အခန်း (၆၄၉)
Vol. 47 Ch. 649
မြက်ရိတ်တံက ဆယ်ရက်အတွင်း၌ များပြားလှသော ဝိညာဉ်ဆေးပင်များနှင့် အင်မော်တယ်ချီများကို စုဆောင်းထားခဲ့သည်။ ယခုအချိန်တွင် မြက်ရိတ်တံတစ်ခုလုံးက အင်မော်တယ်ချီများဖြင့် ပြည့်နှက်ပြီး စိမ်းစိုနေသည်။
မြက်ရိတ်တံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှားပါးသောရတနာတစ်ခုဖြစ်ကြောင်း မြင်နိုင်သည်။
“ဟားဟား။ ကောင်လေး၊ မင်းက အကျိုးဆောင်ပေးလိုက်တာပဲ”
ပုဆိန်လွယ်ထားသောလူ၏ နောက်တွင်ရှိသော ခေါင်းတုံးနှင့် သက်လတ်ပိုင်းအရွယ်လူက ပြောသည်။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးပြီး ဟန်မူယဲ့၏ဦးခေါင်းကို ရိုက်ချသည်။
လေပြင်းများနှင့်အတူ တောင်တစ်လုံးကဲသို့ လေးလံသောဖိအားတစ်ခု ကျဆင်းလာခဲ့သည်။
ထိုရိုက်ချက်ကြောင့် လီကျုံးကျင်းနှင့် ထောင်ကျီကျွင်းတို့၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
အလွန်အားကောင်းသော ရုပ်ခန္ဓာစွမ်းအား ဖြစ်သည်။
“သူတို့က မန်တောင်တန်းဂိုဏ်းကပဲ”
လီကျုံကျင်းက ထိတ်လန့်စွာပြောသည်။
မန်တောင်တန်းဂိုဏ်းသည် ရှားပါးသော ရုပ်ခန္ဓာကျင့်ကြံခြင်းဂိုဏ်း ဖြစ်သည်။ သူတို့၏ ဂိုဏ်းသားများက ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့် တောင်တန်းများကို ရွှေ့ပြောင်းနိုင်ကြသည်။
တိုက်ခိုက်လိုက်သောလူသည် မန်တောင်တန်းဂိုဏ်း၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လိမ့်မည်။ သူ့ရိုက်ချက်က တောင်တန်းများကို ပြိုကျသွားစေနိုင်သည်။
ဟန်မူယဲ့က ရိုက်ချက်ကြောင့် အံ့အားသင့်သွားပုံပေါ်ပြီး ခေါင်းမော့ကြည့်သည်။
ခေါင်းတုံးလူကြီးက ကျေနပ်စွာ ပြုံးသည်။ သူ၏ သွေးချီစွမ်အားက ပိုမိုသိပ်သည်းလာပြီး သွေးနံရံတစ်ခုအဖြစ်ပြောင်းလဲ၍ လီကျုံးကျင်းနှင့် ထောင်ကျီကျွင်းတို့ကို တားဆီးထားခဲ့သည်။
သို့သော် ဟန်မူယဲ့က အန္တရာယ်ကျရောက်နေလျှင်ပင် လီကျုံးကျင်းနှင့် ထောင်ကျီကျွင်းတို့က ကယ်တင်ပေးရန် ကြိုးစားမည်မဟုတ်ပေ။
‘ငါတို့က သူ့ကို ကယ်ပေးဖို့ လိုသလား’
သိပ်မဝေးသောနေရာတွင်ရှိနေသည့် တာအိုဆရာတယန်ကပင် ရုပ်သေးရုပ်များကို လှုပ်ရှားရန် အမိန့်မပေးခဲ့ပေ။
‘အလုပ်ရှုပ်တယ်လေ’
‘နတ်ဘုရားသားရဲပါ့ရှားရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တဲ့လူ ရှိလို့လား’
“ဂါး ....”
