← Chapters

အခန်း (၆၄၄)

Vol. 46 Ch. 644

အခန်း (၆၄၄)

Vol. 46 Ch. 644

ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်သည်။

အစိမ်းရောင်အလင်းတန်းတစ်ခုက မီးပြင်းဖိုထဲသို့ ပြေးဝင်သွားသည်။

မီးပြင်းဖိုထဲတွင်ရှိ‌နေသော ဆေးစွမ်းအားများက လည်ပတ်လာသည်။ ထို့နောက် ယွမ်မင်ကျဲ၏ ဖိနှိပ်မှုအောက်တွင် နာခံမှုရှိစွာဖြင့် ဆေးလုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မီးပြင်းဖိုထဲတွင် ကြယ်များနှင့်တူသော ဆေးလုံးသုံးရာကျော် ဖြစ်တည်လာခဲ့သည်။

ဆေးလုံးအချို့က အစိမ်းရောင်ဖြစ်သည်။ တချို့က မီးတောက်ကဲ့သို့ နီရဲနေပြီး တချို့က ရွှေရောင်သန်းနေသည်။ တချို့က လိမ္မော်ရောင်ဖြစ်သည်။

အရောင်ခုနစ်မျိုး၊ အရောင်ကိုးမျိုး ....

“ဂုဏ်ယူပါတယ်ဆရာဦးလေး။ ဆရာဦးလေးသန့်စင်ထားတဲ့ အရောင်ကိုးမျိုးဆေးလုံးက အောင်မြင်သွားပါပြီ”

ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အဝေးတစ်နေရာတွင်ရှိနေသော လီကျုံးကျင်းကိုကြည့်လိုက်ပြီး အော်ပြောသည်။

‘အရောင်ကိုးမျိုးဆေးလုံးတဲ့လား’

‘အောင်မြင်သွားတာလား’

လီကျုံးကျင်းက နားမလည်နိုင်ဖြစ်နေပြီး တခြားအာခီမီပညာရှင်များကဲ့သို့ ကြောင်အနေခဲ့သည်။

သူက မီးပြင်းဖိုကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါတွင် မျက်လုံးပြူးသွားသည်။

ဆေးလုံးသုံးရာ ....

အဓိကအချက်သည် ဆေးလုံးအရေအတွက်မဟုတ်ဘဲ ဆေးလုံးများ၏ အလွန်သန့်စင်နေသော ဆေးစွမ်းအား ဖြစ်သည်။

သူ့မျက်နှာထားက ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို လှမ်းကြည့်သည်။

သူက ထိုသို့သန့်စင်နေသော ဆေးစွမ်းအားများကို မြင်ဖူးခဲ့သည်။

ကျင်းမင်တာအိုဂိုဏ်း၏ ခန်းဆောင်တွင် ဟန်မူယဲ့ဖန်တီးခဲ့သော ဝိညာဉ်သစ်သီးများ ဖြစ်ကြသည်။

သူက အာခီမီနည်းစနစ်ဖြင့် သစ်သီးများကို မွေးထုတ်ပေးခဲ့သည်။

ယခု သူက ဝိညာဉ်သစ်သီးများကို မွေးထုတ်ပေးသောနည်းစနစ်ဖြင့် ဆေးလုံးများကို သန့်စင်ခဲ့သည်။

‘သူက လျှို့ဝှက်နည်းလမ်းတွေကို ဘယ်လောက်တောင် ဖုံးကွယ်ထားတာလဲ’

‘ဆွေးမြည့်နေတဲ့အရာတွေကို မှော်ဆန်တဲ့အရာအဖြစ် ပြောင်းလဲပစ်လိုက်တာက သူ့ရဲ့ အာခီမီလမ်းစဉ်လား’

ယွမ်မင်ကျဲက ချီစွမ်းအင်များကို ဖြည်းဖြည်းချင်း ရုတ်သိမ်းလိုက်သည်။

သူက အပြုံးတစ်ခုနှင့်အတူ လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်နေသော ဟန်မူယဲ့ကို ကြည့်သည်။ ယွမ်မင်ကျဲက တည်ငြိမ်သောမျက်နှာထားဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။

“ဝီ”

