← Chapters

အခန်း (၆၄၆)

Vol. 47 Ch. 646

အခန်း (၆၄၆)

Vol. 47 Ch. 646

သူက နောက်မှပေါက်လာသော ရွှေကြာပင်ဖြစ်သည်။ ကျန်မိစ္ဆာဘုရင်သုံးပါးက အခြေခိုင်နေပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။

ဟွမ်ခြောက်၏ပြောစကားအရ နတ်ဘုရားဘုရင်ဘိုးဘေးမိစ္ဆာ၏ ထောက်ပံ့မှုကြောင့်သာမဟုတ်လျှင် မိစ္ဆာဘုရင်လေးပါးသည် ဟာသတစ်ခုသာ ဖြစ်နေလိမ့်မည်။

“ဒီတစ်ကြိမ်မှာ ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်ကလည်း ဆေးပင်ဥယျာဉ်ကို ရောက်လာလိမ့်မယ်။ ငါသိသလောက်တော့ သူက ကျွမ်းကျင်သူတွေအများကြီး ခေါ်လာတယ်”

ဟွမ်ခြောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။ သူက တောက်ပနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“အတူတူ ကစားကြမလား”

တာအိုဘိုးဘေးတစ်ယောက်ကဲ့သို့ သန်မာသော မိစ္ဆာဘုရင်ကို တားဆီးမည်ဆိုလျှင် ဤကစားပွဲသည် အနည်းငယ် အန္တရာယ်များသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

သူက ပါ့ရှား၏ခန္ဓာကိုယ်ကို သန့်စင်ထားပြီး ရုပ်ပိုင်းဆိုင်ရာခွန်အားတွင် တာအိုဘိုးဘေးတစ်ယောက်နှင့် ယှဉ်နိုင်သည်။

မိစ္ဆာလမ်းစဉ်၏ ကျွမ်းကျင်သူများက ဆေးပင်ဥယျာဉ်ထဲတွင် အကျိုးအမြတ်အများအပြား ရရှိထားလိမ့်မည်။ သူတို့ဆီမှ တိုက်ရိုက်လုယူလိုက်လျှင် ပိုအဆင်ပြေသည်။

မိစ္ဆာနဂါးက မိုင်တစ်သန်းအထိ ပျံသန်းလာပြီး စိမ်းလန်းနေသော လေဟာနယ်တစ်ခုထဲသို့ တိုးဝင်သွားသည်။

ထိုအချိန်တွင် ဟွမ်‌ခြောက်က ဟန်မူယဲ့အတွက် နဂါးကြေးခွံတစ်ခုကို ပေးလိုက်သည်။

ဟန်မူယဲ့က ပြန်ပေါ်လာသောအခါတွင် တစ်ယောက်တည်းဖြစ်နေခဲ့သည်။

ရှေးနတ်ဘုရားဆေးပင်ဥယျာဉ်၏ တည်နေရာရွှေ့ပြောင်းခြင်းသည် ကျပန်းဖြစ်သည်။

သို့သော် အဓိကအင်အားစုများသည် ဆေးပင်ဥယျာဉ်၏ နေရာတစ်ခုချင်းစီကို အခြေခံအားဖြင့် နားလည်ထားပြီး စုရပ်ကို ကြိုတင်သတ်မှတ်ထားကြလိမ့်မည်။

ဟွမ်ခြောက်ပေးလိုက်သော နဂါးကြေးခွံထဲတွင် ဆေးပင်ဥယျာဉ်၏ အချက်အလက်များနှင့် ဆက်သွယ်ရမည့်နည်းလမ်းများ ပါဝင်နေသည်။

ဟွမ်ခြောက်က နေရာတိုင်းတွင် အမှတ်အသားများ ချန်ထားခဲ့လိမ့်မည်။

ဟန်မူယဲ့က နဂါးကြေးခွံနှင့်ဆိုလျှင် မိုင်တစ်သောင်းအတွင်း၌ ဟွမ်ခြောက်ကို ဆက်သွယ်နိုင်မည်။

“ရှေးခေတ်နတ်ဘုရားတစ်ပါးရဲ့ ဆေးပင်ဥယျာဉ်၊ ဒါက သစ်သားနတ်ဘုရားနန်းတော်ရဲ့ လက်အောက်မှာရှိတဲ့ ဆေးပင်ဥယျာဉ်တွေနဲ့ တူတာပဲ ....”

