အခန်း (၆၅၈)
Vol. 47 Ch. 658
လုပ်ကြံသတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သော အသက်ကိုးခုကြောင်ကလန်၊ တိုက်ခိုက်နိုင်စွမ်းကောင်းသော ကျားကလန်၊ အမြန်နှုန်းနှင့် ဓားပညာရပ်တွင် ကျွမ်းကျင်သော အစိမ်းရောင်မြေခွေးကလန် ....
ထိုတိုက်ပွဲသည် တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်သည်။
နာရီဝက်အတွင်း၌ ထွက်ပြေးသွားသော ကျင့်ကြံသူအချို့မှလွဲ၍ တခြားကျင့်ကြံသူများအားလုံး သေဆုံးသွားကြသည်။
ရှန့်လင်းရွှမ်းက လေးကိုင်ထားပြီး အာကာသထဲတွင်ရပ်၍ အင်မော်တယ်ရင်းမြစ်ကမ္ဘာကို လှမ်းကြည့်သည်။
ပြန့်ကျဲနေသောကျင့်ကြံသူများသည် ပျက်စီးခြင်းတောရိုင်းအတွက် ခြိမ်းခြောက်မှုမဟုတ်ပေ။
သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျွမ်းကျင်သူများစစ်တပ်နှင့် ရင်ဆိုင်ရလိမ့်မည်။
“ဘုန်း”
အာကာသထဲတွင် ဧရာမလက်ကြီးတစ်ဖက်က ရှန့်လင်းရွှမ်းကို ဖမ်းဆုပ်လိုက်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က အေးစက်နေသောမျက်နှာထားဖြင့် ရောက်လာခဲ့သည်။
“တကယ့်ကို အရိုင်းနယ်မြေပဲ။ မင်းတို့ရဲ့တိုက်ခိုက်မှုတွေက ကြမ်းတမ်းလွန်းတယ်”
လူအိုကြီးက ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော ချီစွမ်းအင်အလင်းများကို ကြည့်လိုက်ပြီး အော်ဟစ်သည်။
ရှန့်လင်းရွှမ်းက လက်ပုံရိပ်ကို ကြည့်လိုက်သည်။ သူက လေးကိုင်းကို ပြန်သိမ်းပြီး ဓားနှစ်လက်ကို ဆွဲထုတ်သည်။
“ခလွမ် ....”
ဓားရှည်သည် လခြမ်းကွေးအသွင်ပြောင်းပြီး လက်ဝါးပုံရိပ်နှင့် ရင်ဆိုင်လိုက်သည်။
ရှေးခေတ်ဆင်သားရဲ၏ အစွယ်နှစ်ချောင်းနှင့် သန့်စင်ထားသော ဓားနှစ်လက်သည် လေးလံပြီး ထက်မြိသည်။ ထိုဓားချက်က လက်ဝါးပုံရိပ်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
“သတ်”
ရှန့်လင်းရွှမ်းက ဓားရှည်ကိုဆုပ်ကိုင်၍ ပျံတက်သွားသည်။ သူက အဖြူရောင်ဝတ်စုံနှင့် လူအိုကြီး၏ခေါင်းကို ခုတ်ချသည်။
ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။
ဓားနှစ်လက်သည် သွေးချီများဖြင့် ပြည့်နှက်နေသည်။
ရှန့်လင်းရွှမ်းက ဟန်မူယဲ့၏ပြောစကားကို မှတ်မိနေသည်။ တိုက်ကွက်တိုင်းသည် အင်အားအပြည့် ဖြစ်ရမည်။
ယခုအချိန်တွင် သူ့ဓားသည် ရှေးခေတ်အမွေးရှည်ဆင်၏ စွမ်းအားများ ပါဝင်နေသည်။
အဖြူရောင်ဝတ်စုံနှင့်လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ရွှေရောင်အလင်းလွှာကို ဖန်တီးသည်။
