အခန်း (၆၆၃)
Vol. 48 Ch. 663
ဟန်မူယဲ့က နန်းမြို့တော်သို့ မရောက်သေးဘဲ ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။
‘ဒါက မောက်မာတာလား။ ဒါမှမဟုတ် သူ့ရဲ့အရှိန်အဝါကို တည်ဆောက်နေတာလား’
တာအိုအင်အားစုနှင့် တခြားအင်အားစုများသည် ယခုအချိန်တွင် ဝေခွဲမရဖြစ်နေကြသည်။
လူအများအပြားသည် မကျေမနပ် ဖြစ်နေကြလိမ့်မည်။ ဟန်မူယဲ့၏ဂုဏ်သတင်းသည် ဝမ်မော့ရှန်နှင့် မယှဉ်နိုင်သေးပေ။
သို့သော် သူတို့က အမိန့်စာကို ဖီဆန်ခဲ့လျှင် ဟန်မူယဲ့၏ပစ်မှတ်တစ်ခု ချက်ချင်းဖြစ်သွားလိမ့်မည်။
ရှေ့ဆုံးတွင်ရပ်နေသော လူအိုကြီးက လေးနက်သောအကြည့်များဖြင့် ခေါင်းခါသည်။
“ငါလည်း ဘာလုပ်ရမလဲမသိသေးဘူး။ ချင်းရီမင်နဲ့ အမတ်ချုပ်ကြီးဟန်က အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်မလား စောင့်ကြည့်ရမယ်”
“တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင် ငါက နန်းမြို့တော်ကို သွားလိမ့်မယ်”
“မဟုတ်ဘူးဆိုရင်တော့ ....”
သူက ဆက်မပြောခဲ့ပေ။ ဆက်ပြောရန်လည်း မလိုအပ်ပေ။
အကယ်၍ ချင်းရီမင်က တာအိုအင်အားစုကို မဖိနှိပ်နိုင်လျှင် အမတ်ချုပ်ကြီးအသစ်၏ ဂုဏ်သတင်းသည် ပျက်စီးသွားလိမ့်မည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာကလည်း အနည်းဆုံး နှစ်တစ်ရာခန့် ဖရိုဖရဲဖြစ်သွားလိမ့်မည်။
ယခုအချိန်တွင် တာအိုပြိုင်ပွဲနှင့် ရင်ဆိုင်နေရသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းရန် အလွန်ခက်ခဲလိမ့်မည်။
အဆိုးဆုံးအခြေအနေတွင် တာအိုအင်အားစုက အသာစီးရသွားပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ပူးပေါင်း၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဖျက်ဆီးပစ်လိမ့်မည်။
ထိုအချိန်၌ တာအိုအင်အားစုတွင် အဆင့်တက်သွားသော မဟာကျင့်ကြံသူကြီးများ ရှိလာကြလိမ့်မည်။ တချို့က တာအိုဘိုးဘေးများပင် ဖြစ်သွားနိုင်ကြသည်။
အလယ်ပိုင်းကုန်းမြေ၏ အရှေ့တောင်ဘက်တွင်ရှိသော ပိုင်ယွဲ့ဒေသ ....
ချီစွမ်းအင်အလင်းများသည် တောင်တန်းပေါ်တွင် လှုပ်ရှားလာကြသည်။
ကောင်းကင်အဆင့်ကျွမ်းကျင်သူများက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး ရှေ့သို့ ကြည့်လိုက်ကြသည်။
မိုင်တစ်ရာအကွာတွင် ချီနှင့်သွေးစွမ်းအားများက ရစ်ဝဲနေကြသည်။ ထို့အပြင် သမာဓိစွမ်းအားတချို့ကိုလည်း မြင်နိုင်သည်။
ချင်းရီမင်၏စစ်တပ် ဖြစ်သည်။
“အဲဒီဟန်မူယဲ့က တကယ်မောက်မာတာပဲ။ အရင်က ကွမ်မြစ်ဝမှာ နတ်တွေကို တရားဝင်ဘွဲ့ထူးချီးမြှင့်ပေးပြီး ငါတို့တာအိုဂိုဏ်းတွေကို ဆန့်ကျင်ခဲ့တယ်။ အခုလည်း ....”