ခေါင်းတုံးလူကြီး၏လက်ဝါးချက်က ဟန်မူယဲ့နှင့် သုံးပေအကွာသို့ ရောက်သွားသောအချိန်တွင် ဟန်မူယဲ့က ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။
နတ်ဘုရားသားရဲက စော်ကားခံလိုက်ရသောကြောင့် ဒေါသထွက်သွားသည်။
ထိုဟိန်းဟောက်သံကြောင့် ခေါင်းတုံးလူကြီးနှင့် နောက်တွင်ရှိနေသော လူများအားလုံး ထိတ်လန့်သွားကြသည်။
ကျဆင်းလာသော လက်ဝါးချက်ကလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
လက်ဝါးချက်က လျင်မြန်စွာပျောက်ကွယ်သွားသောကြောင့် ခေါင်းတုံးလူကြီး၏ သွေးချီစွမ်းအားများက ပြန်ကန်ထွက်သွားသည်။ သူ့မျက်နှာက နီရဲနေပြီး သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
ဟန်မူယဲ့က သူတို့ကိုကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် ပြေးထွက်သွားခဲ့သည်။
“ဘုန်း”
နတ်ဘုရားသားရဲ၏ပုံရိပ်က ပေါ်လာခဲ့သည်။
ပါ့ရှား၏ပုံရိပ်ကို အနည်းငယ်သာ ထုတ်ဖော်ထားသော်လည်း ထွက်ပေါ်လာသောဖိအားကြောင့် ခေါင်းတုံးလူကြီးက လဲကျသွားပြီး သွေးအန်ထုတ်လိုက်ရသည်။
ကျန်လူများကလည်း တစ်ကိုယ်လုံးတုန်ခါနေပြီး တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။
ဟန်မူယဲ့က သူတို့ကိုကြည့်လိုက်ပြီး ချက်ချင်းနားလည်သွားသည်။
သူတို့က မိစ္ဆာသားရဲများ၏ သွေးမျိုးဆက်စွမ်းအားကို ခန္ဓာကိုယ်ထဲတွင် ပေါင်းထည့်၍ ကျင့်ကြံခဲ့ကြသည်။
ထိုနည်းလမ်းကြောင့် ကျင့်ကြံဆင့်များကို လျင်မြန်စွာကျော်ဖြတ်နိုင်ပြီး ကမ္ဘာမြေအဆင့်နှင့် ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာကြလိမ့်မည်။
သို့သော် အဆင့်မြင့်သွေးမျိုးဆက်နှင့် ရင်ဆိုင်ရသောအခါတွင် သူတို့က ဖိနှိပ်ခံလိုက်ရသည်။
ဥပမာအနေဖြင့် ယခုအချိန်တွင် ဟန်မူယဲ့က အားထုတ်ရန် မလိုခဲ့ပေ။ နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်စွမ်းအားက သူတို့အားလုံးကို မခုခံနိုင်အောင် ဖိနှိပ်ထားထားသည်။
တာအိုဆရာတယန်က ကျယ်လောင်စွာရယ်လိုက်ပြီး ရှေ့တက်လာသည်။ သူက သူတို့၏ သိုလှောင်အိတ်နှင့် ပုဆိန်များကို သိမ်းယူလိုက်သည်။
ဟန်မူယဲ့က သူတို့ကို အသက်ချမ်းသာပေးခဲ့ပြီး တခြားနေရာသို့ ထွက်သွားသည်။
ဟန်မူယဲ့က အဝေးသို့ရောက်သွားသောအချိန်တွင် မန်တောင်တန်းဂိုဏ်း၏လူများက ဖြူဖျော့နေသောမျက်နှာများဖြင့် ပြန်ထလာကြသည်။
“လီတထို့၊ မင်းက ဘယ်လိုလူမျိုးကို ရန်စမိခဲ့တာလဲ ....”