ကျူးကွမ်ရှို့နှင့် ဝူယာကျီတို့၏ မီးပြင်းဖိုများက တုန်ခါနေပြီး ဆေးလုံးနှစ်လုံး ပေါ်ထွက်လာခဲ့သည်။

“စတုတ္ထအဆင့် တောင်တန်းစံအိမ်ဆေးလုံးပဲ”

“စတုတ္ထအဆင့်ဆေးလုံးက ဆေးစွမ်းအားကြွယ်ဝတယ်။ အာခီမီတိုက်ပွဲမှာ စတုတ္ထအဆင့်ဆေးလုံးကို တွေ့ရတာ ရှားပါးတယ်”

ကျူးကွမ်ရှို့၏ခေါင်းပေါ်တွင်ရှိသော ဆေးလုံးကို ကြည့်လိုက်ပြီး လူတိုင်းက အံ့အားသင့်သွားကြသည်။

“ဘုန်း”

မိုးကြိုးဆင်းသက်လာပြီး ဆေးလုံးကို ရစ်ပတ်သွားသည်။

ရှေးတိမ်တိုက်စကြဝဠာတွင် ကောင်းကင်တာအိုမရှိသော်လည်း ဆေးလုံးတစ်လုံး ဖြစ်ပေါ်လာသောအခါတွင် အာကာသက ပြောင်းလဲသွားပြီး မိုးကြိုးကပ်ဘေး ဖြစ်ပေါ်လာလိမ့်မည်။

သို့သော် ထိုမိုးကြိုးသည် သန့်စင်ပေးသောစွမ်းအားများ မရှိပေ။

“အဲဒါက စတုတ္ထအဆင့် တိမ်တိုက်မြင့်တက်ခြင်းဆေးလုံး မဟုတ်လား”

လူတစ်ယောက်က ဝူယာကျီ၏ခေါင်းပေါ်တွင်ရှိသော ဆေးလုံးကို ညွှန်ပြလိုက်ပြီး ပြောသည်။

“တိမ်တိုက်မြင့်တက်ခြင်း‌ဆေးလုံးက ဝူယွင်ထန့်ရဲ့ အထူးဆေးလုံးမဟုတ်လား။ ဝူယာကျီက သန့်စင်နိုင်ပြီလား”

လူတစ်ယောက်က ပြောသည်။

ဝူယာကျီ၏ဆေးလုံးကလည်း မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည်။

မိုးကြိုးကပ်ဘေးသည် အဆင့်မြင့်ဆေးလုံးများ၏ သင်္ကေတ ဖြစ်သည်။

လူတိုင်းက လီကျုံးကျင်းကို ကြည့်လိုက်ကြသည်။

လီကျုံးကျင်းက ကျယ်လောင်စွာရယ်သည်။ သူ့မီးပြင်းဖိုက ပွင့်သွားပြီး ဆေးလုံးများ ထွက်ပေါ်လာခဲ့သည်။

‘တကယ်မောက်မာနေတာပဲ’

ဟန်မူယဲ့က လီကျုံးကျင်းကို ကြည့်လိုက်သည်။

ဆေးလုံးသုံးရာ ထွက်ပေါ်လာသောအခါတွင် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့သည်။

အရောင်ကိုးမျိုးဆေးလုံးများက အုပ်စုကိုးခုခွဲပြီး လီကျုံးကျင်း၏ခေါင်းပေါ်တွင် လွင့်မျောနေကြသည်။

သို့သော် မိုးကြိုးကပ်ဘေး ဆင်းသက်မလာခဲ့ပေ။

ထိုဆေးလုံးများက ဆေးစွမ်းအားကြွယ်ဝပုံရသော်လည်း မိုးကြိုးကပ်ဘေးကို မဆွဲဆောင်နိုင်ခဲ့ပေ။

မျက်နှာထားဖြူဖျော့သွားခဲ့သော ကျူးကွမ်ရှို့က ကျယ်လောင်စွာရယ်လိုက်သည်။ သူက လက်မြှောက်ပြီး ညွှန်ပြသည်။ ဆေးလုံးတစ်လုံးက ပျံသန်းထွက်သွားခဲ့သည်။

