← Chapters

အခန်း (၆၅၄)

Vol. 47 Ch. 654

အခန်း (၆၅၄)

Vol. 47 Ch. 654

ဆေးပင်ဥယျာဉ်၏ ဓားတာအိုခေါင်းဆောင် ....

သူက ဆေးပင်ဥယျာဉ်ကို မှီခို၍ ရှေးတိမ်တိုက်စကြဝဠာတွင် စိတ်ကြိုက်သောင်းကျန်းနိုင်မည်။

နတ်ဘုရားဘုရင်၏အသံက မိုင်ထောင်ချီအထိ ပဲ့တင်ထပ်သွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက သူ့အသံကို ကြားလိုက်ရသည်။

“ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်က ကျင့်ကြံခြင်းလောကကို အင်အားစုတစ်ခုအဖြစ် ဝင်ရောက်လာချင်တာလား”

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ထိတ်လန့်စွာပြောသည်။

“ဆေးပင်ဥယျာဉ်မှာ မရေမတွက်နိုင်လောက်တဲ့ ဆေးပင်တွေ ရှိနေကြတယ်။ ပြီးတော့ အင်မော်တယ်ဆေးပင်တွေလည်း ရှိသေးတယ်။ နတ်ဘုရားစစ်တပ်နဲ့ နတ်ဘုရားစစ်သူကြီးတစ်ပါးကလည်း စောင့်ကြပ်နေတယ်။ သူတို့က ကျင့်ကြံခြင်းလောကထဲကို ဝင်ရောက်လာရင် ချက်ချင်း အင်အားစုကြီးတစ်ခု ဖြစ်သွားလိမ့်မယ်”

ဆံပင်ဖြူလူအိုကြီးတစ်ယောက်က မှုန်မှိုင်းနေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။

“ဟမ့်၊ ရှေးခေတ်ကျွမ်းကျင်သူတွေကတောင် သည်းခံမထားနိုင်တော့ဘူးလား”

မိုင်ထောင်ချီအကွာတွင်ရှိနေသော ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ညင်သာစွာပြောလိုက်သည်။

လူတိုင်းက ဟန်မူယဲ့၏အဖြေကို စောင့်ဆိုင်းနေကြသည်။

ဟန်မူယဲ့က သဘောတူလိုက်လျှင် ‌ရှေးတိမ်တိုက်စကြဝဠာအတွင်း၌ အင်အားစုကြီးတစ်ခု ပေါ်လာလိမ့်မည်။

ဟန်မူယဲ့က သဘောတူလိုက်လျှင် ထိုအင်အားစုကြီး၏ ပြောဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မည်။

ထိုအခွင့်အရေးမျိုးသည် ကောင်းကင်ကို ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားသည်ဟု ပြောနိုင်သည်။

“အညံ့ခံရမှာတဲ့လား”

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော မောက်မာသည့် နတ်ဘုရားဘုရင်ကိုကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။

“ရှေးခေတ်နတ်ဘုရားခုံရုံးမှာ မင်းက ဥယျာဉ်စောင့်တစ်ယောက်ပဲ။ မင်းက ခုံရုံးထဲကိုဝင်ဖို့တောင် အဆင့်မမီဘူး။ မင်းကို ဒီလိုမောက်မာနေဖို့ ဘယ်သူက ခွင့်ပြုပေးလိုက်တာလဲ”

လူတစ်ယောက်၏မျက်နှာကို ဖြတ်ရိုက်ခြင်း ....

တခြားလူများကို ဆူပူနေသောအချိန်တွင် ကိုယ်ပိုင်အားနည်းချက်ကို ထုတ်မပြသင့်ပေ။

ဟန်မူယဲ့၏စကားသည် နတ်ဘုရားစစ်သူကြီး၏ ထူးခြားဆန်းကြယ်‌သော တော်ဝင်ဆန်မှုကို ဖျက်ဆီးပစ်လိုက်သည်။

