အခန်း (၆၄၅)
Vol. 47 Ch. 645
ယခုအချိန်တွင် ဟွမ်ခြောက်က အနက်ရောင်မိစ္ဆာချပ်ဝတ်ကို ဝတ်ဆင်ပြီး လှံတစ်ချောင်းကဲ့သို့ ဖြောင့်မတ်စွာရပ်နေသည်။ သူ့မျက်လုံးများက မိစ္ဆာအလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
သူက မိစ္ဆာနဂါး၏ ဦးချိုနှစ်ချောင်းကြားတွင် ရှိနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော မိစ္ဆာအလင်းရောင်သည် အာကာသကို အနီရောင်နှင့်အနက်ရောင်အဖြစ် ပြောင်းလဲသွားစေသည်။
မိစ္ဆာနဂါးက ဟိန်းဟောက်လိုက်သောအခါတွင် အဆုံးမရှိသောမိစ္ဆာချီများက ဝဲကတော့တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
ဟွမ်ခြောက်က လက်မြှောက်လိုက်သည်။ ဓားရှည်တစ်လက်လွယ်ထားသော ကောင်းရှောင်ရွှမ်က ပျောက်ကွယ်သွားပြီး မိစ္ဆာဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
“ဘုန်း”
ဓားအလင်းက ပေါက်ကွဲထွက်လာပြီး ဧရာမလက်ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် မိစ္ဆာဓားက ပျံသန်းထွက်သွားပြီး တစ်နေရာကို ထိုးနှက်လိုက်သည်။
“ကောင်းကင်နင်းခြေမိစ္ဆာဘုရင်၊ မင်းက ဘာဖြစ်ချင်တာလဲ ....”
အာကာသထဲတွင် ထိတ်လန့်နေသောအသံ ပေါ်ထွက်လာသည်။
ဟွမ်ခြောက်က စကားမပြောပေ။ သူက လက်သီးဆုပ်ထားပြီး ဓားဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။
အာကာသထဲတွင် ထိတ်လန့်စွာအော်ဟစ်သံနှင့် ပေါက်ကွဲသံက တစ်ပြိုင်နက် ပေါ်ထွက်လာသည်။ ချီစွမ်းအင်အလင်းက ပြိုကွဲသွားခဲ့သည်။
အသက်ဆယ်ခါရှူကြိမ်အကြာတွင် ချီစွမ်းအင်အလင်းနှင့် အော်ဟစ်သံက ပျောက်ကွယ်သွားသည်။
”ကောင်းကင်နင်းခြေမိစ္ဆာဘုရင်၊ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို ငါမှတ်ထားမယ် ....”
ထိုအသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်အဆင့်၏အထက်တွင်ရှိသော မဟာကျင့်ကြံသူကြီးတစ်ယောက်က အရှုံးနှင့်အတူ ထွက်ပြေးသွားရသည်။
ထိုဖြစ်ရပ်ကို စောင့်ကြည့်နေသောလူများက မိစ္ဆာနဂါး၏ဦးခေါင်းထက်တွင်ရှိသော ဟွမ်ခြောက်ကို လေးနက်စွာကြည့်လိုက်ကြသည်။
ဟွမ်ခြောက်က လက်ကို ပြန်ရုတ်သည်။ မိစ္ဆာဓားက ဓားရှည်တစ်လက်လွယ်ထားသော ဆယ်ကျော်သက်လူငယ်တစ်ယောက်အဖြစ် ပြန်ပြောင်းသွားခဲ့သည်။
ဟွမ်ခြောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ တခြားလူများက သူနှင့် အကြည့်ချင်းမဆုံရဲဘဲ ခေါင်းငုံ့လိုက်ကြသည်။
ဟန်မူယဲ့၏ဘေးတွင်ရှိနေသော ယွမ်မင်ကျဲကပင် အကြည့်လွှဲထားသည်။
ဟွမ်ခြောက်က မိစ္ဆာချီများကိုထုတ်လွှတ်၍ မိစ္ဆာနဂါးနှင့်အတူ ထွက်သွားရန်ပြင်လိုက်သည်။
ထိုအချိန်တွင် သူက ရုတ်တရက် တုန်ခါသွားပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးက ပြိုကျသွားသကဲ့သို့ ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။
အနက်ရောင်မိစ္ဆာချီများသည် မိစ္ဆာတိမ်တိုက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
မိစ္ဆာတိမ်တိုက်များက အလွန်ထူထပ်ပြီး နတ်အာရုံဖြင့်ထွင်းဖောက်ကြည့်ရန် မဖြစ်နိုင်ပေ။
‘ကောင်းကင်နင်းခြေမိစ္ဆာဘုရင်က ထွက်သွားတော့မှာမဟုတ်ဘူးလား’
‘သူက ဘာဖြစ်လို့ ရူးသွားပြန်တာလဲ’
‘ဘယ်သူက သူ့ကို ရန်စလိုက်တာလဲ’
မဟာကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
မိစ္ဆာတိမ်တိုက်များကြားတွင် ရှိနေသော ဟွမ်ခြောက်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။ သူ့အကြည့်က အာကာသ၏ အတားအဆီးများအားလုံးကို ဖြတ်ကျော်နိုင်ပုံရသည်။
“ဂရုစိုက် ....”
