အခန်း (၆၇၇)
Vol. 49 Ch. 677
အင်မော်တယ်က မည်သည့်အရာနည်း။
ကောင်းကင်အဆင့်ကို ကျော်ဖြတ်သွားသော လူများသည် အင်မော်တယ်များဖြစ်ကြသည်ဟု ဟန်မူယဲ့က အမြဲထင်ခဲ့သည်။
သူတို့သည် ထာဝရရှင်သန်နိုင်သော မဟာကျင့်ကြံသူကြီးများပင် ဖြစ်ကြသည်။
သူက နောက်တစ်ဆင့်သို့ တက်သွားလျှင် အင်မော်တယ်ဖြစ်လာမည်ဟု ထင်ခဲ့သည်။
သို့သော် နတ်ဘုရားစစ်သူကြီး၏ ဆေဘာဓားထဲတွင်ရှိသော မြင်ကွင်းများကို မြင်လိုက်ရသည်။
ဓားချက်သည် အင်မော်တယ်အလင်းနှင့်အတူ ကျဆင်းလာခဲ့သည်။
သူတော်စင်၊ တာအိုဘိုးဘေးနှင့် နတ်ဘုရားဘုရင်များ ....
ကြီးမြတ်သည်ဟု ဟန်မူယဲ့ထင်ခဲ့သော ဖြစ်တည်မှုများသည် ထိုဓားချက်အောက်တွင် တုန်ခါသွားကြသည်။
“ရွှပ် ....”
ထိုဓားချက်ကြောင့် ချီစွမ်းအင်အလင်းများဖြင့် လွှမ်းခြုံပြီး မဟာတာအိုစွမ်းအားကို အသုံးပြုထားသော နတ်ဘုရားဘုရင်တစ်ပါးက နှစ်ပိုင်းပြတ်သွားခဲ့သည်။
ဓားကိုင်ထားသောလူသည် နဂါးငါးကောင်ပါသော ဝတ်စုံကို ဝတ်ဆင်ပြီး ကျောက်စိမ်းနဂါးသရဖူကို ဆောင်းထားသည်။
သူက သွေးစွန်းနေသောဓားဖြင့် ရှေ့သို့ ညွှန်ပြသည်။
“ဘယ်သူသေချင်သေးလဲ”
ချက်ချင်းဆိုသလိုပင် ကျွမ်းကျင်သူများအားလုံးက စကားမပြောရဲတော့ဘဲ နောက်ဆုတ်သွားကြသည်။
ထာဝရရှင်သန်သူနှင့် သေမျိုးများကြားတွင်ရှိသော ကွာခြားချက်သည် မကျော်လွှားနိုင်သော ချောက်နက်တစ်ခုသဖွယ် ဖြစ်သည်။
သူက ဓားသိမ်းလိုက်ပြီး ပျင်းရိနေသောအသံဖြင့် ပြောသည်။
“လူစုခွဲလိုက်ကြတော့။ ငါ့အလုပ်ကို ပြီးအောင်လုပ်ပါရစေ”
“ကောင်းကောင်းကျင့်ကြံကြပါ။ အင်မော်တယ်ကမ္ဘာက မင်းတို့စိတ်ကူးနိုင်တဲ့အရာ မဟုတ်ဘူး”
....
နတ်ဘုရားစစ်သူကြီးက ထိုဖြစ်ရပ်ကို အမှတ်ရနေခဲ့သည်။ သူက ဆည်ထဲသို့ ရောက်လာခဲ့သော်လည်း ထိုအကြောင်းကို မေ့မသွားခဲ့ပေ။
ဟန်မူယဲ့က နတ်ဘုရားဘုရင်ကို သတ်ဖြတ်လိုက်သော ဓားချက်ကြောင့် မျက်လုံးများကို မှေးကျဉ်းမိသည်။
သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ဓားနည်းစနစ်များနှင့် ရင်းနှီးသည်။
သို့သော် သူက နတ်ဘုရားဘုရင်အား သတ်ဖြတ်လိုက်သော နတ်ဘုရားဧကရာဇ်၏ ဓားချက်ကို အာရုံခံမကြည့်နိုင်ပေ။
ထိုဓားသည် အချိန်နှင့်တည်နေရာကို ဖြတ်တောက်လိုက်ပုံရသည်။
အချိန် ....