ကျောပေါ်တွင် ဓားရှည်တစ်လက်လွယ်ထားသော အနက်ရောင်မုတ်ဆိတ်နှင့် ကျင့်ကြံသူတစ်ဦးက အံတင်းတင်းကြိတ်ထားပြီး တီးတိုးပြောသည်။
သို့သော် သူ့စကားမဆုံးခင်မှာ ဘေးတွင်ရှိနေသောလူတစ်ယောက်က တည်ငြိမ်စွာပြောလိုက်သည်။
“မင်းမကျေနပ်ရင်လည်း သူ့ကို ကိုယ်တိုင်သွားပြီး စိန်ခေါ်လိုက်လေ”
‘စိန်ခေါ်ရမှာလား’
အနက်ရောင်မုတ်ဆိတ်နှင့် ကျင့်ကြံသူ၏မျက်နှာထားက တောင့်တင်းသွားခဲ့သည်။
သူက မလုပ်ရဲပေ။
သူကလည်း ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ဟန်မူယဲ့၏ခွန်အားကို နားလည်သည်။
အရှေ့ပင်လယ်အား ဓားတစ်လက်နှင့် လွှမ်းမိုးခဲ့သောလူကို သူက မည်သို့ စိန်ခေါ်ရမည်နည်း။
“ဟမ့်၊ အဲဒီလိုစကားတွေကို ပြောနေရင်လည်း ဘာဖြစ်လာမှာမလို့လဲ။ ဒီနေရာမှာ လူတွေအများကြီးရှိနေတယ်။ ချင်းရီမင်ရဲ့စစ်တပ်ကတောင် ဒီလူတွေအားလုံးကို မတားနိုင်ဘူး”
ထိုလူက အေးစက်စွာနှာမှုတ်လိုက်ပြီး ပြောသည်။
ဤနေရာတွင်ရှိနေသော လူများအားလုံးသည် အရှေ့တောင်ပိုင်းမှ တာအိုဂိုဏ်းများ၏ ကျွမ်းကျင်သူများပင် ဖြစ်ကြသည်။ သူတို့အားလုံးသည် ကောင်းကင်အဆင့်တွင် ရှိနေကြသည်။
သူတို့က ချင်းရီမင်၏စစ်တပ်ကို စောင့်ကြည့်ရန်အတွက် ရောက်လာကြသည်။
“ကောင်းပြီ၊ ငြင်းခုန်မနေနဲ့တော့။ စစ်တပ်က ဘာလုပ်မှာလဲ စောင့်ကြည့်ကြရအောင်”
ရှေ့တွင်ရှိနေသော အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်ကို ဝှေ့ယမ်းလိုက်သည်။ လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ထိုလူက တာအိုလမ်းစဉ်၏ သူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူ ယွမ်ချန် ဖြစ်သည်။
သူ၏စကားကို မည်သူမှ မဆန့်ကျင်ရဲကြပေ။
တာအိုလမ်းစဉ်ဖြင့် သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်လာကြသောလူများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံးတွင် အနည်းငယ်သာ ရှိနေသည်။
ထိုလူများ၏တစ်ဝက်သည် နန်းမြို့တော်တွင် နေထိုင်ပြီး ဝမ်မော့ရှန်၏အမိန့်အောက်တွင် ရှိနေကြသည်။
အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများတွင် သူတော်စင်တစ်ဝက်အဆင့် ကျွမ်းကျင်သူများ အနည်းငယ်သာ ရှိနေကြသည်။
သခင်ယွမ်ချန်သည် ထိုလူများထဲမှတစ်ယောက် ဖြစ်သည်။
သူ့နောက်တွင်ရှိသော စုန့်ယွမ်တာအိုဂိုဏ်းသည် တာအိုအင်အားစု၏ အသန်မာဆုံးဂိုဏ်းသုံးဂိုဏ်းထဲတွင် ပါဝင်သည်။
ဤတစ်ကြိမ်တွင် အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများက စစ်တပ်ကို တိတ်ဆိတ်စွာစောင့်ကြည့်ရန် စုဝေးလာကြသည်။ စုန့်ယွမ်တာအိုဂိုဏ်းက သခင်ယွမ်ချန်ကိုဆင့်ခေါ်ပြီး ဤစုဝေးပွဲကို ဦးဆောင်စေခဲ့သည်။
