← Chapters

အခန်း (၆၇၆)

Vol. 49 Ch. 676

အခန်း (၆၇၆)

Vol. 49 Ch. 676

ထိုကျင့်ကြံသူများက သာမန်မဟုတ်ကြပေ။ သူတို့က ရှေးတိမ်တိုက်စကြဝဠာတွင်ရှိသော ဘိုးဘေးမိစ္ဆာကြယ်၏ မိစ္ဆာကျင့်ကြံသူများပင် ဖြစ်ကြသည်။

ကောင်းကင်နင်းခြေမိစ္ဆာဘုရင်၏ လက်အောက်တွင်ရှိနေသော အသေခံတပ်သားများအတွက် တာအိုပြိုင်ပွဲနယ်မြေတွင် တာဝန်တစ်ခုသာ ရှိသည်။ သူတို့က ဟွမ်ကျစ်ဟူနှင့် လုချန်းဖျင်ကို ကာကွယ်ပေးရမည်။

ကောင်းကင်းနင်းခြေမိစ္ဆာဘုရင်က လူကိုယ်တိုင်ရောက်လာလိမ့်မည်ဟု သူတို့က ပြောခဲ့ကြသည်။

သူတို့က ဟွမ်ခြောက်၏ပုံရိပ်ပါနေသော ကျောက်စိမ်းပေလွှာများကိုလည်း ယူခဲ့ကြသည်။

ထိုနေ့ညတွင် လုချန်းဖျင်က ကျောက်စိမ်းပေလွှာများကိုကြည့်ပြီး အကြိမ်ရေအနည်းငယ်ခန့် ငိုကြွေးခဲ့သည်။

ဟွမ်ခြောက်က အသက်ရှင်လျက် ရှိနေသေးပြီး မိစ္ဆာလမ်းစဉ်၏ မဟာသူတော်စင်တစ်ပါးပင် ဖြစ်နေသည်။

သူမတို့၏မိသားစုက ပြန်လည်စုံစည်းရတော့မည်။

မိုးကြိုးကပ်ဘေးက ပျောက်ကွယ်သွားပြီး နန်းတော်တွင် ဧည့်ခံပွဲတစ်ခုကို စတင်လိုက်သည်။

မိသားစုဧည့်ခံပွဲ ဖြစ်သည်။ ခန်းဆောင်ထဲတွင် လုချန်းဖျင်၊ ယွင်ကျင်း၊ ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူတို့သာ ရှိနေကြသည်။

ဧည့်ခံပွဲစပြီး ခဏအကြာတွင် ဟန်မူယဲ့နှင့် ကောင်းရှောင်ရွှမ်တို့ ရောက်လာကြသည်။

ယခုအချိန်တွင် ကောင်းရှောင်ရွှမ်က မိစ္ဆာစွမ်းအင်များအားလုံးကို သိမ်းဆည်းထားခဲ့သည်။ သူ၏ မိစ္ဆာဆန္ဒကို မမြင်ရတော့ပေ။

သူတို့အားလုံးက မတ်တပ်ရပ်ပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်ကြသည်။

ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်က လျင်မြန်စွာထပြီး နေရာဖယ်ပေးလိုက်ကြသည်။

“မရီးခြောက်”

ကောင်းရှောင်ရွှမ်က လုချန်းဖျင်ကို ကြည့်သည်။

“ရှောင်ရွှမ်”

လုချန်းဖျင်က ခံစားချက်များနှင့်အတူ ညင်သာစွာပြောသည်။

“နင်က အရွယ်ရောက်လာပြီပဲ”

ကောင်းရှောင်ရွှမ်က ဓားရှည်တစ်လက်ကိုလွယ်ထားပြီး အလွန်ခံညားနေသည်။

“အစ်ကိုခြောက်က မရီးခြောက်နဲ့ တူမကျစ်ဟူကို ကာကွယ်ပေးဖို့အတွက် ကျွန်တော့်ကို လွှတ်လိုက်တာပါ”

ကောင်းရှောင်ရွှမ်က တည်ငြိမ်နေသောမျက်နှာထားဖြင့် ဟွမ်ကျစ်ဟူကို လှမ်းကြည့်သည်။

ဟွမ်ကျစ်ဟူက ကောင်းရှောင်ရွှမ်ကို ခေါင်းအစခြေအဆုံး ကြည့်နေသည်။ သူမက တီးတိုးရေရွတ်လိုက်သည်။

“အစ်ကိုရှောင်ရွှမ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဦးလေးရှောင်ရွှမ် ဖြစ်သွားတာလဲ။ ဦးလေးဆိုရင် မြန်မြန်အသက်ကြီးသွားလိမ့်မယ် ....”

