အခန်း (၆၈၅)
Vol. 49 Ch. 685
ဟန်မူယဲ့က ကြွားဝါရန်အတွက် အဆုံးမဲ့ပင်လယ်သို့ အလျင်စလိုရောက်လာသည်ဟု ပိုင်ကျီယုက တွေးမိသည်။
‘သူ့ရတနာတွေ အလုခံလိုက်ရမှာ မကြောက်ဘူးလား’
သို့သော် ဟန်မူယဲ့က ဝိညာဉ်ကိုယ်ပွားဖြင့်သာ ရောက်လာခဲ့သည်။ ထိုကိုယ်ပွားက ပျက်စီးသွားမည်ဆိုလျှင်ပင် သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေမည်မဟုတ်ပေ။
အဆုံးမဲ့နတ်ဘုရားဘုရင်က တည်ငြိမ်နေသော်လည်း အငွေ့အသက်များက လှုပ်ရှားသွားခဲ့သည်။
“ကောင်းပြီ။ ငါက ဒီအရည်ကို လိုချင်တယ်”
“မင်းက ဘာကိုလိုချင်တာလဲ”
သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ကျောက်စိမ်းပန်းကန်လုံးသည် သူ့လက်ဝါးပေါ်သို့ ရောက်လာခဲ့သည်။
ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်သည် တန်ဖိုးမဖြတ်နိုင်ပေ။
ဟန်မူယဲ့လိုအပ်နေသောအရာသည် နတ်ဘုရားဘုရင်တစ်ပါးတွင် ရှိနေလိမ့်မည်။
“ကျွန်တော်က တာအိုပြိုင်ပွဲမှာ အကြီးအကဲကို ကိုယ်တိုင်လှုပ်ရှားစေချင်တယ်”
ဟန်မူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
‘ကိုယ်တိုင်လှုပ်ရှားရမယ်’
‘နတ်ဘုရားဘုရင်တစ်ပါးကလေ’
အဆုံးမဲ့နတ်ဘုရားဘုရင်က မျက်မှောင်ကြုတ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ဒါက တာအိုပြိုင်ပွဲလေးတစ်ခုပဲလေ။ ငါလှုပ်ရှားဖို့ မလိုဘူးမဟုတ်လား”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကြည့်သည်။
“နတ်ဘုရားဘုရင်၊ ဒီတာအိုပြိုင်ပွဲရဲ့နောက်ကွယ်မှာ တာအိုဘိုးဘေးတွေပဲ ရှိနေတာလား”
အဆုံးမဲ့နတ်ဘုရားဘုရင်က ဟန်မူယဲ့၏ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ချင်သကဲ့သို့ အနီရင့်ရောင်အလင်းများကို ထုတ်လွှတ်လိုက်သည်။
ဟန်မူယဲ့၏ဘေးတွင် ရပ်နေသော ပိုင်ကျီယုက ခန်းဆောင်၏အပြင်ဘက်သို့ လျင်မြန်စွာထွက်သွားခဲ့သည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး တည်ငြိမ်စွာပြောသည်။
“နတ်ဘုရားဘုရင်က အင်အားစုကြီးတွေရဲ့ တိုက်ပွဲကြားမှာ ဝင်မပါချင်ဘူးလို့ ပြောခဲ့တယ်”
“နတ်ဘုရားဘုရင်တစ်ပါးပြောတဲ့ အင်အားစုကြီးတွေဆိုတာက အထက်ဘုံသုံးပါးမှာရှိတဲ့ လူတချို့ပဲ ဖြစ်လိမ့်မယ်”
သူက ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက တာအိုပြိုင်ပွဲကို စတင်ခဲ့တဲ့အချိန်မှာ အင်အားကြီးတစ်ခုက တွန်းအားပေးနေတယ်လို့ ပြောခဲ့တယ်”
အဆုံးမဲ့နတ်ဘုရားဘုရင်က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“ဟုတ်တယ်။ အထက်ဘုံသုံးပါးရဲ့ အင်အားစုတွေက ဒီကိစ္စမှာ ပါဝင်နေတယ်။ အချိန်ကျလာရင် နတ်ဘုရားဘုရင်တွေတောင် ခံစားရလိမ့်မယ်”
ဟန်မူယဲ့က စကားဆက်မပြောဘဲ အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကြည့်နေခဲ့သည်။
သူက ဆက်ပြောနေရန် မလိုအပ်ပေ။