သိုလှောင်အိတ်ယူသွားခံရသော ဗလတောင့်သည့်လူတစ်ယောက်က ခါးသီးသောမျက်နှာထားဖြင့် ပြောသည်။
လီတထို့ကလည်း စိတ်ရှုပ်နေသည်။
သူက ဟန်မူယဲ့တွင် နတ်ဘုရားသားရဲသွေးမျိုးဆက် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယခင်တစ်ခေါက် တွေ့ခဲ့စဉ်က ဟန်မူယဲ့နှင့် မတိုက်ခိုက်ခဲ့ရပေ။
“လီတထို့၊ မင်းက ကိစ္စကြီးတစ်ခုကို လုပ်ပေးလိုက်တာပဲ”
ခေါင်းတုံးလူကြီးက လီတထို့ကို လှည့်ကြည့်သည်။
“ဂိုဏ်းတူအစ်ကိုကျောက်၊ ကျွန်တော်က ....”
သူ့စကားမဆုံးခင် ခေါင်းတုံးလူကြီးက မျက်လုံးမှေးလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ဂိုဏ်းက နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ရှာဖွေဖို့ လျှို့ဝှက်အမိန့် ပေးထားတယ်။ ရှာတွေ့တဲ့လူက အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်”
“အကြီးအကဲလီ၊ မင်းက ငါတို့ကို ဂရုစိုက်ပေးရမယ်နော်”
‘အကြီးအကဲတဲ့လား’
လီတထို့က ရှုပ်ထွေးနေသောအကြည့်ဖြင့် ဟန်မူယဲ့ထွက်သွားသောနေရာကို ကြည့်သည်။
‘ဒါက ငါ့ရဲ့ အခွင့်အရေးလား’
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ဆေးပင်ဥယျာဉ်ထဲတွင် လျှောက်သွားနေသည်။
“မန်တောင်တန်းဂိုဏ်းအကြောင်းကို ပြောပြပါအုံး”
သူက လီကျုံးကျင်းကို ကြည့်လိုက်သည်။
လီကျုံးကျင်းက မန်တောင်တန်းဂိုဏ်း၏အကြောင်းကို လျင်မြန်စွာရှင်းပြလိုက်သည်။
ထိုဂိုဏ်းက နာမည်ကြီး ရုပ်ခန္ဓာကျင့်ကြံခြင်းဂိုဏ်းဖြစ်ပြီး ခန္ဓကိုယ်ကိုသန့်စင်၍ သူတော်စင်များဖြစ်သွားသော ကျွမ်းကျင်သူများ ရှိနေသည်ဟု ပြောကြသည်။
သူတို့က ရုပ်ခန္ဓာစွမ်းအားကို အသုံးချ၍ လောကကို လွှမ်းမိုးနိုင်သည်။
ဂိုဏ်းတပည့်အများစုက ကြံ့ခိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ခုခံနိုင်စွမ်းကောင်းသည်။
အဆင့်မြင့်တိုက်ပွဲများတွင် မန်တောင်တန်းဂိုဏ်းက အားသားချက်မရှိသော်လည်း အဆင့်နိမ့်တိုက်ပွဲများတွင် မန်တောင်တန်းဂိုဏ်း၏ တပည့်များက ရန်သူကို အနိုင်ရလိမ့်မည်။
“ပျက်စီးခြင်းတောရိုင်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကိုတောင် တွေ့နေရတယ်။ စိတ်ဝင်စားစရာပဲ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက တစ်ဖက်လူများ၏ ကျင့်ကြံခြင်းနည်းစနစ်တွင် ပျက်စီးခြင်းတောရိုင်း၏ အငွေ့အသက်ကို မြင်ခဲ့ရသောကြောင့် မန်တောင်တန်းဂိုဏ်း၏တပည့်များကို မသတ်ခဲ့ပေ။
