ငါကတကယ့်ကျောင်းအုပ်ပဲ
Vol. 87 Ch. 1210
ချစ်ရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ငါက မင်းတို့ ကျောင်းအုပ် ဝမ်ရှန်းယွီပါ......
ရွှေရောင်စာလုံးများမှာ ကြီးမားလွန်းလှသည်။
အားလုံး တိတ်ဆိတ်သွားသည်။
ဆရာ၊ ဆရာမများမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။
ဆရာတစ်ဦးဆိုလျှင် ဓားကိုပင် လွှတ်ချလိုက်မိသည်။
လူတိုင်းမှာ လှုပ်ပင်မလှုပ်နိုင်ကြတော့ပေ။
နှုတ်ခမ်းထူထူနှင့် တံထွေးတဗျစ်ဗျစ်ထွေးနေသော ခြေလေးချောင်း ဝေလငါးသည် ၎င်းတို့၏ ကျောင်းအုပ်ဖြစ်နိုင်မည်လော။
မည်သူမှ မမြင်ဖူးသော ဒဏ္ဍာရီလာ ကျောင်းအုပ်သည် မိစ္ဆာတစ်ကောင်ပေလော။
“ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
“လုံးဝလက်မခံနိုင်ဘူး.....”
“ငါတို့ရဲ့ ကျောင်းအုပ်က ဝေလငါးမိစ္ဆာတဲ့လား။”
“ပြီးတော့ ငါတို့ကို တံထွေးနဲ့တောင် ထွေးသေးတယ်။”
“ဝေါ့.... လုံးဝမဖြစ်နိုင်ဘူး.....”
“ဝေါ့.....”
ဆရာ၊ ဆရာမများရော၊ ကျောင်းသူကျောင်းသားများပါ ရူးတော့မလို ဖြစ်ကုန်သည်။
“သောက်ကျိုးနည်း.... ငါတို့ ကျောင်းအုပ်က အရမ်းချောတဲ့သူပါ။ ကျောင်းတော်ရဲ့ အောင်မြင်မှုခန်းမမှာ သူ့ပုံတူရှိတယ်။”
“ဟုတ်တယ် ဒီလို အရှက်မရှိတဲ့ ဝေလငါး မဟုတ်ဘူး။”
“တော်တော်ဆိုးတဲ့ နောက်ပြောင်မှုပဲ။”
“ရာစုနှစ်တစ်ခုတုန်းက ကျောင်းအုပ်ကို ငါမြင်ဖူးတယ်။ ယဥ်ကျေးမှုရှိတဲ့ ကိုယ်လူချောတစ်ယောက်ပဲ။ တံထွေးအမြှောက်ကောင် မဟုတ်ဘူး။”
၎င်းတို့မှာ စတင်ငြင်းဆန်လာကြသည်။
ဝေလငါးမှာ အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။
ငါက ဝမ်ရှန်းယွီပါ။ အခြေအနေ တချို့ကြောင့် အခုလို ဖြစ်သွားရတာ။ မဟုတ်ရင် ငါကကျောင်းတော်ရဲ့ အကာအကွယ် ဝင်္ကပါကို ဘယ်လိုလုပ် ကျော်ဝင်လာနိုင်မှာလဲ....
တောက်ပသော ရွှေရောင်စာလုံးများ ပေါ်ထွက်လာပြန်သည်။
သို့သော် မည်သူကမှ မယုံကြည်ကြပေ။
ရုတ်ချည်းဆိုသလို ဒုကျောင်းအုပ် ယွီဟွားနှင့် ကောင်းကင်အရှင်သခင်တို့ ရောက်ရှိလာသည်။
“ကျောင်းအုပ်ကြီး ကျုပ်အကူအညီ ရလိုရငြား ကောင်းကင်အရှင်သခင်ပါ ခေါ်လာတယ်။”
ဒုကျောင်းအုပ် ယွီဟွား အော်ဟစ်လိုက်သည်။
“ဟ... ဘယ်လိုလုပ် လူတွေအများကြီး ရှိနေရတာလဲ။”
ဝေလငါးကြီး မှုတ်ထုတ်လိုက်ပြန်သည်။
ကျောင်းတော်ကို တစ်ချက်လောက် လာကြည့်တာ... ငါက အရမ်းကြီးနေတော့ လူတွေ အာရုံစိုက်မိသွားကြတယ်.....