“ဘန်း”
ရွှေရောင်အလင်းလွှာက ရှန့်လင်းရွှမ်းကို မတားနိုင်ခဲ့ပေ။
လူအိုကြီး၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူ့လက်နှစ်ဖက်က လိပ်ပြာများအသွင် ကခုန်နေပြီး သုံးပေမြင့်မားသော ဝင်္ကပါအစီအရင်တစ်ခုကို ဖန်တီး၍ ဓားရှည်ကို တားဆီးလိုက်သည်။
ဓားနှစ်လက်က ဝင်္ကပါအစီအရင်နှင့် ထိတွေ့သွားသော်လည်း မချိုးဖောက်နိုင်ခဲ့ပေ။
ထိုဝင်္ကပါအစီအရင်က အာကာသ၏စွမ်းအားကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသည်။ ထိုဓားချက်က အာကာသကို ထိုးခွဲသွားလျှင် ဝင်္ကပါအစီအရင်ကို ဖျက်ဆီးနိုင်လိမ့်မည်။
ဓားချက်က ရပ်တန့်သွားသောအခါတွင် လူအိုကြီးက စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး ပြုံးသည်။
သို့သော် သူက ပြုံးလိုက်သောအချိန်တွင် ရုတ်တရက် မျက်လုံးပြူးသွားခဲ့သည်။
အနက်ရောင်ဓားတိုလေးတစ်ချောင်းသည် သူ့လည်ပင်းဆီသို့ ရောက်လာခဲ့သည်။
“ရွှပ် ....”
ဓားတိုလေးသည် သူ့လည်ပင်းကို ထိုးခွဲမသွားခဲ့သော်လည်း ချီစွမ်းအင်အလင်းများကို တုန်ခါသွားစေခဲ့သည်။
ရှန့်လင်းရွှမ်းက ဟိန်းဟောက်လိုက်သည်။ ဓားနှစ်လက်က ဆက်လက်ကျဆင်းလာသည်။
“ဘုန်း”
ဝင်္ကပါအစီအရင်က ပူဖောင်းတစ်လုံးကဲ့သို့ ပျောက်ကွယ်သွားသည်။
ထိုလူအိုကြီး မတုံ့ပြန်နိုင်ခင် ရှန့်လင်းရွှမ်း၏ဓားနှစ်လက်က ခန္ဓာကိုယ်ကို ခုတ်ပိုင်းပစ်လိုက်သည်။
လူအိုကြီးက ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။ သို့သော် သူက ပုံရိပ်ယောင်ဆန်နေသည်။
“ရွှပ် ....”
အနက်ရောင်ဓားတိုလေးတစ်ချောင်းက ထိုပုံရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် အမြီးငါးချောင်းကြောင်မိစ္ဆာတစ်ကောင် ပေါ်လာခဲ့သည်။
လူအိုကြီးက မျက်လုံးပြူးနေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ချီစွမ်းအင်အလင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက ခန္ဓာကိုယ်ကိုစွန့်ပစ်၍ မူလဝိညာဉ်ဖြင့် ထွက်ပြေးလာခဲ့သော်လည်း မူလဝိညာဉ်ကိုပါ ဆုံးရှုံးလိုက်ရသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ပြီးသောအခါတွင် အသက်ကိုးခုကြောင်က ရှန့်လင်းရွှမ်းကို ခေါင်းညိတ်ပြလိုက်ပြီး ပျောက်ကွယ်သွားသည်။
ရှန့်လင်းရွှမ်းက တည်ငြိမ်သောမျက်နှာထားဖြင့် အဝေးသို့လှမ်းကြည့်နေသည်။
....