“သခင်ယွမ်ချန်၊ ငါက ဟန်မူယဲ့ကို နှစ်ကြိမ်မြင်ဖူးတယ်။ သူက ကွန်ဖြူးရှပ်တာအိုကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံထားပြီး အမိန့်စာတစ်ခုတည်းနဲ့ နတ်တွေကို တရားဝင်ဘွဲ့ထူး ချီးမြှင့်ပေးနိုင်တယ်။ သူက ဓားတာအိုနဲ့ အာခီမီတာအိုမှာလည်း ထူးခြားတဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်”
သခင်ယွမ်ချန်၏ဘေးတွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ညင်သာစွာပြောသည်။
သခင်ယွမ်ချန်နှင့်အတူ ရပ်နိုင်သောကြောင့် ထိုလူ၏ကျင့်ကြံခြင်းသည် ကောင်းမွန်နေလိမ့်မည်။ သူက အနည်းဆုံး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေမည်။
တာအိုပြိုင်ပွဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်း စွမ်းအားသည် အသန်မာဆုံးဖြစ်သည်။ လောက၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသည် သူတို့ပင် ဖြစ်ကြသည်။
“တာအိုရောင်းရင်းယွီယန်ပြောတာ မှန်ပါတယ်။ ဟန်မူယဲ့က သာမန်လူတစ်ယောက်သာဆိုရင် ဝမ်မော့ရှန်က သူ့ကို ရာထူးဆက်ခံခွင့်ပေးမှာမဟုတ်ဘူး”
သခင်ယွမ်ချန်က ခေါင်းညိတ်လိုက်ပြီး အဝေးတစ်နေရာတွင်ရှိနေသော သွေးချီစွမ်းအားများကို လှမ်းကြည့်သည်။
“ဒီတစ်ကြိမ်မှာတော့ ငါတို့က အားတင်းပြီး သူနဲ့ယှဉ်ပြိုင်ဖို့ပဲ လုပ်နိုင်လိမ့်မယ်”
သခင်ယွမ်ချန်၏ စကားအဆုံးတွင် စစ်တပ်၏ ချီစွမ်းအင်များက သွေးကျားတစ်ကောင်အဖြစ် စုစည်းသွားခဲ့သည်။
ပေတစ်သောင်းရှည်လျားသော သွေးကျားတစ်ကောင်သည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ ထိုကျားက ဟိန်းဟောက်လိုက်ပြီး တောင်တန်းတစ်ခုနှင့် ဝင်တိုက်သည်။
“အဲဒါက .... နန်ယွမ်တာအိုဂိုဏ်းပဲ”
လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။
သခင်ယွမ်ချန်က အံတင်းတင်းကြိတ်ထားပြီး အငွေ့အသက်များကို ဖော်ထုတ်သည်။
“နန်ယွမ်တာအိုဂိုဏ်းက အရှေ့တောင်ဒေသမှာ အခြေခိုင်ပြီး လွတ်လပ်တဲ့ တာအိုဂိုဏ်းပဲ။ အဲဒီဂိုဏ်းမှာရှိတဲ့ တာအိုရောင်းရင်းနှစ်ယောက်လုံးက လောကီအရေးကိစ္စတွေမှာ ဝင်မပါကြဘူး”
သူ့ဘေးတွင်ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးကလည်း ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“နန်ယွမ်တာအိုဂိုဏ်းက တာအိုအင်အားစုတွေကြားမှာ အဆင့်အတန်းမြင့်မားတယ်။ နန်ယွမ်တောင်တန်းမှာ အကာအကွယ်ဝင်္ကပါတစ်ခုလည်း ရှိနေတယ်။ အကြီးအကဲနှစ်ယောက်လုံးက ဝိညာဉ်ကိုယ်ခွဲအဆင့်မှာ ရှိနေကြပြီး ကောင်းကင်အဆင့် ကျွမ်းကျင်သူသုံးယောက်ကိုလည်း ပိုင်ဆိုင်ထားသေးတယ် ....”
