← Chapters

ခြေလေးချောင်းဝေလငါးအား တိုက်ခိုက်ခြင်း

Vol. 87 Ch. 1209

ခြေလေးချောင်းဝေလငါးအား တိုက်ခိုက်ခြင်း

Vol. 87 Ch. 1209

ရုတ်ချည်းဆန်သော အပြောင်းအလဲမှာ အားလုံးကို ထိတ်လန့်သွားစေသည်။

ဝေလငါးသည် တံထွေးတစ်ချက်သာ ထွေးလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းအတွက် ထိုသည်မှာ ရေဗုံးကြီး တစ်လုံးလိုပင်။

အန်လင်း၏ အမူအရာ ပြောင်းလဲကာ မီးနတ်ဘုရားအသွင်အား အသက်သွင်းလိုက်ပြီးနောက် မီးတောက်ခုနစ်သွယ် အစွမ်းဖြင့် လက်ဝါးပုံရိပ်တစ်ခု ထုတ်ဖော်လိုက်သည်။

ရေဗုံးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

ဘန်း.....

တံထွေးလုံးကြီး အငွေ့ပျံသွားသလို မီးလက်ဝါးလည်း ပျောက်ကွယ်သွားလေသည်။

အပူလှိုင်းနှင့် ရေခိုးရေငွေ့များမှာ ပတ်ဝန်းကျင်တခွင် ပျံ့နှံ့သွားသည်။

ကျောင်းသားများမှာ တိုက်ကွက်ဖလှယ်မှုကြောင့် အူကြောင်ကြောင် ဖြစ်ကုန်သည်။

“ဆရာ့ဆရာကြီးတွေက အဲ့လိုပဲလား။ ရိုးရိုးလေး တိုက်ရုံနဲ့ အဲ့လိုတွေ လုပ်နိုင်တယ်ပေါ့။”

ကျောင်းသားများမှာ လေနှင့်အတူ ပါလာသော ရေခိုးရေငွေ့များအား လက်ဆန့်ထုတ်ကာ ကြိုဆိုလျက် တိုက်ပွဲအငွေ့အသက်အား ရရှိနိုင်ရန် ပြုလုပ်နေကြသည်။ အချို့ဆိုလျှင် အားပါးတရပင် ရှူသွင်းနေသေးသည်။

“သောက်ရူးကောင်..... ဘာတွေလုပ်နေတာလဲ။ အဲ့ဒါ ခြေလေးချောင်း ဝေလငါးရဲ့ တံထွေးငွေ့တွေနော်။ မရွံမရှာ ရှူသွင်းနေတာလား။”

“သောက်ကျိုးနည်း...”

“ဝေါ့....”

“ခြေလေးချောင်း ဝေလငါး ခင်ဗျားကို သတ်ပစ်မယ်။ ဝေါ့....”

တံထွေးငွေ့အား ရှူသွင်းမိသော ကျောင်းသားများမှာ အော်ဂလီဆန်ကုန်ကြသည်။

၎င်းတို့သည် ခြေလေးချောင်း ဝေလငါး၏ တံထွေးငွေ့များအား အားရပါးရ ရှူမိကြသည် မဟုတ်လော။ ထိုသည်မှာ ရွံရှာဖွယ် ကောင်းလွန်းလှသည်။

ကျောင်းသားအများစုမှာ မြေပြင်ပေါ် လဲကျကုန်သည်။

မလဲကျသေးသော ကျောင်းသားများမှာမူ အန်လင်းကိုသာ စူးစူးစိုက်စိုက် ကြည့်ရှုနေကြသည်။

“နတ်ဘုရားအန်ရဲ့တိုက်ပွဲကို မြင်ရဖို့က လွယ်တာမဟုတ်ဘူး။ သေသေချာချာ အာရုံစိုက်ရမယ်။”

“လဲကျသွားလို့ မဖြစ်ဘူး။ အဆုံးထိ နတ်ဘုရားအန်နဲ့ ရှိနေရမယ်။”

“ကျောင်းသားအန်လင်း အဲ့ငိုးမဝေလငါးကို ပညာပေးလိုက်စမ်းပါ။”

.......

ကျောင်းသားများမှာ ဝေလငါး၏ ဖိအားကို တောင့်ခံရင်း အုတ်ခဲနက်ပေါ်မှ အမျိုးသားအား ငေးကြည့်နေကြသည်။

“တစ်ခုခု ပြန်မလုပ်ရင် ရိုင်းရာကျမှာပေါ့။”

အန်လင်းမှာ မီးနတ်ဘုရားအသွင်နှင့်အတူ ရှေ့တိုးသွားလိုက်သည်။

မီးတောက်စွမ်းအင်များကြောင့် မျက်စိတမှိတ်အတွင်း သူ၏လက်တစ်ဖက်မှာ နေမင်းနီးနီး တောက်ပနေလေပြီ။

မီးနတ်ဘုရားလက်သီး ပြင်းအားသုံးဆ....