အာခီမီတိုက်ပွဲသည် အရေအတွက်တစ်ခုတည်းအပေါ်တွင် မှီခိုမှုမရှိပေ။

ဆေးလုံးများက အဆင့်တစ်ဆင့် ကွာခြားနေလျှင် ဆေးစွမ်းအားကလည်း ဆယ်ဆ၊ အဆတစ်ရာခန့် ကွာခြားသွားလိမ့်မည်။

စတုတ္ထအဆင့်ဆေးလုံးက ပဥ္စမအဆင့်ဆေးလုံးကို လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်သည်။

ပဥ္စမအဆင့်သို့ မရောက်သေးသော ဆေးလုံးများက သောင်းနှင့်ချီ၍ ရှိနေလျှင်ပင် စတုတ္ထအဆင့် ဆေးလုံးတစ်လုံးကို ခုခံနိုင်မည်မဟုတ်ပေ။

“သတ်”

လီကျုံးကျင်းက အော်ဟစ်လိုက်ပြီး ဆေးလုံးများကို ပစ်လွှတ်သည်။

ဒါဇင်ချီနေသောဆေးလုံးများက ကျူးကွမ်ရှို့၏ တောင်တန်းစံအိမ်ဆေးလုံးကို ဝိုင်းရံထားကြသည်။

“ဘန်း”

ဆေးလုံးနှစ်လုံး ထိတွေ့သွားသည်။

ချက်ချင်းဆိုသလိုပင် ဆေးလုံးတစ်လုံးက ပျက်စီးသွားခဲ့သည်။

ကျူးကွမ်ရှို့က ရယ်လိုက်ပြီး ကြောင်အသွားသည်။

တခြားလူများကလည်း ကြောင်အသွားကြသည်။

ဆေးလုံးနှစ်လုံး ထိတွေ့လိုက်သောအချိန်တွင် တောင်တန်းစံအိမ်ဆေးလုံးက ပျက်စီးသွားခဲ့သည်။

စတုတ္ထအဆင့်ဆေးလုံးသည် လီကျုံးကျင်း၏ ဆေးလုံးတစ်လုံးကိုပင် မခုခံနိုင်ပေ။

ဝူယာကျီက လီကျုံးကျင်း၏ခေါင်းပေါ်တွင်ရှိသော ရောင်စုံဆေးလုံးများကို ကြည့်လိုက်ပြီး ကြက်သီးထသွားသည်။

လီကျုံးကျင်းက ရယ်မောလိုက်ပြီး ဆေးလုံးများကို ပစ်လွှတ်သည်။

“ဘုန်း”

ဝူယာကျီ၏ခေါင်းပေါ်တွင်ရှိနေသော ဆေးလုံးနှစ်လုံးနှင့် ကျူးကွမ်ရှို့၏ လက်ကျန်ဆေးလုံးတစ်လုံးက ထပ်မံပေါက်ကွဲသွားသည်။ ချီစွမ်းအင်များသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာခဲ့သည်။

စတုတ္ထအဆင့် ဆေးလုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲသွားခဲ့သည်။

လီကျုံးကျင်းက ရယ်မောလိုက်ပြီး လက်မြှောက်၍ မျက်နှာချင်းဆိုင်တွင်ရှိနေသော မီးပြင်းဖိုနှစ်ခုကို သိမ်းယူသည်။ ထို့နောက် သေရည်အိုးတစ်အိုးကို ထုတ်ယူပြီး အရောင်ကိုးမျိုးဆေးလုံးများကို စုစည်းလိုက်သည်။

“ပြန်သွားပြီး ခွဲယူကြရအောင်”

လီကျုံးကျင်းက ဟန်မူယဲ့ကို တီးတိုးပြောလိုက်သည်။ သူက လက်နှစ်ဖက်ဆုပ်ကိုင်၍ ယွမ်မင်ကျဲကို နှုတ်ဆက်လိုက်ပြီး လှည့်ထွက်သွားသည်။

ဟန်မူယဲ့က သူ့နောက်မှ လိုက်သွားသည်။ သူတို့နှစ်ယောက်က အလွန်လျင်မြန်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။

“ဟားဟား ....”

“မိုက်လိုက်တာ ....”