“မင်းက ငါ့ကို ဝင်ပါစေချင်တယ်ဆိုရင်လည်း ရပါတယ်။ ဒါက လုံလောက်တယ်”
အဆုံးမဲ့နတ်ဘုရားဘုရင်၏ မျက်လုံးများက တောက်ပနေသည်။
“ငါက လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်မှာ ခြေချပြီးနေပြီ။ အရင်တုန်းက မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတာပေါ့”
အဆုံးမဲ့နတ်ဘုရားဘုရင်က တာအိုပြိုင်ပွဲတွင် ဝင်ပါရန် ဆန္ဒရှိသည်။
တာအိုပြိုင်ပွဲ၏နောက်ကွယ်တွင် တာအိုဘိုးဘေးများသာမက နတ်ဘုရားဘုရင်များလည်း ရှိနေကြသည်။
ဟန်မူယဲ့က ခန့်မှန်းထားခဲ့သည်။
“နတ်ဘုရားဘုရင်က နတ်ဘုရားခုံရုံးပျက်စီးသွားတဲ့ကိစ္စမှာလည်း ပါဝင်နေတယ်မဟုတ်လား”
ဟန်မူယဲ့၏စကားကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“ဘုန်း”
နတ်ဘုရားဘုရင်၏ မျက်လုံးထဲတွင်ရှိသော နတ်ဘုရားအလင်းတန်းက ဟန်မူယဲ့နှင့် ထိတွေ့သွားသည်။ ဟန်မူယဲ့က အစိမ်းရောင်အလင်းကို ထုတ်ဖော်လိုက်သည်။
“အင်မော်တယ်စွမ်းအင်”
“မင်းက နတ်ဘုရားခုံးရုံးရဲ့ အကြွင်းအကျန်လား”
အဆုံးမဲ့နတ်ဘုရားဘုရင်၏ လေသံက အေးစက်နေသည်။
“နတ်ဘုရားခုံရုံးလား”
ဟန်မူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“နတ်ဘုရားဘုရင်က အင်မော်တယ်ကမ္ဘာအကြောင်းကို ဘာဖြစ်လို့ မပြောတာလဲ”
မီးတောက်များသည် အဆုံးမဲ့နတ်ဘုရားဘုရင်၏ မျက်လုံးထဲတွင် ပေါ်ထွက်လာကြသည်။ ထိုမီးတောက်များက ဟန်မူယဲ့ကို ချက်ချင်း လောင်ကျွမ်းသွားနိုင်သည်။
အပူနှင့်အအေးက လေးလံသောတူတစ်လက်သဖွယ် ဟန်မူယဲ့၏ဝိညာဉ်ကို တစ်လှည့်စီထုနှက်နေသည်။
သို့သော် ထိုစွမ်းအားသည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော အစိမ်းရောင်အလင်းကို မကျော်ဖြတ်နိုင်ခဲ့ပေ။
နတ်ဘုရားဧကရာဇ် ပြောခဲ့သည့်အတိုင်း အင်မော်တယ်များသည် အင်မော်တယ်များသာ ဖြစ်ကြသည်။
‘မင်းက ဘယ်သူလဲ”
အဆုံးမဲ့နတ်ဘုရားဘုရင်က သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်ထားသည်။
ဟန်မူယဲ့က မဖြေဘဲ လက်မြှောက်ပြသည်။
သူက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး အဆုံးမဲ့နတ်ဘုရားဘုရင်ကို ဖိချသည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က လက်၏လှုပ်ရှားမှုကို ကြည့်လိုက်ပြီး အံ့အားသင့်သွားခဲ့သည်။
“သစ်သားနတ်ဘုရားမလား”
သူက ချီစွမ်းအင်များကို ရုတ်သိမ်းလိုက်ပြီး စိတ်လှုပ်ရှားနေသည်။
“သစ်သားနတ်ဘုရားမက အသက်ရှင်နေတုန်းလား”
“သူမက ဘယ်မှာလဲ”
သူ၏ သတ်ဖြတ်လိုစိတ်များက ပျောက်ကွယ်သွားခဲ့သည်။ မျက်လုံးထဲတွင်ရှိနေသော ရေခဲနှင့်မီး စွမ်းအားများကလည်း ပျောက်ကွယ်သွားကြသည်။
“သူမက ဘယ်မှာလည်းဆိုတာ ကျွန်တော်လည်းမသိဘူး”
“ပြန်တွေ့မယ်လို့တော့ ပြောသွားတယ်”
သူက လက်လှုပ်ရှားမှုကို မှတ်ဉာဏ်များမှတစ်ဆင့် သင်ယူခဲ့သည်။ နတ်ဘုရားဧကရာဇ်ကို ပလ္လင်ပေါ်မှ တွန်းချခဲ့သော လက်တစ်စုံဖြစ်သည်။