ယွမ်မင်ကျဲက မျက်နှာထားပြောင်းလဲသွားပြီး ပြောလိုက်သည်။ သူက ချီစွမ်းအင်အလင်းများကို ထုတ်လွှတ်၍ ပေသုံးရာပတ်ဝန်းကျင်ကို လွှမ်းခြုံထားလိုက်သည်။
အလင်းလွှာဖြစ်ပေါ်လာသောအချိန်တွင် မိစ္ဆာအလင်းနှင့် ထိတွေ့သွားသည်။
“ဝီ”
အလင်းလွှာက တုန်ခါနေပြီး အသက်သုံးခါရှူကြိမ်အတွင်း၌ ပျက်စီးသွားခဲ့သည်။
ယွမ်မင်ကျဲ၏မျက်နှာက ဖြူဖျော့သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များ ပေါ်လာခဲ့သည်။
သူက ကျင့်ကြံဆင့်မြင့်မားသော အာခီမီပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် တိုက်ခိုက်နိုင်စွမ်း မကောင်းပေ။
သူက သတ်ဖြတ်ခြင်းကြောင့် ကျော်ကြားသော ကောင်းကင်နင်းခြေမိစ္ဆာဘုရင်နှင့် မယှဉ်နိုင်ပေ။
အကယ်၍ အတင်းအကျပ် ခုခံနေခဲ့လျှင် ဤနေရာတွင် သေဆုံးသွားလိမ့်မည်။
ထို့အပြင် မိစ္ဆာဘုရင်က သူ့ကို ပစ်မှတ်ထားနေခြင်းမဟုတ်ဘဲ ဘေးတွင်ရှိနေသော ဟန်မူယဲ့ကို ပစ်မှတ်ထားနေသည်။
ကောင်းကင်အဆင့်တွင်သာ ရှိနေသေးသော ကျင့်ကြံသူလေးတစ်ယောက်က ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ကို မည်သို့ ရန်စခဲ့သနည်း။
ယွမ်မင်ကျဲက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး ကြောင်အသွားသည်။
သူ့ဘေးတွင် ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ကို လှမ်းကြည့်နေသည်။
‘အမ်၊ ဒါက ရန်စနေတာလား’
ယွမ်မင်ကျဲက သက်ပြင်းချလိုက်ပြီး နောက်ဆုတ်သည်။
သူက ဟန်မူယဲ့၏ အာခီမီနည်းလမ်းကို တန်ဖိုးထားသော်လည်း ကောင်းကင်နင်းခြေမိစ္ဆာဘုရင်နှင့် အသက်စွန့်၍ တိုက်ခိုက်ပေးမည်မဟုတ်ပေ။
သူက ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းများကို နားလည်ထားသည်။
မဟာကျင့်ကြံသူတစ်ယောက် ဖြစ်လာသော ပါရမီရှင်ကိုသာ လက်ရွေးစင်တစ်ယောက်အဖြစ် ယူဆနိုင်မည်ဖြစ်သည်။
သေဆုံးသွားသော ပါရမီရှင်သည် အသုံးမဝင်တော့ပေ။
ယွမ်မင်ကျဲက နောက်ဆုတ်သွားသောအခါတွင် လီကျုံးကျင်း၏မျက်နှာက ဖြူဖျော့သွားသည်။
သူက ချီစွမ်းအင်အလင်းကိုထုတ်လွှတ်၍ ဟန်မူယဲ့ကို ကာကွယ်ပေးလိုက်သည်။
လီကျုံးကျင်းက ယွမ်မင်ကျဲနှင့် မတူပေ။ သူက အရေးကြီးသောအချိန်တွင် ဟန်မူယဲ့ကို ပစ်မသွားခဲ့ပေ။
သို့သော် သူ၏ ချီစွမ်းအင်အလင်းက ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။
“ဘုန်း”