ဘန်း.....

သူဝေလငါးအား ထိုးချလိုက်သည်။

ဝေလငါး၏ ဦးခေါင်းထက်တွင် အလင်းရောင်များ ပေါက်ကွဲသွားလေသည်။

ရွှေရောင်စွမ်းအင်များနှင့်အတူ ပြင်းထန်လှသော အဖျက်စွမ်းအင်များ ဖြာထွက်လာတော့သည်။

ဝုန်း.....

ထိုလက်သီးချက်မှာ ကောင်းကင်နှင့်မြေပြင်အား ထွန်းလင်းသွားစေသည်။

ဝေလငါးမှာ ခပ်တိုးတိုး ညည်းညူရင်း အနက်ရောင် အရည်များပင် ထုတ်လိုက်သေးသည်။ လက်သီး၏ ပြင်းအားကြောင့် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ထဲ နစ်ဝင်သွားရသည်။

စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်ရှိ သစ်ပင်များအား အမြစ်မှ လန်သွားစေသည်။

စုရှောင်လန်နှင့် အခြားသော ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများသည်ပင် ကျောင်းသားများအား ကာကွယ်ရန်အတွက် အကာအရံများ ထုတ်လွှတ်လိုက်ကြရသည်။

“သောက်ကျိုးနည်း ကြောက်စရာကောင်းလိုက်တာ။ ကျောင်းသားအန်လင်းက အဲ့လိုကြီးလား။”

“ငါသာထိုးခံရရင် တစ်ခါထဲ ပျောက်ကွယ်သွားလောက်တယ်။”

“မြန်မြန်ရှောင်နေကြ.... ဒီတိုက်ပွဲက စွမ်းအင်လှိုင်းဂယက်တွေက အန္တရာယ် များလွန်းတယ်။”

ဟင်းလင်းပြင်သို့အပြန်အဆင့် ဆရာများ တစ်ဦးကိုတစ်ဦး ဆက်သွယ်ပြောဆိုလိုက်ကြသည်။

အန်လင်း အကြိတ်အနယ် တိုက်ခိုက်သည်မှာ ရှားပါးလှသော အခွင့်အရေး ဖြစ်သဖြင် မည်သည့်ကျောင်းသားကမှ ထွက်မသွားချင်ပါသော်လည်း ဆရာများ၏ မောင်းထုတ်မှုကို ခံလိုက်ကြရသည်။

ဖုန်မှုန့်များ ဖြည်းညင်းစွာ ငြိမ်သက်သွားသည်။

ဝေလငါးမှာ အန်လင်း၏ ထိုးနှက်ချက်ကြောင့် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေလေပြီ။

တစ်ဖက်တွင်မူ အန်လင်းမှာ တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ဝေလငါးကြီးတွင် ခြစ်ရာကလေးမျှပင် မရှိသေးသောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ ဖြစ်နိုင်သည်။

“ခင်ဗျားက ဘယ်သူလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

ဝေလငါးကြီးသည် မထီမဲ့မြင် အမူအရာ ရှိပါသော်လည်း မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သိသာလှသည်။ ထိုသို့မဟုတ်ပါက အန်လင်းတို့ ရောက်မလာခင်မှာပင် ဆရာ၊ ဆရာမများရော ကျောင်းသူကျောင်းသားများပါ ငါးပါးမှောက်ကုန်လိမ့်မည်။

ဝေလငါးကြီးမှာ ပါးစပ်ဟလာသည်။

“အဟမ်း.... ထွီ...”

ရေဗုံးခွဲလိုက်ပြန်လေပြီ။

အန်လင်း မျက်နှာပျက်ကာ မီးလက်ဝါးအား ထုတ်လိုက်သည်။

ဘန်း.....

စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံကာ ရေလုံးကြီး အငွေ့ပျံသွားသည်။

“အဟမ်း... ထွီ.... ထွီ.... ထွီ....”

ဝေလငါးမှာ တံထွေးတိုက်ကွက်များ ထုတ်လွှတ်လာသည်။

တံထွေးလုံးကြီး တစ်လုံးချင်းစီသည် ပေသောင်းချီသော တောင်များကိုပင် ပြိုစေနိုင်သည်အထိ အားပြင်းလှသည်။

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

“ခင်ဗျားမှာ အသိစိတ်ရော ရှိသေးရဲ့လား။”

သူသည် မီးကျင့်စဥ်အားသုံးကာ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရသည်။

ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများမှာလည်း နေရာအနှံ့ ပျံ့ကုန်သော ဝေလငါး တံထွေးများကြောင့် အသက်ပင် မရှူရဲတော့ပေ။

မကြာမီပင် ဝေလငါးကြီးလည်း ပင်ပန်းသွားသည်။

ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှာ ဒေါသထွက်နေကြလေပြီ။

“ဟောဟဲ.... ဟောဟဲ အသက်မရှူရလို့ သေပြီတောင် ထင်နေတာ။”

“ဝေလငါး တံထွေးကို တွေးမိတိုင်း အန်ပါအန်ချင်တယ်။”

“ငိုးမဝေလငါးကတော့....”