ထိုဓားသည် အချိန်ကို ထိန်းချုပ်ထားပုံရသည်။
မဟုတ်သေးပေ။
နတ်ဘုရားဧကရာဇ်၏ တိုက်ခိုက်မှုသည် ထိုအဆင့်သို့ မရောက်သေးပေ။ ဓားကသာ စိတ်ကူးမယဉ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
ထိုဓားသည် အင်မော်တယ်ရတနာတစ်ခု ဖြစ်လိမ့်မည်။
ဆေဘာဓား၏မှတ်ဉာဏ်များက ဆက်လက်လှုပ်ရှားသွားကြသည်။ ဟန်မူယဲ့က နတ်ဘုရားစစ်သူကြီးများ၏ စောင့်ကြပ်မှုအောက်တွင်ရှိနေသော နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို မြင်ခဲ့ရသည်။ မရေမတွက်နိုင်သော ရတနာများက အလင်းရောင်ကို ထုတ်လွှတ်ပေးနေကြသည်။
ဝိညာဉ်ကျောက်တုံး သန်းထောင်ချီတန်ဖိုးရှိသော ဝိညာဉ်သတ္တုနှင့် ဝိညာဉ်ဆေးပင်များလည်း ရှိနေကြသည်။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများသည် အပုံလိုက် ရှိနေကြသည်။ အင်မော်တယ်စွမ်းအင်များကို ထုတ်လွှတ်ပေးနေသော အင်မော်တယ်ဝိညာဉ်ကျောက်တုံးများလည်း ရှိနေကြသည်။
‘ဒါက လောကမှာ အချမ်းသာဆုံးနေရာပဲမဟုတ်လား’
ဟန်မူယဲ့က ဗဟုသုတနှင့် ပြည့်စုံသော်လည်း ထိုရတနာတိုက်ကြောင့် စိတ်လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။
ထိုရတနာများ၏ရှေ့တွင် မည်သူက တည်ငြိမ်စွာနေနိုင်မည်နည်း။
မြင်ကွင်းများက ပြောင်းလဲသွားပြီး ဖရိုဖရဲဖြစ်လာသည်။
ကောင်းကင်နှင့်မြေကြီးသည် ပျက်စီးသွားပြီး တစ်လွှာပြီးတစ်လွှာ ပြိုကျလာခဲ့သည်။
“မင်းတို့က ပုန်ကန်ရဲတယ်ပေါ့။ သေချင်နေတာပဲ ....”
နတ်ဘုရားဧကရာဇ်၏ ပျင်းရိနေသောအသံက ဒေါသထွက်နေသည်။ တုန်ခါသံနှင့်အတူ ဓားခုတ်သံကို ကြားရသည်။
‘နတ်ဘုရားခုံရုံး ပျက်စီးသွားရတဲ့ လျှို့ဝှက်ချက်လား’
ဟန်မူယဲ့က မြင်ကွင်းများကို အာရုံစိုက်ထားပြီး ကြည့်နေသည်။
သို့သော် အစမှအဆုံးထိ ရတနာတိုက်စောင့် နတ်ဘုရားစစ်သူကြီးသည် ရတနာတိုက်၏ ဝင်္ကပါကို အသက်သွင်းပေးရုံသာ တတ်နိုင်ပြီး ရတနာအချို့ကိုယူဆောင်၍ ထွက်ပြေးလာခဲ့သည်။
မြင်ကွင်းတစ်ခုလုံးသည် တုန်ခါနေသည်။
ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ၏ တိုက်ပွဲ ဖြစ်သည်။ အပြင်သို့ဖြာထွက်လာသော စွမ်းအားလှိုင်းများကပင် လူတစ်ယောက်၏ခြေထောက်များကို ပျော့ခွေသွားစေနိုင်သည်။
“ဘုန်း”
ရတနာသိုက်၏ ဝင်္ကပါအစီအရင်က ပျက်စီးသွားခဲ့သည်။ ဝင်္ကပါအစီအရင်၏ လက်ကျန်စွမ်းအားများက မရေမတွက်နိုင်သော ရတနာများကို ရစ်ပတ်၍ သန်းချီသောအစိတ်အပိုင်းများအဖြစ် ခွဲထုတ်ပြီး အာကာသထဲတွင် ပြန့်ကျဲသွားသည်။
ထိုအချိန်တွင် နတ်ဘုရားခုံရုံးတစ်ခုလုံးက ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က ဧရာမလက်ကြီးတစ်ဖက်ကြောင့် ပလ္လင်ပေါ်မှ ပြုတ်ကျသွားသော နတ်ဘုရားဧကရာဇ်ကို မြင်လိုက်ရသည်။
အချိန်ကိုပင်ဖြတ်တောက်နိုင်သော ဓားရှည်က ပျက်စီးသွားခဲ့သည်။ ဓားကျိုးသည် နတ်ဘုရားခုံရုံး၏အပြင်ဘက်သို့ လွင့်ထွက်လာသည်။
အက်ကွဲကြောင်းများသည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ နတ်ဘုရားဘုရင်နှင့် သူတော်စင်များက အက်ကွဲကြောင်းများထဲသို့ ဆွဲယူခံလိုက်ရသည်။
“ကောင်းကင်ကို ချိပ်ပိတ်မယ် ....”