သူတို့က တာအိုပြိုင်ပွဲနယ်မြေသို့ ရောက်လာပြီး အချိန်တစ်လအတွင်း၌ တိုက်ပွဲတစ်ရာကျော်နှင့် ကြုံတွေ့ခဲ့ရသည်။
အပြင်းထန်ဆုံးတိုက်ပွဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်နှင့် ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ပါလာခဲ့သည်။
အဆုံးတွင် လူအများစုက ပျက်စီးခြင်းတောရိုင်းတွင် ကျဆုံးသွားကြသည်။
ပုန်းကွယ်နိုင်စွမ်းကောင်းသော အသက်ကိုးခုကြောင်ကလန်က လုပ်ကြံသတ်ဖြတ်မှုတွင် ပြိုင်ဘက်ကင်းသည်။ ဝိညာဉ်သူငယ်အဆင့်သို့ ရောက်နေသော အမြီးလေးချောင်းကြောင်တစ်ကောင်က ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူကို လုပ်ကြံသတ်ဖြတ်နိုင်သည်။
ဆင်ကလန်၊ ကျားကလန်နှင့် နွားသိုးကလန်တို့က ခွန်အားကောင်းသည်။ သူတို့က လက်သီးတစ်ချက်ဖြင့် တောင်တန်းများကို ပြိုကျသွားစေနိုင်သည်။
ပျက်စီးခြင်းတောရိုင်း၏ခွန်အားကို လူတိုင်းက မြင်ခဲ့ရသည်။
ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းအဆင့်များကို ဖိနှိပ်ထားသောကြောင့် အားကောင်းသော ရုပ်ခန္ဓာနှင့် ထူးဆန်းသောနည်းလမ်းများကို ပိုင်ဆိုင်ထားသည့် မိစ္ဆာသားရဲများက စိတ်ကြိုက်သောင်းကျန်းနေနိုင်သည်။
အထူးသဖြင့် ရှန့်လင်းရွှမ်းနှင့် မိစ္ဆာကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့က ဝိညာဉ်ကိုယ်ခွဲ အထွတ်အထိပ်အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများကို ကိုယ်ပိုင်စွမ်းအားဖြင့် ခုခံနိုင်ကြသည်။ သူတို့က ပူးပေါင်းလိုက်လျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ကြသည်။
အချင်းချင်း တိုက်ခိုက်နေသော အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာက ပျက်စီးခြင်းတောရိုင်းကို အာရုံစိုက်လာကြသည်။
ပျက်စီးခြင်းတောရိုင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဦးတည်၍ ရွေ့လျားလာသည်။ တစ်လအကြာတွင် သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်နှင့် ရင်ဆိုင်လိုက်ရသည်။
ဝင်္ကပါဖွဲ့စည်းထားသော စစ်သည်ငါးသိန်းကို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူငါးယောက်က ဦးဆောင်လာခဲ့သည်။
ချီစွမ်းအင်များသည် မိုင်တစ်သန်းပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။
မည်သူမှ ဝင်မပါရဲကြပေ။
ထိုတိုက်ပွဲတွင် ပျက်စီးခြင်းတောရိုင်းက အနိုင်မရခဲ့ပေ။
စည်းစနစ်ကျပြီး အားကောင်းသော စစ်တပ်ဝင်္ကပါကို ပြန့်ကျဲနေသောမိစ္ဆာများက ရင်မဆိုင်နိုင်ခဲ့ပေ။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်က ကောင်းကင်ကို လွှမ်းမိုးထားပြီး မိစ္ဆာအများအပြား သေဆုံးသွားခဲ့သည်။
ရှန့်လင်းရွှမ်းက ကောင်းကင်တာအို၏စွမ်းအားကို ထုတ်သုံး၍ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့သော်လည်း အရှုံးသည် အရှုံးပင်ဖြစ်သည်။
နောက်ပိုင်းတွင် ပျက်စီးခြင်းတောရိုင်းက ခါးသီးသောတိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။
ရှုံးပွဲမရှိသောဒဏ္ဍာရီက ပျက်စီးသွားသောအခါတွင် မရေမတွက်နိုင်သောရန်သူများက ဝံပုလွေများကဲ့သို့ ဝိုင်းရံလာကြလိမ့်မည်။
