အခန်း (၆၈၁)
Vol. 49 Ch. 681
ရှုဝေက အလွန်စိတ်လှုပ်ရှားနေသော တာအိုလမ်းစဉ်၏ ကျင့်ကြံသူများကို လှည့်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ကြည့်လိုက်ပါအုံး။ သူတို့က တစ်ယောက်ယောက်ကို လာကြိုနေတာနဲ့ တူလို့လား”
ထောင်ကျစ်ရှင်းတို့က လောဘကြောင့် မျက်လုံးများစိမ်းနေကြသော တာအိုတန်ခိုးရှင်များကို ကြည့်လိုက်ကြသည်။
သူတို့က ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်ကို ကြိုဆိုနေလျှင်ပင် ထိုပုံစံမျိုး ဖြစ်နေမည်မဟုတ်ပေ။
အာကာသထဲတွင် မရေမတွက်နိုင်သော နတ်အာရုံများက လှုပ်ရှားသွားကြသည်။
‘သူရောက်လာပြီ’
သုံးနှစ်ကြာအောင် တိတ်ဆိတ်နေခဲ့သော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်က အာကာသထဲသို့ ပြန်ထွက်လာခဲ့သည်။
‘သူက ဒီတစ်ကြိမ်မှာ ဘာလုပ်မှာလဲ’
တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက နတ်အာရုံများကို ထုတ်လွှတ်လိုက်ကြသည်။
နတ်အာရုံများက အလွန်သန်မာသောကြောင့် ပတ်ဝန်းကျင်သည် တုန်ခါသွားခဲ့သည်။
ထိုအခြေအနေကြောင့် ထောင်ကျစ်ရှင်းတို့က ထိတ်လန့်သွားကြသည်။
‘အမတ်ချုပ်ကြီးဟန်က ဘာလုပ်ဖို့ စီစဉ်နေတာလဲ’
ဟန်မူယဲ့ကို အာရုံစိုက်နေကြသောလူများသည် တာအိုဘိုးဘေးများသာ မဟုတ်ပေ။
အင်မော်တယ်ဝိညာဉ်ကမ္ဘာကလည်း ဟန်မူယဲ့ကို ချက်ချင်း အာရုံစိုက်ထားလိုက်သည်။
ကြမ်းတမ်းစွာတိုက်ခိုက်နေသော စစ်တပ်က ချက်ချင်းဆိုသလိုပင် ပြန်လည်စုစည်းလိုက်သည်။
ဟန်မူယဲ့ခေါင်းဆောင်ထားသော အင်အားစုသည် ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေသည်။ သူတို့က အစွမ်းကုန်သုံး၍ တိုက်ခိုက်လာမည်ဆိုလျှင် ရှေ့တန်းတစ်ခုလုံးကို ရှင်းထုတ်ပစ်နိုင်လိမ့်မည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာက စစ်တပ်များကို စုစည်းထားပြီး ဟန်မူယဲ့ကို အသင့်စောင့်နေကြသည်။
သို့သော် ဟန်မူယဲ့က ဤတစ်ကြိမ်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ မသွားခဲ့ပေ။
သူက ကျင့်ကြံသူများကို ဦးဆောင်ပြီး ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားခဲ့သည်။
တစ်လအကြာတွင် သူတို့က တာအိုပြိုင်ပွဲနယ်မြေ၏ အစပ်သို့ ရောက်လာကြသည်။
‘သူက ဘာလုပ်မလို့လဲ’
လူတိုင်းက တွေးကြည့်နေကြသည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာက နားမလည်နိုင်ဖြစ်နေသည်။
တာအိုဘိုးဘေးများက မခန့်မှန်းနိုင်ဖြစ်နေကြသည်။
ဟန်မူယဲ့၏နောက်သို့ လိုက်လာကြသော ကျင့်ကြံသူများက စိတ်ရှုပ်နေကြသည်။
သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာကို လုယက်ပြီး ကြွယ်ဝမှုများကို စုဆောင်းချင်ကြသည်။
‘ဒီလိုမဟုတ်ဘူးလေ’
တာအိုဘိုးဘေးများက ဟန်မူယဲ့၏ ထိတ်လန့်စရာကောင်းသော အပြုအမူကို မြင်ချင်ကြသည်။ ထိုသို့ လျှောက်သွားနေသော ပုံစံမျိုးကို မကြည့်ချင်ကြပေ။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တင်းမာနေသောလေထုက လျော့ပါးသွားခဲ့သည်။
စုစည်းနေသောစစ်တပ်များက ပြန်လည်တိုက်ခိုက်လာကြသည်။ တချို့က ဟန်မူယဲ့တို့၏နောက်သို့ ဆက်မလိုက်ကြတော့ပေ။
မည်သို့ပင်ဖြစ်စေ အမတ်ချုပ်ကြီးဟန်၏ ရည်ရွယ်ချက်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ ဖြစ်ပုံမရပေ။
ထိုအချိန်တွင် ဟန်မူယဲ့က စစ်တပ်ကိုဦးဆောင်၍ ဥက္ကာခဲများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုသို့ ရောက်လာသည်။
ဥက္ကာခဲများက အချင်းချင်း ထိစပ်နေကြပြီး လေဟာနယ်အက်ကွဲကြောင်းများကို နေရာအနှံ့တွင် မြင်နိုင်သည်။
အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။
“ရှောင်ရွှမ်၊ ဒီဥက္ကာခဲတွေကို ရှင်းပစ်လိုက်ပါအုံး”
ဟန်မူယဲ့က ပြောသည်။
ကောင်းရှောင်ရွှမ်က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်၍ ဓားထုတ်သည်။
“ဘုန်း”
မိုင်တစ်ထောင်အတွင်း၌ရှိသော ဥက္ကာခဲများသည် ဓားချက်ကြောင့် ပျက်စီးသွားခဲ့ကြသည်။
ဓားချက်သည် လေဟာနယ်၏ အနက်ရှိုင်းဆုံးအပိုင်းအထိ ထိုးဖောက်ဝင်ရောက်သွားသည်။
“သွားကြစို့”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ရှေ့မှ ဦးဆောင်သွားသည်။
‘လေဟာနယ်ထဲကို ဆက်သွားမှာလား’
‘ဘာလုပ်ဖို့လဲ’
ဟန်မူယဲ့၏ ဂုဏ်သတင်းကြောင့်သာမဟုတ်လျှင် ထိုကျင့်ကြံသူများက မေးခွန်းများကို ထုတ်မေးကြလိမ့်မည်။
ဟန်မူယဲ့က မိုင်တစ်ထောင်အထိ ဆက်သွားခဲ့သည်. ကောင်းရှောင်ရွှမ်က ဓားကို လှုပ်ရှားလိုက်ပြန်သည်။
သူတို့က ခရီးပေါက်လာသောအခါတွင် လေဟာနယ်အက်ကွဲကြောင်းများကို ပိုမြင်လာရသည်။
ထိုအချိန်တွင် ကျင့်ကြံသူများက တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
သူတို့က ဥက္ကာခဲနယ်မြေမှ ထွက်လာသင့်သည်။ လေဟာနယ်အက်ကွဲကြောင်းများက အဘယ်ကြောင့် ဆက်ရှိနေကြသနည်း။
“အလွှာအာကာသပဲ”
အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က တီးတိုးပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ဒီမှာ ထူးဆန်းတဲ့ကမ္ဘာတစ်ခု ပုန်းကွယ်နေတယ်လို့ ပြောတာလား”
လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။
ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများကလည်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။
“ဟုတ်တယ်။ ရှေးခေတ်ကတည်းက နတ်ဘုရားခုံရုံးရဲ့ အစိတ်အပိုင်းတွေကို အလွှာအာကာသထဲမှာ ထည့်သိမ်းထားလိမ့်ရှိတယ်။ နတ်ဘုရားခုံရုံးက ဒဏ္ဍာရီတစ်ခုပဲ”
အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူက စိတ်လှုပ်ရှားနေသည်။
ယခင်တစ်ခေါက်တွင် ဟန်မူယဲ့က ပျက်စီးခြင်းတောရိုင်းကို ဆွဲယူခဲ့သည်။ ဤတစ်ကြိမ်တွင် နတ်ဘုရားခုံရုံး၏ အစိတ်အပိုင်းတစ်ခုကို ဆွဲယူမည့်ပုံပေါ်သည်။
ထိုအရာသည် ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်းထက် အဆပေါင်းများစွာ ပိုမိုအဖိုးတန်သည်။
အင်မော်တယ်ချီများသည် နတ်ဘုရားခုံရုံးတွင် ရှိနေကြသည်ဟု ပြောသည်။
တာအိုဘိုးဘေးများသည် ထိုကျင့်ကြံသူများထက်အရင် ထူးခြားမှုကို အာရုံခံနိုင်ခဲ့သည်။
ကောင်းရှောင်ရွှမ်က ဓားချက်ထုတ်လိုက်သောအချိန်တွင် သူတို့က သိလိုက်ရသည်။
သို့သော် သူတို့၏ နတ်အာရုံများက လေဟာနယ်၏ အတွင်းပိုင်းသို့ မဝင်ရောက်နိုင်ပေ။
ထို့ကြောင့် သူတို့က အလွန်စိတ်ပျက်နေကြသည်။
ဤတစ်ကြိမ်တွင် အမတ်ချုပ်ကြီးဟန်က မယုံကြည်နိုင်စရာကောင်းသော ရတနာတစ်ခုကို ရှာတွေ့ထားလိမ့်မည်။
“ဘုန်း”
ကောင်းရှောင်ရွှမ်က ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။ သူ့ရှေ့တွင်ရှိနေသော လေဟာနယ်က ကွဲအက်သွားပြီး စံအိမ်တစ်ခုကို ဖော်ပြလိုက်သည်။
စံအိမ်၏ပတ်ဝန်းကျင်သည် ပျက်စီးနေသည်။
အစိမ်းရောင်အငွေ့အသက်တချို့ကို ခံစားကြည့်နိုင်သည်။
အင်မော်တယ်ချီ ....
အမှန်တကယ်ပင် အင်မော်တယ်ချီ ဖြစ်သည်။
အလွန်သိပ်သည်းသော သဘာဝစွမ်းအင်သည် အစိမ်းရောင်သန်းနေသော အင်မော်တယ်ချီနှင့် ရောယှက်နေသည်။
မိုင်တစ်ရာခန့်သာရှိသော ထိုနေရာသည် ထူးခြားဆန်းကြယ်မှုများနှင့် ပြည့်နှက်နေပုံရသည်။
“သွားကြစို့”
ဟန်မူယဲ့က ထိုနေရာတွင် ခြေချလိုက်သည်။ သူက အင်မော်တယ်ချီစွမ်းအင်ကို မြက်ရိတ်တံဖြင့် တိတ်ဆိတ်စွာ စုဆောင်းလိုက်သည်။
ဤနေရာသည် နတ်ဘုရားခုံရုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူက နတ်ဘုရားစစ်သူကြီး၏ မှတ်ဉာဏ်များကို လေ့လာ၍ တွက်ချက်ကြည့်ခဲ့သည်။
နတ်ဘုရားခုံရုံး၏ အစိတ်အပိုင်းပေါ်တွင် အမျိုးမျိုးသော ရတနာများဖြင့် ပြည့်နှက်နေသည်။
