ကျောင်းအုပ်ကြီး၏ အိမ်မက်ဆိုးများ
Vol. 87 Ch. 1211
အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် စုချန်းရန်တို့မှာ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
၎င်းတို့မှာ ဝမ်ရှန်းယွီအား ကြည့်ရှုလိုက်ကြ၏။
ဝမ်ရှန်းယွီပြုံးကာ အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။
မင်းတို့တွေက စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းနဲ့ အထက်မှာရှိတဲ့ ကျောင်းသားတွေပဲ.... ပြောရရင် ငါတကယ် စိတ်လှုပ်ရှားမိတယ်.....
ဝေလငါးမှာ အလုံးများ ဆက်လက်မှုတ်ထုတ်နေသည်။
တိတိကျကျ ပြောရရင် ဟင်းလင်းပြင်သို့အပြန် အဆင့်တွေထက်တောင်သာတဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျောင်းသားတစ်ယောက်နဲ့ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျောင်းသူတစ်ယောက် ရှိနေတယ်....
အန်လင်းတို့ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ဒီကျောင်းအုပ်က ကျောက်ခေတ်မှာများ ကျန်ခဲ့တာလား......
အန်လင်း၏ ကြောက်မက်ဖွယ်ကောင်းပုံနှင့် စုရှောင်လန်၏ ထိတ်လန့်ဖွယ် ကျင့်ကြံရေးအဆင့်မှာ မသိသူ မရှိလောက်အောင် ကျော်ကြားလှသည်ပင်။
ဒီကျောင်းအုပ်က ဘယ်လိုလုပ် ဘာမှမသိရတာလဲ.....
၎င်းတို့မှာ ထိုသို့တွေးမိကြပါသော်လည်း ပြုံးသာပြုံးနေရသည်။
အန်လင်း အရိုအသေ ပေးလိုက်သည်။
“မြှောက်ပင့်လွန်းနေပါပြီ။”
ဝေလငါးမှ အလုံးတစ်လုံး မှုတ်ထုတ်လိုက်ပြန်သည်။
မင်းတို့က အရမ်းတော်တာပဲ.... ကျောင်းပြီးရင် ဒီမှာ ဆရာလုပ်ချင်လား..... အဆင်မပြေဘူးထင်ရင်လည်း စုပေါင်းသင်ခန်းစာလောက်ပေါ့....
အန်လင်းတို့မှာ နားမလည်နိုင် ဖြစ်သွားရပြန်သည်။
ကျောင်းအုပ်က အလုပ်ခန့်ဖို့ နေခဲ့ခိုင်းတာလား.....
ဒုကျောင်းအုပ် ယွီဟွား ငြင်းပယ်လိုက်သည်။
“မေ့လိုက်ပါတော့ ကျောင်းအုပ်ရယ်။ အန်လင်းက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်လေ။ ဘယ်လိုလုပ် ဒီမှာစာသင်နိုင်မှာလဲ။ ကျန်တဲ့သူတွေကလည်း စုကျိုးအင်မော်တယ်ဂိုဏ်းမှာ အရေးပါတဲ့ သူတွေချည်းပဲ။”
ဝမ်ရှန်းယွီ ခေါင်းစောင်းသွားသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းက ဘာဂိုဏ်းလဲ.....
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကျောင်းအုပ်က တကယ်အမှောင်ဖုံးနေတာပဲ.....
ကိုးပြည်ထောင်မှာ စုကျိုးအင်မော်တယ်ဂိုဏ်းက ဒိတ်ဒိတ်ကြဲပဲကို......
ကောင်းကင်အရှင်သခင် ခပ်ဖွဖွ ပြုံးလိုက်သည်။
“မေ့လိုက်ပါတော့ သခင်ကြီး ဝမ်ရှန်းယွီရယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းက အင်ပါယာမိသားစု ကိုးခုနဲ့တောင် ယှဥ်လို့ရတယ်။ အန်လင်းတို့က ဂိုဏ်းတည်ထောင်သူတွေပဲ။ ဘယ်လိုလုပ် စာလာသင်မှာလဲ။”
ဝမ်ရှန်းယွီ ထိတ်လန့်သွားရသည်။
သူမျက်လုံးပြူးကာ အလုံးမှုတ်ထုတ်လိုက်သည်။
ဒီကျောင်းသားတွေက တကယ် ငါတို့ကျောင်းကလား.... ဆရာ၊ ဆရာမတွေက အဲ့လောက်ထူးချွန်တာကို သင်ကြားပေးနေသေးတာလား..... ပြောင်းပြန်ဖြစ်သင့်နေသလိုပဲ.....