အာကာသထဲတွင် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။
ဟွမ်ခြောက်က ခြေတစ်လှမ်းနှင့်အတူ ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။
အဆုံးမရှိသောမိစ္ဆာအလင်းက မိုင်တစ်ရာပတ်ဝန်းကျင်ကို လွှမ်းခြုံထားသောကြောင့် တခြားလူများက အထဲတွင်ဖြစ်နေသော အရာများကို မမြင်နိုင်တော့ပေ။
ကျင့်ကြံသူများက ဝင်ရောက်ကယ်တင်ရန် မလှုပ်ရှားကြပေ။
ဟန်မူယဲ့နှင့် လီကျုံးကျင်းက ကောင်းကင်အဆင့် ကျင့်ကြံသူလေးနှစ်ယောက်သာ ဖြစ်ကြသည်။ ကောင်းကင်နင်းခြေမိစ္ဆာဘုရင်က သူ့တို့ကို သတ်ချင်လျှင် သတ်နိုင်သည်။
ဟွမ်ခြောက်က စကားမပြောဘဲ လီကျုံးကျင်း၏ ထိတ်လန့်နေသောအကြည့်အောက်တွင် ဟန်မူယဲ့၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးသည်။
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ လက်သီးဖြင့် ပြန်ထိုးသည်။
“ဘန်း”
ဟန်မူယဲ့က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။
ဟွမ်ခြောက်ကလည်း ခြေတစ်လှမ်းဆုတ်ပေးရသည်။
“ကောင်လေး၊ ငါက မင်းကို ဖိနှိပ်နိုင်ပြီလို့ ထင်နေခဲ့တာ”
ဟွမ်ခြောက်က လက်ကိုဆန့်ထုတ်၍ ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး အံတင်းတင်းကြိတ်လျက် ပြောသည်။
“ကျွန်တော်က ခင်ဗျားရဲ့ ဇနီးနဲ့ကလေးကို စောင့်ရှောက်ပေးထားတာတောင် ခင်ဗျားက ကျွန်တော့်ကို လက်သီးချက်နဲ့ နှုတ်ဆက်တယ်ပေါ့လေ”
ဟန်မူယဲ့က မကျေနပ်သောမျက်နှာထားဖြင့် ပခုံးကို ပွတ်သပ်လိုက်သည်။
အမှန်တကယ်ပင် နာသည်။
ဟန်မူယဲ့က နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို သန့်စင်ထားပြီး ပထမဆုံးအကြိမ်အဖြစ် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကို ခံစားလိုက်ရသည်။
ဟွမ်ခြောက်က ဤနှစ်များအတွင်း၌ အမှန်တကယ်ပင် တိုးတက်လာခဲ့သည်။
ဟန်မူယဲ့က ဇနီးသည်နှင့်ကလေးကို ဂရုစိုက်ပေးထားကြောင်း ပြောလိုက်သောအခါတွင် ဟွမ်ခြောက်က မျက်လုံးပြူးသွားသည်။ သူ၏ မကျေမနပ်ဖြစ်နေသော မျက်နှာထားက ချက်ချင်းပျောက်ကွယ်သွားပြီး အံ့အားသင့်နေသည်။
“ဟားဟား၊ ငါက ကလေးတစ်ယောက် ရလာပြီ။ ကောင်လေးလား၊ ကောင်မလေးလား”
“ငါ ဟွမ်လောင်လျှိုမှာ ကလေးရှိနေပြီကွ။ ဟားဟား။ ငါက တကယ်ကို ထင်မထားမိဘူး။ ဒါပေမဲ့ ကလေးရလာမယ်လို့ ထင်ပြီးသားပါ။ အဲဒီနေ့ညတုန်းက ငါကြိုးစားခဲ့တယ်လေ ....”