“အရှက်မဲ့ပြီး ညစ်ပတ်မောက်မာလိုက်တာ။”

ဝေလငါးကြီး၏ အမူအရာမှာ မထီမဲ့မြင် နိုင်လွန်းလှသည်။

ထိုအပြုအမူကြောင့် အားလုံး ပေါက်ကွဲကုန်သည်။ ဟင်းလင်းပြင်သို့အပြနအဆင့် ဆရာများဆိုလျှင် ဝင်ချချင်စိတ်များ မအောင့်မအီးနိုင် ဖြစ်လာရသည်။

ဝေလငါးကြီးသည် အန်လင်းအားကြည့်ကာ အသိအမှတ်ပြုသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလာသည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

ဘာတွေဖြစ်နေတာလဲ.... ဒင်းတံထွေးကို ခုခံနိုင်လို့ အသိအမှတ် ပြုနေတာလား.....

ထို့နောက် ဝေလငါးမှာ ပါးစပ်ဟလာပြန်လေသည်။

အန်လင်း : “.....”

ဝှစ်.....

ယခုတစ်ကြိမ်တွင် ၎င်းထံမှ အလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုအလုံးပေါ်တွင် ရွှေရောင်ဖြင့် ရေးထွင်းထားသော ထိုက်ချူစာသားများ ရှိနေသည်။

အထင်ကြီးစရာပဲ... ကောင်လေး မင်းက ဒီကျောင်းတော်ကလား....

အန်လင်း နားမလည်နိုင် ဖြစ်သွားသည်။

တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲက စကားမပြောနိုင်ဘူးလား.....

မည်သို့ပင်ဆိုစေကာမူ သူခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ကျောင်းတော်ကို စောင့်ရှောက်နေတာလည်း ကျွန်တော်ပဲ။ ရုတ်ရုတ်ရုတ်ရုတ် လာမလုပ်နဲ့။ ပြီးတော့ ခင်ဗျားက ဘယ်သူလဲ။”

ဝေလငါးကြီး ပြုံးသွားသည်။

“ဟားဟားဟား....”

အန်လင်းသည် ထိုဝေလငါးအား အရူးဟုပင် ထင်လာမိသည်။

ဝေလငါးမှ အလုံးတစ်လုံး ထပ်မှုတ်ထုတ်လိုက်သည်။

ငါမြင်ဖူးသမျှထဲ မင်းက အတော်ဆုံး ကျောင်းသားပဲ.... ဒါပေမယ့် ငါကမှ ကျောင်းတော်ကို စောင့်ရှောက်နေတဲ့သူပါ....

ရွှေရောင်စာလုံးများမှာ ကြီးမားလွန်းသောကြောင့် လူတိုင်း မြင်တွေ့နိုင်သည်။

အားလုံး ဒေါသထွက်ကုန်ကြသည်။

“လစ်စမ်းပါ။ အရှက်မရှိတဲ့ မိစ္ဆာကများ.... နည်းနည်းလေးတောင် မရှက်တတ်ဘူးလား။”

“ကျောင်းတော်ကို တံထွေးနဲ့ စောင့်ရှောက်နေတာလား။”

“ဒီဝေလငါးက ရူးနေတာများလား။”

အားလုံးမှာ ဝေလငါးအပေါ် အထင်အမြင်ကောင်း ရှိမနေသောကြောင့် အားပါးတရ ပြောဆိုကြတော့သည်။

တစ်ဖက်တွင်မူ အန်လင်းမှာ အတွေးများ လေးနက်သွားသည်။

ဒီဝေလငါးက ကျောင်းတော်ကို လျှို့ဝှက်စောင့်ရှောက်နေတာများလား.... ရုပ်ဆိုးတယ် ဆိုပေမယ့် ဒီလို ဒဏ္ဍာရီလာသားရဲက ကျောင်းတော်ကို စောင့်ရှောက်တာ ဖြစ်နိုင်တာပဲ.....

ဝေလငါးကြီးမှာ အလုံးတစ်လုံး မှုတ်ထုတ်လိုက်ပြန်သည်။

ချစ်ရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ငါက မင်းတို့ ကျောင်းအုပ် ဝမ်ရှန်းယွီပါ...

All Chapters