်ပေ။
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ကျင်းမင်တာအိုဂိုဏ်းသို့ သွားလိုက်သည်။
“အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းရဲ့ တာအိုရောင်းရင်းဟန်မူယဲ့လား”
ဟန်မူယဲ့က ကျင်းမင်တာအိုဂိုဏ်းနှင့် မိုင်တစ်ထောင်အကွာတွင် ချီစွမ်းအင်အလင်းက သူ့ကို တားဆီးလိုက်ပြီး အသံတစ်သံ ထွက်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ငါပဲ”
ချီစွမ်းအင်အလင်းက လှုပ်ရှားလိုက်ပြီး ရွှေရောင်တံတားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က တံတားပေါ်သို့ တက်လိုက်သည်။ သူက တံတားနှင့်အတူ ဖျတ်ခနဲပျောက်ကွယ်သွားပြီး ကျင်းမင်တာအိုဂိုဏ်း၏ရှေ့တွင် ပြန်ပေါ်လာသည်။
ထိုနည်းလမ်းက ထူးခြားပြီး ဝင်္ကပါအစီအရင်ကို အသုံးပြုထားသည်။
“ငါက ယွီထျန်းမင်ပါ။ တာအိုရောင်းရင်းဟန်ကို နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့၏ရှေ့တွင် ရှည်လျားသောမုတ်ဆိတ်များနှင့် အစိမ်းရောင်တာအိုဝတ်စုံဝတ်ထားသော တန်ခိုးရှင်တစ်ယောက် ရှိနေသည်။
သူက ရွှေသရဖူကို ဆောင်းထားပြီး ကျောက်စိမ်းခါးပတ်ကို ပိတ်ထားသည်။ သူ့လက်ထဲတွင် ချီစွမ်းအင်အလင်းများဖြင့် တောက်ပနေသော ကျောက်စိမ်းပြားတစ်ခုလည်း ရှိသည်။ သူက အစီအရင် ဆရာသခင်တစ်ဦး ဖြစ်သည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြန်လည်နှုတ်ဆက်သည်။
“ငါက ဂိုဏ်းစောင့်ဝင်္ကပါဝယ်ဖို့ ရောက်လာတာပါ”
သူ၏ ပွင့်လင်းသောစကားကြောင့် ယွီထျန်းမင်က ပြုံးလိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး လက်မြှောက်ပြသည်။
“တာအိုရောင်းရင်းဟန်၊ အထဲမှာ စကားပြောကြရအောင်”
ယွီထျန်းမင်၏သဘောထားက သိပ်မဆိုးပေ။ သူက ဟန်မူယဲ့ကို ဖိတ်ခေါ်လိုက်ပြီး ကျင်းမင်တာအိုဂိုဏ်း၏ သဘာဝရှုခင်းများနှင့် မိတ်ဆက်ပေးနေသည်။
ကမ္ဘာတစ်ခုကို ထိန်းချုပ်ထားသော ကျင်းမင်တာအိုဂိုဏ်းသည် စိတ်ကူးမယဉ်နိုင်အောင် နက်ရှိုင်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။
ကျင်းမင်တာအိုဂိုဏ်းက တာအိုပြိုင်ပွဲတစ်ခုနှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု ဟန်မူယဲ့က ခံစားရသည်။
သို့သော် ရှေးတိမ်တိုက်စကြဝဠာတွင် တာအိုပြိုင်ပွဲ မရှိပေ။
နယ်မြေစစ်ပွဲသာ ရှိသည်။
ကမ္ဘာတစ်ခုကို သန့်စင်ထားသော ကျင့်ကြံခြင်းအဖွဲ့အစည်းများ၏ စစ်ပွဲသည် တာအိုပြိုင်ပွဲထက် ပိုမိုကြမ်းတမ်းသည်။