ဟွမ်ခြောက်က အလွန်စိတ်လှုပ်ရှားနေသည်။
ဘေးတွင်ရပ်နေသော လီကျုံးကျင်းက နားမလည်နိုင်ဖြစ်သွားသည်။
‘ဘာဖြစ်နေတာလဲ’
ဟွမ်ခြောက်၏နောက်တွင်ရှိနေသော သွေးနီရောင်မျက်လုံးများနှင့် ကောင်းရှောင်ရွှမ်ကလည်း ပျော်ရွှင်နေပုံပေါ်သည်။
သို့သော် သူ့မျက်လုံးများက အေးစက်နေဆဲဖြစ်သည်။
သူက သတ်ဖြတ်လိုစိတ်များနှင့် လီကျုုံးကျင်းကို လှည့်ကြည့်သည်။
ဟွမ်ခြောက်က ကောင်းရှောင်ရွှမ်၏ သတ်ဖြတ်လိုစိတ်ကို သတိထားမိသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ငါတို့က ဒီကောင်ကို သတ်လိုက်ရမလား”
‘သတ်မှာလား’
လီကျုံးကျင်းက တစ်ကိုယ်လုံး တုန်ခါသွားပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။
“အကြီးအကဲလီက လူကောင်းတစ်ယောက်ပါ”
ဟွမ်ခြောက်က ပြုံးလိုက်ပြီး လီကျုံးကျင်းကို လှည့်ကြည့်သည်။
“မင်းက ငါနဲ့ ညီလေးဟန်ရဲ့အကြောင်းကို လျှောက်ပြောရဲမယ်ဆိုရင် မင်းရဲ့ဂိုဏ်းကို ဖျက်ဆီးပစ်မယ်”
ထို့နောက် သူက မိစ္ဆာနဂါးကို ဟိန်းဟောက်စေခဲ့သည်။
“ရှေးနတ်ဘုရားဆေးဥယျာဉ်ကို အတူတူသွားရအောင်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူက မိစ္ဆာနဂါး၏ဦးခေါင်းပေါ်သို့ ပျံတက်သွားသည်။
လီကျုံးကျင်းက မိစ္ဆာနဂါးထွက်သွားသည်အထိ အသိစိတ်ပြန်ဝင်မလာခဲ့ပေ။
‘ဟန်မူယဲ့နဲ့ ကောင်းကင်နင်းခြေမိစ္ဆာဘုရင်က ညီအစ်ကိုတွေတဲ့လား’
‘သူ့နောက်မှာ ဒီလိုကျွမ်းကျင်သူမျိုး ရှိနေတာတောင် ကျင်းခယ်ကြယ်မှာ နှိမ့်ချပြီး နေခဲ့တာပဲ’
မိစ္ဆာအလင်းများ ပျောက်ကွယ်သွားပြီး မျက်နှာဖြူဖျော့နေသော လီကျုံးကျင်းက ပြန်ပေါ်လာခဲ့သည်။
ယွမ်မင်ကျဲက ဟန်မူယဲ့ရှိခဲ့သောနေရာကို လှမ်းကြည့်သည်။ ထို့နောက် ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။
နတ်အာရုံဖြင့် စောင့်ကြည့်နေသော ကျင့်ကြံသူများကလည်း ငေးမောနေသောလီကျုံးကျင်းကို စစ်ဆေးကြည့်လိုက်ပြီး ပျောက်ကွယ်သွားကြသည်။
ဟန်မူယဲ့ကိုတော့ မည်သူမှ ဂရုမစိုက်ကြပေ။
မည်သို့ပင်ဖြစ်စေ ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ကို ရန်စခဲ့သောကြောင့် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။
လီကျုံးကျင်းက ဖြူဖျော့နေသောမျက်နှာထားဖြင့် လက်သီးဆုပ်ပြီး ရပ်နေခဲ့သည်။
သို့သော် သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများကို မည်သူမှ မမြင်နိုင်ခဲ့ပေ။
