အခန်း (၆၅၉)
Vol. 48 Ch. 659
ယွင်သွမ့်၏အသံက အံ့ဖွယ်ကိုးပါးတောင်တွင် ပဲ့တင်ထပ်သွားသည်။
အံ့ဖွယ်ကိုးပါးတောင်ခြေတွင် ကျင့်ကြံသူများက ဦးညွှတ်လိုက်ကြသည်။
သူတို့က ထိုဖြစ်ရပ်၏အကြောင်းကို သိထားပြီး အခမ်းအနားကိုစောင့်ကြည့်ရန်အတွက် ရောက်လာကြသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အခမ်းနားဆုံးအချိန်ကို မျက်မြင်ကြုံတွေ့ရန် ရောက်လာကြသည်။
ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဆန္ဒက ဆက်သွယ်နေပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဧကရာဇ်အသစ်က အရိုအသေပေးရန်အတွက် အံ့ဖွယ်ကိုးပါးတောင်သို့ ရောက်လာခဲ့သည်။ ထိုဖြစ်ရပ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်လျှောက်တွင် ပျံ့နှံ့သွားခဲ့သည်။ ပိုမိုများပြားသောကျင့်ကြံသူများက အံ့ဖွယ်ကိုးပါးတောင်သို့ အပြေးလာနေကြသည်။
ဧကရာဇ်အသစ်က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ကို အမတ်ချုပ်ကြီး၏ အမွေဆက်ခံသူအဖြစ် နန်းမြို့တော်သို့ဝင်ရောက်ရန် ဖိတ်ခေါ်နေသည်။
အမတ်ချုပ်ကြီး ....
ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းတွင် ဤဖြစ်ရပ်သည် လူသားလောက၏ အထွတ်အထိပ်ဟု ပြောနိုင်သည်။
ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေတွင် ကြာမြင့်စွာ နေထိုင်ပြီး ဓားကိုင်ထားသော ကျောင်းတော်သားများ၏ သမင်ဖြူတောင်တန်းကျောင်းတော်ကို တည်ထောင်ခဲ့သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများက ထိုဖြစ်ရပ်များကို ယခုအချိန်တွင် သိလိုက်ကြရသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေကို ဓားတာအိုဖြင့် ဖိနှိပ်ခဲ့သော ဓားအင်မော်တယ်သည် ကျောင်းတော်တစ်ခုကို တည်ထောင်ထားသော ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်တစ်ဦး ဖြစ်သည်။
လောကတွင် ထိုပါရမီရှင်မျိုး ရှိနေခဲ့သည်။
ယခုအချိန်တွင် လူတိုင်းက ခေါင်းမော့လိုက်ကြပြီး အံ့ဖွယ်ကိုးပါးတောင်ကို လှမ်းကြည့်သည်။
‘ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်က အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်ပေါ်လာတော့မှာလား’
“အကြီးအကဲတောက်၊ သူက သဘောတူလိမ့်မယ်လို့ ထင်လား”
အံ့ဖွယ်ကိုးပါးတောင်ထိပ်တွင်ရှိသော ခန်းဆောင်တွင် ထို့ပါ့ချန်က တောက်ပနေသောမျက်လုံးများနှင့်အတူ တီးတိုးပြောသည်။
သူ့ဘေးတွင် ခေါင်းဆောင်တောက်ရင်က လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။
ခေါင်းဆောင်တောက်ရင်က စကားမပြောပေ။ သို့သော် သူ့အကြည့်များက ရှုပ်ထွေးနေခဲ့သည်။
အကယ်၍ ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သူနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ဂုဏ်ယူဖွယ်ဖြစ်ပြီး အထောက်အပံ့တစ်ခုကိုလည်း ရသွားလိမ့်မည်။
အံ့ဖွယ်ကိုးပါးတောင်သည် ယခုအချိန်တွင် ဓားတာအို၏ တော်ဝင်နယ်မြေတစ်ခု ဖြစ်နေသည်။
အကယ်၍ ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်နိုင်မည်ဆိုလျှင် အံ့ဖွယ်ကိုးပါးတောင်သည် ဓားတာအို၏ ထောက်တိုင်တစ်ခုအဖြစ် တည်ငြိမ်စွာရပ်တည်နိုင်လိမ့်မည်။