သူ့စကားအဆုံးတွင် ရွှေရောင်အလင်းလွှာတစ်ခု ပေါ်ထွက်လာပြီး တောင်တန်းကို လွှမ်းခြုံသွားခဲ့သည်။
အကာအကွယ်ဝင်္ကပါပင် ဖြစ်သည်။
သူတို့အားလုံးက တာအိုဂိုဏ်းလမ်းစဉ်၏ ကျွမ်းကျင်သူများ ဖြစ်ကြသောကြောင့် ဝင်္ကပါအစီအရင်ကို အသက်သွင်းလိုက်သောအခါတွင် စွမ်းအားကို ခန့်မှန်းကြည့်နိုင်သည်။
“အဲဒီဝင်္ကပါက ဝိညာဉ်ဖွဲ့စည်းခြင်း ပဥ္စမအဆင့်မှာရှိတဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်လိမ့်မယ်။ သူတို့က ဒီတိုက်ပွဲမှာ တောင့်ခံနိုင်ရင် ငါတို့က တိတ်တဆိတ် ကူညီပေးကြမယ်”
သခင်ချန်ယွမ်က တီးတိုးပြောသည်။
သူ့နောက်တွင် လူတိုင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
နန်ယွမ်တာအိုဂိုဏ်းက ချင်းရီမင်၏စစ်တပ်ကို တစ်ရက်ကြာအောင် ခုခံနိုင်လျှင် သူတို့က တိတ်တဆိတ် ကူညီပေးပြီး စစ်တပ်ကို ဤနေရာတွင် အလုပ်ရှုပ်နေအောင် ပစ်ထားလိုက်ကြမည်။
တိုက်ပွဲက သုံးရက်၊ ငါးရက်ခန့်အထိ ကြာသွားပြီး နန်ယွမ်တာအိုဂိုဏ်းက ပျက်စီးသွားခဲ့မည်ဆိုလျှင်ပင် စစ်တပ်၏စိတ်ဓာတ်က ပျက်စီးသွားလိမ့်မည်။
ထိုသို့ဆိုလျှင် ဂိုဏ်းအချို့က ပူးပေါင်းပြီး ချင်းရီမင်၏စစ်တပ်ကို သုံးလ၊ ငါးလခန့်အထိကြာအောင် အချိန်ဆွဲထားနိုင်လိမ့်မည်။ အမတ်ချုပ်ကြီးအသစ်က ကျွမ်းကျင်သူများကို မစုစည်းနိုင်တော့ဘဲ နန်းမြို့တော်သို့ တစ်ယောက်တည်းသာ ဝင်ရောက်သွားရမည်ဖြစ်သည်။
အမှန်တကယ် တွက်ချက်ကြည့်မည်ဆိုလျှင် လပေါင်းများစွာကြာမြင့်သည်အထိ အချိန်ဆွဲထားရန် မလိုအပ်ပေ။ ချင်းရီမင်၏စစ်တပ်က အရှုံးနှင့် ကြုံတွေ့သွားလျှင် တာအိုအင်အားစုက ဤပွဲတွင် အနိုင်ရလိမ့်မည်။
“ဝီ”
တုန်ခါသံတစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့သည်။
ချီစွမ်းအင်အလင်းများသည် နန်ယွမ်တာအိုဂိုဏ်း၏ အကာအကွယ်အလင်းလွှာပေါ်တွင် စုစည်းလာပြီး ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဒီတာအိုတန်ခိုးရှင်က တောင်ပိုင်းကုန်းမြေရဲ့ ခေါင်းဆောင်ချင်းကို နှုတ်ဆက်လိုက်ပါတယ်။ ခေါင်းဆောင်ချင်းက ဘာဖြစ်လို့ စစ်တပ်ကို ခေါ်လာတာပါလဲ”
ပေတစ်ထောင်မြင့်မားသောပုံရိပ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ သူ့အသံက မိုင်တစ်ထောင်အထိ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် မိုင်တစ်ထောင်အတွင်း၌ ရှိနေသော လူများအားလုံးက နန်ယွမ်တာအိုဂိုဏ်းကို လှည့်ကြည့်လိုက်ကြသည်။