ယွီထျန်းမင်က ဟန်မူယဲ့ကို ခန်းဆောင်တစ်ခုထဲသို့ ဖိတ်ခေါ်လိုက်ပြီး ထိုင်ချသည်။ တပည့်တစ်ယောက်က ဝိညာဉ်သစ်သီးများကို လာချပေးသွားသည်။
“တာအိုရောင်းရင်းဟန်ရဲ့ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းအတွက် ဝင်္ကပါတည်ဆောက်ဖို့ ငြင်းပယ်ခဲ့တာက အကြီးအကဲရှန်ပါပဲ”
ယွီထျန်းမင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးသည်။
“ကျင်းမင်တာအိုဂိုဏ်းက အကြီးအကဲတစ်ယောက်ရဲ့အမြင်ကိုလည်း ထည့်တွက်ရမယ်လေ”
အကြီးအကဲတစ်ယောက်၏အမြင်ကို ထည့်တွက်ရန် လိုအပ်သည်။
သို့သော် လုပ်ဆောင်ချက်ကတော့ ဈေးနှုန်းအပေါ်တွင် မူတည်သည်။
လောက၏ အရာအများစုတွင် ဈေးနှုန်းရှိသည်။
လုံလောက်အောင်ပေးလျှင် အရာအားလုံးကို ဝယ်ယူနိုင်လိမ့်မည်။
ယွီထျန်းမင်က စကားပြောလိုက်ပြီး ဝိညာဉ်သစ်သီးတစ်လုံးကို စားသည်။
“ဒီသစ်သီးကို ကျင်းမင်တာအိုဂိုဏ်းက စိုက်ပျိုးထားတာလေ။ တာအိုရောင်းရင်းဟန်က ဓားတာအိုတင်မကဘဲ အာခီမီတာအိုမှာလည်း ကျွမ်းကျင်တယ်လို့ ပြောကြတယ်။ စားကြည့်ပါအုံး”
သူတို့က လေးနက်သောအရေးကိစ္စများကို မပြောဘဲ ဝိညာဉ်သစ်သီးများအကြောင်းကို ပြောနေကြသည်။
ဂိုဏ်းစောင့်ဝင်္ကပါသည် ဝိညာဉ်သစ်သီးများနှင့် ယှဉ်နိုင်ပုံမပေါ်ပေ။
သို့သော် ထိုအရာများအားလုံးက စမ်းသပ်မှုတစ်ခုသာဖြစ်ကြောင်း ဟန်မူယဲ့က သိထားသည်။
ယွီထျန်းမင်က ဝိညာဉ်ကိုယ်ခွဲ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဝင်္ကပါပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ သူက ပေါက်ကရပြောနေရန်အတွက် အချိန်ရှိမည်မဟုတ်ပေ။
ထို့အပြင် ဝင်္ကပါစွမ်းအားကို အသုံးပြု၍ တိတ်ဆိတ်စွာစောင့်ကြည့်နေသော နတ်အာရုံဆယ်ခုကျော်လည်း ရှိနေကြသည်။
ဟန်မူယဲ့က ဝိညာဉ်သစ်သီးကို ယူလိုက်သည်။
ယွီထျန်းမင်က အပြုံးတစ်ခုနှင့် သူ့ကိုကြည့်သည်။
“ဟုတ်တယ်။ ဒီသစ်သီးက သဘာဝစွမ်းအင်ကြွယ်ဝတာပဲ။ ကျင့်ကြံသူတွေအားလုံးအတွက် အကျိုးရှိတယ်”
“ဒီသစ်သီးထဲမှာရှိတဲ့ ချီစွမ်းအင်နဲ့ ဆေးစွမ်းအားကို သန့်စင်နိုင်မယ်ဆိုရင် ပိုကောင်းသွားလိမ့်မယ်”
ဟန်မူယဲ့က သစ်သီးကိုင်ထားပြီး ညင်သာစွာပြောသည်။
“ဟားဟား”
ယွီထျန်းမင်က ရယ်သည်။
“တာအိုရောင်းရင်းဟန်က အသိဉာဏ်ကြွယ်ဝတာပဲ”
သူက တည်ငြိမ်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
