← Chapters

အခန်း (၆၆၁)

Vol. 48 Ch. 661

အခန်း (၆၆၁)

Vol. 48 Ch. 661

ကွန်ဖြူးရှပ်တာအိုသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ထားသည်။ ဆရာသခင်အများစုသည် နန်းမြို့တော်တွင် ရှိနေကြသည်။ တချို့က ဒေသတစ်ခုတွင် အရေးကြီးတာဝန်များကို ထမ်းရွက်နေကြသည်။

တချို့ကတော့ တောင်တန်းများကြားတွင် သီးသန့်နေထိုင်ကြသည်။ သို့မဟုတ် တုန်းဖန်ရှုကဲ့သို့ ချောင်ကျသောနေရာတွင် စာသင်ပေးနေလိမ့်မည်။ သူတို့က အမိန့်အာဏာအကြောင်းကို ဂရုမစိုက်ပေ။

နန်းမြို့တော်၏အပြင်ဘက်တွင်ရှိသော ဆရာသခင်များသည် ဝမ်မော့ရှန်ကိုပင် ဂရုမစိုက်ကြပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်အဆင့်ကျင့်ကြံသူ အများစုသည် ဂိုဏ်းများတွင် နေထိုင်ကြသည်။ သူတို့က တိုင်းပြည်၏အရေးကိစ္စနှင့်ပတ်သတ်၍ ဝင်မပါကြပေ။

ဟန်မူယဲ့က သူတို့အားလုံးကို ဆင့်ခေါ်ရန်အတွက် အမိန့်စာထုတ်ခဲ့သည်။

‘ဒါက အလုပ်ဖြစ်ပါ့မလား’

ယွင်သွမ့်က ရွှေရောင်စာလုံးများကိုကြည့်လိုက်ပြီး တုံ့ဆိုင်းနေသည်။ သို့သော် အဆုံးတွင် သူမက စကားမပြောခဲ့ပေ။

သူမ၏အမြင်တွင် ဟန်မူယဲ့က နန်းမြို့တော်သို့ဝင်ရောက်ပြီး ဆယ်စုနှစ်အနည်းငယ်ကြာသည်အထိ အမိန့်အာဏာ တည်ဆောက်သင့်သည်။

ယခု ဟန်မူယဲ့၏အမိန့်စာသည် ကျွမ်းကျင်သူများ၏သဘောထားနှင့် ဆန့်ကျင်နေသည်။

အမှားတစ်ခုသည် အမတ်ချုပ်ကြီးအသစ်၏ ဂုဏ်သတင်းကို ပျက်စီးသွားစေနိုင်သည်။

တိုင်းပြည်တစ်ခုသည် ဂုဏ်သိက္ခာကျဆင်းသွားလျှင် ပြည်သူလူထု၏မျှော်လင့်ချက်နှင့် တိုင်းပြည်၏ကံကြမ္မာကိုလည်း ဆုံးရှုံးသွားရလိမ့်မည်။ အနာဂတ်တွင် မည်သို့ပင်ကြိုးစားပါစေ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တော့မည်မဟုတ်ပေ။

“ဟွမ်ကျစ်ဟူက ဘယ်မှာလဲ”

ဟန်မူယဲ့က ကြောင်အနေသောယွင်သွမ့်ကို ကြည့်လိုက်သည်။

“ကျစ်ဟူက အရှေ့တောင်ပိုင်းရဲ့ဒေသရှစ်ခုမှာရှိတဲ့ တာအိုဂိုဏ်းတွေကို ဖိနှိပ်ဖို့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေကို ဦးဆောင်နေပါတယ်”

ယွင်သွမ့်က လျင်မြန်စွာပြောသည်။

တာအိုဂိုဏ်းများကို ဖိနှိပ်နေရသည်။

တာအိုအင်အားစုသည် တည်ငြိမ်မှုမရှိသေးပေ။ သူတို့က အမတ်ချုပ်ကြီးအသစ်၏ အမိန့်စာကို နာခံမည်မဟုတ်ပေ။