ဟန်မူယဲ့က နဂါးကြေးခွံထဲတွင် မှတ်သားထားသော ဆေးပင်ဥယျာဉ်၏ အကြမ်းဖျင်းပုံစံကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

သူက မြက်ရိတ်တံ၏မှတ်ဉာဏ်ထဲတွင် ဆေးပင်ဥယျာဉ်များ၏ တည်ဆောက်ပုံကို မြင်ခဲ့ရသည်။

ဆေးပင်ဥယျာဉ်အများအပြားကို မြက်ရိတ်တံ၏အကူအညီဖြင့် တည်ဆောက်ခဲ့သည်။

“ဝီ”

မြက်ရိတ်တံက သူ့လက်ထဲတွင် ပေါ်လာသည်။

မြက်ရိတ်တံပေါ်လာသောအခါတွင် သဘာဝစွမ်းအင်များ စုစည်းလာကြသည်။

ဟန်မူယဲ့က အံ့အားသင့်သွားသည်။

ဤသဘာစွမ်းအင်သည် သာမန်မဟုတ်ပေ။

ဆေးပင်ဥယျာဉ်သည် ရှေးခေတ်မှ ဆင်းသက်လာသောကြောင့် အင်မော်တယ်ချီတချို့ ပါဝင်နေသည်။

ထိုစွမ်းအင်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုသိပ်သည်းသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သဘာဝစွမ်းအင်မျိုး မဟုတ်ပေ။

ချီစွမ်းအင်ကို ကျော်လွန်နေသော အင်မော်တယ်ချီ ဖြစ်သည်။

ကောင်းကင်၊ ကမ္ဘာမြေနှင့် လူသားအဆင့်များသည် သာမန်သာ ဖြစ်ကြသည်။ ကောင်းကင်အဆင့်ကို ကျော်လွန်သွားသော လူများကသာ အင်မော်တယ်များ ဖြစ်ကြသည်။

ကောင်းကင်အဆင့်၏အထက်တွင် စွမ်းအင်များကို စုဆောင်းနေရုံဖြင့် မရတော့ပေ။ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအို၊ ကံကြမ္မာ၊ ပြန်လည်မွေးဖွားခြင်းနှင့် ပုံရိပ်ယောင်ဆန်သော အချိန်တာအိုတို့ကို သုံးသပ်ရသည်။

ထိုအချိန်တွင် ချီစွမ်းအင်များက ကျင့်ကြံခြင်းကို အထောက်အပံ့ မပေးနိုင်တော့ပေ။ အင်မော်တယ်ချီကိုသာ အသုံးပြုရမည်။

သို့သော် ရှေးတိမ်တိုက်စကြဝဠာနှင့် ရှေးနတ်ဘုရားကျဆုံးနယ်မြေတို့တွင် အင်မော်တယ်ချီများ အနည်းငယ်သာ ရှိကြသည်။

ဟန်မူယဲ့က အင်မော်တယ်ချီရှိနေသော နေရာတစ်ခုကိုသာ သိသည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါး ဖြစ်သည်။

သို့သော် သူက ဆေးပင်ဥယျာဉ်ထဲသို့ ဝင်ရောက်လာသောအချိန်တွင် အင်မော်တယ်ချီကို ချက်ချင်း တွေ့လိုက်ရသည်။

ထိုအင်မော်တယ်ချီအတွက် စွန့်စားသင့်သည်။

သူက မြက်ရိတ်တံကို ကိုင်ထားပြီး ချီစွမ်းအင်များကို အစွမ်းကုန်စုပ်ယူခွင့် ပြုလိုက်သည်။ သူက အစိမ်းရောင်သန်းနေသော အင်မော်တယ်ချီအမျှင်တန်းများကို မြက်ရိတ်တံထဲတွင် သိမ်းဆည်းထားလိုက်သည်။

အင်မော်တယ်ချီက အလွန်နည်းပါးပြီး တာအိုဘိုးဘေးများပင် အများအပြား စုပ်ယူနိုင်မည်မဟုတ်ပေ။