ကောင်းကင်ဖိနှိပ်လက်ဟု ခေါ်သည်။
ယခုအချိန်တွင် သူက အစစ်အမှန်စွမ်းအားမပါသော လက်ဝါးချက်ကိုသာ ထုတ်ဖော်နိုင်သည်။
သို့သော် ထိုအရာသည် လုံလောက်သည်။
သူက လက်ဝါးချက်၏စွမ်းအားကို ထုတ်ဖော်နိုင်လျှင်ပင် လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်သို့ ရောက်နေသော အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် အဆုံးမဲ့နတ်ဘုရားဘုရင်က လက်ဝါးချက်ကို မှတ်မိသွားခဲ့သည်။
နတ်ဘုရားခုံရုံး ပျက်စီးသွားသောအချိန်တွင် ဟန်မူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် ဆင်တူသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်ခဲ့ရသည်။
ထို့အပြင် ထိုလူ၏ နည်းစနစ်များက အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် အမွေအနှစ်တူသည်။
ထို့ကြောင့် ဟန်မူယဲ့က သတင်းနှိုက်ရန်အတွက် အဆုံးမဲ့နတ်ဘုရားဘုရင်ဆီသို့ ရောက်လာခဲ့သည်။
ထိုအချက်သည် သူ့အတွက် အလွန်အရေးကြီးသည်။
ဟန်မူယဲ့က နတ်ဘုရားခုံရုံး၏ အကြွင်းအကျန်အင်အားစုနှင့် နတ်ဘုရားခုံရုံးအား တွန်းလှန်ခဲ့သော အင်အားစုကို သိချင်သည်။
“ဟုတ်တယ်။ နတ်ဘုရားခုံရုံးကို ရှင်းလင်းပစ်ဖို့အတွက် သစ်သားနတ်ဘုရားမက ငါ့ကို ဆင့်ခေါ်ခဲ့တယ်”
အဆုံးမဲ့နတ်ဘုရားဘုရင်က ခေါင်းညိတ်လိုက်ပြီး ဝမ်းနည်းနေသောမျက်နှာထားဖြင့် ပြောသည်။
“အမှန်အတိုင်းပြောရရင် သစ်သားနတ်ဘုရားမနဲ့ တခြားပုဂ္ဂိုလ်ကြီးတွေကြောင့် နတ်ဘုရားခုံရုံးက ပျက်စီးသွားခဲ့တယ်”
“နတ်ဘုရားခုံရုံးရဲ့ အကာအကွယ်ဝင်္ကပါက အရမ်းအားကောင်းတယ်။ နတ်ဘုရားဘုရင်တစ်ပါးကတောင် မချိုးဖောက်နိုင်ဘူး”
ဟန်မူယဲ့က ထိုအကြောင်းကို သိထားသည်။
နတ်ဘုရားခုံရုံး ပျက်စီးသွားသောအချိန်တွင် အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် တခြားလူများက အဝေးတစ်နေရာတွင် ရပ်နေကြသည်။ သူတို့က အဆင့်နိမ့် နတ်ဘုရားစစ်သူကြီးများကိုသာ တိုက်ခိုက်နိုင်ကြသည်။
“နတ်ဘုရားဘုရင်၊ နတ်ဘုရားခုံရုံးကို တိုက်ခိုက်ခဲ့တဲ့လူက ဆည်ထဲမှာလား ဒါမှမဟုတ် ဆည်အပြင်ဘက်မှာလား”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
သူ့စကားကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ဆည်အပြင်ဘက်မှာရှိနေတဲ့ လူတွေနဲ့ ဆက်သွယ်ခဲ့တာလား”
ဟန်မူယဲ့က ဆည်အပြင်ဘက်သို့ မရောက်ခဲ့လျှင် ထိုမေးခွန်းကို မေးမည်မဟုတ်ပေ။
“ဟုတ်ပါတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်သွားခဲ့တဲ့ ကျင့်ကြံသူကြီးတွေကြားမှာ လူတစ်ယောက်က နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်”
ဟန်မူယဲ့က နတ်ဘုရားဘုရင်ချီယန်နှင့် ဆုံတွေ့ခဲ့သောအကြောင်းကို ပြောပြလိုက်သည်။