ကျင့်ကြံသူများက နေရာတိုင်းတွင် ပြန့်ကျဲနေပြီး ပျက်စီးခြင်းတောရိုင်းထဲသို့ ခိုးဝင်လာကြသည်။ သူတို့က မိစ္ဆာများကို အမဲလိုက်ပြီး ဝိညာဉ်ဆေးပင်များကို ခိုးယူကြသည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏စစ်တပ်က ပျက်စီးခြင်းတောရိုင်းထဲတွင် စခန်းချပြီး ဆက်လက်တိုက်ခိုက်နေသည်။
ပျက်စီးခြင်းတောရိုင်း၏ ကောင်းကင်တာအိုသည် အားနည်းနေသေးသည်။ ထို့ကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် စစ်တပ်ဝင်္ကပါပေါ်တွင် လုံလောက်သောဖိအားကို မချမှတ်နိုင်ခဲ့ပေ။
ကံကောင်းစွာဖြင့် ပျက်စီးခြင်းတောရိုင်း၏ မျိုးနွယ်စုများသည် ပူးပေါင်းထားကြသည်။
ရှန့်လင်းရွှမ်းက မိစ္ဆာတစ်သောင်းတံဆိပ်ကို ထိန်းချုပ်ပြီး မျိုးနွယ်စုများနှင့်ပူးပေါင်း၍ စစ်သည်ငါးသိန်းကို ယာယီတားဆီးထားနိုင်ခဲ့သည်။
လွန်ခဲ့သောနှစ်လခန့်တွင် တိုက်ပွဲများပြင်းထန်နေခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မိစ္ဆာအများအပြား သေဆုံးသွားခဲ့ကြသည်။
ပျက်စီးခြင်းတောရိုင်း၏ ၃၀%ကို အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်က သိမ်းယူသွားခဲ့သည်။
မျိုးနွယ်စုအများအပြား ထိခိုက်သွားခဲ့ကြသည်။
ရှန့်လင်းရွှမ်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ဦးတည်း တိုက်ခိုက်ခဲ့သည်။ သူက အစွမ်းကုန်သုံး၍ ရန်သူကို ဒဏ်ရာရသွားစေသော်လည်း ကျန်ရှိနေသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် စစ်တပ်က သူ့ကို ဝိုင်းရံထားလိုက်သည်။
“ကျီ ....”
ရှန့်လင်းရွှမ်းက ပေတစ်ထောင်မြင့်မားသော ဆင်တစ်ကောင်အဖြစ် ပြောင်းလဲထားပြီး တစ်ကိုယ်လုံးတွင် သွေးများဖြင့်စိုရွှဲနေသည်။
သူက မြေပြင်တွင် ခြေလေးဖက်ထောက်ထားပြီး နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်သည်။ ပတ်ဝန်းကျင်တွင်ရှိနေသော စစ်တပ်က သွေးအန်လိုက်ရပြီး နောက်ဆုတ်သွားကြသည်။
ထိုအရာသည် ရှေးခေတ်ဆင်သားရဲ၏ နတ်ဘုရားစွမ်းရည်ဖြစ်သည်။ ဆင်သားရဲက မြေပြင်ပေါ်တွင် တိုက်ခိုက်နိုင်စွမ်းကို အဆုံးစွန်အထိ ဖော်ထုတ်သည်။
“မကောင်းဆိုးဝါးသားရဲပဲ”
အနီရောင်ဝတ်စုံနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း ဆဌမအဆင့် ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်သည်။ သူက တုတ်ရှည်တစ်ချောင်းဖြင့် ရှန့်လင်းရွှမ်ကို ရိုက်ချသည်။
တုတ်ရှည်သည် မှော်ရတနာစွမ်းအားများကို ထုတ်လွှတ်၍ ရှန့်လင်းရွှမ်း၏ခေါင်းပေါ်သို့ ရောက်လာခဲ့သည်။
ထိုတိုက်ကွက်ကြောင့် ရှန့်လင်းရွှမ်းက သေဆုံးမသွားလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားပြီး ဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။
ရှန့်လင်းရွှမ်းက အစွမ်းကုန်ထုတ်သုံးပြီး ဦးခေါင်းကို တစ်ဖက်သို့လွှဲ၍ ခန္ဓာကိုယ်ကို ရွေ့လျားပြီး တိုက်ကွက်ကို ခံယူလိုက်သည်။
“ဘန်း”
ရှန့်လင်းရွှမ်း၏အသက်စွမ်းအားက လှိုင်းထန်သွားခဲ့သည်။
ထိုတိုက်ကွက်သည် လောကကို ဖျက်ဆီးပစ်နိုင်သည်။ ရှန့်လင်းရွှမ်းက ရှေးခေတ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် လဲကျမသွားဘဲ ခုခံနိုင်ခဲ့သည်။