ထိုနေရာတွင် မြက်ရိတ်တံက အသုံးဝင်လာသည်။

ဟန်မူယဲ့က မြက်ရိတ်တံထဲသို့ရောက်လာသော အင်မော်တယ်ချီများကို ကြည့်လိုက်ပြီး နက်ရှိုင်းစွာပြုံးသည်။

သူက ကောင်းကင်အဆင့်ကို ကျော်လွန်ပြီးသောအခါတွင် ထိုအင်မော်တယ်ချီများက သူ့အတွက် ကျင့်ကြံခြင်းအရင်းအမြစ်တစ်ခု ဖြစ်လာလိမ့်မည်။

အင်မော်တယ်ချီ၏ ထောက်ပံ့မှုကြောင့် သူ၏ ကျင့်ကြံခြင်းက တခြားလူများထက် ပိုမိုချောမွေ့နေလိမ့်မည်။

မြက်ရိတ်တံက အင်မော်တယ်ချီများကို စုပ်ယူနေသောအချိန်တွင် သူကလည်း အလကားမနေခဲ့ပေ။ သူက ပတ်ဝန်းကျင်တွင်ရှိသော ဆေးပင်များကို စစ်ဆေးကြည့်လိုက်သည်။

ဆေးပင်ဥယျာဉ်ကို နှစ်ပေါင်းတစ်ထောင်ကြာအောင် ပိတ်ထားခဲ့သောကြောင့် ဆေးပင်များက နေရာအနှံ့တွင် ရှိနေကြသည်။

သူက နှစ်ပေါင်းရာချီသက်တမ်းရှိသော ဆေးပင်တစ်ပင်ကို နုတ်ယူလိုက်သည်။

ပတ်ဝန်းကျင်တွင် နှစ်ထောင်ချီသက်တမ်းရှိသော ဆေးပင်များလည်း ရောနှောနေကြသည်။

တာအိုဆရာတယန်က တောက်ပနေသောမျက်လုံးများနှင့် ဟန်မူယဲ့၏ဘေးတွင် ပေါ်လာသည်။

သူက ဆန်အိုးထဲသို့ပြုတ်ကျသွားသော ကြွက်တစ်ကောင်နှင့် တူနေသည်။

“ကျောက်စိမ်းပုလဲမြက်ပင်တွေလား။ အရမ်းတန်ဖိုးမရှိပေမဲ့ ဆေးစွမ်းအားက လုံလောက်တယ်”

တာအိုဆရာတယန်က တီးတိုးပြောလိုက်ပြီး လက်မြှောက်၍ မန္တန်ရွတ်သည်။

ပိုက်ကွန်နှင့်တူသော အလင်းတန်းများ ဖြာထွက်လာပြီး ရာချီနေသော ကျောက်စိမ်းပုလဲမြက်ပင်များကို နုတ်ယူခဲ့သည်။

ဟန်မူယဲ့က လက်မြှောက်၍ မန္တန်တစ်ခုကို ထုတ်ဖော်သည်။ သူ၏ လက်ဟန်ချိပ်စည်းက မြက်ရိတ်တံပေါ်သို့ ကျသွားသည်။ သူက တာအိုဆရာတယန် စုစည်းထားသော ဆေးပင်များအားလုံးကို မြက်ရိတ်တံ၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားလိုက်သည်။

ချီစွမ်းအင်အလင်းရောင်ဖြင့် တောက်ပနေသော ဝိညာဉ်ဆေးပင်များက မြက်ရိတ်တံ၏တည်ရှိမှုကို ခံစားမိပြီး ပျော်ရွှင်စွာ ယိမ်းထိုးသွားကြသည်။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော အဆုံးမရှိသည့် ဆေးပင်စိုက်ခင်းကို ကြည့်သည်။

တာအိုဆရာတယန်က ပျော်ရွှင်စွာအော်ဟစ်ပြီး ပြေးထွက်သွားခဲ့သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး မြက်ရိတ်တံကို အသက်သွင်းသည်။ သူက ဝိညာဉ်ဆေးပင်များကို စုစည်းနေသောအချိန်တွင် အင်မော်တယ်ချီကိုလည်း စုပ်ယူနေခဲ့သည်။

ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်သည် အမှန်တကယ်ပင် ကောင်းချီးနယ်မြေတစ်ခု ဖြစ်သည်။

“ဘုန်း”

ဟန်မူယဲ့က ဆယ်မိုင်အထိ လျှောက်လာပြီး ဝိညာဉ်ဆေးပင်ငါးသောင်းကျော်ကို သိမ်းဆည်းပြီးသောအခါတွင် ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။ ဆေဘာဓားတစ်လက်က တာအိုဆရာတယန်ကို ခုတ်ချလိုက်သည်။

တာအိုဆရာတယန်က လှိမ့်ရှောင်လိုက်ပြီး ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ဆေဘာဓားကို မတားဆီးခဲ့ပေ။ သူက မြက်ရိတ်တံကို တင်းကျပ်စွာကိုင်ထားပြီး မျက်နှာမည်းကျင့်ကြံသူများကို ခေါ်ထုတ်သည်။

သစ်သားနတ်ဘုရားနန်းတော်၏ သစ်သားမျိုးဆက်ရုပ်သေးရုပ်များ ဖြစ်ကြသည်။

ရုပ်သေးရုပ်တချို့က ပျံသန်းတက်လာပြီး ဓားများကိုလှုပ်ရှား၍ ဆေဘာဓားကို တားဆီးလိုက်သည်။

ဟန်မူယဲ့က ဆေဘာဓားကိုင်ထားသော ကျင့်ကြံသူကို ကြည့်လိုက်ပြီး ပြုံးသည်။

ရုပ်သေးရုပ်ဖြစ်သည်။

ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်ကို ရုပ်သေးရုပ်များက စောင့်ကြပ်နေကြသည်။

သူ့ခန့်မှန်းချက်က မှန်ကန်ခဲ့သည်။ ဤဆေးပင်ဥယျာဉ်သည် သစ်သားနတ်ဘုရားနန်းတော်၏ အမွေအနှစ်တစ်ခု ဖြစ်သည်။

ရှေးခေတ်အချိန်တွင် သစ်သားနတ်ဘုရားနန်းတော်သည် သစ်သားမျိုးဆက်စွမ်းအား ဖြစ်ခဲ့သည်။

အစောင့်က ရုပ်သေးရုပ်ဖြစ်နေသောကြောင့် လွယ်ကူသွားသည်။

ဟန်မူယဲ့က မြက်ရိတ်တံကို ဆုပ်ကိုင်ထားပြီး ရွှေအလင်းတစ်ခုကို ထုတ်လွှတ်သည်။ ရွှေအလင်းက ရုပ်သေးရုပ်ကို လွှမ်းခြုံသွားခဲ့သည်။

ထို့နောက် ဆေဘာဓားကိုင်ထားသော ရုပ်သေးရုပ်က ဟန်မူယဲ့၏ရှေ့တွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေခဲ့သည်။

ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

တာအိုဆရာတယန်က ရုပ်သေးရုပ်ဆီသို့ လျှောက်လာပြီး လှည့်ပတ်၍ သေချာကြည့်နေသည်။ သူက ရုပ်သေးရုပ်ကို အလွန်သဘောကျနေပုံပေါ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး မြက်ရိတ်တံဖြင့် ညွှန်ပြသည်။ ဆေဘာဓားကိုင်ထားသော ရုပ်သေးရုပ်က တာအိုဆရာတယန်၏နောက်သို့ လိုက်သွားသည်။

ထိုဖြစ်ရပ်ကြောင့် တာအိုဆရာတယန်က ပြုံးလိုက်သည်။ သူက ဆေးပင်များကို ပိုမိုတက်ကြွစွာ စုဆောင်းနေခဲ့သည်။

တာအိုဆရာတယန်က ရှေ့တွင်ပြေးနေပြီး ဟန်မူယဲ့က နောက်မှ လိုက်လာသည်။

တာအိုဆရာတယန်က ဆေးပင်စိုက်ခင်းအချို့ကို ဖြတ်သန်းလာပြီး အဖိုးတန်ဆေးပင်များကို စုဆောင်းနိုင်ခဲ့သည်။ သူက တစ်နေရာသို့အရောက်တွင် ရုတ်တရက် အော်ဟစ်လိုက်ပြီး ထွက်ပြေးသွားသည်။

“ခလွမ် ....”