မြေပြင်ပေါ်တွင်ရှိသော ရတနာများအားလုံးသည် အဖိုးမဖြတ်နိုင်ကြပေ။
သူတို့အားလုံးက ပြောစရာမလိုဘဲ စတင်ရှာဖွေလိုက်ကြသည်။
ပတ်ဝန်းကျင်သည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
အမတ်ချုပ်ကြီးဟန်သည် အမတ်ချုပ်ကြီးဟန်ပင် ဖြစ်သည်။
ဤနေရာတွင်ရှိနေသော ရတနာများသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာထက် ပိုမိုအဖိုးတန်ကြသည်။
“မူလကောင်းကင်တာအိုကျောက်တုံး၊ ဒါက ဒဏ္ဍာရီလာ မူလကောင်းကင်တာအိုကျောက်တုံးပဲ”
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က အစိမ်းရောင်ကျောက်တုံးတစ်တုံးကို ကိုင်ထားသည်။ သူက အံ့အားသင့်နေပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။
“အဲဒါက မဟာတာအိုကို နားလည်သွားအောင် လုပ်ပေးနိုင်တဲ့ ရတနာလား။ လူတစ်ယောက်ကို သူတော်စင်အဆင့်အထိ ရောက်သွားအောင် ကူညီပေးနိုင်တယ်လေ”
ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ ဝိုင်းကြည့်နေကြသည်။
“ဟားဟား။ မူလဝိညာဉ်ရွှေ၊ ဒါက မူလဝိညာဉ်ရွှေပဲ”
ဓားကျင့်ကြံသူတစ်ယောက်က တစ်ပေရှည်လျားသော သတ္တုတစ်ခုကို ကိုင်ထားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
“ယီး၊ မှော်ရတနာအဖြစ် သန့်စင်နိုင်တဲ့ မူလဝိညာဉ်ရွှေလား။ မင်းက အရမ်းကံကောင်းတာပဲ”
လူတစ်ယောက်က အံတင်းတင်းကြိတ်ထားပြီး ကျိန်ဆဲလိုက်သည်။
ထိုရတနာကို ဝိညာဉ်ကျောက်တုံးများဖြင့် မဝယ်ယူနိုင်ပေ။
အမတ်ချုပ်ကြီးဟန်က လူတိုင်းကို ပြင်ပဘုံသို့ ခေါ်ထုတ်လာခဲ့သည်။ ယခင်တစ်ခေါက်မှာ သူတို့က ကြွယ်ဝမှုများကို စုဆောင်းနိုင်ခဲ့သည်။ ယခုတစ်ကြိမ်သည် ပိုမိုကောင်းမွန်နေသည်။
ဟန်မူယဲ့၊ ဟွမ်ကျစ်ဟူ၊ ကောင်းရှောင်ရွှမ်နှင့် တခြားလူများသည် ယိုယွင်းနေသော အဆောက်အအုံ၏ရှေ့တွင် ရပ်နေကြသည်။
တခြားကျင့်ကြံသူများက ဤနေရာကို အလိုလျောက် ရှောင်တိမ်းသွားကြသည်။
အမတ်ချုပ်ကြီးဟန်ကလည်း တချို့အရာများကို လိုချင်လိမ့်မည်။
ထိုစံအိမ်က အမတ်ချုပ်ကြီးဟန်၏ ရည်ရွယ်ချက်ပင် ဖြစ်လိမ့်မည်။
ကျင့်ကြံခြင်းလောကတွင် လောဘသည် ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်သည်။
အမတ်ချုပ်ကြီးဟန်က တန်ဖိုးမဖြတ်နိုင်သော ရတနာများကို သူတို့အတွက် ရှာပေးခဲ့သည်။ သူတို့က တခြားအရာများကို မထိသင့်ပေ။
“တချို့အရာတွေကို လိုချင်တာနဲ့ပဲ ယူလိုက်လို့မရဘူး”
“အမတ်ချုပ်ကြီးဟန်အတွက် ရတနာတစ်ခု ဖြစ်နေပေမဲ့ ငါတို့အတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်လာနိုင်တယ်”