သို့သော် ဟန်မူယဲ့နှင့်ရင်းနှီးသော ခေါင်းဆောင်ထောက်ရင်က ယခုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မထိန်းချုပ်စေချင်ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တာအိုပြိုင်ပွဲအတွင်း၌ ရှိနေသည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ထားမည်ဆိုလျှင် တာအိုပြိုင်ပွဲနှင့် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။
တာအိုပြိုင်ပွဲ၏ ပြင်းထန်ပုံကို စိတ်ကူးမကြည့်နိုင်ပေ။
တာအိုပြိုင်ပွဲအတွင်း၌ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ကောင်းကင်အံ့ဖွယ်ကမ္ဘာအား ထိန်းချုပ်ထားသောလူကို ဦးစားပေးပစ်မှတ်ထား၍ ရှင်းထုတ်ပစ်လိမ့်မည်။
ခေါင်းဆောင်တောက်ရင်က ကြီးပြင်းလာသောဟန်မူယဲ့ကို စောင့်ကြည့်ခဲ့သည်။ သူက ဟန်မူယဲ့ကို အလယ်ပိုင်းကုန်းမြေသို့ မသွားစေချင်ပေ။
“ဟီးဟီး၊ ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေမှာပဲ နေလိမ့်မယ်လို့ ထင်လား”
ထို့ပါ့ချန်က ရုတ်တရက် ခပ်ဟဟရယ်လိုက်ပြီး ဓားစံအိမ်ကို လှမ်းကြည့်သည်။
ခေါင်းဆောင်တောက်ရင်က ကြောင်အသွားပြီး သက်ပြင်းချ၍ ခေါင်းညိတ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေသည် ဟန်မူယဲ့ကို ထိန်းမထားနိုင်တော့ပေ။
လူတချို့သည် သေချာပေါက် အဝေးအထိသွားနိုင်လိမ့်မည်။
ထို့အပြင် ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူက ဝမ်မော့ရှန်မဟုတ်ပေ။
ဓားကျင့်ကြံသူများက ရန်သူနှင့် ရင်ဆိုင်ရသောအချိန်တွင် ဓားထုတ်ကြသည်။
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာအား ထိန်းချုပ်နိုင်မည့်အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
“ကျင့်ကြံသူတွေက လောကရဲ့စွမ်းအားကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ အခုအချိန်မှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ပြီး စစ်ပွဲကို အနိုင်တိုက်မယ်။ ပြီးတော့ နှစ်တစ်ရာတာအိုပြိုင်ပွဲရဲ့ စွမ်းအားကို ရရှိနိုင်မယ်ဆိုရင် အရမ်းကောင်းနေမှာပဲမဟုတ်လား”
အံ့ဖွယ်ကိုးပါးတောင်၏အပြင်ဘက်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။
ကျင့်ကြံသူများက စိတ်ဝိညာဉ်ကိုလည်း ကျင့်ကြံရသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ထားသော မဟာကျင့်ကြံသူကြီးတစ်ယောက်သည် သာမန်လူများနှင့် ကွဲပြားနေလိမ့်မည်။
ဓားစံအိမ်၏ရှေ့တွင် ဟန်မူယဲ့က ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့သည်။
သူက ဓားစံအိမ်၏ရှေ့တွင် ရပ်တန့်လိုက်ပြီး ခေါင်းမော့ကြည့်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒနှင့် ချီစွမ်းအင်များ ပေါ်ထွက်လာကြသည်။
ကောင်းကင်ထက်တွင်ရှိနေသော တိမ်တိုက်များက လှိုင်းထန်နေသောသမုဒ္ဒရာနှင့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ပေတစ်သိန်းမြင့်မားသော မူလဝိညာဉ်ပုံရိပ်က နဂါး၏ဦးခေါင်းပေါ်တွင် ပေါ်လာခဲ့သည်။ ထိုပုံရိပ်က ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ဓားအင်မော်တယ်ဟန်မူယဲ့သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နှစ်တစ်သောင်းသမိုင်းကြောင်းအတွင်း၌ ကျင့်ကြံဆင့်အမြင့်ဆုံးလူ ဖြစ်လာခဲ့သည်။
ထိုလူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူတိုင်းအသိအမှတ်ပြုထားသော ဘုရင်တစ်ပါးပင် ဖြစ်သည်။ ထို့အပြင် သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အာဏာအရှိဆုံးလူလည်း ဖြစ်လာတော့မည်။
“ဒေါင် ....”
“ဒေါင် ....”
“ဒေါင် ....”