သူ့နောက်တွင်ရှိနေသော ရုပ်သေးရုပ်က ဆေဘာဓားကို ဆွဲထုတ်ပြီး ခုတ်ချလိုက်သည်။

အဖြူရောင်အမှတ်အသားတစ်ခု ရှိနေသော ပေသုံးဆယ်ရှည်လျားသည့် မီးခီုးရောင်မြွေတစ်ကောင် ပေါ်လာသည်။

ရုပ်သေးရုပ်၏ဓားချက်က မြွေ၏အရေပြားကိုပင် မထိခိုက်စေခဲ့ပေ။

ဟန်မူယဲ့က ခြေတစ်လှမ်းဖြင့် ဆေးပင်စိုက်ခင်းအတွင်းသို့ ရောက်လာသည်။

ဤစိုက်ခင်းထဲတွင် နှစ်ငါးထောင်ဆေးစွမ်းအားရှိသော ဆေးပင်တချို့သာ ကျန်တော့သည်။

တချို့ဆေးပင်များကို မြွေက စားသုံးလိုက်သည်။ တချို့ကတော့ ကျန်ရှိနေသော ဆေးပင်များ၏ အင်မော်တယ်ချီစုပ်ယူမှုကြောင့် တောင့်မခံနိုင်တော့ဘဲ သေဆုံးသွားကြသည်။

ဟန်မူယဲ့ရောက်လာသောအခါတွင် မြွေက လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များကို ထုတ်ဖော်လိုက်သည်။

ဟန်မူယဲ့၏လက်ထဲတွင်ရှိနေသော မြက်ရိတ်တံကို မြင်လိုက်ရသည့်အခါတွင် မြွေက နှာမှုတ်သံပေးပြီး မီးခိုးရောင်မြူခိုးထုကို ထွေးထုတ်သည်။

ထိုမြူခိုးထု ပေါ်လာသောအခါတွင် ပတ်ဝန်းကျင်က အေးခဲသွားပုံရပြီး အအေးဓာတ်များက စိတ်နယ်ပယ်ထဲသို့ တိုးဝင်‌လာသည်။

ထိုမြွေသည် ရှားပါးသော ဝိညာဉ်ဖိနှိပ်မှုစွမ်းအားကို ပိုင်ဆိုင်ထားသည်။

တာအိုဆရာတယန်က နောက်ဆုတ်သွားသည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။

ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး မြက်ရိတ်တံဖြင့် ပြင်းထန်စွာရိုက်ချသည်။

သူ့လှုပ်ရှားမှုက လျင်မြန်ပြီး မီးခီုးရောင်မြူခိုးထု ရောက်လာသောအချိန်တွင် ရိုက်ချနိုင်ခဲ့သည်။

“ဝီ”

ဝိညာဉ်ကို အေးခဲစေနိုင်သော မြူခိုးထုက မြက်ရိတ်တံကြောင့် ပြိုကွဲသွားပြီး အစီမ်းရောင်ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

တာအိုဆရာတယန်က အံ့အားသင့်သွားသည်။

မြက်ရိတ်တံက အဆိပ်မြူခိုးကို အလွန်သိပ်သည်းသော ချီစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။

တာအိုဆရာတယန်က ဟန်မူယဲ့၏လက်ထဲတွင်ရှိသော မြက်ရိတ်တံကို ကြည့်လိုက်ပြီး မနာလိုဖြစ်နေသည်။

အလွန်ကောင်းမွန်သော ရတနာတစ်ခု ဖြစ်သည်။

အဆိပ်မြူခိုးက ချက်ချင်းပျောက်ကွယ်သွားသည်။ မြွေက အသန်မာဆုံးတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော်လည်း သက်ရောက်မှုမရှိသောကြောင့် လမ်းပျောက်သွားပုံပေါ်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး မြက်ရိတ်တံဖြင့် ထပ်ရိုက်ချသည်။

“ဘန်း”

မြက်ရိတ်တံက ရစ်ခွေနေသော မြွေ၏ခန္ဓာကိုယ်ကို စိုက်ခင်းထဲတွင် လိမ့်ထွက်သွားစေသည်။

“တာအိုရောင်းရင်း၊ အကူအညီလိုသေးလား”