“ကျစ်ဟူ၊ ဦးလေးလို့ မြန်မြန်ခေါ်လိုက်”

လုချန်းဖျင်က ဟွမ်ကျစ်ဟူကို စိုက်ကြည့်သည်။

ဟွမ်ကျစ်ဟူက မွေးကင်းစကြောင်တစ်ကောင်၏အသံနှင့် ဦးလေးရွှမ်ဟု ခေါ်လိုက်သည်။

ဘေးတွင် မင်းသမီးယွင်ကျင်းက နွေးထွေးမှုတချို့နှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။ သို့သော် သူမက သူနှင့် အကြည့်ချင်းမဆုံရဲပေ။

ခန်းဆောင်၏လေထုသည် အနည်းငယ်ထူးဆန်းနေသည်။

အဆုံးတွင် ကောင်းရှောင်ရွှမ်က လုချန်းဖျင်၊ ဟွမ်ကျစ်ဟူတို့နှင့်အတူ လိုက်သွားခဲ့သည်။ ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်သို့ တစ်ယောက်တည်းပြန်လာသည်။ ယွင်ကျင်းက နန်းတော်တွင် ကျန်ရစ်ခဲ့သည်။

“အမေ၊ မြင်လိုက်တယ်မဟုတ်လား။ မင်းသမီးယွင်ကျင်းက မွေးစားအဖေကို ကြည့်နေတာ”

“အမေ၊ ဦးလေးရှောင်ရွှမ်နဲ့ ‌ဒေါ်လေးဝူဟန်တို့ရဲ့အကြောင်းကို သိလား”

“အမေ၊ သမီးက အဖေပေးလိုက်တဲ့ ကျောက်စိမ်းပေလွှာကို မြင်ပြီးပြီ။ ကောင်းကင်နင်းခြေမိစ္ဆာဘုရင်တဲ့။ အရမ်းခမ်းနားတာပဲ။ အဖေ့ကို ဘာဖြစ်လို့ အစ်ကိုခြောက်လို့ ခေါ်ကြတာလဲ”

....

လုချန်းဖျင်၏ဘေးတွင် ဟွမ်ကျစ်ဟူက အမျိုးမျိုးလျှောက်ပြောနေသည်။ ကောင်းရှောင်ရွှမ်က မည်သည့်အရာကိုမှ မကြားရသည့်အလား လှည်း၏နောက်တွင် လိုက်လာခဲ့သည်။

လုချန်းဖျင်က ဟွမ်ကျစ်ဟူကို ဒေါတသကြီး ကြည့်လိုက်သည်။

“ငါ့ကိုပြောစမ်းပါအုံး။ နင်က ဘာဖြစ်လို့ ဧကရာဇ်နဲ့ အရမ်းနီးကပ်နေရတာလဲ”

“သူက နင့်ကို အခွင့်ကောင်းယူ‌သေးလား”

“နင့်ရဲ့မွေးစားအဖေကရော ဘာပြောလဲ။ သူက တော်ဝင်မိသားစုကို လက်ထပ်ပွဲအတွက် ပြောထားသေးလား”

“မိန်းကလေးတွေက ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်။ နင့်အဖေပြန်ရောက်လာရင် ငါက ဘယ်လိုရှင်းပြရမလဲ”

....