အာကာသထဲတွင် လက်နှစ်ဖက်၏ပိုင်ရှင်က အော်ဟစ်လိုက်သည်။
အက်ကွဲသွားသောကောင်းကင်ကို သိပ်သည်းသော ချီစွမ်းအင်အလင်းများက ပိတ်ဆို့လိုက်သည်။
“ရဲတင်းလိုက်တဲ့ပုရွက်ဆိတ်။ မင်းက အင်မော်တယ်ကမ္ဘာကို ဆန့်ကျင်ရဲတယ်ပေါ့”
“နောက်တစ်ခါ အင်မော်တယ်တက်လှမ်းစင်မြင့်ပွင့်လာရင် ဒီလောကမှာရှိတဲ့ သက်ရှိတွေအားလုံး အသတ်ခံရမယ်”
ကောင်းကင်ထက်တွင် သွေးရောင်လှံတစ်စင်းက လက်တစ်စုံ၏ပိုင်ရှင်ကို ထိုးစိုက်ချလိုက်သည်။
လက်ပိုင်ရှင်က လှံတန်းလန်းနှင့် လွင့်ထွက်သွားသည်။
နတ်ဘုရားခုံရုံးစစ်ပွဲ၏ မြင်ကွင်းများက ပျောက်ကွယ်သွားကြသည်။ နတ်ဘုရားစစ်သူကြီး၏ မှတ်ဉာဏ်များကလည်း ဖရိုဖရဲဖြစ်လာကြသည်။
“နတ်ဘုရားခုံရုံး ပျက်စီးခြင်းနဲ့ အင်မော်တယ်ကမ္ဘာရဲ့ အလိုဆန္ဒက ရှေးခေတ်ကျင့်ကြံသူကြီးတွေကို ကျဆုံးသွားစေခဲ့တာပဲ”
“ဆည်ကြောင့်သာမဟုတ်ရင် ရှေးခေတ်ကျင့်ကြံသူတွေရဲ့ ဝိညာဉ်က ပျက်စီးသွားပြီး ရူးသွပ်နေကြလိမ့်မယ်”
ဆည်က ရှေးခေတ်ကျင့်ကြံသူများကို အမှန်တကယ်ပင် ကာကွယ်ပေးထားသည်။
ဆည်၏ကာကွယ်မှုသာ မရှိခဲ့လျှင် မဟာတာအို၏ထောက်ပံ့မှု မရှိသောကြောင့် နတ်ဘုရားစစ်သူကြီး၏ဝိညာဉ်က ပျက်စီးသွားရလိမ့်မည်။
“အဲဒီတော့ တာအိုပြိုင်ပွဲမှာ ရှုံးနိမ့်သွားတဲ့လူရဲ့ မဟာတာအိုကလည်း ပျက်စီးသွားမှာပေါ့”
ဟန်မူယဲ့၏မျက်နှာထားက လေးနက်လာသည်။
သူက ထိုသို့ တွေးမထားခဲ့ပေ။
တာအိုပြိုင်ပွဲတွင် တစ်ဖက်က အရှုံးပေးသွားလျှင် ရှုံးနိမ့်သူများက ရှင်သန်နိုင်ကြလိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော် သူက ရှင်သန်ခဲ့လျှင်ပင် မဟာတာအိုက ပျက်စီးသွားသောကြောင့် သူကလည်း လိုက်ပါသေဆုံးရလိမ့်မည်။
တာအိုပြိုင်ပွဲသည် အမှန်တကယ်ပင် ရက်စက်သည်။
သူက တာအိုပြိုင်ပွဲအဆုံးမသတ်ခင် ကိုယ်ပိုင်မဟာတာအိုနှင့် တစ်ဖက်ရန်သူ၏ မဟာတာအိုကို ဝါးမြိုပြီး ကိုယ်ပိုင်တာအိုအဖြစ် ပြောင်းလဲခဲ့လျှင် ရန်သူများက အသက်ရှင်နိုင်ကြလိမ့်မည်။
ထိုအရာသည် တာအိုပြိုင်ပွဲတွင် အနိုင်ရသွားသည်ထက် ပိုမိုခက်ခဲသည်။
“ငါထင်တာမမှားဘူးဆိုရင် အဲဒီလက်တစ်စုံက ....”
ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။
ထိုလက်တစ်စုံသည် ကောင်းကင်သစ်ပင်၏ သစ်ကိုင်းကို ဖြတ်တောက်ခဲ့သည်။
ထိုလူသည် ပုန်ကန်မှု၏ နောက်ကွယ်တွင် ရှိနေသည်။
အင်မော်တယ်ကမ္ဘာသည် နတ်ဘုရားခုံရုံး၏အထက်တွင် ရှိနေသည်။
ထိုလက်တစ်စုံသည် အင်မော်တယ်ကမ္ဘာကို ခုခံနေသည်။
အင်မော်တယ်တက်လှမ်းစင်မြင့်သည် နှစ်တစ်သိန်းတွင်တစ်ကြိမ် အသက်ဝင်လာသည်။ နတ်ဘုရားဘုရင်၊ တာအိုဘိုးဘေးနှင့် သူတော်စင်များက အင်မော်တယ်ကမ္ဘာသို့ သွားရောက်ခဲ့သော်လည်း ပြန်ရောက်မလာကြပေ။
အင်မော်တယ်ကမ္ဘာ၏ တည်နေရာကို မည်သူမှ မသိကြပေ။ အင်မော်တယ်ကမ္ဘာသို့ သွားရောက်ခဲ့သော မဟာကျင့်ကြံသူကြီးများ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကိုလည်း မသိနိုင်ကြပေ။
“တစ်ယောက်ယောက်ကတော့ သိနေမှာပဲ”
ဟန်မူယဲ့က ဆေဘာဓားရှည်ကို လွှတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းသည်။
သူက ဆည်၏အတွင်းပိုင်းသို့ ကြည့်လိုက်သည်။
ဤလောကတွင် လူတစ်ယောက်ကသာ အင်မော်တယ်ကမ္ဘာ၏အကြောင်းကို သိနေသည်။ နတ်ဘုရားခုံရုံး၏ နတ်ဘုရားဧကရာဇ် ဖြစ်သည်။
သူ့လက်ထဲတွင်ရှိသော ဓားသည် အင်မော်တယ်ကမ္ဘာ၏ လျှို့ဝှက်ချက်များကို သိနေသည်။
အင်မော်တယ်ဓား၏ အစိတ်အပိုင်းအများစုက နတ်ဘုရားခုံရုံးနှင့်အတူ ပျောက်ကွယ်သွားခဲ့သော်လည်း အပြင်ဘက်သို့ လွင့်ထွက်လာသော အပိုင်းအစတစ်ခု ရှိနေသေးသည်။
သူက ထိုဓားကျိုးကို ရှာဖွေနိုင်လျှင် အင်မော်တယ်ကမ္ဘာ၏ လျှို့ဝှက်ချက်များကို သိရလိမ့်မည်။
“သခင်၊ ငါတို့တော့ ချမ်းသာပြီ။ ငါတို့တော့ ချမ်းသာပြီ”
တာအိုဆရာတယန်က စိတ်လှုပ်ရှားနေသည်။ သူက သိုလှောင်အိတ်တချို့ကို ကိုင်ထားပြီး ဟန်မူယဲ့၏ဘေးတွင် ပျော်ရွှင်စွာအော်ဟစ်နေသည်။
နတ်ဘုရားစစ်သူကြီး၏ ရတနာများကို ဆည်ထဲတွင်ရှိသော အင်အားစုများက လုယူခဲ့သော်လည်း ကျန်ရှိနေသော ရတနာများသည် တာအိုဆရာတယန်၏ စိတ်ကူးများထက် ကျော်လွန်နေခဲ့ကြသည်။
သို့သော် ဟန်မူယဲ့၏ တည်ငြိမ်သောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် တာအိုဆရာတယန်က အနည်းငယ်စိတ်ပျက်သွားသည်။
သူက ရတနာအများအပြားကို ကိုင်ဆောင်ထားပြီး ယခုအချိန်တွင် အချမ်းသာဆုံးလူတစ်ယောက် ဖြစ်နေသည်။
သို့သော် ဟန်မူယဲ့က ဆေဘာဓား၏မှတ်ဉာဏ်ထဲတွင် နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို မြင်ခဲ့ရသည်။