တာအိုဆရာတယန်က ရှေ့တက်သွားတော့မည့်အချိန်တွင် လူတစ်ယောက် ရောက်လာခဲ့သည်။

နောက်ကျောတွင် ပုဆိန်တစ်လက်လွယ်ထားသော ချပ်ဝတ်တန်ဆာနှင့် ခန္ဓာကိုယ်တောင့်တင်းသည့်လူတစ်ယောက် ဖြစ်သည်။ သူက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော မြက်ရိတ်တံကို ကြည့်သည်။

“ငါက ဒီမြွေကြီးကို သတ်ပေးမယ်လေ။ မင်းက အဲဒီတုတ်ချောင်းကိုပေးလိုက်။ ဘယ်လိုလဲ”

ထိုလူက လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ချီစွမ်းအင်နှင့် သွေးစွမ်းအားများကို ထုတ်ဖော်သည်။

မြွေက မြက်ရိတ်တံကြောင့် ဒဏ်ရာပြင်းထန်စွာရသွားခဲ့သည်။

ထိုလူက အခွင့်ကောင်းယူချင်သောကြောင့် ယခုအချိန်တွင် ပေါ်လာခဲ့သည်။

သူက ဟန်မူယဲ့၏ မြက်ရိတ်တံကိုပင် တောင်းဆိုလိုက်သေးသည်။

သူက လုယက်ရန်အတွက် ယဉ်ကျေးစွာ ပြုမူနေသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်သည်။ သူ့လက်ထဲတွင်ရှိနေသော မြက်ရိတ်တံက ညင်သာစွာ တုန်ခါသွားသည်။

“ဝီ”

မြက်ရိတ်တံက ချီစွမ်းအင်အလင်းကို ထုတ်လွှတ်ပြီး မြွေကို လွှမ်းခြုံလိုက်သည်။

မြွေ၏ မိစ္ဆာချီနှင့် သွေးချီများက မြက်ရိတ်တံဆီသို့ ရောက်လာသည်။

ဝိညာဉ်ဆေးပင်အများအပြားကို သိုလှောင်ထားရန်အတွက် ချီစွမ်းအင်နှင့် တခြားစွမ်းအင်များ လိုအပ်သည်။

ထိုစွမ်းအင်များကို ဝိညာဉ်ကျောက်တုံးဖြင့် ထောက်ပံ့ပေးနိုင်သလို တခြားပစ္စည်းများဖြင့်လည်း ထောက်ပံ့ပေးနိုင်သည်။

မြွေ၏ ချီစွမ်းအင်နှင့် သွေးစွမ်းအင်သည် သိပ်မဆိုးပေ။

ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး မြွေကို အဆုံးသတ်လိုက်ကြောင်း မြင်ရသောအခါတွင် ပုဆိန်နှင့်လူက မျက်နှာထားမည်းမှောင်သွားသည်။

“တာအိုရောင်းရင်း၊ ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်ရဲ့ စည်းကမ်းတွေအရ ပစ္စည်းတစ်ခုကို မြင်တဲ့လူတိုင်းက ဝေစုရသင့်တယ်။ အခု မင်းလုပ်လိုက်တာက စည်းကမ်းနဲ့မညီဘူး”

ထိုလူက နောက်ကျောတွင်လွယ်ထားသော ပုဆိန်ပေါ်တွင် လက်တင်သည်။

ပြင်းထန်သောစွမ်းအားများ ပေါ်ထွက်လာသည်။

ဝိညာဉ်သူငယ် ပဥ္စမအဆင့်တွင်ရှိနေသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဟန်မူယဲ့၏စွမ်းအားများက သိပ်သည်းနေသောကြောင့် ဝိညာဉ်သူငယ်အစောပိုင်းအဆင့်တွင် ရှိနေသည်ဟု ထင်ရသည်။

သူက အားနည်းသူအဖြစ် ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သူ၏ ကိုယ်ပိုင်စွမ်းအားများကြောင့် ဖြစ်သည်။ သူ၏ သွေးစွမ်းအားက အလွန်ကြွယ်ဝပြီး ချီစွမ်းအင်ကို ဖုံးကွယ်ထားသည်။

All Chapters