လူတိုင်းက ခေါင်းငုံထားပြီး ရတနာများကို ရှာဖွေနေကြသည်။ သူတို့က မြေကြီးကို တူးထုတ်နိုင်ဖို့ မျှော်လင့်ကြသည်။
တောင်ပိုင်းကုန်းမြေ၏ မဟာမိစ္ဆာများနှင့် နတ်ဘုရားသားရဲများက အစွမ်းကုန်သုံး၍ သဘာဝစွမ်းအင်များကို စုပ်ယူနေကြသည်။ ဤနေရာတွင်ရှိသော သဘာဝစွမ်းအင်သည် အလွန်ကြွယ်ဝသောကြောင့် သူတို့၏ ကျင့်ကြံဆင့်ကို ပြန်လည်ကောင်းမွန်လာစေရန် အသုံးချနိုင်သည်။
သူတို့က ရတနာများကို အလေးအနက် မထားကြပေ။ သူတို့၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကသာ အရေးကြီးသည်။
သို့သော် ရှန့်လင်းရွှမ်းက ဆင်တစ်ကောင်အဖြစ် ပြောင်းလဲပြီး နှာမောင်းဖြင့် ထိပ်တန်းအဆင့် ရတနာများကို သိမ်းဆည်းလိုက်သောအခါတွင် သူတို့က ပျော်ရွှင်သွားကြသည်။
“ဒီကလေးက ရတနာမုဆိုးဆင်သားရဲပဲ”
စံအိမ်ပေါ်တွင် အမှတ်အသားတစ်ခု ရှိနေသည်။
နတ်ဘုရားခုံရုံးတွင်ရှိသော ရတနာတိုက်၏ ချိပ်စည်း ဖြစ်သည်။
ထိုချိပ်စည်းကြောင့် စံအိမ်သည် အပိတ်ခံထားရပြီး မလှုပ်ရှားနိုင်ပေ။
ဤစံအိမ်ကို အာကာသထဲသို့ ပို့လိုက်လျှင် ပေထောင်ချီ၍ မြင့်မားနေလိမ့်မည်။
နတ်ဘုရားခုံရုံးက ပျက်စီးသွားသောအခါတွင် ရတနာစံအိမ်တချို့က အတင်းအကျပ် အဖွင့်ခံလိုက်ရပြီး ပျက်စီးသွားကြသည်။ အများစုကတော့ ဝင်္ကပါ၏စွမ်းအားကြောင့် အလွှာအာကာသထဲတွင် ပုန်းခိုနေကြသည်။
ဟွမ်ကျစ်ဟူက တခြားကျင့်ကြံသူများ၏ ကောက်ယူခြင်းကို ခံလိုက်ရသော ရတနာများအား ကြည့်နေပြီး နာကျင်သွားသည်။
သူမက ရှေ့တွင်ရှိနေသော စံအိမ်လေးကို ပြန်ကြည့်သည်။
စံအိမ်ထဲတွင်ရှိနေသော ရတနာများသည် ဤနေရာတွင်ရပ်နေရသော ဆုံးရှုံးမှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု သူမက မျှော်လင့်သည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်း ရှေ့တက်သွားပြီး စံအိမ်ပေါ်တွင် လက်တင်လိုက်သည်။
စံအိမ်သည် အင်မော်တယ်စွမ်းအင်၊ ထူးခြားသော ဝင်္ကပါစွမ်းအင်ဖြင့် ရောယှက်နေသည်။
ဟန်မူယဲ့က နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်လိုက်သော်လည်း ချိပ်စည်းကို မဖြေနိုင်ခဲ့ပေ။
သူက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဓားချီကို ထည့်သွင်းကြည့်သည်။
“ဝီ”
စံအိမ်လေးက တုန်ခါသွားသည်။ ဓားချီကလည်း ပျောက်ကွယ်သွားသည်။
သို့သော် ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားခဲ့သည်။
သူက ဓားချီများကို ထုတ်သုံးလိုက်သောအခါတွင် ဝင်္ကပါအစီအရင်၏ တည်ဆောက်ပုံကို မြင်ခဲ့ရသည်။