လေထုထဲတွင် လီကျုံးကျင်း၏ မောက်မာသောအသံကို ကြားနိုင်သည်။

ယွမ်မင်ကျဲက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ထွက်သွားသည်။

ကျူးကွမ်ရှို့နှင့် ဝူယာကျီတို့က ဖြူဖျော့နေသော မျက်နှာများနှင့်အတူ နေရာတွင် ကျန်နေခဲ့ကြသည်။

အာခီမီတိုက်ပွဲတွင် ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ယောက်က မီးပြင်းဖိုများ ဆုံးရှုံးသွားပြီး တာအိုနှလုံးသားများလည်း တိမ်ဖုံးသွားကြသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော အာခီမီကျင့်ကြံသူများက အုပ်စုဖွဲ့၍ အာခီမီတိုက်ပွဲ၏အကြောင်းကို ပြန်ပြောနေကြသည်။

အရောင်ကိုးမျိုးဆေးလုံးများသည် မိုးကြိုးကပ်ဘေးကို မဆွဲဆောင်ခဲ့သော်လည်း စတုတ္ထအဆင့်ဆေးလုံးတစ်လုံးကို ဖျက်ဆီးနိုင်သည်။ ထိုဆေးလုံးက မည်သည့်ဆေးလုံးများ ဖြစ်ကြသနည်း။

ထို့အပြင် ဆေးလုံးသန့်စင်သောဖြစ်စဉ်က နည်းစနစ်မကျဘဲ ဖရိုဖရဲဖြစ်နေသည်။

“တာအိုရောင်းရင်းဟန်၊ မင်းက ဒီဆေးလုံးတွေကို ဘယ်လိုလုပ်ပြီး သန့်စင်လိုက်တာလဲ”

အာကာသထဲတွင် လီကျုံးကျင်းက သေရည်အိုးကို ထုတ်ယူ၍ ဟန်မူယဲ့ကို ကြည့်သည်။

“ဒီနည်းစနစ်က ခန်းဆောင်ထဲမှာ ဝိညာဉ်သစ်သီးတွေ ဖန်တီးခဲ့တဲ့နည်းစနစ်နဲ့ တူနေတယ်”

လီကျုံးကျင်း၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါပြီး တည်ငြိမ်စွာပြောသည်။

“ဒီဆေးလုံးတွေကို အကြီးအကဲယွမ်ရဲ့အကူအညီနဲ့ သန့်စင်ခဲ့တာပါ”

“ယွင်မင်ကျဲလား။ သူက ဘယ်လိုလုပ်ပြီး ....”

သူ့စကားမဆုံးခင် မျက်စပစ်ပြနေသော ဟန်မူယဲ့ကို မြင်လိုက်ရသည်။

ယွမ်မင်ကျဲ ရောက်လာသည်။

“နှုတ်ဆက်ပါတယ်အကြီးအကဲ”

လီကျုံးကျင်း၏မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

“ငါက တိုက်ပွဲမှာ မကူညီခဲ့ရင် မီးပြင်းဖိုက ပေါက်ကွဲသွားပြီး ဆေးလုံးတွေ ဖြစ်တည်လာတော့မှာမဟုတ်ဘူး”

ယွမ်မင်ကျဲက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဟန်မူယဲ့ကိုကြည့်လိုက်သည်။

“မင်းပြောတဲ့စကားက အမှန်ပဲ”

ယွမ်မင်ကျဲ၏စကားကို ကြားလိုက်ရသောအခါတွင် လီကျုံးကျင်းက လက်မြှောက်ပြီး မီးပြင်းဖိုနှစ်လုံးကို ထုတ်ပေးသည်။

“အကြီးအကဲပြောတာ မှန်ပါတယ်။ အကြီးအကဲက မီးပြင်းဖိုတစ်လုံးကို ယူလို့ရပါတယ်”

သူ့စကားကြောင့် ဟန်မူယဲ့က ရယ်ချင်သွားသည်။

ကောင်းကင်အဆင့်ကို ကျော်လွန်သွားပြီး သူတော်စင်တစ်ယောက်နှင့်ယှဉ်နိုင်သော အာခီမီစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် မဟာကျင့်ကြံသူကြီးတစ်ယောက်က ထိုမီးပြင်းဖိုများကို ဂရုစိုက်မည်မဟုတ်ပေ။

ယွမ်မင်ကျဲက စကားမပြောပေ။ သူက ခေါင်းခါလိုက်ပြီး လက်မြှောက်သည်။ လီကျုံးကျင်း၏လက်ထဲတွင်ရှိသော သေရည်အိုးက ပျံထွက်လာသည်။