“ကောင်းကင်ရင်းမြစ်ကမ္ဘာ။ ဟားဟား၊ အဲဒီတော့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက ကောင်းကင်ရင်းမြစ်ကမ္ဘာပေါ့လေ။ သူတို့က တိုက်ခိုက်ချင်နေကြတာ မထူးဆန်းတော့ပါဘူး”
အဆုံးမဲ့နတ်ဘုရားဘုရင်က တစ်ခုခုကို နားလည်သွားပုံရပြီး ရယ်မောလိုက်သည်။
“ဆည်ပြင်ပမှာ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုစွမ်းအား မရှိတဲ့အတွက် သူတို့ကို နတ်ဘုရားဘုရင် တစ်ဝက်အဆင့်လို့ပဲ ယူဆနိုင်တယ်။ အရင်ကတည်းက နတ်ဘုရားဘုရင်တစ်ပါး ဖြစ်ပြီးသားဆိုရင်တော့ တစ်မျိုးပေါ့”
“အမှန်အတိုင်းပြောရရင် မင်းသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်”
အဆုံးမဲ့နတ်ဘုရားဘုရင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ယခင်က နတ်ဘုရားခုံရုံးသည် ပျက်စီးသွားခဲ့သည်။ သို့သော် ထိုတိုက်ပွဲသည် အလစ်တိုက်ခိုက်မှုသာဖြစ်ပြီး နတ်ဘုရားခုံရုံး၏ ကျွမ်းကျင်သူများအားလုံးက သေဆုံးမသွားခဲ့ကြပေ။
ဆည်သည် မဟာတာအိုပျက်စီးသွားသော သက်ရှိများကို ကာကွယ်ပေးထားသည်။ ထို့အပြင် နတ်ဘုရားခုံရုံး၏ အကြွင်းအကျန်အင်အားစုများကိုလည်း တားဆီးထားသည်။
ရှေးတိမ်တိုက်စကြဝဠာ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသည် နတ်ဘုရားခုံရုံး၏ ကျွမ်းကျင်သူများပင် ဖြစ်ကြသည်။
တချို့ကျွမ်းကျင်သူများသည် နတ်ဘုရားဧကရာဇ်နှင့် ယှဉ်နိုင်သည်။
ထို့အပြင် သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဖွင့်လှစ်ပြီး အင်မော်တယ်ကမ္ဘာနှင့် ဆက်သွယ်နိုင်ကြသည်။
နောက်ပိုင်းတွင် နှစ်ပေါင်းတစ်သိန်း ကုန်ဆုံးသွားခဲ့သည်။ အင်မော်တယ်တက်လှမ်းစင်မြင့်က အလိုလျောက် အသက်ဝင်လာပြီး အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများက ဆင်းသက်လာကြသည်။ သစ်သားနတ်ဘုရားမနှင့် မဟာပုဂ္ဂိုလ်ကြီးများက တိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် သစ်သားနတ်ဘုရားမက ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ မဟာပုဂ္ဂိုလ်ကြီးများလည်း သေဆုံးသွားကြသည်။
အင်မော်တယ်ကမ္ဘာ၏ စွမ်းအားကို တွေးကြည့်နိုင်သည်။
သို့သော် ထိုတိုက်ပွဲအပြီးတွင် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ပြီး အင်မော်တယ်ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်နိုင်ခဲ့သည်။
“ကျွမ်းကျင်သူကြီးတွေ မရှိတော့တဲ့အတွက် အင်မော်တယ်ရင်းမြစ်ကမ္ဘာက ကွဲထွက်သွားခဲ့တယ်”
“နတ်ဘုရားခုံရုံးနဲ့ သက်ဆိုင်ခဲ့တဲ့ ပျက်စီးခြင်းတောရိုင်းကလည်း အတူတူပဲ”
“အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ပြီးသွားတဲ့အခါမှာ ကျန်ရှိနေတဲ့ ကျွမ်းကျင်သူတွေက အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့ ဘုံကိုးပါးကို တည်ဆောက်ခဲ့ကြတယ်”
“သူတို့က ခုံရုံးကို ပြန်ပြီး တည်ဆောက်ကြတော့မယ်”