“ဒါပေမဲ့ ချီစွမ်းအင်နဲ့ ဆေးစွမ်းအားကို ခွဲခြားနိုင်တဲ့နည်းလမ်း ရှိတယ်။ အဲဒီလိုသစ်သီးမျိုးကို စားဖို့မလွယ်ဘူး”
“ရှေးတိမ်တိုက်စကြဝဠာရဲ့ အဓိကအင်အားစုကြီးတွေကပဲ အဲဒီသစ်သီးကို ပိုင်ဆိုင်နိုင်လိမ့်မယ်”
ကမ္ဘာတစ်ခုကို သိမ်းပိုက်ထားသော ကျင်းမင်တာအိုဂိုဏ်းက အဓိကအင်အားစုကြီးတစ်ခု ဖြစ်သည်။ သို့သော် မရေမတွက်နိုင်သောကြယ်များအား ထိန်းချုပ်ထားသော အင်အားစုများနှင့် မယှဉ်နိုင်သေးပေ။
ကျင်းခယ်ကြယ်က ဖရိုဖရဲနတ်ဘုရားခန်းဆောင်ကို မှီခို၍ စီးပွားရှာနေရသည်။ အဓိကဂိုဏ်းကြီးများ၏ရှေ့တွင် သူတို့က အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကဲ့သို့ ဖြစ်သွားလိမ့်မည်။
အခြေခံအုတ်မြစ်များ မယှဉ်နိုင်ကြပေ။
“အဓိကအင်အားစုကြီးလား”
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများနှင့် ပြုံးသည်။
“ဒါက သန့်စင်တဲ့ ဝိညာဉ်သစ်သီးတစ်လုံးပဲမဟုတ်လား။ ဘာဖြစ်လို့ အဓိကအင်အားစုကြီးတစ်ခု လိုအပ်မှာလဲ”
သူက စကားပြောလိုက်ပြီး လက်ထဲတွင် အစိမ်းရောင်ချီစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာသည်။
သူက သစ်သားဓာတ် လိုက်ဖက်ညီမှုစွမ်းအားကို အဆုံးစွန်အထိ အသစ်သွင်းလိုက်ပြီး သစ်သီးကို တောက်ပလာစေသည်။ ထို့နောက် သစ်စေ့မှ နူးညံ့သော အညှောက်လေးတစ်ခု ပေါက်လာသည်။
အပင်ပေါက်က လျင်မြန်စွာကြီးထွာလာပြီး ခဏအကြာတွင် တစ်ပေကျော်နေသော သစ်ပင်တစ်ပင် ဖြစ်လာသည်။
ယွီထျန်းမင်က တစ်ပေခန့်မြင့်မားသောသစ်ပင်ကို ကြည့်လိုက်ပြီး ပြုံးသည်။
ထိုနည်းလမ်းက ထူးခြားသော်လည်း မဟာကျင့်ကြံသူကြီးတစ်ယောက်အတွက် မလုံလောက်သေးပေ။
“ဝီ”
ဟန်မူယဲ့က ချီစွမ်းအင်အလင်းများကို ထုတ်ဖော်သည်။ သစ်ပင်က ဆက်လက်ကြီးထွားနေပြီး သုံးပေအမြင့်သို့ ရောက်လာခဲ့သည်။ သစ်ကိုင်းနှင့်သစ်ရွက်များ ဖြာထွက်လာသည်။
သစ်ပင်က သုံးပေအမြင့်သို့ ရောက်လာသောအခါတွင် ဟန်မူယဲ့က ဆက်လက်ကြီးထွားခွင့် မပေးတော့ပေ။ သူက သစ်ပင်ကို ချီစွမ်းအင်အလင်းဖြင့် ရစ်ပတ်လိုက်သည်။ အစိမ်းရောင်သစ်ရွက်များ လှုပ်ရှားနေပြီး ပန်းများပွင့်လာကြသည်။
ယွီထျန်းမင်၏အကြည့်က လေးနက်နေပြီး ပန်းပွင့်နေသောသစ်ပင်ကို အာရုံစိုက်ထားသည်။
တိတ်ဆိတ်စွာစောင့်ကြည့်နေသော နတ်အာရုံများကလည်း အာရုံစိုက်နေကြသည်။
ဟန်မူယဲ့က ညင်သာစွာပြုံးလိုက်ပြီး လက်ဝါးထဲတွင်ရှိသော သစ်ပင်ဆီသို့ အစိမ်းရောင်ချီစွမ်းအင်အလင်းကို ထည့်သွင်းသည်။
မြက်ရိတ်တံ၏စွမ်းအား ဖြစ်သည်.