ယွမ်မင်ကျဲက ရောင်စုံဆေးလုံးတချို့ကို ထုတ်ယူလိုက်သည်။

“ငါထင်ထားတဲ့အတိုင်းပဲ ဒီဆေးလုံးတွေက မပြည့်စုံသေးဘူး”

ယွမ်မင်ကျဲက ဟန်မူယဲ့ကို ကြည့်သည်။

“ဒါက သန့်စင်တဲ့ဆေးစွမ်းအားကို စုစည်းထားတဲ့ စွမ်းအင်လုံးတွေပဲ”

ထိုစွမ်းအင်လုံးများသည် ဆေးလုံးမဖြစ်သေးသောကြောင့် မိုးကြိုးကပ်ဘေးကို မဆွဲဆောင်ခဲ့ပေ။

လီကျုံးကျင်းက ဝိညာဉ်သစ်သီးများနှင့်တူသည်ဟု ပြောခဲ့သည်။ ယွမ်မင်ကျဲ၏စကားက လီကျုံးကျင်း၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။

“အကြီးအကဲပြောတဲ့အတိုင်းပါပဲ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ယွမ်မင်ကျဲ၏မျက်လုံးများက တောက်ပလာပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက ငါနဲ့အတူ အလုပ်လုပ်ဖို့ စိတ်ဝင်စားလား”

“ငါက မင်းရဲ့ သန့်စင်တဲ့ ဆေးစွမ်းအားကို စိတ်ဝင်စားတယ်။ ငါက ဒီစွမ်းအင်လုံးတွေကို ဈေးကြီးပေးပြီး ဝယ်နိုင်တယ်”

ယွမ်မင်ကျဲက အရောင်ကိုးမျိုးဆေးလုံးများကို ကိုင်ထားပြီး ပြောလိုက်သည်။

‘စွမ်းအင်လုံးတွေကို ဈေးကြီးပေးပြီး ဝယ်မှာလား’

လီကျုံးကျင်း၏မျက်လုံးများက တောက်ပလာသည်။

သန့်စင်သော ဆေးစွမ်းအားများ ရှိနေလျှင် စွမ်းအင်လုံးများကို မီးပြင်းဖိုထဲသို့ ပစ်ထည့်ပြီး ပေါင်းစပ်လိုက်ရုံဖြင့် ဆေးလုံးသန့်စင်နိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် အာခီမီကို စတင်သင်ကြားနေသော လူသစ်လေးတစ်ယောက်ကပင် ထိပ်တန်းအဆင့်ဆေးလုံးကို သန့်စင်နိုင်မည်။

ထိုဆေးစွမ်းအင်လုံးများကို အများအပြားထုတ်လုပ်နိုင်လျှင် ရှေးတိမ်တိုက်စကြဝဠာ၏ အာခီမီတာအိုက ပြောင်းလဲသွားလိမ့်မည်။

ရှေးတိမ်တိုက်စကြဝဠာတွင် ပစ္စည်းများကို စံနှုန်းတစ်ခု သတ်မှတ်၍ အများအပြားထုတ်လုပ်နိုင်ရန် ကြိုးစားကြသည်။

အာခီမီလမ်းစဉ်တွင်လည်း အများအပြားထုတ်လုပ်ထားသော စံချိန်မီဆေးလုံးများရှိကြသည်။ သို့သော် ထိုဆေးလုံးများသည် အဆင့်နိမ့်ဆေးလုံးများ ဖြစ်ကြသည်။ အဆင့်မြင့်ဆေးလုံးများကို အများအပြားထုတ်လုပ်နိုင်ရန် ခက်ခဲသည်။

သို့သော် ဟန်မူယဲ့၏ ဆေးစွမ်းအားသန့်စင်ခြင်းနည်းလမ်းကို အသုံးပြုလိုက်လျှင် အဆင့်မြင့်ဆေးလုံးများကို အများအပြား ထုတ်လုပ်နိုင်လိမ့်မည်။

“အကြီးအကဲက တန်ဖိုးထားနေတဲ့အတွက် ကျွန်တော်က ပူးပေါင်း‌ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်”