အံ့ဖွယ်ကိုးပါးတောင်၏ ခေါင်းလောင်းသည် အဆက်မပြတ် မြည်ဟီးနေသည်။
အံ့ဖွယ်ကိုးပါးတောင်၏ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ယနေ့တွင် အဆုံးမရှိသောဂုဏ်ကျက်သရေကို ပိုင်ဆိုင်ခဲ့သည်။
ဓားစံအိမ်၏ရှေ့တွင် ဟန်မူယဲ့၏နောက်၌ ရပ်နေသော လျှိုဟုန်က တီးတိုးပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကိုဟန်က ပြန်လာအုံးမှာလား”
သူ့မျက်နှာထားက ပျော်ရွှင်မှု၊ တွန့်ဆုတ်မှုများဖြင့် ရှုပ်ထွေးနေသည်။
‘ပြန်လာအုံးမှာလား’
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် ကောင်းကင်ထက်သို့ တက်သွားသည်။
“လောကကို ပြင်ဆင်ပြီးရင် ငါက ပြန်လာမှာပေါ့”
ဟန်မူယဲ့က ကောင်းကင်ထက်သို့ ခြေတစ်လှမ်းချင်းစီ တက်သွားသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော တိမ်တိုက်များက လှုပ်ရှားလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးသည်။
မိုင်တစ်သောင်းအတွင်း၌ရှိသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများသည် လှေကားတစ်ခုအဖြစ် စုစည်းသွားသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သဘာဝစွမ်းအားသည် ဆူပွက်လာခဲ့သည်။
ဤလောကသည် ဟန်မူယဲ့နှင့် ဆက်သွယ်နေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မြေဓာတ်စွမ်းအားလိုက်ဖက်ညီမှုကို ရရှိထားသော ဟန်မူယဲ့က လောက၏ကောင်းချီးကို ခံစားကြည့်နိုင်သည်။
သူ၏ကျင့်ကြံဆင့်တွင် စကားလုံးနှင့်အပြုအမူတိုင်းမှတစ်ဆင့် လောကကို သုံးသပ်ကြည့်နိုင်သည်။ ထိုအရာသည် အမှန်တကယ်ပင် လွတ်လပ်သည်။
ဟန်မူယဲ့က ညီညာစွာစောင့်ဆိုင်းနေကြသော သင်္ဘောပျံနှင့်ရထားလုံးများကို ကြည့်သည်။
လူတိုင်းက ခေါင်းငုံ့ထားပြီး လေးနက်စွာစောင့်ဆိုင်းနေကြသည်။
ဟန်မူယဲ့က တိမ်တိုက်များပေါ်တွင် ခြေချလိုက်ပြီး တစ်လှမ်းချင်းစီ လျှောက်လာခဲ့သည်။
သူက တော်ဝင်ဝတ်စုံနှင့် သရဖူဆောင်းထားသော ယွင်သွမ့်၏ရှေ့သို့ ရောက်လာပြီး အမိန့်စာကို ယူလိုက်သည်။
ယွင်သွမ့်က ခေါင်းငုံ့လိုက်ပြီး ညင်သာစွာပြောသည်။
“အခုအချိန်ကစပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာက အမတ်ချုပ်ကြီးဟန်ရဲ့ လက်ထဲမှာပါပဲ”
ဟန်မူယဲ့၊ အမတ်ချုပ်ကြီးဟန် ....
ဟန်မူယဲ့က အမိန့်စာကို လက်ခံလိုက်သောအချိန်တွင် လောကသည် တုန်ခါသွားပြီး သဘာဝစွမ်းအင်များက အဖြူရောင်မီးတောက်များအဖြစ် ပြောင်းလဲ၍ ညင်သာစွာဆင်းသက်လာကြသည်။
မြေပြင်ပေါ်တွင် သဘာဝစွမ်းအင်များက ရွှေကြာပန်းများအဖြစ် ပြောင်းလဲပြီး အနောက်ဘက်နယ်စပ်ကုန်းမြေတစ်လျှောက်တွင် ပွင့်လန်းလာကြသည်။
ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးဖြစ်သည်။
“အမတ်ချုပ်ကြီးဟန်ကို ဂုဏ်ပြုပါတယ် ....”
မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် လူတိုင်းက ဟန်မူယဲ့ကို ဦးညွှတ်လိုက်ကြသည်။
ကွန်ဖြူးရှပ်တာအိုက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဖိနှိပ်ထားပြီး အာဏာပိုင်စိုးခဲ့သည်။
သို့သော် ယခုအချိန်မှစ၍ သူတို့၏ရှေ့တွင် ရှိနေသောလူသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံခြင်းလောကကို အုပ်ချုပ်သွားလိမ့်မည်။
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးတစ်စုံဖြင့် နေရာတွင် ရပ်နေသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါ ကောင်းကင်နှင့်မြေကြီး၏ကြားတွင် မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာခဲ့သည်။
လျှပ်စီးကြောင်းများက နဂါးတစ်ကောင်အဖြစ် စုစည်းသွားပြီး ဟန်မူယဲ့၏ ခြေထောက်အောက်သို့ ရောက်လာသည်။ ထို့နောက် သူ့ကိုသယ်ပြီး တောင်တန်းများကိုဖြတ်ကျော်၍ အလယ်ပိုင်းကုန်းမြေဆီသို့ ပြေးဝင်သွားခဲ့သည်။
“ဘုန်း”
အလယ်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေကို ခွဲခြားထားသော ကောင်းကင်အတားအဆီးသည် ပျက်စီးသွားခဲ့သည်။
ခမ်းနားသော ကောင်းကင်အတားအဆီးသည် တစ်ပိုင်းတစ်စစီ ဖြစ်သွားခဲ့သည်။
ယခင်က ဟန်မူယဲ့သည် ဓားတစ်ချက်ဖြင့် ကောင်းကင်ဂိတ်တံခါးကိုဖွင့်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားကျင့်ကြံသူများအတွက် လမ်းဖောက်ပေးခဲ့သည်။
လွန်ခဲ့သောနှစ်များတွင် မရေမတွက်နိုင်သောလူများက ဓားတာအိုကို ကျင့်ကြံရန်အတွက် ကောင်းကင်ဂိတ်တံခါးကို ဖြတ်သန်းပြီး အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ရောက်လာကြသည်။ သို့မဟုတ် အလယ်ပိုင်းကုန်းမြေသို့ ကူးသွားကြသည်။
ယခုအချိန်တွင် ကောင်းကင်အတားအဆီးက ပြိုကွဲသွားပြီး ရေလှိုင်းများသဖွယ်ဖြစ်နေသော အလယ်ပိုင်းကုန်းမြေ၏ သဘာဝစွမ်းအင်များက အနောက်ဘက်နယ်စပ်ကုန်းမြေဆီသို့ တိုးဝင်လာခဲ့သည်။
အလယ်ပိုင်းကုန်းမြေသည် အနောက်ဘက်နယ်စပ်ကုန်းမြေထက် သဘာဝစွမ်းအင် ပိုမိုကြွယ်ဝသည်။ ယခင်က အလယ်ပိုင်းကုန်းမြေ၏ သဘာဝစွမ်းအင်များကြောင့် စပါးစိမ်းတောင်ကုန်းသည် ရတနာနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ကောင်းကင်အတားဆီးတစ်ခုလုံး ပျက်စီးသွားပြီး သဘာဝစွမ်းအင်များက အနောက်ဘက်နယ်စပ်ကုန်းမြေသို့ စီးဝင်လာကြသည်။
အလယ်ပိုင်းကုန်းမြေသည် ပြောင်းလဲသွားသော ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များကို အာရုံခံကြည့်နိုင်သည်။
သို့သော် ဤတစ်ကြိမ်တွင် ကောင်းကင်အတားအဆီးကို ပြုပြင်ရန်အတွက် မည်သူမှ ပေါ်မလာခဲ့ပေ။
အမတ်ချုပ်ကြီးအသစ်က ကိုယ်တိုင်လှုပ်ရှားခဲ့သောအချိန်တွင် မည်သူက ကောင်းကင်အတားအဆီးကို ပြုပြင်ရဲမည်နည်း။
အမတ်ချုပ်ကြီးဟန်က အနောက်ဘက်နယ်စပ်ကုန်းမြေကို ကျေးဇူးဆပ်သည့်အနေဖြင့် အလယ်ပိုင်းကုန်းမြေ၏ သဘာဝစွမ်းအင်များကို ယူဆောင်ပေးခဲ့သည်။
ကောင်းကင်အတားအဆီးက ပြိုကွဲသွားသောအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်တာအိုစွမ်းအားက အလယ်ပိုင်းကုန်းမြေနှင့် ပေါင်းစပ်သွားခဲ့သည်။ အမတ်ချုပ်ကြီးဟန်က အနောက်ဘက်နယ်စပ်ကုန်းမြေမှ ကောင်းကင်တာအို၏အထောက်အပံ့ကို ရရှိထားသည်။ သူက အလယ်ပိုင်းကုန်းမြေသို့ ဝင်ရောက်လာသောအချိန်တွင် သူ၏ စွမ်းအားများသည် နှစ်ဆတိုးသွားလိမ့်မည်။
ထိုအရာသည် သူ၏ စွမ်းအားပင်ဖြစ်သည်။
သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ထိန်းချုပ်ထားသောကြောင့် အမတ်ချုပ်ကြီးတစ်ယောက် ဖြစ်လာခဲ့သည်။
ကောင်းကင်အတားအဆီးကို ဖျက်ဆီးပြီးသောအခါတွင် မိုးကြိုးနဂါးက ရပ်တန့်မသွားဘဲ ဟန်မူယဲ့ကိုသယ်၍ ရှုရှီဒေသသို့ ဝင်ရောက်လာသည်။
သူ့နောက်တွင် ဧကရာဇ်၏ရထားလုံး၊ သင်္ဘောပျံနှင့် စစ်သည်များက လိုက်လာကြသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများအားလုံးက သူတို့ကို ကာကွယ်ပေးရန်အတွက် ကျွမ်းကျင်သူများကို စေလွှတ်လိုက်ကြသည်။