“ရွှပ် ....”
ပန်းပွင့်များက အလိုလျောက် ယိမ်းထိုးလာကြသည်။ ပွင့်ချပ်များက အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ မဲနယ်ရောင်၊ အပြာရောင်နှင့် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားကြသည်။ ပန်းပွင့်များက အရောင်စုံပြီး အလွန်လှပနေကြသည်။
ပွင့်ချပ်များက ပွင့်လန်းလာပြီး ချက်ချင်းဆိုသလိုပင် ညှိုးနွမ်းသွားကြသည်။
ထိုပွင့်ချပ်များကို မည်သူမှ ဂရုမစိုက်ကြပေ။
သူတို့အားလုံးက သစ်ပင်ပေါ်တွင်ရှိသော သက်တံရောင်သစ်သီးများကိုသာ ကြည့်နေကြသည်။
ဝိညာဉ်သစ်သီးများက ခိုဥအရွယ်အစားအထိ လျင်မြန်စွာကြီးထွားလာပြီး ချီစွမ်းအင်များကို စုစည်းထားကြသည်။
ဆက်လက်စစ်ဆေးနေရန် မလိုတော့ပေ။
သက်တံရောင်သစ်သီးများသည် အရောင်များအလိုက် မတူညီသောစွမ်းအားများကို ပိုင်ဆိုင်ထားသည်။
သစ်သီးများအားလုံးသည် အလွန်သန့်စင်သည်။
ယွီထျန်းမင်က တောက်ပနေသောမျက်လုံးများနှင့် သစ်သီးများကို ြည့်သည်။
“ကောင်းတယ်”
“ဒီလိုနည်းစနစ်မျိုးနဲ့ ဆေးဥယျာဉ်ထဲကိုဝင်သွားရင် အကျိုးအမြတ်တွေ ရလာမှာပဲ”
ယွီထျန်းမင်က ရေရွတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဝီ”
ခန်းဆောင်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ချည်ထည်အဝတ်များနှင့် လူအိုကြီးတစ်ယောက်ဖြစ်ပြီး ဆံပင်နှင့် မုတ်ဆိတ်များက ရှုပ်ပွနေသည်။ သူက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဝိညာဉ်သစ်သီးပင်ကို စိုက်ကြည့်နေသည်။ သူက လက်ဆန့်ထုတ်၍ သစ်သီးကိုခူးယူရန် ကြိုးစားသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ညွှန်ပြသည်။ အလင်းလွှာတစ်ခုက လူအိုကြီး၏လက်ကို တားဆီးလိုက်သည်။
လူအိုကြီးက ကြောင်အသွားပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“မတောင်းဘဲနဲ့ယူတာက ရိုင်းတယ်မဟုတ်လား”
လူအိုကြီးက ဒေါသထွက်သွားပုံပေါ်သည်။ သူစကားမပြောနိုင်ခင် ဟန်မူယဲ့၏အသံကို ထပ်ကြားရသည်။
“ဒါမှမဟုတ် ကျင်းမင်တာအိုဂိုဏ်းကဆိုရင် ဒီသစ်သီးကို စားနိုင်တာလား”
ဟန်မူယဲ့၏စကားကြောင့် လူအိုကြီးက ချီစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ သူက အစိမ်းရောင်အလင်းများ ထုတ်လွှတ်နေသော လက်ဝါးဖြင့် ရှေ့ဆက်တိုးလာသည်။
“ခလွမ် ....”