ဟန်မူယဲ့နှင့် ကောင်းကင်နင်းခြေမိစ္ဆာဘုရင်သည် ညီအစ်ကိုများဖြစ်ကြသည်။ သူတို့က အနိုင်ရသူမရှိဘဲ လက်သီးချက်ချင်း ဖလှယ်နိုင်ခဲ့သည်။
သူတို့နှစ်ယောက်လုံးက ဆေးပင်ဥယျာဉ်အတွင်းသို့ ဝင်ရောက်ကြလိမ့်မည်။
သူက ဟန်မူယဲ့နှင့် ဆက်ဆံရေးကောင်းသောကြောင့် ဆေးပင်ဥယျာဉ်ထဲတွင် ဂရုစိုက်ခံရလိမ့်မည်။
‘ကောင်းပြီလေ၊ ငါလိုချင်တဲ့ ဝိညာဉ်ဆေးပင်တွေကို စာရင်းလုပ်ထားလိုက်အုံးမယ်။ ငါတော့ ပွပြီပဲ’
လီကျုံးကျင်းက အပြုံးတစ်ခုနှင့်အတူ လှည့်ထွက်သွားခဲ့သည်။
....
ဟန်မူယဲ့နှင့်ဟွမ်ခြောက်က မိစ္ဆာနဂါးပေါ်တွင် စကားပြောနေကြသည်။
ဟွမ်ခြောက်က ဇနီးသည်နှင့် ကလေးဖြစ်သူ၏အကြောင်းကို ပိုကြားချင်သည်။
“ဟွမ်ကျစ်ဟူ၊ ကျစ်ဟူ၊ ကောင်းတယ်။ ဟားဟား”
ဟွမ်ခြောက်က ဟန်မူယဲ့ပြသလိုက်သော ဟွမ်ကျစ်ဟူ၏ပုံရိပ်ကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။
“ဒီကောင်မလေးက ချန်းဖျင်နဲ့ပိုတူတာပဲ ....”
ဟွမ်ခြောက်က အဝါရောင်ဝတ်စုံဖြင့် လှပနေသော ဟွမ်ကျစ်ဟူကို မြင်လိုက်ရသောအခါတွင် ရင်နာသွားခဲ့သည်။
သူက လက်နှစ်ဖက်ကို ပွတ်သပ်နေပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ချက်ချင်းပြန်သွားနိုင်ရန် တွေးမိသည်။
“ငါက အဖေတစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့ဘူးပဲ။ ဒီကောင်မလေးက ငါ့ကို အဖေအဖြစ် အသိအမှတ်ပြုပါ့မလား ....”
မိစ္ဆာဘုရင်ဟွမ်ခြောက်က စိုးရိမ်နေပုံပေါ်သည်။
ဟန်မူယဲ့က အနက်ရောင်ချပ်ဝတ်နှင့် သူရဲကောင်းဆန်နေသော အမျိုးသားဝတ်စုံများဝတ်ထားသည့် ဟွမ်ကျစ်ဟူ၏ပုံစံကို မပြရဲပေ။
မိန်းကလေးတစ်ယောက်ကို ယောင်္ကျားလေးတစ်ယောက်ဖြစ်သွားအောင် ပစ်ထားခဲ့သောကြောင့် ဟွမ်ခြောက်က သူ့ကို အပြစ်တင်နိုင်သည်။
သူတို့နှစ်ယောက်က ဟွမ်ကျစ်ဟူနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဟန်မူယဲ့က တာအိုပြိုင်ပွဲနှင့် ဆည်၏အကြောင်းကို ပြောပြသည်။
“တိမ်မြုံကမ်းပါးမှာရှိနေတဲ့ အာကာသလမ်းကြောင်းက ဆည်အပြင်ဘက်ကို တိုက်ရိုက်ဆက်သွယ်ထားတာပဲ”
ဟွမ်ခြောက်က လေးနက်နေသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
“ငါမိစ္ဆာဖြစ်သွားတဲ့အချိန်မှာ ရှောင်ရွှမ်က ကိုယ်ပိုင်စွမ်းအားတွေကို အသုံးပြုပြီး မိစ္ဆာချီကို ခွဲထုတ်ပေးခဲ့တယ်။ အခု ငါ့အသိစိတ်က ရှင်းလင်းနေပေမဲ့ သူကတော့ မင်းကိုတောင် မမှတ်မိတော့ဘူး ....”