ယွင်သွမ့်က ထိုသို့ အရိပ်အမြွက်ပြခဲ့သည်။

သူမက ဟန်မူယဲ့ကို တိတ်ဆိတ်စွာကြည့်နေသည်။ သူက သူမ၏စကားကို နားလည်လိမ့်မည်။

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားပေ။

သူက လက်မြှောက်လိုက်သောအခါတွင် ပိုးထည်အဝတ်တစ်ခု ထပ်ပေါ်လာသည်။

“အမိန့်စာ၊ တောင်ပိုင်းကုန်းမြေရဲ့ ချင်းရီမင်က အလယ်ပိုင်းကုန်းမြေကို ပြန်လာရမယ်။ သူက ဒီအမိန့်စာနဲ့အတူ နာခံမှုမရှိတဲ့လူတွေနဲ့ အမွေအနှစ်တွေအားလုံးကို ဖျက်ဆီးပစ်ရမယ်”

ခရမ်းရောင်အမိန့်စာပေါ်တွင် ရွှေရောင်စာလုံးများက တောက်ပနေကြသည်။ ထို့အပြင် သွေးရောင်အငွေ့အသက်တချို့လည်း ရှိနေသည်။

ယွင်သွမ့်က အမိန့်စာကိုကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။

ဟန်မူယဲ့၏အမိန့်စာသည် သူတစ်ယောက်တည်းကိုသာ ကိုယ်စားမပြုပေ။

သူ၏ စကားနှင့် အပြုအမူတိုင်းသည် ကောင်းကင်အံ့ဖွယ်တိုင်းပြည်၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကွန်ဖြူးရှပ်တာအိုနှင့် ကောင်းကင်တာအိုတို့ကို ကိုယ်စားပြုနေသည်။

‘ကောင်းကင်တာအိုက တည်ငြိမ်မှုနဲ့ ဟန်ချက်ညီမှုကို ဦးစားပေးတာမဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ကြမ်းတမ်းလာရတာလဲ’

“အမတ်ချုပ်ကြီးဟန်၊ ဒါက ....”

ယွင်သွမ့်က စကားပြောသည်။ ထို့နောက် ရပ်တန့်လိုက်ပြီး ခေါင်းညိတ်သည်။

“ကောင်းပါပြီ”

သူမ၏ရှေ့တွင်ရှိနေသောလူက ဝမ်မော့ရှန်ဖြစ်နေလျှင် သူမက ထိုသို့မေးမည်မဟုတ်ပေ။

ဟန်မူယဲ့၏အခြေခံအုတ်မြစ်က နိမ့်ပါးနေသေးသည်ဟု သူမက ခံစားနေရသည်။

ဟန်မူယဲ့က စကားမပြောဘဲ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သည်။

သူက ဝမ်မော့ရှန်မဟုတ်ပေ။

သူက ဝမ်မော့ရှန်ကဲ့သို့ အကွက်ချနေမည်မဟုတ်ပေ။

သူက လက်ရှိအခြေအနေကိုသာ အာရုံစိုက်ထားသည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကာကွယ်ရမည်။

တာအိုပြိုင်ပွဲစတင်သောအချိန်တွင် သူက အကောင်းဆုံးကြိုးစား၍ ဝှက်ဖဲများကို စုဆောင်းနေခဲ့သည်။

ဓားအမြုတေ၊ ဓားဝင်္ကပါ၊ ပြင်ပအကူအညီများ ....

သူက အဆုံးမဲ့ပင်လယ်တွင် အားကောင်းသောမဟာမိတ်များကို ရလာခဲ့သည်။

ပျက်စီးခြင်းတောရိုင်း၏ ချီလင်သားရဲ ....

ခြောက်ထပ်ဓားစံအိမ် ....

ကွန်ဖြူးရှပ်တာအိုအင်အားစုဖြစ်သော ဝမ်ယွမ်စံအိမ် ....