ထိုရတနာတိုက်နှင့် ယှဉ်လိုက်လျှင် ဤရတနာအနည်းငယ်သည် သမုဒ္ဒရာထဲတွင်ရှိသော ရေတစ်ပေါက်သာဖြစ်သည်။
“ဆည်အပြင်ဘက်ကို အရင်ဆုံးထွက်သွားရအောင်”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်နေပြီး လျင်မြန်စွာမသွားခဲ့ပေ။
ဆည်ထဲတွင် နတ်အာရုံနှင့် မန္တန်များကို အပြည့်အဝ အသုံးမချနိုင်သောကြောင့် အမြင်အာရုံကို ပိုမိုအားကိုးရသည်။
“ဝေါင်း ....”
ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ပေတစ်ရာရှည်လျားသော ကြေးခွံနက်ကျားတစ်ကောင်က ဟန်မူယဲ့ကို ခုန်အုပ်လိုက်သည်။
ဟန်မူယဲ့က လက်သီးဖြင့် ထိုးချလိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။
ကျားက အသားစီးမယူနိုင်ဘဲ နောက်ဆုတ်သွားသည်။ သို့သော် ဟန်မူယဲ့ကလည်း နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ပေးလိုက်ရသည်။
ကျား၏ ရုပ်ခန္ဓာစွမ်းအားသည် သူနှင့် ယှဉ်နိုင်သည်။
သူက နတ်ဘုရားသားရဲပါ့ရှား၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ခွန်အားအရာ၌ သူနှင့်ယှဉ်နိုင်သော သက်ရှိများသည် လောကတွင် သိပ်မရှိကြပေ။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကြေးခွံနက်ကျားကို ကြည့်သည်။
ကျား၏မျက်လုံးများက ကြမ်းတမ်းရက်စက်ပုံပေါ်သည်။ ထိုကျားက သွားဖြဲပြလိုက်ပြီး ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
“မကောင်းဆိုးဝါးသားရဲ ချုံးချီ”
ဟန်မူယဲ့က ကျားကိုကြည့်လိုက်ပြီး ရေရွတ်သည်။
ထိုကျားသည် ပါ့ရှားနှင့် ယှဉ်ပြိုင်နိုင်သောကြောင့် ရှေးခေတ်၏ မကောင်းဆိုးဝါးသားရဲလေးပါးတွင် ပါဝင်သော ချုံးချီ၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလိမ့်မည်။ (ချုံးချီ - ကျားပျံ သို့မဟုတ် ဆူးချွန်များဖြင့်ဖုံးလွှမ်းနေသော နွားသိုးနှင့်တူသည့် သားရဲတစ်မျိုး)
“ဝေါင်း”
ကျားက ချွန်ထက်နေသောလက်သည်းများကို ထုတ်ဖော်၍ ဟန်မူယဲ့ကို ခုန်အုပ်သည်။
ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လက်သီးဖြင့်ထိုးချသည်။
ပုံမှန်ကျားတစ်ကောင်ဆိုလျှင် ခုန်အုပ်လိုက်သောအပြုအမူသည် ဟန်ပြသာဖြစ်ပြီး အမြီးရိုက်ချက်က အစစ်အမှန် ဖြစ်လိမ့်မည်။
သို့သော် ဤသားရဲသည် ချုံးချီ၏သွေးမျိုးဆက် ပါဝင်သော ကျားရဲတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် သူက ပြင်းထန်စွာ တိုက်ခိုက်ရမည်။