ရှေးတိမ်တိုက်စကြဝဠာတွင် ဆေးပင်ဥယျာဉ်သည် ထူးခြားသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ရှေးခေတ်နတ်ဘုရားခုံရုံက ပျောက်ကွယ်သွားခဲ့ပြီး ယခုခေတ် ကျင့်ကြံသူများ၏အမြင်တွင် ဤနေရာတွင်ရှိသော အရာအားလုံးသည် လက်လှမ်းမမီသော ဖြစ်တည်မှုမျိုး ဖြစ်သည်။

ဆေးပင်ဥယျာဉ်သည် နှစ်တစ်ထောင်လျှင် တစ်ကြိမ်သာပေါ်လာပြီး မရေမတွက်နိုင်သော ဝိညာဉ်‌ဆေးပင်များကို ထုတ်ပေးလိမ့်မည်။ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ဆေးပင်ဥယျာဉ်၏ စောင့်ရှောက်သူသည် အလွန်မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော် ဟန်မူယဲ့၏စကားအရ နတ်ဘုရားဘုရင်နှင့်ယှဉ်နိုင်သော ထိုကျွမ်းကျင်သူသည် အစေခံလေးတစ်ယောက်သာ ဖြစ်သည်။ သူက နတ်ဘုရားခုံရုံးသို့ပင် ဝင်ခွင့်မရှိပေ။

ထိုလူမျိုးကို အဘယ်ကြောင့် လေးစားရမည်နည်း။

အာကာသထဲတွင် နတ်အာရုံအမျိုးမျိုး လှုပ်ရှားနေကြသည်။

“မင်းက သေချင်နေတာပဲ”

နတ်ဘုရားစစ်သူကြီးက ဒေါသများဖြင့်ပြည့်နေသော မျက်လုံးအစုံဖြင့် အံတင်းတင်းကြိတ်ထားသည်။

သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် လွတ်လပ်ပြီး အဆင့်မြင့်သောဘဝတွင် နေထိုင်ခဲ့သည်။ သူက ဤဆေးပင်ဥယျာဉ်မှ ထွက်မသွားနိုင်သော်လည်း ဆေးပင်ဥယျာဉ်၏စွမ်းအားများကြောင့် နိမ့်ကျသောဘဝကို ဖြည်းဖြည်းချင်း မေ့သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် ဟန်မူယဲ့၏စကားက သူ၏ လှပသောစိတ်ကူးများကို ကြမ်းတမ်းစွာ ဖျက်ဆီးသွားခဲ့သည်။

သူက ဆေးပင်ဥယျာဥ်၏ အစောင့်တစ်ယောက်သာဖြစ်ပြီး နတ်ဘုရားခုံရုံးသို့ပင် ဝင်ရောက်ခွင့်မရခဲ့ပေ။

နတ်ဘုရားစစ်သူကြီး၏ခေါင်းပေါ်တွင် သွေးရောင်နတ်ဘုရားအလင်းတစ်ခု စုစည်းလာသည်။

သူ့လက်ထဲတွင်ရှိ‌သောဓားက လောကအားဖျက်ဆီးနိုင်သည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက ဆေးပင်ဥယျာဉ်၏စွမ်းအားကို အသက်သွင်းပြီး ဟန်မူယဲ့၏ဦးခေါင်းကို ခုတ်ချလိုက်သည်။

ထိုဓားချက်၏စွမ်းအားက မိုင်တစ်သန်းပတ်ဝန်းကျင်ကို အေးခဲသွားစေခဲ့သည်။

ဆေးပင်ဥယျာဉ်ထဲသို့ ဝင်ရောက်လာခဲ့သော ကျင့်ကြံသူများက မလှုပ်ရှားနိုင်ကြတော့ပေ။

သူတို့သာမက အပြင်ဘက်တွင် စောင့်နေကြသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများကလည်း ဖိနှိပ်ခံလိုက်ရသည်။

ထိုဓားချက်က အလွန်အားကောင်းသည်။

ဟန်မူယဲ့က တာအိုဓားကို ကိုင်ဆောင်ထားသော်လည်း ထိုဓားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။

သူနှင့်ဟွမ်ခြောက်က ပူးပေါင်းထားသော်လည်း နတ်ဘုရားဘုရင်တစ်ယောက်နှင့် မယှဉ်နိုင်ပေ။

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ဓားချက်ကို မော့ကြည့်သည်။

သူက မတားဆီးနိုင်ပေ။

ထိုသို့ဆိုလျှင် အကူအညီရှာရမည်။

“ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်၊ ပူးပေါင်းဖို့ ဆန္ဒရှိပါသလား”