‘မန်တောင်တန်းဂိုဏ်းကို ပျက်စီးခြင်းတောရိုင်းရဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က ထောက်ပံ့ပေးထားတာလား’
ဟန်မူယဲ့က ပျက်စီးခြင်းတောရိုင်း၏အကြောင်းကို သိထားသည်။
ထို့ကြောင့် ထိုကျွမ်းကျင်သူက သူနှင့် ရင်းနှီးလာလိမ့်မည်။
ဥပမာအနေဖြင့် ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော မိစ္ဆာတစ်သောင်းနန်းတော်၏ ချီလင်က တာအိုပြိုင်ပွဲတွင် ကူညီပေးရန် သဘောတူခဲ့သည်။
“ဝီ”
ညင်သာသောအသံတစ်ခုနှင့်အတူ ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သူက လက်မြှောက်ပြီး အနက်ရောင်နဂါးကြေးခွံကို ထုတ်ယူသည်။
ဟွမ်ခြောက်က သူ့ကို ပေးထားခဲ့သည်။
သူတို့က မိုင်တစ်သောင်းအတွင်း၌ ရှိနေလျှင် နဂါးကြေးခွံမှတစ်ဆင့် ဆက်သွယ်နိုင်လိမ့်မည်။
“ဟန်လေး၊ သတိထားတော့။ အဲဒီကောင်က အနားမှာရောက်နေပြီ”
ချီစွမ်းအင်ကို ထည့်သွင်းလိုက်သောအခါတွင် နဂါးကြေးခွံထဲမှ အသံတစ်သံ ထွက်လာခဲ့သည်။
ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင် ....
ဘိုးဘေးမိစ္ဆာကြယ်တွင်ရှိသော ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်၏ လက်အောက်ခံဘုရင်လေးပါးထဲမှ တစ်ပါး ဖြစ်သည်။ သူက တာအိုဘိုးဘေးအဆင့်သို့ ရောက်နေသည်။
ဟွမ်ခြောက်က မိစ္ဆာချီအား ဖိနှိပ်နိုင်သော ဆေးပင်ကို ရှာဖွေရန်အတွက် ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဆေးပင်ဥယျာဉ်ထဲတွင် ကောင်းကင်ကိုဆန့်ကျင်နေသော အဖိုးတန်ဆေးပင်တစ်ပင် ရှိသည်။ ထိုဆေးပင်၏သက်တမ်းက နှစ်တစ်သိန်းကျော်နေပြီး တိုက်ရိုက်စားသုံးနိုင်သည်။
ဟွမ်ခြောက်က ကောင်းရှောင်ရွှမ်၏ မိစ္ဆာစိတ်ကို ဖိနှိပ်ရန်အတွက် ထိုဆေးပင်ကို ရှာဖွေနေခဲ့သည်။
ကောင်းရှောင်ရွှမ်က ကျင့်ကြံဆင့်မြင့်မားလာပြီး မိစ္ဆာအကျင့်စရိုက်ကလည်း ပိုမိုခိုင်မာလာသည်။
ကောင်းရှောင်ရွှမ်၏ မိစ္ဆာစိတ်ကို လျင်မြန်စွာမဖိနှိပ်နိုင်လျှင် အသိစိတ်လက်ကျန်ကို ဆုံးရှုံးလိုက်ရပြီး အစစ်အမှန်မိစ္ဆာဓားတစ်လက် ဖြစ်လာလိမ့်မည်။
ဟွမ်ခြောက်က ထိုသို့ဖြစ်သွားရန် ခွင့်ပြုမည်မဟုတ်ပေ။
“ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်လား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ကြည့်သည်။
ထိုနေရာတွင် တိမ်တိုက်များကြား၌ အင်မော်တယ်ချီများ လှုပ်ရှားနေကြသည်။
အနက်ရောင်မိစ္ဆာချီများက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
‘အင်မော်တယ်ဆေးပင်လား’
“ဘုန်း”
ဝင်္ကပါပျက်စီးသွားသောအသံကို ကြားနိုင်သည်။ အင်မော်တယ်ချီများက ချက်ချင်းပင် ပြန့်ကားထွက်လာခဲ့သည်။