ချုံးချီက ဉာဏ်များပြီး လက်သည်းချွန်များသည် လောကကို ဖျက်ဆီးပစ်နိုင်သည်။
ဟန်မူယဲ့၏လက်သီးချက်က အားကောင်းသော သွေးချီစွမ်းအင်များကို ထုတ်ဖော်၍ ချုံးချီကို တားဆီးလိုက်သည်။
ကြယ်လေပြင်းများသည် ပါ့ရှား၏ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ပါ့ရှား၏ကျောပေါ်တွင် ဆူးချွန်များရှိနေပြီး ချုံးချီဆီသို့ တိုးဝင်သွားခဲ့သည်။
“ဘန်း”
ပါ့ရှား၏ပုံရိပ်က ပျက်စီးသွားသည်။ ဟန်မူယဲ့က နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။ ချုံးချီက သွားဖြဲပြထားပြီး နောက်သို့ အနည်းငယ်ဆုတ်သွားသည်။
‘အရမ်းအားကောင်းတဲ့ ရုပ်ခန္ဓာစွမ်းအားပဲ’
ဟန်မူယဲ့က ဟိန်းဟောက်လိုက်ပြီး ပြေးထွက်သွားသည်။
ဤတစ်ကြိမ်တွင် သူက အစွမ်းကုန်သုံး၍ လက်သီးချက်ကို မထုတ်ဖော်ခဲ့ပေ။ သူက ချုံးချီ၏ဘေးသို့ ရောက်သွားပြီး လက်ဝါးချက်ဖြင့် ရိုက်ချသည်။
သူ့လက်ဝါးချက်က ချုံးချီ၏ကိုယ်ပေါ်သို့ ကျရောက်သွားသောအချိန်တွင် သူက ချုံးချီ၏နောက်သို့ ရောက်သွားပြီး တင်ပါးကို ကြမ်းတမ်းစွာ ကန်လိုက်သည်။
ချုံးချီက ဟိန်းဟောက်သည်။ ထိုသားရဲက နောက်သို့ လှည့်လာသောအချိန်တွင် ဟန်မူယဲ့က ရှေ့သို့ပျံတက်သွားပြီး တံတောင်ဆစ်ဖြင့် လည်ပင်းကို ထိုးချသည်။
အမြန်နှုန်း ....
ချုံးချီက သန်မာသော်လည်း နှေးကွေးသည်။ ဟန်မူယဲ့က ထိုအချက်ကို သတိထားမိခဲ့သည်။
ထိုအချက်သည် လုံလောက်သည်။
“ဘန်း”
“ဘန်း”
“ဘန်း”
....
ဟန်မူယဲ့က ချုံးချီ၏ပတ်ဝန်းကျင်တွင် ဆက်တိုက်လှုပ်ရှားပြီး ထိုးနှက်နေခဲ့သည်။
ချုံးချီက ရူးသွပ်စွာဟိန်းဟောက်သည်။ ကျား၏မျက်လုံးများက နီရဲနေသော်လည်း ဟန်မူယဲ့ကို မတုံ့ပြန်နိုင်ခဲ့ပေ။
ကျားက ဟန်မူယဲ့နှင့် အမီမလိုက်နိုင်ပေ။
“ဝေါင်း ....”
ချုံးချီ၏ကိုယ်ပေါ်တွင်ရှိသော အနက်ရောင်ကြေးခွံက အက်ကွဲသွားခဲ့သည်။ အနက်ရောင်သွေးများဖြင့် စွန်းပေနေသော ချုံးချီက ဟိန်းဟောက်လိုက်သည်။ သွေးရောင်မိစ္ဆာအလင်းက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာရှိနေသည်။
ချုံးချီ၏ လက်သည်းချက်က ဟန်မူယဲ့၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်ချင်သည့်အလား ကြမ်းတမ်းစွာ ကျဆင်းလာခဲ့သည်။
ဟန်မူယဲ့က မရှောင်တိမ်းခဲ့ပေ။ သူက လက်မြှောက်လိုက်ပြီး အသာအယာ လက်သီးဆုပ်ထားသည်။