ထို့အပြင် သူက အဆုံးမဲ့နတ်ဘုရားဘုရင်၏ အထောက်အပံ့ကိုလည်း ရခဲ့သေးသည်။

အဆုံးမဲ့ပင်လယ်၏အင်အားစုများက ရောက်လာကြလိမ့်မည်။

ပြန့်ကျဲကြယ်ကျွန်း၏ အင်အားစုများအပြင် ဟန်မူယဲ့က ဆည်ပြင်ပတွင်ရှိနေသော ဟွမ်ခြောက်နှင့်လည်း ဆက်သွယ်ထားသည်။ ထို့အပြင် ကူယွဲ့နင်အဖြစ် ဓားကျင့်ကြံသူများကိုလည်း စု‌စည်းထားခဲ့သည်။

နတ်ဘုရားဘုရင်ချီယန်က ကိုယ်တိုင်ရောက်လာမည်မဟုတ်သော်လည်း လုံလောက်သောအထောက်အပံ့များကို ပေးအပ်လိမ့်မည်။

နတ်ဘုရားဘုရင်နှစ်ပါးနှင့် တာအိုဘိုးဘေးအဆင့် ဆယ်ပါးခန့်သည် ဟန်မူယဲ့၏ အားထားရာပင် ဖြစ်သည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အင်အားစုများကို ကိုင်တွယ်ဖြေရှင်းရန် စိတ်မပါတော့ပေ။

ဝမ်မော့ရှန်ရှိနေသေးလျှင်တော့ တည်ငြိမ်အေးချမ်းမှုကို ဦးစားပေးလိမ့်မည်။

သို့သော် သူက ဝမ်မော့ရှန်မဟုတ်ပေ။

....

သူတို့၏တပ်ဖွဲ့က အလယ်ပိုင်းကုန်းမြေကို ဖြတ်သန်းလာခဲ့သည်။

ဒေသအုပ်ချုပ်သူများက နှုတ်ဆက်ရန်အတွက် ရောက်လာကြသည်။

ယွင်သွမ့်က သူတို့ကို လက်ခံတွေ့ဆုံခဲ့သော်လည်း ဟန်မူယဲ့က ပေါ်မလာခဲ့ပေ။

အမိန့်စာနှစ်ခုသည် အလယ်ပိုင်းကုန်းမြေတစ်လျှောက်တွင် ပျံ့နှံ့သွားခဲ့သည်။ ဆရာသခင်တချို့နှင့် ကောင်းကင်အဆင့်ကျင့်ကြံသူတချို့က နန်းမြို့တော်သို့ ချက်ချင်းထွက်ခွာလာကြသည်။ တချို့က အခြေအနေကို လေ့လာနေပြီး တချို့က အမိန့်စာကို အလေးအနက်မထားကြပေ။

‘သူက အမတ်ချုပ်ကြီးအသစ် ဖြစ်လာရုံပဲရှိသေးတယ် အာဏာပြချင်နေပြီလား’

ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူများနှင့် ကောင်းကင်အဆင့် ကျင့်ကြံသူများက အမိန့်စာနှစ်ခုကို အထင်သေးနေကြသည်။

‘ဟန်မူယဲ့က ကိုယ်တိုင်လှုပ်ရှားမှာလား’

ဟန်မူယဲ့က ကောင်းကင်နှင့်မြေကြီး၏ အမိန့်အာဏာကို ပိုင်ဆိုင်ထားသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ပြိုင်ဘက်ကင်းသည်။

သို့သော် သူက တစ်ယောက်တည်းသာ ဖြစ်သည်။

သူ၏အမိန့်အာဏာသည် တည်ငြိမ်မှုမရှိသေးပေ။ သူက နန်းမြို့တော်သို့ မဝင်ရောက်ရသေးပေ။ သူက အမိန့်စာကို ထုတ်ပြန်လိုက်သော်လည်း ပြည်သူလူထု၏ထောက်ပံ့မှုကို မရသေးပေ။

အသိအမှတ်ပြုသောလူများက အမိန့်စာအဖြစ် သတ်မှတ်ပြီး အသိအမှတ်မပြုသောလူများက စာရွက်တစ်ရွက်အဖြစ်သာ သတ်မှတ်ကြလိမ့်မည်။

အလယ်ပိုင်းကုန်းမြေ၏ လျန့်စုမြို့၊ ဒေသအုပ်ချုပ်သူအိမ်တော် ....

ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူကြီးသုံးဦး ရှိနေကြသည်။

လျန့်စုမြို့၏ အုပ်ချုပ်သူ ဆရာသခင်ပိုင်ဟောင်၊ ဆရာသခင်ဖန့်မင်ရှန်နှင့် လျန်စုတောင်တွင် သီးသန့်နေထိုင်သော မဟာကျောင်းတော်သား ကျူးဟွမ်တို့ ဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့သုံးယောက်၏ရှေ့၌ ခရမ်းရောင်အမိန့်စာတစ်ခု ရှိနေသည်။

ထိုအရာသည် ဖြန့်ဖြူးပေးလိုက်သော အမိန့်စာဖြစ်သည်။ ဆရာသခင်နှင့် ကောင်းကင်အဆင့် ကျွမ်းကျင်သူများကို နန်းမြို့တော်သို့ ဆင့်ခေါ်သော ပထမဆုံးအမိန့်စာဖြစ်သည်။

ထိုအမိန့်စာသည် မိတ္တူတစ်ခုသာ ဖြစ်သည်။

“အခု အမတ်ချုပ်ကြီးအသစ်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီ။ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ မီးတောက်တွေ လောင်ကျွမ်းတော့မှာပဲ ....”

စကားပြောလိုက်သောလူက လျန်စုတောင်တွင် သီးသန့်နေထိုင်သော မဟာကျောင်းတော်သား ကျူးဟွမ်ဖြစ်သည်။ သူက ဆရာသခင်တစ်ယောက်ဖြစ်ပြီး တော်ဝင်ကျောင်းတော်တွင် နည်းပြတစ်ယောက် ဖြစ်ခဲ့သည်။

သူက နန်းမြို့တော်တွင် နေထိုင်ခဲ့သောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ယေဘုယျအခြေအနေကို နားလည်သည်။

နန်းမြို့တော်သည် အရာအားလုံးကို ဖိနှိပ်နိုင်သည်။

တော်ဝင်ကျောင်းတော်တစ်ခုတည်းကပင် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။

ပိုင်ဟောင်က ခါးသီးသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“မင်းတို့က အဆင်ပြေပါသေးတယ်။ ဘာကိုမှ စိတ်ပူစရာမလိုဘဲ ကြိုက်တဲ့နေရာကို ထွက်သွားနိုင်တယ်။ နန်းမြို့တော်ကိုသွားဖို့လည်း အဆင်ပြေတယ်။ ငါ့မှာတော့ အလုပ်တွေအများကြီး ရှိသေးတယ်”

ကျူးဟွမ်က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

တာအိုပြိုင်ပွဲဖြစ်ပေါ်လာသောအခါတွင် လျန့်စုမြို့၏ တာအိုဂိုဏ်းများက မငြိမ်မသက်ဖြစ်လာကြသည်။

အထူးသဖြင့် မြို့နှင့် မိုင်သုံးထောင်အကွာတွင်ရှိနေသော ရွှေ‌ကျောက်စိမ်းတာအိုဂိုဏ်းက အဆိုးဆုံးဖြစ်သည်။ သူတို့က ကောင်းကင်အဆင့် ကျွမ်းကျင်သူသုံးဦးကို ပိုင်ဆိုင်ထားပြီး မဟာအကြီးအကဲချောင်ယန်က ဝိညာဉ်ကိုယ်ခွဲအဌမအဆင့်တွင် ရှိနေသည်။ သူက ပိုင်ဟောင်နှင့် ယှဉ်နိုင်သည်။

ဤနှစ်များတွင် ပိုင်ဟောင်က အစွမ်းကုန်ကြိုးစားပြီး လျန့်စုမြို့ကို တည်ငြိမ်စေခဲ့သည်။

ကျူးဟွမ်နှင့် ဖန့်မင်ရှန်တို့ကြောင့်သာ မဟုတ်လျှင် သူက လျန့်စုမြို့ကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

“ငါက ပစ္စည်းတွေသွားသိမ်းလိုက်အုံးမယ်။ ဘာမှတော့မရှိပါဘူး”

ကျူးဟွမ်က တီးတိုးပြောသည်။

သူနှင့် မျက်နှာချင်းဆိုင်တွင် အဖြူရောင်ပိုးထည်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ရှိနေသည်။ သူက ခေါင်းခါလိုက်ပြီး အေးစက်စွာပြုံးသည်။ ထို့နောက် ရှေ့တွင်ရှိနေသော အမိန့်စာကို ဖိချသည်။