သူက လက်နှစ်ဖက်မှတစ်ဆင့် ဓားချီကို ထုတ်လွှတ်သည်။
ဓားအလင်းများသည် စံအိမ်၏အပြင်ဘက်တွင် ပြန့်ကျဲသွားကြသည်။
ဟန်မူယဲ့က ဝင်္ကပါအစီအရင်၏ တည်ဆောက်ပုံကို အပြည့်အဝ မြင်လိုက်ရသည်။
ဝိညာဉ်စုစည်းခြင်းဝင်္ကပါသည် ပြင်ပဘုံကို ဖိနှိပ်နိုင်သည်။
ထိုဝင်္ကပါသည် အခြေခံအုတ်မြစ်အဖြစ် တခြားကမ္ဘာများကို အသုံးပြုသည်။ စွမ်းအားများအားလုံးသည် ဤကမ္ဘာကို ထောက်ပံ့ပေးထားသည်။
ဤစံအိမ်သည် လုံခြုံစွာပုန်းကွယ်နေနိုင်သည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။
ဝင်္ကပါက ပြင်ပဘုံ၏စွမ်းအားကို အသုံးချထားသည်။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေသည်။ သူက အင်မော်တယ်စွမ်းအင်များကို စုစည်းလိုက်သည်။
မြက်ရိတ်တံထဲတွင် သိမ်းဆည်းထားသော အင်မော်တယ်ချီများက အစိမ်းရောင်သော့တစ်ချောင်းကို ဖန်တီးပေးလိုက်သည်။
“ဒီနေရာမှာရှိနေတဲ့ ဝင်္ကပါကို ငါက နှစ်နာရီအတွင်းမှာ ဖွင့်လိုက်မယ်”
“ဝင်္ကပါအသက်ဝင်သွားရင် ဒီနေရာရဲ့ အကာအကွယ်က ပျောက်ဆုံးသွားလိမ့်မယ်။ အဲဒီအချိန်မှာ ပြန့်ကျဲနေတဲ့ ရတနာတွေက အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်လိမ့်မယ်”
“မင်းတို့က ရတနာတွေကို နှစ်နာရီကြာအောင် ရှာဖွေနိုင်တယ်။ ပြီးရင်တော့ ဝင်္ကပါထဲကို ဝင်ရောက်ပြီး စောင့်နေရမယ်”
ဟန်မူယဲ့၏အသံကို ကြားနိုင်သည်။
မည်သူမှ မဆန့်ကျင်ကြပေ။ သူတို့က သူ့အမိန့်ကို တိတ်ဆိတ်စွာ နာခံလိုက်ကြသည်။
နှစ်နာရီအချိန်သည် သူတို့အတွက် လုံလောက်မှုရှိသည်။
ဤနေရာတွင်ရှိနေသော ရတနာများသည် သူတို့အတွက် ဆယ်ခါပြန်ကျင့်ကြံရန် လုံလောက်သည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နှစ်နာရီပြည့်သွားသည်။
လူတိုင်းက တိတ်ဆိတ်စွာပြန်လာပြီး အသင့်ရှိနေကြသည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော အစိမ်းရောင်သော့က စံအိမ်ပေါ်သို့ ကျရောက်သွားသည်။
“ဘုန်း”
ချီစွမ်းအင်အလင်းက ပေါက်ကွဲထွက်လာပြီး တောက်ပလွန်းသော နတ်ဘုရားအလင်းရောင်ကို မြင်ရသည်။ လူတိုင်းက မျက်လုံးမှိတ်ထားလိုက်ကြသည်။
နတ်ဘုရားခုံရုံး၏ ရတနာစံအိမ်ကို ဖွင့်လှစ်ခဲ့သည်။
အလွန်တောက်ပနေသော ချီစွမ်းအင်အလင်းများသည် တခြားလူများကို ဆွဲဆောင်လိုက်ကြသည်။
ထိုချီစွမ်းအင်အလင်းများသည် လောက၏ ထိပ်တန်းအဆင့်ရတနာကို ကိုယ်စားပြုသည်။
ချီစွမ်းအင်အလင်း တစ်ခုချင်းစီသည် တန်ဖိုးမဖြတ်နိုင်သော ရတနာများပင် ဖြစ်ကြသည်။