“နန်ယွမ်တာအိုဂိုဏ်းပဲ”
“ချင်းရီမင်ရဲ့စစ်တပ်က အလယ်ပိုင်းကုန်းမြေကို ပြန်လာပြီး ပထမဆုံးပစ်မှတ်အဖြစ် နန်ယွမ်တာအိုဂိုဏ်းကို ရွေးချယ်လိုက်တယ်။ သူတို့က တကယ်ပဲ တိုက်ခိုက်ကြတော့မှာလား”
“နန်ယွမ်တာအိုဂိုဏ်းက အရှေ့တောင်ပိုင်းရဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ။ ဂိုဏ်းထဲမှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေတယ်။ ချင်းရီမင်က ဒီစစ်ပွဲကို မနိုင်လောက်ဘူး”
တချို့က စိတ်လှုပ်ရှားနေကြသည်။ တချို့က စိုးရိမ်နေပြီး တချို့က စောင့်ကြည့်နေကြသည်။
သူတို့အားလုံးက အပြင်လူများသာ ဖြစ်ကြသည်။
ယခုအချိန်တွင် ဆုံးဖြတ်ချက်ချနိုင်သောလူသည် ခေါင်းဆောင်ချင်းရီမင်ပင် ဖြစ်သည်။
ချင်းရီမင်သည် သွေးကျားပုံရိပ်ပေါ်တွင်ထိုင်နေပြီး သတ်ဖြတ်လိုစိတ်များနှင့် ဓားရိုးပေါ်တွင် လက်တင်သည်။
“အမိန့်စာအရ ....”
“နာခံမှုမရှိတဲ့လူတွေကို ရှင်းလင်းပစ်ရမယ်”
သူက ဓားမော့ကို ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။ ဓားထုတ်လိုက်သောအသံက သူ၏စကားသံနှင့် တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့သည်။
ပတ်ဝန်းကျင်သည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာခဲ့သည်။
“ငါတို့နန်ယွမ်တာအိုဂိုဏ်းက ဘယ်တုန်းက အမိန့်မနာခံလို့လဲ ....”
နောက်ထပ်ပုံရိပ်တစ်ခုက အော်ပြောလိုက်သည်။ သို့သော် သူ့စကားမဆုံးခင်မှာ ချင်းရီမင်၏ဓားချက်က ကျဆင်းလာခဲ့သည်။
“သတ်”
သူက ဤနေရာသို့ သတ်ဖြတ်ရန် ရောက်လာခဲ့သည်။
“ဝေါင်း ....”
သွေးကျားက ဟိန်းဟောက်လိုက်ပြီး အလင်းလွှာကို ဝင်တိုက်သည်။
ရွှေရောင်အလင်းလွှာသည် တုန်ခါသွားပြီး အသက်တစ်ခါရှူကြိမ်အတွင်း၌ တစ်ပိုင်းတစ်စစီ ဖြစ်သွားခဲ့သည်။
စစ်သည်ရှစ်သိန်း၏ရှေ့တွင် နန်ယွမ်တာအိုဂိုဏ်း၏ အကာအကွယ်ဝင်္ကပါက စက္ကူတစ်ရွက်ကဲ့သို့ ကျိုးပဲ့လွယ်သည်။
“ချုပ်နှောင်ခြင်း ....”
နန်ယွမ်တာအိုဂိုဏ်း၏ ကောင်းကင်ထက်တွင် ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူနှစ်ယောက်က ပြိုင်တူအော်ဟစ်လိုက်ကြသည်။ သူတို့၏လက်ထဲတွင်ရှိသော ချီစွမ်းအင်အလင်းသည် ချိန်ကြိုးများအဖြစ် ပြောင်းလဲသွားကြပြီး သွေးကျား၏ဦးခေါင်းကို ချုပ်နှောင်သည်။