အဆုံးမဲ့နတ်ဘုရားဘုရင်၏ မျက်နှာထားက ခါးသီးနေသည်။
ရှေးခေတ်ကျွမ်းကျင်သူများသည် အင်မော်တယ်ကမ္ဘာ၏ ဖိနှိပ်မှုမှ လွတ်မြောက်သွားပြီဟု ယူဆခဲ့ကြသည်။
သို့သော် အချိန်များ ကုန်ဆုံးသွားသောအခါတွင် သူတို့က ဆက်လက် မတိုးတက်နိုင်ကြတော့ပေ။
အင်မော်တယ်ကမ္ဘာနှင့် အင်မော်တယ်တက်လှမ်းစင်မြင့်တို့ မရှိသောကြောင့် သူတို့က ကျင့်ကြံခြင်းလမ်းစဉ်တွင် ရပ်တန့်နေကြသည်။
“အင်မော်တယ်ချီ၊ ကျင့်ကြံခြင်းအမွေအနှစ်အများစုက နောက်ဆုံးအဆင့်အတွက် အင်မော်တယ်ချီကို လိုအပ်တယ်”
“အဲဒါက အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံခြင်းအမွေအနှစ်ဆိုတာကို လူတိုင်းသိနေကြပေမဲ့ ဘာမှမတတ်နိုင်ခဲ့ဘူး”
“ပြီးတော့ မင်းက ပြန်လည်ကျင့်ကြံမယ်ဆိုရင်တောင် ကိုယ်ပိုင်တာအိုကို ရှာဖွေနိုင်မှာမဟုတ်ဘူး၊ ဒီလောကမှာ မူရင်းကျင့်ကြံခြင်းနည်းစနစ်တွေက ပျောက်ကွယ်လုနီးပါး ဖြစ်နေကြတယ်”
“အင်မော်တယ်ချီကို အသုံးပြုပြီး ဆက်လက်ကျင့်ကြံရမယ်။ ဒါမှမဟုတ် ဒီအတိုင်းပဲ ရပ်တန့်နေရမယ်။ ရွေးချယ်စရာ မရှိခဲ့ဘူး”
အဆုံးမဲ့နတ်ဘုရားဘုရင်၏ စကားကြောင့် ဟန်မူယဲ့၏နှလုံးသားက အေးစက်သွားခဲ့သည်။
ထိုသို့ဆိုလျှင် အဆုံးတွင် ပြဿနာဖြစ်လာလိမ့်မည်။
“လူတစ်ယောက်က ဆည်ပြင်ပမှာရှိတဲ့ အင်အားစုနဲ့ ပူးပေါင်းပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာကို တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့တယ်”
“လူတစ်ယောက်က ချိပ်စည်းကို ခိုးဖွင့်ပြီး အင်မော်တယ်ကမ္ဘာကို သွားဖို့ ပြင်ဆင်နေခဲ့တယ်”
“ဟားဟား၊ အရာအားလုံးက ဟာသကြီးတစ်ခုလိုပဲ”
“ငါတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ခဲ့ကြတယ်။ အခု ငါတို့ကပဲ ပြန်ဖွင့်ချင်နေတယ်”
အဆုံးမဲ့နတ်ဘုရားဘုရင်က ခေါင်းခါလိုက်ပြီး စိတ်ပျက်စွာပြောသည်။
“ငါက သူတို့တွေရဲ့ ငြင်းခုန်သံတွေကို မကြားချင်တော့လို့ အထက်ဘုံသုံးပါးကနေ ထွက်လာခဲ့တယ်”
ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်မှ ထွက်လာသောအခါတွင် ကျင့်ကြံခြင်းလောက၏အကြောင်းကို အနည်းငယ် နားလည်သွားခဲ့သည်။
ဆည်သည် ဖရိုဖရဲဖြစ်နေသော်လည်း ပုန်းကွယ်နေသောအင်အားစုတချို့ ရှိနေကြသည်။
ရှေးနတ်ဘုရားကျဆုံးနယ်မြေ၏ အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါးတွင် လူတချို့သည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ရန်အတွက် ဆုံးဖြတ်ထားကြသည်။ တချို့က အဆုံးမဲ့နတ်ဘုရားဘုရင်ကဲ့သို့ လမ်းစဉ်အသစ်ကို ရှာဖွေကြသည်။
ပြန်လည်မွေးဖွားရန်အတွက် တိတ်ဆိတ်စွာ ရွေးချယ်လိုက်ကြသော အင်အားစုများလည်း ရှိနေကြသည်။
ထိုအင်အားစုများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကြသည်။ တာအိုပြိုင်ပွဲတွင် ဝင်ပါနေသောလူကို အဆုံးမဲ့နတ်ဘုရားဘုရင်ကပင် မသိပေ။