ဒုကျောင်းအုပ် ယွီဟွား ခေါင်းညိတ်လိုက်သည်။
“အော်.... အဲ့လိုကိုး....”
“ဟားဟား မင်းတကယ် ပြန်လာပြီပဲ ဝမ်ရှန်းယွီ...”
ကောင်းကင်အရှင်သခင် နွေးထွေးစွာ ပြုံးပြလာသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။
အန်လင်း အပါအဝင် အားလုံးမှာ လေငါးအားကြည့်ကာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ကြရသည်။
တကယ်ကြီး ကျောင်းအုပ်ပေါ့......
၎င်းတို့သည် ဝေလငါးအား မယုံကြည်ပါသော်လည်း ဒုကျောင်းအုပ်နှင့် ကောင်းကင်အရှင်သခင်တို့အား မငြင်းပယ်နိုင်ကြပေ။
ဒါကြီးက တကယ်ကျောင်းအုပ်လား.....
“ဘုရားရေ ငါတို့ကျောင်းအုပ်က ဝေလငါးတဲ့။”
“ရုပ်ချောတဲ့ အင်မော်တယ်ပဲ ဖြစ်သင့်တာလေ။ ငါလက်မခံနိုင်ဘူး။”
ကျောင်းသားအချို့မှာ မြေပြင်ပေါ် လဲကျကုန်သည်။
အိပ်မက်များ ပျက်စီးကုန်သောကြောင့် ၎င်းတို့၏ စိတ်နှလုံးများ နာကျင်သွားရသည်။
“အားလုံး ပြီးသွားပြီ။ ကျောင်းအုပ်ကို စော်ကားမိမှတော့ ကျောင်းထွက်ပြီး ရရာအလုပ် လိုက်ရှာရတော့မယ်။”
ဆရာများလည်း စိတ်မတည်မငြိမ် ဖြစ်ကုန်သည်။
၎င်းတို့မှာ အမှန်တရားအား ခက်ခက်ခဲခဲ လက်ခံလိုက်ကြရသည်။
အန်လင်းသည်ပင် ခေါင်းရှုပ်သွားရသည်။
ထိုဒဏ္ဍာရီလာသားရဲသည် ကျောင်းတော်၏ အစောင့်အရှောက်ဟု ထင်ထားခဲ့ပါသော်လည်း ကျောင်းအုပ် ဖြစ်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အန်လင်းအား ကျောင်းတော်၏ စောင့်ရှောက်သူဟု ဆိုခဲ့ခြင်းမှာ အဓိပ္ပာယ်ရှိပေသည်။ ထိုဝေလငါးသည် ကျောင်းအုပ် ဖြစ်နေသည် မဟုတ်လော။
“ကျောင်းအုပ်ဝမ် အရှိန်အဝါကို ထိန်းပါဦး။ အားလုံး ကြောက်ကုန်တော့မယ်။ သူတို့တွေက အတန်းတက်ရဦးမှာ။”
ဒုကျောင်းအုပ် ယွီဟွား သတိပေးလိုက်သည်။
ဝေလငါး အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။
ငါက စမ်းသပ်နေတာပါ။ အရမ်းအားရဖို့ကောင်းတယ်။ သူတို့အားလုံး ကျောင်းတော်အပေါ် ဂုဏ်ယူစိတ် ရှိကြတယ်။ ခံစားချက် ထုတ်ပြဖို့လဲ ဝန်မလေးကြဘူး။ ယုံကြည်ရာအတွက် တိုက်ခိုက်နိုင်ကြတယ်။
အားလုံး ရှက်သွေးဖြာသွားရသည်။
ခံစားချက် ထုတ်ပြခြင်း ဆိုသည်မှာ ၎င်းအား ဆဲဆိုနေသည်ကို ပြောခြင်းပေလော။
အန်လင်းသည်ပင် အနည်းငယ် ရှက်ရွံ့သွားရသည်။
တိုက်ခိုက်ရဲသည် ဆိုသည်မှာ မီးနတ်ဘုရားအသွင်ဖြင့် သမခဲ့သည်ကို ပြောခြင်းပေလော။
ဝေလငါးကြီး မှုတ်ထုတ်လိုက်ပြန်သည်။
အဲ့ဒါကြောင့် အံ့ဖွယ်အရည်နဲ့တောင် ဆုချခဲ့တယ်....