“ဒီနတ်ဘုရားစစ်သူကြီးကို သတ်ဖြတ်ပြီး ဆေးပင်ဥယျာဉ်ထဲမှာရှိနေတဲ့ အင်မော်တယ်ချီတွေကို တစ်ဝက်စီခွဲယူကြမယ်”

ဟန်မူယဲ့က ဘယ်ဘက်လက်တွင်ရှိသော မြက်ရိတ်တံကို ဖော်ပြလိုက်သည်။ မြက်ရိတ်တံတွင် သိမ်းဆည်းထားသော အင်မော်တယ်ချီများက တာအိုဓားထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်။

“ဘုန်း”

တာအိုဓားက ပေသုံးသိန်းရှည်လျားသော ခမ်းနားသည့်ဓားတစ်လက် ဖြစ်သွားသည်။ ထိုဓားက ကောင်းကင်ကို ထိုးဖောက်သွားပြီး အာကာသထဲတွင် ရပ်တည်နေသည်။

“ကောင်းကင်သစ်ပင် ....”

နတ်ဘုရားစစ်သူကြီး၏အသံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူက မျက်လုံးပြူးသွားပြီး မြက်ရိတ်တံကို စိုက်ကြည့်နေသည်။

သူက အစပိုင်းတွင် မြက်ရိတ်တံကို သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် ထိုရတနာကို သတိထားမိသွားသည်။

ထိုရတနာနှင့်ဆိုလျှင် သူက ဆေးပင်ဥယျာဉ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည်။ ထို့အပြင် ဆေးပင်ဥယျာဉ်၏ ရှေးခေတ်အချုပ်အနှောင်မှ လွတ်မြောက်ပြီး ကျင့်ကြံခြင်းလောကထဲတွင် လွတ်လပ်စွာ လျှောက်သွားလိမ့်မည်။

သူက ထိုရတနာကို သန့်စင်ပြီး ခန္ဓာကိုယ်ထဲတွင် ထည့်သွင်းထားနိုင်လျှင် ရှေးခေတ်မှ ပုဂ္ဂိုလ်ကြီးများ၏အဆင့်သို့ ရောက်သွားလိမ့်မည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို လှုံ့ဆော်၍ မဟာတာအိုကို ပြန်လည်ဖန်တီးနိုင်လိမ့်မည်။

နတ်ဘုရားစစ်သူကြီးက အစွမ်းကုန်ထုတ်သုံးလိုက်သည်။ နတ်ဘုရားအလင်းနှင့် ချီစွမ်းအင်အလင်းက ခန်းဆောင်အလွှာများအဖြစ် ပြောင်းလဲသွားခဲ့သည်။

တာအိုဓားပေါ်လာသောအချိန်တွင် အဝေးတစ်နေရာ၌ အနက်ရောင်မိစ္ဆာတိမ်တိုက်များ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ဝက်ခန့်ကို လွှမ်းခြုံလိုက်သည်။

ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်က ရောက်လာခဲ့သည်။

နတ်ဘုရားဘုရင်အဆင့် ကျွမ်းကျင်သူက ရာသီဥတုကို တိုက်ရိုက်ပြောင်းလဲသွားစေခဲ့သည်။

သို့သော် ကောင်းကင်၏ တခြားဘက်တွင် ချီစွမ်းအင်အလင်းများ ရှိနေခဲ့သည်။

ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်သာမက တာအိုလမ်းစဉ်၏ နတ်ဘုရားဘုရင်များလည်း ရောက်လာခဲ့ကြသည်။

ယခုအချိန်တွင် ရှေးတိမ်တိုက်စကြဝဠာ၏ ကျွမ်းကျင်သူများအားလုံးက စွမ်းအားများကို ထုတ်ဖော်ထားကြသည်။

မရေမတွက်နိုင်သော ပုန်းကွယ်နေသည့် ကျွမ်းကျင်သူများက ဆေးပင်ဥယျာဉ်ကို အာရုံစိုက်လိုက်ကြသည်။