သားရဲတစ်ကောင်၏ဟိန်းဟောက်သံကို ကြားနိုင်သည်။
အင်မော်တယ်ဆေးပင်၏ အစောင့်အရှောက် ဖြစ်သည်။
သို့သော် မိစ္ဆာဘုရင်တစ်ပါး၏ရှေ့တွင် အသန်မာဆုံးသားရဲကပင် ခုခံနိုင်မည်မဟုတ်ပေ။
“ခင်ဗျားတို့ အရင်ထွက်သွားလိုက်ကြပါ။ ကျွန်တော် သွားကြည့်လိုက်အုံးမယ်”
ဟန်မူယဲ့က နက်ရှိုင်းသောအသံဖြင့် ပြောသည်။ ထို့နောက် ဓားအလင်းတစ်ခုအသွင်ပြောင်း၍ ပျောက်ကွယ်သွားခဲ့သည်။
တာအိုဆရာတယန်က ရုပ်သေးရုပ်များကိုအသုံးပြု၍ လီကျုံးကျင်းနှင့် ထောင်ကျီကျွင်းတို့ကို ကာကွယ်ထားသည်။ ထို့နောက် သူတို့က ပုန်းခိုရန်အတွက် ချောင်ကျသောနေရာကို ရှာလိုက်ကြသည်။
တာအိုဆရာတယန်က ရုပ်သေးစစ်တပ်ကို ပိုင်ဆိုင်ထားသော်လည်း ပတ်ဝန်းကျင်တွင် လျှောက်မသွားရဲပေ။
ဆေးပင်ဥယျာဉ်ထဲတွင် ကျွမ်းကျင်သူများ ရှိနေကြသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူတို့အားလုံးကို သတ်သွားနိုင်သည်။
ထို့အပြင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထက် အဆပေါင်းများစွာ ပိုမိုသန်မာသော ကျွမ်းကျင်သူများလည်း ရှိနေကြသည်။
သူတော်စင်တစ်ဝက်အဆင့်သို့ရောက်နေသော ကံကြမ္မာအဆင့်များ၊ ပြန်လည်မွေးဖွားခြင်းအဆင့် သူတော်စင်များနှင့် တာအိုဘိုးဘေးများလည်း ရှိနေကြသည်။
ဟန်မူယဲ့က လျင်မြန်စွာလှုပ်ရှားသွားပြီး ခြောက်သွေ့နေသော တောင်တန်းတစ်ခုပေါ်သို့ ဖျတ်ခနဲရောက်လာခဲ့သည်။
တောင်ထိပ်တွင် ပေါက်ရောက်နေသော အထီးကျန်နေသည့် သစ်ပင်တစ်ပင်မှလွဲ၍ တခြားအပင်များ မရှိကြပေ။ ထိုအပင်တွင် အစိမ်းရောင်သစ်သီးများ ရှိနေခဲ့သည်။
“ကျိုးပဲ့ကောင်းကင် အံ့ဖွယ်သစ်သီး”
ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။
ထိုအရာသည် ဟွမ်ခြောက်အလိုရှိနေသော ကောင်းရှောင်ရွှမ်၏မိစ္ဆာစိတ်ကို ဖိနှိပ်နိုင်မည့် အင်မော်တယ်သစ်သီးဖြစ်သည်။
ထိုအချိန်တွင် တောင်ခြေ၌ အနက်ရောင်ဝတ်စုံကို ဝတ်ထားသော အေးစက်နေသည့်မျက်နှာထားနှင့် လူငယ်တစ်ယောက်က ငါးပေရှည်လျားသော ဆေဘာဓားတစ်လက်ကို ကိုင်ထားသည်။ သူက ဆေဘာဓားကို လှုပ်ရှားလိုက်ပြီး လမ်းပိတ်ထားသော အစိမ်းရောင်ကြေးခွံနှင့် ချိုတစ်ချောင်းသားရဲကို လွင့်ထွက်သွားစေခဲ့သည်။
ဆေဘာဓားက သားရဲ၏ဦးချိုနှင့် ထိတွေ့သွားပြီး မီးပွားများ ထွက်လာခဲ့သည်။
ထိုသားရဲကလည်း အလွန်သန်မာသည်။
ဟန်မူယဲ့က လက်ဝါးထဲတွင်ရှိသော နဂါးကြေးခွံထဲသို့ စွမ်းအင်တချို့ ပို့လွှတ်လိုက်သည်။