ဟန်မူယဲ့၏အလင်းလွှာက ပျက်စီးသွားပြီး လူအိုကြီး၏လက်ဝါးက ဝိညာဉ်သစ်သီးများဆီသို့ ရောက်သွားတော့မည်။
သူက ထိုသစ်သီးကို စားမည်။
ဟန်မူယဲ့၏မျက်လုံးထဲတွင် ဓားအလင်းရောင် ပေါ်လာသည်။
ဓားအလင်းက အေးစက်နေသည်။
လူအိုကြီး၏လက်ဝါးချက်က သစ်သီးကို မထိနိုင်ခင် ဓားအလင်းကြောင့် ရပ်တန့်သွားရသည်။
လူအိုကြီး၏မျက်နှာထားက ပြောင်းလဲသွားပြီး လက်ဝါးချက်၏ဦးတည်ချက်ကို ပြောင်းသည်။
သို့သော် အကြောင်းပြချက်တချို့ကြောင့် ဟန်မူယဲ့၏ဓားအလင်းက သူ့ရှေ့တွင် အမြဲရှိနေသည်။
လက်ဝါးအရိပ်က အသက်တစ်ခါရှူကြိမ်အတွင်း၌ အကြိမ်ပေါင်းထောင်ချီ၍ ပြောင်းလဲခဲ့သော်လည်း ဓားအလင်းဆီမှ မလွတ်မြောက်နိုင်ခဲ့ပေ။
လူအိုကြီး၏မျက်နှာထားက လေးနက်လာသည်။
ယွီထျန်းမင်၏မျက်နှာထားက ပြောင်းလဲသွားပြီး ခါးမတ်သည်။
သူ့ဘေးတွင် ပုံရိပ်များပေါ်လာပြီး လူအိုကြီး၏လက်ဝါးချက်ကို ကြည့်နေကြသည်။
ဟန်မူယဲ့၏ဓားက အလွန်လျင်မြန်ပြီး လူအိုကြီးက အစွမ်းကုန်ကြိုးစားသော်လည်း ရှေ့မတိုးနိုင်ခဲ့ပေ။
“အရမ်းကောင်းတဲ့ ဓားနည်းစနစ်ပဲ”
ရွှေရောင်ဝတ်စုံနှင့် ရွှေရောင်သရဖူကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က တီးတိုးပြောသည်။ သူ့မျက်လုံးများက တောက်ပနေသည်။
ဟန်မူယဲ့၏စွမ်းရည်ကို ထုတ်ပြောနေရန် မလိုအပ်ပေ။
လူအိုကြီးက စိတ်မရှည်ဖြစ်လာပြီး အေးစက်စွာနှာမှုတ်သည်။ သူ့လက်ဝါးတွင် သွေးအလင်းပေါ်ထွက်လာပြီး ဓားနှင့် ရင်ဆိုင်သည်။
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက နောက်မဆုတ်ဘဲ လက်ဝါးချက်ကို ဓားဖြင့် ချိန်ထားသည်။
“တော်ပြီ”
ထိုအချိန်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။
ခန်းဆောင်ထဲတွင်ရှိသော စွမ်းအားများအားလုံး ရပ်တန့်သွားသည်။ လူအိုကြီး၏လက်ဝါးချက်က ရှေ့မတိုးနိုင်တော့ပေ။
ဟန်မူယဲ့၏ဓားကလည်း နေရာတွင် ချုပ်နှောင်ခံထားရသည်။
အဝါရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခန်းဆောင်ထဲသို့ လမ်းလျှောက်ဝင်လာသည်။ သူက လူအိုကြီးကို မြင်လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်ကြီး လက်တစ်ဖက်ကို ဝှေ့ယမ်းသည်။ လူအိုကြီးက ပေဆယ်ချီအကွာတွင်ရှိသော သစ်သားကုလားထိုင်ပေါ်သို့ ရောက်သွားသည်။
သူက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဝိညာဉ်သစ်သီးပင်ကို ကြည့်သည်။ သူ့မျက်နှာထားက ထူးဆန်းနေပြီး သစ်သီးခူးရန် လက်ကိုဆန့်ထုတ်သည်။
သို့သော် သူက အံ့အားသင့်သွားရသည်။
ရုတ်တရက်ဆိုသလိုပင် ဟန်မူယဲ့၏ဓားက သူ့လက်ဝါးရှေ့တွင် ပေါ်လာသည်။
မဟုတ်သေးပေ။ ဟန်မူယဲ့၏ဓားက ချုပ်နှောင်ခံထားရသည်။