တာအိုလမ်းစဉ်၏ နတ်ဘုရားဘုရင်များက ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်ကို သတ်ဖြတ်ရန်အတွက် ဆေးပင်ဥယျာဉ်ထဲတွင် ထောင်ချောက်ဆင်ထားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် ဆေးပင်ဥယျာဉ်၏ အစောင့်အရှောက်က ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် ဆေးပင်ဥယျာဉ်၏ထောင်ချောက်က အသုံးမဝင်တော့ပေ။ ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်ကို သတ်ဖြတ်ရန်အတွက် အစီအစဉ်များကလည်း အလကားဖြစ်သွားခဲ့သည်။

ထွက်ပြေးသွားသော နတ်ဘုရားဘုရင်တစ်ပါးကို အဆင့်တူကျွမ်းကျင်သူဆယ်ယောက်က မတားဆီးနိုင်ပေ။

မဟာတာအိုကို ထိန်းချုပ်ထားသော ကျွမ်းကျင်သူကြီးတစ်ယောက်က အချိန်မရွေး ထွက်ပြေးနိုင်သည်။

“နတ်ဘုရားဘုရင်တို့၊ ဒီနတ်ဘုရားစစ်သူကြီးကို သတ်ပြီးသွားရင် ကျွန်တော်က ဆေးပင်ဥယျာဉ်ရဲ့ ဆေးပင် ၁၀%ကိုပဲ ယူမှာပါ”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာပြန်သည်။

နတ်ဘုရားစစ်သူကြီးကို သတ်ဖြတ်ပြီး ဆေးပင်များကို ခွဲယူကြမည်။

နတ်ဘုရားဘုရင်များက သေချာမတွေးနိုင်ခင် ဟန်မူယဲ့က ထပ်ပြောလိုက်သည်။

“ဒီဆေးပင်ဥယျာဉ်တင်မကဘူး တခြားဆေးပင်ဥယျာဉ်ကိုးခုကိုလည်း သိသေးတယ်”

ဆေးပင်ဥယျာဉ်ကိုးခု ထပ်ရှိနေသည်။

သူ့စကားသံအဆုံးတွင် ပြန့်ကျဲနေသောနတ်အာရုံများက ချိတ်ဆက်သွားကြသည်။

ဆေးပင်ဥယျာဉ်တစ်ခုက ထိုကျွမ်းကျင်သူများကို ဆွဲဆောင်ရန် လုံလောက်သည်။ တခြားဆေးပင်ဥယျာဉ်ကိုးခုလည်း ထပ်ရှိနေသောကြောင့် နတ်ဘုရားဘုရင်များက စိတ်ဝင်စားလာကြသည်။

ဆေးပင်ဥယျာဉ်ထဲတွင်ရှိသော အင်မော်တယ်ဆေးပင်များက နတ်ဘုရားဘုရင်များအတွက်လည်း အသုံးဝင်သည်။

နတ်ဘုရားဘုရင်များအားလုံးသည် အထွတ်အထိပ်အထိ ကျင့်ကြံထားပြီး လွတ်မြောက်ရာလမ်းစဉ်နှင့် တစ်လှမ်းသာလိုသော အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် မတူပေ။

နတ်ဘုရားဘုရင်အဆင့်သို့ စတင်ဝင်ရောက်လာသော ပုဂ္ဂိုလ်ကြီးများလည်း ရှိနေကြသည်။ သူတို့၏ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းက မလုံလောက်ပေ။

သူတို့က အင်မော်တယ်ဆေးပင်များကို လိုအပ်ကြသည်။

“မင်းကို တစ်ကြိမ်ယုံလိုက်တယ်”

လူတစ်ယောက်က ပြောသည်။

ဟန်မူယဲ့က နတ်ဘုရားစစ်သူကြီးနှင့် ယှဉ်ပြိုင်၍ ဆေးပင်ဥယျာဉ်၏ထိန်းချုပ်မှုကို လုယူခဲ့သည်။ သူက တခြားဆေးပင်ဥယျာဉ်ကိုးခု၏ အကြောင်းကိုလည်း ထုတ်ပြောခဲ့သည်။ သူ့စကားကို ယုံကြည်နိုင်သည်။