ဟွမ်ခြောက်က တိတ်ဆိတ်စွာပြောသည်။
ဟန်မူယဲ့က မိစ္ဆာနဂါး၏ ဦးချိုဘေးတွင် တည်ငြိမ်စွာရပ်နေသော ကောင်းရှောင်ရွှမ်ကို လှမ်းကြည့်သည်။
သူက သစ္စာရှိသည်။
ကောင်းရှောင်ရွှမ်က ဝမ်မော့ရှန်၏ စွဲလမ်းစိတ်များကြောင့် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူက ဝမ်မော့ရှန်ထက် လူသားခံစားချက်များ ပိုရှိနေသည်ဟု ဟန်မူယဲ့က ခံစားရသည်။
ဟွမ်ခြောက်က တိမ်မြုံကမ်းပါး၏ အာကာသလမ်းကြောင်းမှတစ်ဆင့် ဘိုးဘေးမိစ္ဆာကြယ်သို့ ရောက်သွားခဲ့သည်။
သူ၏ မိစ္ဆာကျင့်ကြံခြင်းသည် နတ်ဘုရားဘုရင်ဘိုးဘေးမိစ္ဆာ၏ အမွေအနှစ်ဖြစ်သည်။
ထို့ကြောင့် သူက ဘိုးဘေးမိစ္ဆာကြယ်တွင် ကျင့်ကြံပြီး နတ်ဘုရားဘုရင်ဘိုးဘေးမိစ္ဆာ၏ တပည့်တစ်ယောက်အပြင် မိစ္ဆာဘုရင်လေးပါးထဲမှ တစ်ပါးလည်း ဖြစ်လာခဲ့သည်။
ဟွမ်ခြောက်က ပေါ့ပါးစွာပြောသွားသော်လည်း မိစ္ဆာဘုရင်တစ်ပါးဖြစ်လာရန်အတွက် လွယ်ကူမည်မဟုတ်ကြောင်း ဟန်မူယဲ့က ခန့်မှန်းကြည့်နိုင်သည်။
ဟွမ်ခြောက်က မိစ္ဆာကျင့်ကြံခြင်းတွင် ပါရမီကောင်းသော်လည်း ဆယ်စုနှစ်အနည်းငယ်အတွင်း၌ တခြားလူများအားလုံးကို ကျော်ဖြတ်နိုင်ရန် စိတ်ကူးမယဉ်နိုင်သော ကြိုးစားအားထုတ်မှုကို လိုအပ်လိမ့်မည်။
ဟန်မူယဲ့က ဟွမ်ခြောက်ကိုကြည့်လိုက်ပြီး ပြောသည်။
“နတ်ဘုရားဘုရင် ဘိုးဘေးမိစ္ဆာက ....”
လွတ်မြောက်ရာလမ်းစဉ်သည် အလွန်ခက်ခဲသည်။
ရှေးနတ်ဘုရားကျဆုံးနယ်မြေတွင် အဆုံးမဲ့ပင်လယ်၏ နတ်ဘုရားဘုရင်ကသာ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။
နတ်ဘုရားဘုရင်ဘိုးဘေးမိစ္ဆာက လွတ်မြောက်ရာလမ်းစဉ်ကို ရှာတွေ့သေးမည်မဟုတ်ပေ။
ဟွမ်ခြောက်က ဘိုးဘေးမိစ္ဆာ၏အမွေအနှစ်ကို ရရှိထားသောကြောင့် တခြားမိစ္ဆာဘုရင်သုံးပါးနှင့် ယှဉ်ပြိုင်ရလိမ့်မည်။