မြင်းလှည်းထဲတွင် တီးတိုးစကားသံများကို ကြားနိုင်သည်။

ကောင်းရှောင်ရွှမ်နှင့် အသေခံစစ်သည်များက ရတနာအမျိုးမျိုးကို ယူလာခဲ့ကြသည်။

ဟွမ်ခြောက်၏လက်ဆောင်များ ဖြစ်ကြသည်။

လုချန်းဖျင်က ထိုရတနာများကို ဂရုမစိုက်ပေ။ သူမက ရတနာများကို သိမ်းဆည်းထားပြီး အနာဂတ်တွင် ဟွမ်ကျစ်ဟူ၏ မင်္ဂလာလက်ဖွဲ့အဖြစ် အသုံးပြုမည်ဟု ပြောသည်။

ဟွမ်ကျစ်ဟူကတော့ ရတနာများကို စိတ်ကြိုက်သုံးစွဲနေသည်။

သူမက ကောင်းကင်အဆင့်သို့ ရောက်တော့မည်ဖြစ်သည်။ သို့သော ချီစွမ်းအင်စုဆောင်းပြီး ကျင့်ကြံရန်အတွက် အချိန်လိုသေးသည်။

သုံးရက်အကြာတွင် ဟန်မူယဲ့က အံ့ဖွယ်နေမင်းကိုယ်ရံတော်များကို နန်းမြို့တော်သို့ ဆင့်ခေါ်လိုက်သည်။ ဟွမ်ကျစ်ဟူနှင့် ဓားကျင့်ကြံသူများကိုလည်း ဆင့်ခေါ်ခဲ့သည်။

“ဒီနေ့ကစပြီး အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေနဲ့ အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက တူညီတဲ့ စံချိန်မီဓားတွေကို ပြောင်းလဲကိုင်ဆောင်ရမယ်”

“စစ်တပ်ဝင်္ကပါတွေအားလုံးက ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို လေ့ကျင့်ရမယ်”

ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကြည့်သည်။

“အချိန်ဘယ်လောက်ယူရမလဲ”

တူညီသော စံချိန်မီဓားများ ....

ဝင်္ကပါကို လေ့ကျင့်ရမည်။

စစ်တပ်များက ဝင်္ကပါဖြင့် ကောင်းမွန်စွာဆောင်ရွက်နိုင်သည်။

သို့သော် ဓားကျင့်ကြံသူများက မတူညီသော ဓားနည်းစနစ်များ၊ အဆင့်မတူသော ဓားများ၊ မတူညီသော အခြေခံအုတ်မြစ်များကို ပိုင်ဆိုင်ထားကြသောကြောင့် ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲနေသည်။

ဓားအမြုတေကိုအသုံးပြုထားသော ဓားကျင့်ကြံသူများကသာ ဝင်္ကပါစွမ်းအားကို ဖော်ထုတ်နိုင်သည်။

သို့သော် ထိုဓားအမြုတေများက သာမန်ဝိညာဉ်လက်နက်အဆင့်တွင်သာ ရှိနေကြသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အကန့်အသတ်ရှိသည်။

“အမတ်ချုပ်ကြီးဟန်၊ အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက သက်ဆိုင်ရာဝင်္ကပါတွေမှာ ကျွမ်းကျင်ကြပါတယ်။ အဆင့်တူဓားတွေမရှိတာပဲ ကွာခြားသွားတာပါ။ ဓားဝင်္ကပါစွမ်းအားကို အသုံးချနိုင်ဖို့ သုံးနှစ်လောက် ကြာပါလိမ့်မယ်”

ဟွမ်ကျစ်ဟူက ဦးညွတ်လိုက်ပြီး ပြောသည်။

သူမစကားသည် အမှန်ပင်ဖြစ်သည်။

သူမက အစွမ်းကုန်သုံး၍ စီစဉ်ပေးလိုက်လျှင် ဓားကျင့်ကြံသူများက သုံးနှစ်အတွင်း၌ ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ကောင်းမွန်စွာအသုံးပြုနိုင်လိမ့်မည်။

သို့သော် ဓားကျင့်ကြံသူဆယ်သန်းလုံး မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

ဓားကျင့်ကြံသူဆယ်သန်းက မဟာဝင်္ကပါကြီးတစ်ခုကို ပူးပေါင်းဖော်ဆောင်ရန် မဖြစ်နိုင်ပေ။

“ဒီမှာ အဆင့်တူတဲ့ စံချိန်မီဓားတွေ ဆယ့်နှစ်သန်းရှိတယ်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေအတွက် နှစ်သန်းနဲ့ အရှေ့ပင်လယ် ဓားကျင့်ကြံသူတွေအတွက် ဆယ်သန်း”

ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းသေတ္တာတချို့ကို ထုတ်ပေးသည်။

“စစ်တပ်ကို လေ့ကျင့်ပေးဖို့အတွက် ဆယ်နှစ်အချိန်ပေးလိုက်မယ်”

“ဆယ်နှစ်ကြာတဲ့အထိ ဝင်္ကပါကို မတည်ဆောက်နိုင်သေးဘူးဆိုရင် မင်းတို့ကို အပြစ်ပေးရမယ်”

ဟန်မူယဲ့၏အသံက အေးစက်နေသည်။

စစ်သူကြီးများက မတ်တပ်ရပ်ပြီး ဦးညွတ်လိုက်ကြသည်။

“ဟုတ်ကဲ့ပါ”

ဟွမ်ကျစ်ဟူက ပျော်ရွှင်သွားသည်။

ဓားအများအပြားရှိနေသောကြောင့် သူမက ဝင်္ကပါတည်ဆောက်ရန် စိုးရိမ်နေစရာ မလိုတော့ပေ။

ဓားကျင့်ကြံသူဆယ်သန်းနှင့် ဖွဲ့စည်းထားသော ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို တွေးမိသောအခါတွင် လူတစ်ယောက်၏စိတ်ကို လှုပ်ရှားသွားစေနိုင်သည်။

ဟန်မူယဲ့က ဓားများကို ထုတ်ပေးပြီး ညီလာခံကို အဆုံးသတ်လိုက်သည်။

အရာရှိတစ်သောင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကိစ္စရပ်များအားလုံးကို ကိုင်တွယ်နိုင်ကြသည်။

သူက အာခီမီကံကြမ္မာစံအိမ်သို့ ပြန်မသွားဘဲ အမတ်ချုပ်ကြီး၏အိမ်တော်သို့ သွားလိုက်ပြီး တံခါးပိတ်ကျင့်ကြံနေသည်။

သဘာဝစွမ်းအင်များနှင့် ပြည့်နှက်နေသော အမတ်ချုပ်ကြီး၏အိမ်တော်တွင် ဓားချီများလည်း ပေါ်ထွက်လာကြသည်။

ဟန်မူယဲ့က အခန်းထဲတွင် မျက်လုံးမှိတ်ထားပြီး တင်ပျဉ်ခွေထိုင်နေသည်။ သူ့ဝိညာဉ်စွမ်းအားက မိုင်ပေါင်းများစွာအကွာတွင်ရှိနေသော နတ်ဘုရားသားရဲကိုယ်ပွားဆီသို့ ရောက်သွားခဲ့သည်။

သူက ခန္ဓာကိုယ်နှစ်ခုကို မပေါင်းစပ်ရသေးသောကြောင့် တိုက်ပွဲနှင့်ရင်ဆိုင်ချင်လျှင် တံခါးပိတ်ကျင့်ကြံပြီး တစ်ဖက်ကို အပြည့်အဝ အာရုံစိုက်ထားရသည်။

ယခုအချိန်တွင် သူ၏ကိုယ်ပွားက ပြင်းထန်သောတိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်နေရသည်။ သူက ရွေးချယ်စရာမရှိဘဲ ကိုယ်ပွားကို အာရုံစိုက်ထားရန်အတွက် တံခါးပိတ်ကျင့်ကြံလိုက်ရသည်။

ဆည်အတွင်း၌ ဖြစ်သည်။

ဟန်မူယဲ့၏ကိုယ်ပွားက ဆည်အတွင်း၌ လျှောက်သွားခဲ့ပြီး သူနှင့် တာအိုဆရာတယန်တို့ လုယက်ခဲ့သော ရွှေရောင်ချပ်ဝတ် နတ်ဘုရားစစ်သူကြီးနှင့် ပြန်တွေ့လိုက်ရသည်။

ထိုနတ်ဘုရားစစ်သူကြီးက သူ့ကို စောင့်ဆိုင်းနေပုံရသည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က နောက်တွန့်မသွားခဲ့ပေ။