ထို့အပြင် သူက နတ်ဘုရားဘုရင်များ၏ရှေ့တွင် လိမ်ညာမည်မဟုတ်ပေ။

ဟန်မူယဲ့က အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။

သူက ဆေးပင်ဥယျာဉ်ဆယ်ခု၏ သတင်းများကို သိနေသည်။

မြက်ရိတ်တံ၏ မှတ်ဉာဏ်ထဲတွင် ဆေးပင်ဥယျာဉ်များကို ဖော်ပြထားသည်။

ယခင်က သစ်သားနတ်ဘုရားနန်းတော်သည် ဆေးပင်ဥယျာဉ်တစ်ရာကျော်ကို တည်ဆောက်ပေးခဲ့သည်။

ဟန်မူယဲ့က နတ်ဘုရားစစ်သူကြီးကို သတ်ဖြတ်ချင်သောကြောင့် ထိုသတင်းနှင့် ဤဆေးပင်ဥယျာဉ်မှ ဆေးပင်များ၏ ၉၀%ကို မျှဝေရန် ဆန္ဒရှိသည်။

သူနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တာအိုပြိုင်ပွဲတွင် အသုံးပြုရန်အတွက် ဆေးပင်အများအပြား လိုအပ်နေသည်။

ဤဆေးပင်ဥယျာဉ်ထဲတွင် မ‌ရေမတွက်နိုင်သောဆေးပင်များ ရှိနေကြသည်။

သူက အကောင်းဆုံးကြိုးစား၍ သိမ်းဆည်းမည်ဆိုလျှင်ပင် ဆေးပင်များ၏ ၁%ခန့်ကိုသာ ရလိမ့်မည်။

နတ်ဘုရားစစ်သူကြီး၏ ထိန်းချုပ်မှုအောက်တွင် ဆေးပင်ဥယျာဉ်က ပုန်းကွယ်နေလိမ့်မည်။ ကျန်ရှိနေသော ဝိညာဉ်ဆေးပင်များက နှစ်တစ်ထောင်အကြာတွင် ပြန်ပေါ်လာလိမ့်မည်။

အချိန်က လျင်မြန်စွာကုန်ဆုံးသွားမည်ဖြစ်သော်လည်း သူ့အတွက် အချိန်မရှိပေ။

ထို့ကြောင့် ဥယျာဉ်စောင့် နတ်ဘုရားစစ်သူကြီးကို သတ်ဖြတ်ပြီး ဆေးပင်ဥယျာဉ်ကို ခွဲယူလိုက်မည်။

ဤဆေးပင်ဥယျာဉ်၏ ဝိညာဉ်ဆေးပင်များက ရှေးတိမ်တိုက်စကြဝဠာတွင် စီးဆင်းသွားလိမ့်မည်။ သူက ဆေးပင်များကိုဝယ်ယူပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပို့ပေးရန်သာ လိုအပ်သည်။

ထိုဆေးပင်များနှင့်ဆိုလျှင် သူက မရေမတွက်နိုင်သော ဆေးလုံးများကို သန့်စင်နိုင်လိမ့်မည်။

ဟန်မူယဲ့က ထိုအကြောင်းကို ကြိုတွေးထားသည်။ သူက ပိုက်ဆံထုတ်မည်မဟုတ်ပေ။ ဟွမ်ခြောက်က ထုတ်ပေးလိမ့်မည်။

သူ့သမီးက ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ရှိနေသည်။ သူမပေးလျှင် မည်သူက ပေးမည်နည်း။

ထိုဆေးပင်များကို ဆေးလုံးများအဖြစ် ပြောင်းလဲလိုက်လျှင် သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ကြွယ်ဝမှုများကို စုဆောင်းနိုင်လိမ့်ဦးမည်။

“အဲဒါဆိုရင်လည်း ဒီနတ်ဘုရားစစ်သူကြီးကို သတ်ကြတာပေါ့”