ဆေဘာဓားကိုင်ထားသောလူငယ်က တင်းမာသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဆေဘာဓားအလင်းတစ်ခုက ဟန်မူယဲ့၏ခေါင်းပေါ်သို့ ကျဆင်းလာသည်။
စကားတစ်ခွန်းမှမပြောဘဲ သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
မိစ္ဆာလမ်းစဉ်၏ ဘုရင်တစ်ပါး ဖြစ်သင့်သည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေသည်။ သူ၏ မူလဝိညာဉ်ဓားက တုန်ခါသွားပြီး ဓားအလင်းတစ်ခုက ဆေဘာဓားအလင်းကို ဖျက်ဆီးလိုက်သည်။
အေးစက်သောလူငယ်က အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူက ပြုံးသည်။
“စိတ်ဝင်စားစရာပဲ”
“ကောင်းကင်နင်းခြေမိစ္ဆာဘုရင်မှာ ဒီလိုကျွမ်းကျင်သူမျိုး ရှိနေတာလား”
“ငါက မင်းကိုသတ်လိုက်ရင် သူက ရင်နာသွားမှာလား”
လူငယ်က စကားအဆုံးတွင် ချက်ချင်းပျောက်ကွယ်သွားသည်။ သူက ဟန်မူယဲ့၏နောက်တွင် ပြန်ပေါ်လာပြီး ဆေဘာဓားဖြင့် ခုတ်ချသည်။
သူ့လှုပ်ရှားမှုက အလွန်တိကျသည်။
ကျွမ်းကျင်သူများ၏တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ရိုးရှင်းသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဓားတစ်လက်ကို ဆင့်ခေါ်သည်။
“ခလွမ် ....”
တောင်တန်းတာအိုဓားက ဆေဘာဓားရှည်ကို တားဆီးလိုက်သည်။ ဟန်မူယဲ့က သွေးချီများကို ဖော်ထုတ်၍ ပြေးထွက်သွားသည်။
သူ့နောက်တွင် လူငယ်က ကြောင်အသွားပြီး ပေဆယ်ချီအကွာအထိ တွန်းထုတ်ခံလိုက်ရသည်။
“ကောင်းတယ်။ ကောင်းတယ်”
“မင်းကို ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ရဲ့ လက်အောက်ငယ်သားတစ်ယောက်လို့ ငါက ထင်နေတာ။ ဒါပေမဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတာပဲ”
“မင်းက ငါဘယ်သူလဲ သိတယ်မဟုတ်လား။ ငါနဲ့ပူးပေါင်းမယ်ဆိုရင် အကျိုးအမြတ်တွေ ပိုရလိမ့်မယ်”
အေးစက်သောလူငယ်က တောက်ပနေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
သူက ကိုယ်ပိုင်ဓားချက်၏စွမ်းအားကို နားလည်သည်။
မိုင်ထောင်ချီကျယ်ဝန်းသော ကြယ်များကပင် သူ၏ဓားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။
သို့သော် တစ်ဖက်လူက ထိခိုက်မှုမရှိဘဲ သူ့ဓားချက်ကို တားဆီးခဲ့သည်။
ထိုကျွမ်းကျင်သူက အနည်းဆုံး မဟာသူတော်စင်အဆင့်တွင် ရှိနေလိမ့်မည်။
ဟန်မူယဲ့က ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်ကို လှည့်ကြည့်သည်။
ထိုလူငယ်က တာအိုဘိုးဘေးများနှင့် အဆင့်တူတွင်ရှိသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူ့၏ဓားချက်က အလွန်အားကောင်းသည်။