အားလုံး ကြောင်တောင်တောင် ဖြစ်ကုန်သည်။
ဘာအံ့ဖွယ်အရည်လဲ.....
“အား.... စွမ်းအင်ဝင်ပေါက်တွေ ပွင့်သွားသလို နွေးထွေးသွားတာ မထူးဆန်းတော့ပါဘူး။”
“ဘာကလဲ။”
“မင်းမယုံလောက်ပေမယ့် ငါတံထွေးငွေ့တွေ ရှူသွင်းခဲ့မိတယ်။”
“ငါရောပဲ။ စွမ်းအင်ဝင်ပေါက်တွေ ပွင့်သွားသလို ခံစားခဲ့ရတာ။”
“ကျောင်းအုပ်ရဲ့ တံထွေးတွေက အံ့ဖွယ်အရည်များလား။”
အားလုံး အံ့အားသင့်ကုန်သည်။
ရှောင်ခဲ့မိသူများမှာလည်း နောင်တအကြီးအကျယ် ရကုန်ကြသည်။
မတော်တဆ ရှူခဲ့မိသူများမှာမူ ဆေးစားမိသည့်အလား ဝမ်းသာအားရ ဖြစ်ကုန်သည်။
“ဟားဟား ကျောင်းအုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ။”
“အား.... စောစောသိရင် ရှူသွင်းခဲ့ပါတယ်။”
“တံထွေးက တကယ်အလုပ်ဖြစ်သွားတာပေါ့။”
ကျောင်းသားကျောင်းသူများမှာ တံထွေးမှန်း သိနေပါသော်လည်း လေထဲတွင် ကျန်နေသေးသော အငွေ့များအား အငမ်းမရ ရှူရှိုက်လိုက်ကြသည်။
“နဂါးမျိုးနွယ်စုက နဂါးတံထွေးတောင် အဖိုးတန်သေးတာပဲ။ ငါတို့ ကျောင်းအုပ် တံထွေးက ပိုတန်ဖိုးကြီးလောက်တယ်.....ဝေါ့....”
ကျောင်းသားကျောင်းသူများရော၊ ဆရာ၊ ဆရာမများပါ ကျောင်းအုပ်အား ချီးကျူးလိုက်ကြသည်။
ကျောင်းအုပ်သည်ပင် မနေနိုင်တော့ပဲ အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။
မြန်မြန်ကျောင်းသွားတက်ကြတော့.....
ဝေလငါးမှ ဖိအားကို ရုတ်သိမ်းလိုက်သောကြောင့် မြေပြင်ပေါ်ရှိ ကျောင်းသားများလည်း လှုပ်ရှားနိုင်သွားကြသည်။
“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်...”
“နှုတ်ဆက်ပါတယ် ကျောင်းအုပ်ကြီး။”
ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများမှာ ကျောင်းအုပ်ကြီးအား ကျေးဇူးတင်လိုက်ကြသည်။
ဤကျောင်းအုပ်မှာ ၎င်းတို့၏ စိတ်ကူးထက် အဆပေါင်းများစွာ ကွာခြားနေသည်။
၎င်းတို့သည် ကျောင်းတော်သို့ ကျောင်းအုပ် ပြန်ရောက်လာသည်ကို မျိုးစုံတွေးခဲ့ဖူးကြသည်။
သို့သော် ဝေလငါးအဖြစ် ပြန်ရောက်လာကာ ဆုလာဘ်အဖြစ် တံထွေးထွေးလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။
အားလုံး ကြောင်တောင်တောင်ဖြစ်ကာ ရင်ဘတ်ဆင်နင်းခံရသလို ခံစားရပါသော်လည်း လေးလေးစားစား နှုတ်ဆက်ခဲ့ကြသည်။
အန်လင်းသည်လည်း ထွက်သွားရန် ပြင်လိုက်သည်။
ဝမ်ရှန်းယွီ အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။
“အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန် ခဏနေခဲ့ပါ။ ကျောင်းအုပ်က ပြောစရာရှိလို့တဲ့။”
ဒုကျောင်းအုပ် ယွီဟွားမှာ စာဖတ်ကာ ပြောလိုက်လေသည်။