အာကာသထဲတွင် နတ်ဘုရားဘုရင်တစ်ပါးက ထပ်ပြောလိုက်သည်။

ဆေးပင်ဥယျာဉ်ကိုးခု၏သတင်းက သူတို့ကို လှုပ်ရှားသွားစေသည်။

ရှေးခေတ်မှဆင်းသက်လာပြီး နတ်ဘုရားဘုရင်တစ်ပါးနှင့် ယှဉ်နိုင်သော နတ်ဘုရားစစ်သူကြီး၏ သေခြင်းရှင်ခြင်းကို မည်သူမှ ဂရုမစိုက်ကြပေ။

ဟန်မူယဲ့၏ ဆေးပင်ဥယျာဉ်သတင်းက သူ့တို့အားလုံးကို ဆွဲဆောင်ခဲ့သည်။

နတ်ဘုရားဘုရင်များဖြစ်စေ၊ အာခီမီပညာရှင်များဖြစ်စေ၊ အမျိုးမျိုးသော အင်အားစုများဖြစ်စေ အားလုံးက ဆွဲဆောင်ခံလိုက်ရသည်။

ယနေ့တွင် ထိုနတ်ဘုရားစစ်သူကြီးက သေရမည်။

ချက်ချင်းဆိုသလိုပင် စိတ်ကူးမယဉ်နိုင်သောစွမ်းအားများက အာကာသထဲတွင် စုစည်းလာကြသည်။

ထိုစွမ်းအားများကြောင့် ပေသုံးသိန်းရှည်လျားသော တာအိုဓားက တုန်ခါသွားသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ နှစ်ပေါင်းများစွာစုဆောင်းမှုများနှင့် သွန်းလုပ်ထားခဲ့သော တာအိုဓားသည် အကောင်းမွန်ဆုံးစွမ်းအားကို ထုတ်ပြခဲ့သည်။

ဓားအလင်းသည် အာကာသကို အလင်းပေးလိုက်သည်။

ထိုအရာသည် နတ်ဘုရားဘုရင်များ၏စွမ်းအား ဖြစ်သည်။

နတ်ဘုရားဘုရင်ငါးယောက်၏ စုပေါင်းစွမ်းအား ဖြစ်သည်။

ယခုအချိန်တွင် တာအိုဓားသည် လောကကို လွှမ်းမိုးနိုင်သည်။

ယခုအချိန်တွင် တာအိုဓားသည် ရှေးတိမ်တိုက်စကြဝဠာ၏ အသန်မာဆုံးစွမ်းအား ဖြစ်လာခဲ့သည်။

နတ်ဘုရားဘုရင်တစ်ပါးပင်လျှင် ထိုဓားကို ခုခံနိုင်မည်မဟုတ်ပေ။

ဓားတစ်ချက်ဖြင့် ပြိုင်ဘက်ကင်းနေသည်။

ဟန်မူယဲ့က အတိတ်ကို လွမ်းဆွတ်သွားပုံပေါ်သည်။

သူက ကျင့်ကြံခြင်းလောကတွင် ပြန်လည်မွေးဖွားလာပြီး ဓားစံအိမ်သို့ ဝင်ရောက်ခဲ့သောအချိန်မှစ၍ ပြိုင်ဘက်ကင်းစွမ်းအားကို ရှာဖွေနေခဲ့သည်။

ဓားစံအိမ်၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် ဓားနည်းစနစ်သုံးခုသည် ရန်သူကို တစ်ချက်တည်းသတ်ဖြတ်ရန် ရည်ရွယ်သည်။

ဟန်မူယဲ့က ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို ကျင့်ကြံခဲ့ပြီး ပြိုင်ဘက်ကင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။

ယခုအချိန်တွင် စွမ်းအားများဖြင့်ပြည့်နှက်နေသော တာအိုဓားကို ကြည့်လိုက်ပြီး သူက နားလည်သွားခဲ့သည်။

ထိုအရာသည် ဓားကျင့်ကြံသူများ၏ အထွတ်အထိပ်လမ်းစဉ် ဖြစ်သည်။

ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် လက်ထဲတွင် ဓားတစ်လက်ရှိနေလျှင် ပြိုင်ဘက်ကင်းရမည်။

“သတ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ခုတ်ချသည်။

All Chapters