ရှန့်လင်းရွှမ်းက နာကျင်စွာအော်ဟစ်လိုက်သည်။ သူက နှာမောင်းရှည်ကိုလှုပ်ရှား၍ ချီစွမ်းအင်အလွှာကို ဝင်တိုက်သည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က လွင့်ထွက်သွားသည်။
တုတ်ရှည်ကိုကိုင်ထားသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက နှာမှုတ်လိုက်ပြီး ပြောသည်။
“ကောင်လေး၊ အညံ့ခံပြီး ဒီပျက်စီးခြင်းတောရိုင်းကို ငါရဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာဆီ ယူခဲ့လိုက်။ မဟုတ်ရင် မင်းကို စီးတော်ယာဉ် လုပ်ပစ်မယ်”
သူ၏ ကျင့်ကြံဆင့်၊ မှော်ရတနာစွမ်းအားနှင့် စစ်တပ်ဝင်္ကပါတို့ကြောင့် သူက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည်။ ဝိညာဉ်ဖွဲ့စည်းခြင်း သတ္တမအဆင့် ကျင့်ကြံသူကိုပင် ကြောက်နေရန်မလိုပေ။
သူက ရှန့်လင်းရွှမ်းကို အပြည့်အဝ အနိုင်ရထားသည်။
ဆင်သားရဲအဖြစ် အသွင်ပြောင်းထားသော ရှန့်လင်းရွှမ်းက တိုက်ခိုက်လိုစိတ်များဖြင့် ဟိန်းဟောက်လိုက်သည်။
သူက ပျက်စီးခြင်းတောရိုင်းကို ထိန်းချုပ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ လုံခြုံစွာပို့ဆောင်ပေးရန် တာဝန်ယူထားသည်။
ထို့ကြောင့် သူက အသက်ကိုပင် စွန့်လွှတ်နိုင်သည်။
သူ့ပုံစံကို မြင်လိုက်ရသောအခါတွင် ရွှေရောင်သရဖူနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လှံရှည်ကို ဖြည်းဖြည်းချင်း မြှောက်သည်။
“ခေါင်းမာတဲ့အရူး၊ မင်းက သေချင်နေတဲ့ပုံပဲ”
“ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အရိုးတွေကို ထုတ်ယူပစ်မယ်။ မင်းရဲ့ အစွယ်ရှည်နှစ်ချောင်းကို ငါက တန်ဖိုးထားပေးပါ့မယ်”
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ပြင်းထန်သောသတ်ဖြတ်လိုစိတ်များကို ထုတ်ပြလိုက်သည်။
သူက မထိန်းချုပ်နိုင်လျှင် သတ်ဖြတ်ပစ်မည်။
ပျက်စီးခြင်းတောရိုင်းအတွက်လည်း အတူတူပင်ဖြစ်သည်။ ဤကမ္ဘာကို မထိန်းချုပ်နိုင်လျှင် ဖျက်ဆီးပစ်ရမည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ဝင်္ကပါက ချီစွမ်းအင်အလင်းများကို ထုတ်လွှတ်လိုက်သည်။
အသက်ကိုးခုကြောင်ကလန်နှင့် အစိမ်းရောင်မြေခွေးကလန်မှ ကောင်းကင်အဆင့်ကျွမ်းကျင်သူများက ရှန့်လင်းရွှမ်း၏ဘေးတွင် ရောက်လာကြသည်။
တခြားမျိုးနွယ်များ၏ ကျင့်ကြံသူများကလည်း လေးနက်သောမျက်နှာထားဖြင့် ရှေ့တက်လာကြသည်။
အဆိုးဆုံးအခြေအနေတွင် သူတို့အားလုံးက သေဆုံးသွားရုံသာ ရှိသည်။ ပျက်စီးခြင်းတောရိုင်းကို အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏လက်ထဲသို့ အပါမခံနိုင်ပေ။
“ဘယ်သူက ဒီလောက်မောက်မာနေတာလဲ ကြည့်ရအောင်”
အာကာသထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။
အံ့ဖွယ်နေမင်းဓားကို ကိုင်ထားသော အနက်ရောင်ချပ်ဝတ်နှင့် စစ်သူကြီးတစ်ယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။
သူ့နောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်များ ရှိနေကြသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ ....