သူက နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်ထားသည်။ နတ်ဘုရားသားရဲကိုယ်ပွားက အလွန်သန်မာပြီး ဆည်အတွင်း၌ရှိနေသော အရာအားလုံးကို ကြောက်ရွံ့နေရန် မလိုအပ်ပေ။

“ဘုန်း”

ဟန်မူယဲ့၏လက်သီးချက်ကြောင့် ရွှေရောင်ချပ်ဝတ်စစ်သူကြီး၏ ဆေဘာဓားရှည်က လွင့်ထွက်သွားခဲ့သည်။ ထို့နောက် သူက လက်သီးဖြင့် ဆက်ထိုးလိုက်ပြီး စစ်သူကြီးကို နောက်ဆုတ်သွားစေသည်။

ယနေ့တွင် သူတို့၏တိုက်ပွဲသည် ရက်တစ်ရာပြည့်သွားခဲ့သည်။

ရက်တစ်ရာတိုက်ပွဲအတွင်း၌ ဟန်မူယဲ့က ဖြည်းဖြည်းချင်း အသာစီးရလာခဲ့သည်။

နတ်ဘုရားစစ်သူကြီးက အတွေ့အကြုံအလွန်များပြီး လှုပ်ရှားမှုတိုင်းကို ကောင်းမွန်စွာထိန်းချုပ်ထားနိုင်သည်။

အစပိုင်းတွင် ဟန်မူယဲ့က နတ်ဘုရားသားရဲ၏စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဖိနှိပ်ခံခဲ့ရသည်။

သူက တိုက်ပွဲအတွင်း၌ စွမ်းအားလှည့်ပတ်မှုများကို လေ့လာပြီး တစ်ဖက်လူ၏တိုက်ကွက်များကို အတုယူနိုင်ခဲ့သည်။

နှစ်လအကြာတွင် တိုက်ပွဲ၏အခြေအနေက ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး ဟန်မူယဲ့က ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်လာသည်။

သုံးလအကြာတွင် ဟန်မူယဲ့က တစ်ဖက်လူကို ပြန်လည်ဖိနှိပ်နိုင်ခဲ့သည်။

“ဘုန်း”

ဟန်မူယဲ့၏လက်သီးချက်ကြောင့် နတ်ဘုရားစစ်သူကြီး၏ ရွှေရောင်ချပ်ဝတ်က ပျက်စီးသွားခဲ့သည်။

နတ်ဘုရားစစ်သူကြီးက ရွှေရောင်သွေးများကို အန်ထုတ်လိုက်ရသည်။

သူ၏ မောက်မာသောမျက်လုံးများက ရှုပ်ထွေးနေသည်။

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အတိတ်ကို သတိရသွားပုံပေါ်သည်။

“နတ်ဘုရားခုံရုံး၊ ဆည် ....”

သူက နာကျင်နေပုံပေါ်သည်။

‘လွတ်မြောက်ခြင်းလမ်းစဉ်၊ ဒါတွေအားလုံးက လွတ်မြောက်ခြင်းလမ်းစဉ်အတွက်ပဲ ....”

“လူတိုင်းက အင်မော်တယ်ကမ္ဘာကို သွားချင်ကြတယ်”

နတ်ဘုရားဘုရင်၏မျက်လုံးများက နီရဲနေပြီး ဟန်မူယဲ့ကို‌ မော့ကြည့်သည်။

“ငါတို့အားလုံးက ပုရွက်ဆိတ်တွေပဲ”

ဟန်မူယဲ့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး မူလဝိညာဉ်ဓားဖြင့် ခုတ်ချသည်။

သူ့ဓားအလင်းကြောင့် နတ်ဘုရားစစ်သူကြီးက တစ်ကိုယ်လုံးတုန်ခါသွားပြီး အသိစိတ်တချို့ကို ပြန်ရလာသည်။

“နတ်ဘုရားခုံရုံးက အင်မော်တယ်ကမ္ဘာရဲ့ လက်နက်တစ်ခုပဲ”

“ငါတို့က အိမ်စောင့်ခွေးနဲ့ စစ်မြင်းတွေပဲ။ နတ်ဘုရားဘုရင်တွေတောင် မလွတ်မြောက်နိုင်ဘူး”

နတ်ဘုရားစစ်သူကြီးက ပြင်းထန်သောအငွေ့အသက်များနှင့် ဟန်မူယဲ့၏လက်မောင်းကို ဆုပ်ကိုင်ထားသည်။

“ကောင်းကင်သစ်ပင်၊ ကောင်းကင်သစ်ပင်မှာပဲ အခွင့်အရေးရှိတယ် ....”