“ညီအစ်ကိုကျူးက နန်းမြို့တော်ကို သွားတော့မလို့လား”

ကျူးဟွမ်က လူအိုကြီးကို အံ့အားသင့်စွာ ကြည့်သည်။

“ညီအစ်ကိုမင်ရှန်က မသွားဘူးလား”

‘သူက အမတ်ချုပ်ကြီးအသစ်ရဲ့ ပထမဆုံးအမိန့်စာကို အာခံရဲတယ်လား’

ဖန့်မင်ရှန်၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းက နက်ရှိုင်းသော်လည်း သူက နာခံမှုသိပ်မရှိပေ။

သူက မတ်တပ်ရပ်လိုက်ပြီး ကျူးဟွမ်နှင့်ပိုင်ဟောင်ကို ဦးညွှတ်သည်။ ထို့နောက် လှည့်ထွက်သွားသည်။

သူက အမှန်တကယ်ပင် ထွက်သွားရဲသည်။

ကျူးဟွမ်က စကားပြောရန် ပြင်လိုက်သော်လည်း ပိုင်ဟောင်က တားဆီးခဲ့သည်။

ပိုင်ဟောင်က ဖန့်မင်ရှန်၏နောက်ကျောကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“သူက ရွှေ‌ကျောက်စိမ်းတာအိုဂိုဏ်းနဲ့ သီးသန့်တွေ့ဆုံတာတွေ လုပ်ခဲ့တယ်။ သူက ဆုံးဖြတ်ပြီးသွားပြီထင်တယ်”

‘တာအိုဂိုဏ်းနဲ့ ပူးပေါင်းလိုက်တာလား’

ကျူးဟွမ်၏မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ဖြတ်ပြေးသွားသည်။

“မြို့အရှင်ကရော ဘယ်လိုလဲ”

လက်ရှိအခြေအနေအရ ပိုင်ဟောင်သည် နန်းမြို့တော်သို့ ထွက်သွားခဲ့လျှင် လျန့်စုမြို့ကို ဆုံးရှုံးရလိမ့်မည်။ ထိုအရာသည် ပြစ်မှုကြီးတစ်ခုပင် ဖြစ်သည်။

အကယ်၍ နန်းမြို့တော်သို့ မသွားလျှင်လည်း အမတ်ချုပ်ကြီးအသစ်၏ အမိန့်စာကို ဆန့်ကျင်မိလိမ့်မည်။

ကျူးဟွမ်က နန်းမြို့တော်သားတစ်ယောက် ဖြစ်သောကြောင့် လောက၏အလုပ်လုပ်ပုံကို နားလည်ထားသည်။ ပိုင်ဟောင်က မည်သည့်အရာကိုပင် ရွေးချယ်ပါစေ အပြစ်ရှိသွားလိမ့်မည်။

“အဟမ်း၊ လျန့်စုတောင်ပေါ်မှာ တိတ်ဆိတ်တဲ့နေရာတချို့ ရှိပါသေးတယ် ....”

ပိုင်ဟောင်က ရာထူးကို ဆုံးရှုံးသွားလိမ့်မည်ဟု ကျူးဟွမ်က တွက်ဆထားသည်။

သို့သော် သူက ပိုင်ဟောင်ကို ကြည့်လိုက်သောအချိန်တွင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ယခုအချိန်တွင် ပိုင်ဟောင်၏မျက်နှာထားက အလွန်တည်ငြိမ်ပြီး မျက်လုံးများကလည်း စူးရှနေကြသည်။

သူက ကျူးဟွမ်၏အကြည့်ကို မြင်လိုက်ရသောအခါတွင် လက်မြှောက်ပြီး ဒုတိယမြောက်အမိန့်စာကို ထုတ်ပြသည်။

ကျူးဟွမ်က သွေး‌ရောင်စာလုံးများကို ကြည့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။

“ဒီအမတ်ချုပ်ကြီးအသစ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ဖို့အတွက် သွေးနဲ့ဆေးကြောပစ်တော့မှာလား”

ထိုအမိန့်စာအတိုင်း ဆောင်ရွက်မည်ဆိုလျှင် မရေမတွက်နိုင်သောလူများသည် သေဆုံးသွားကြလိမ့်မည်။

All Chapters