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားပေ။ သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ ဆေးဥယျာဉ်ဖွင့်ပွဲပြီးတဲ့အချိန်မှာ ဆက်ပြောကြရင် ပိုကောင်းပါလိမ့်မယ်”

ရှေးခေတ်နတ်ဘုရားဆေးဥယျာဉ်သည် အရေးကြီးသည်။ ဟန်မူယဲ့က ယခုအချိန်တွင် အာရုံမများချင်ပေ။

သူက ဆေးစွမ်းအားကို သန့်စင်ပေးပြီး တစ်ဖက်လူက ဆေးလုံးများ ဖန်တီးလိမ့်မည်။ ဤစီးပွားရေးက အကျိုးအမြတ်ရှိသည်။

အရေးအကြီးဆုံးအနေဖြင့် အဆင့်မြင့်ဆေးလုံးများ ထွက်ပေါ်လာကြလိမ့်မည်။

သစ်သားရုပ်သေးများသည် အရည်အသွေးကောင်းသော အဆင့်မြင့်ဆေးလုံးများကို မသန့်စင်နိုင်ကြပေ။

ယွမ်မင်ကျဲက ခေါင်းညိတ်သည်။

ယခုအချိန်တွင် အရေးအကြီးဆုံးအရာသည် ဆေးဥယျာဉ်သာ ဖြစ်သည်။

“ဘုန်း”

အာကာသထဲတွင် ပေါက်ကွဲသံကို ကြားရသည်။

အနက်ရောင်ဓားအလင်းသည် မိုင်တစ်ထောင်ကို ဖြတ်သန်းလာပြီး ဥက္ကာခဲအများအပြားကို ဖျက်ဆီးပစ်လိုက်သည်။

“မိစ္ဆာဓားကလေးငယ်”

အာကာသထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ထိုနေရာသို့ ကြည့်လိုက်သည်။

အသက် ၁၇နှစ်၊ ၁၈နှစ် အရွယ်ခန့်ရှိသော အေးစက်နေသည့်မျက်နှာထားနှင့် အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်က အာကာသထဲတွင် ရှိနေသည်။

ကောင်းရှောင်ရွှမ် ဖြစ်သည်။

‘သူက အရွယ်ရောက်လာပြီပဲ’

ကောင်းရှောင်ရွှမ်က ဟန်မူယဲ့၏အကြည့်ကို ခံစားမိပုံရပြီး လှည့်ကြည့်သည်။

သူ၏ သွေးနီရောင်မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်နှင့် ကြမ်းတမ်းမှုများသာ ရှိနေသည်။

‘သူက ငါ့ကို မမှတ်မိတော့ဘူးလား’

ဟန်မူယဲ့က နှလုံးခုန်မှားသွားသည်။

‘ကောင်းရှောင်ရွှမ်က ဘာဖြစ်သွားတာလဲ’

“ဘုန်း”

ချီစွမ်းအင်ဖြင့်ဖန်တီးထားသော ဧရာမလက်ကြီးတစ်ဖက်က ကောင်းရှောင်ရွှမ်ကို ဖိနှိပ်လိုက်သည်။

“ငါက မင်းကိုဖမ်းပြီး ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ကို ကောင်းကောင်းသင်ပြပေးဖို့ ပြောလိုက်မယ်”

အိုမင်းနေသောအသံက ဂုဏ်သိက္ခာအပြည့်ဖြင့် ပြောသည်။ ဧရာမလက်ကြီးက ကောင်းရှောင်ရွှမ်ကို ဖမ်းဆုပ်လိုက်သည်။

“ငါက သူ့ကို ဘယ်လိုပဲသင်သင် မင်းကိစ္စမဟုတ်ဘူး။ မင်းက သေချင်နေတာလား”

လွှမ်းမိုးနိုင်သောအသံတစ်သံ ပေါ်ထွက်လာပြန်သည်။

အနက်ရောင်မိစ္ဆာနဂါးတစ်ကောင်က ပြေးဝင်လာခဲ့သည်။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အနက်ရောင်နဂါးပေါ်တွင်ရှိနေသော အနက်ရောင်ချပ်ဝတ်နှင့်လူကို ကြည့်သည်။

ဟွမ်ခြောက် ....

အစ်ကိုခြောက် ....

All Chapters