သူက စကားကို အဆုံးမသတ်နိုင်ဘဲ နာကျင်စွာအော်ဟစ်လိုက်ရသည်။ နတ်ဘုရားအလင်းများသည် သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာကြသည်။

နတ်ဘုရားဘုရင်နှင့်ယှဉ်နိုင်သော ရှေးခေတ်၏ နတ်ဘုရားစစ်သူကြီးတစ်ပါးသည် ဆည်ထဲတွင် ကျဆုံးသွားခဲ့သည်။

ဟန်မူယဲ့၏ဘေးတွင် တာအိုဆရာတယန်က ရွှေအလင်းများဖြင့် တောက်ပနေသော ရတနာပုံကို စိတ်လှုပ်ရှားစွာကြည့်နေသည်။

ဟန်မူယဲ့က တည်ငြိမ်နေသောမျက်နှာထားဖြင့် ဆေဘာဓားရှည်ကို ကောက်ယူသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားချီများကို ထည့်သွင်းသည်။

“ဘုန်း”

အဆုံးမရှိသော အလင်းစီးကြောင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ခမ်းနားသော နတ်ဘုရားခုံရုံးကို ထပ်မြင်လိုက်ရသည်။

နတ်ဘုရားခုံရုံး ....

နတ်ဘုရားစစ်သူကြီးများ ....

“အင်မော်တယ်ကမ္ဘာက နှစ်တစ်သိန်းတိုင်းမှာ လူစုဆောင်းလေ့ရှိတယ်။ တာအိုဘိုးဘေးနဲ့ နတ်ဘုရားဘုရင်တွေအားလုံး သွားကြရတယ်။ ဒါပေမဲ့ သူတို့က တစ်ခါမှ ပြန်မလာကြဘူး”

“အင်မော်တယ်ကမ္ဘာက ဘာလဲ။ ငါတို့က အဲဒီကို ရောက်သွားရင် ဘာဖြစ်မှာလဲ”

“နတ်ဘုရားဧကရာဇ်ဝူယန်၊ ငါတို့ကို ဖြေရှင်းချက်ပေးရမယ်”

ခမ်းနားသောအသံကြောင့် ဟန်မူယဲ့က အသိစိတ်ပျောက်ဆုံးသွားတော့မည်ဟု ခံစားလိုက်ရသည်။

ထိုအရာသည် နတ်ဘုရားဘုရင်တစ်ပါး၏ အသံပင် ဖြစ်သည်။

“မင်းက ခွန်အားမရှိတဲ့လူတစ်ယောက်ပဲ။ အများကြီးသိနေဖို့ မလိုအပ်ဘူး”

“ငါက အားလုံးကို ဖိနှိပ်လိုက်ရမှာလား”

ပုံရိပ်ယောင်ဆန်သောအသံသည် အာကာသထဲတွင် ပေါ်ထွက်သည်။

ထိုအသံက ခွန်အားမရှိသော သာမန်လူသားတစ်ယောက်နှင့်တူသည်။ သို့သော် ထိုအသံကြောင့် ချီစွမ်းအင်အလင်းများအားလုံးက ပျက်စီးသွားကြသည်။

“လူစုခွဲလိုက်ကြ။ အင်မော်တယ်စွမ်းအင်တွေက မင်းတို့ကို ဖျက်ဆီးလိမ့်မယ်။ မင်းတို့က ခုခံနိုင်မှာမဟုတ်ဘူး”

“အင်မော်တယ်တွေက အင်မော်တယ်တွေပဲ”

“အင်မော်တယ်ကမ္ဘာက အင်မော်တယ်ကမ္ဘာပဲ”

All Chapters