“ရှန့်လင်းရွှမ်း၊ ငါ့ဘလေးရဲ့ အမိန့်အရ မင်းတို့ကို အိမ်ပြန်ခေါ်ဖို့ ရောက်လာခဲ့ပြီ”
အနက်ရောင်ချပ်ဝတ်နှင့်စစ်သူကြီးက ရှန့်လင်းရွှမ်းကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင် လုယန် ....
သူက အံ့ဖွယ်ကောင်းကင်ကမ္ဘာ၏ စစ်တပ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
သူရောက်လာသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်ကလည်း လှုပ်ရှားလာလိမ့်မည်။
“ဘုန်း”
အာကာသထဲတွင် မရေမတွက်နိုင်သော စစ်တပ်ဝင်္ကပါများ ဖြစ်တည်လာကြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသာမက အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်များလည်း ပေါ်လာကြသည်။
သန်းချီနေသော စစ်တပ်ဝင်္ကပါများသည် ပျက်စီးခြင်းတောရိုင်း၏ ပတ်ဝန်းကျင်တွင် စုစည်းနေကြသည်။
တာအိုပြိုင်ပွဲတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာတို့၏ ပထမအချီစစ်ပွဲ စတင်လိုက်သည်။
....
ထိုအချိန်တွင် အံ့ဖွယ်ကိုးပါးတောင်ထက်တွင် အချိန်ကြာမြင့်စွာစုစည်းနေခဲ့သော ဓားဆန္ဒများက တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။
ဓားစံအိမ်၏ တတိယထပ်တွင် တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က ဖြည်းဖြည်းချင်း ထရပ်သည်။
သူက ဓားစံအိမ်၏အပြင်ဘက်သို့ လှမ်းကြည့်သည်။
စစ်ရထားနှင့် သင်္ဘောပျံများက တိတ်ဆိတ်စွာ လွင့်မျောနေကြသည်။
တိမ်တိုက်များပေါ်တွင် တော်ဝင်ဝတ်ရုံနှင့် လူငယ်ဧကရာဇ်က လေးနက်သောမျက်နှာထားဖြင့် ဦးညွှတ်သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဧကရာဇ်အသစ် ယွင်သွမ့်က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အံ့ဖွယ်ကိုးပါးတောင်ကို စာတစ်စောင်နဲ့ ကိုယ်တိုင်ရောက်လာခဲ့ပါတယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားအင်မော်တယ်၊ သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ကျောင်းအုပ်၊ အာခီမီဆရာသခင်တစ်ပါးဖြစ်တဲ့ ဟန်မူယဲ့ကို နန်းမြို့တော်ဆီ ဖိတ်ခေါ်လိုက်ပါတယ်”
“အမတ်ချုပ်ကြီးဝမ်ရဲ့ အမွေဆက်ခံသူ၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တာဝန်ယူပေးဖို့အတွက် ကြွမြန်းလာခဲ့ပါ”