ကောင်းကင်အရှင်သခင် : “......”
ဒုကျောင်းအုပ် ယွီဟွား မျက်နှာပျက်သွားသည်။
“ကျောင်းအုပ် ကျေးဇူးပြုပြီး စကားလုံး သတိထားပါ။”
အန်လင်းတို့ အံ့အားသင့်သွားရသည်။ ကျောင်းအုပ်သည် တာဝန်ယူမှု မရှိသည့်အပြင် ကျောင်းတော်မှ ဆရာ၊ ဆရာမများကိုပင် ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေသေးသည်။
ဘယ်လိုကျောင်းအုပ်လဲဟ....
ကောင်းကင်အရှင်သခင် မျက်ခုံးနှိပ်လိုက်သည်။
“ထားလိုက်ပါတော့။ မင်းက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။”
“ပြောရမှာတော့ ရှည်တယ်။”
ဝေလငါးမှာ ကောင်းကင်အား ငေးမောလိုက်သည်။
ထို့နောက် ရေတံခွန်ကဲ့သို့ မျက်ရည်များ စီးကျလာတော့သည်။
သူသည် အသည်းအသန် ငိုကြွေးနေ၏။
ကောင်းကင်အရှင်သခင် ထိတ်လန့်သွားရသည်။
“ဘာမှမဖြစ်ပါဘူး။ အရမ်းဝမ်းနည်းစရာကောင်းရင်လည်း ထားလိုက်ပါတော့။”
ဝေလငါး အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။
အတိုချုံးပဲ ပြောတော့မယ်.....
နောက်ထပ်တစ်လုံး မှုတ်ထုတ်လိုက်ပြန်သည်။
ငါခရီးသွားနေရင်း ဒဏ္ဍာရီလာသားရဲ ခွမ်းဖန်နဲ့တွေ့ပြီး အငြင်းအခုံတချို့ ဖြစ်ခဲ့တယ်.....
အန်လင်းမှာ နေသစ်ပင်တွင် တွေ့ခဲ့သော ရုပ်ထုအား အမှတ်ရသွားမိသည်။ သူသည် ခွမ်းဖန်ခရီးစဥ်ကိုပင် အမွေရခဲ့သည် မဟုတ်လော။
ဝေလငါးမှာ အလုံးများအား ဆက်တိုက်မှုတ်ထုတ်နေသည်။
ဒဏ္ဍာရီလာသားရဲ ခွမ်းဖန်က ငါ့ကိုမနိုင်ဘူးလေ.... အလဲလဲအကွဲကွဲနဲ့ ထွက်ပြေးတဲ့ အချိန်ကြ ငါ့ကို ခွမ်းဖန်သဏ္ဍာန်ဆိုတဲ့ ကျိန်စာတိုက်ခဲ့တယ်.....
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ခွမ်းဖန်သဏ္ဍာန်တဲ့လား..... အဲ့လို ကျိန်စာလည်း ရှိသေးတာလား.....
ဝမ်ရှန်းယွီ မျက်လုံးများ အောက်ငုံ့သွားသည်။
ဒီကျိန်စာက တကယ်ပြဿနာပဲ..... သွေးမျိုးဆက်ကျိန်စာဆိုတော့ ငါ့သွေးဆက်နဲ့ ပေါင်းစည်းပြီး ခန္ဓာကိုယ်ကို ခွမ်းဖန်လို ဖြစ်လာနေစေတာ.... အချိန်မှီ ကျိန်စာမပြယ်ရင် ငါငါးတစ်ကောင် ဖြစ်သွားလိမ့်မယ်.....
အန်လင်း မေးအားပွတ်လိုက်သည်။
“ခွမ်းဖန်ဖြစ်ရတာ မကောင်းဘူးလား။ ဒဏ္ဍာရီလာသားရဲ ခွမ်းဖန်ရဲ့ သွေးမျိုးဆက်က ကောင်းတာပဲလေ။ ခင်ဗျားတော့ ရွှေတွင်းတွေ့တာပဲ။”
“ထွီ....”
ဝေလငါးမှာ အန်လင်းအား တံထွေးထွေးလိုက်သည်။
အန်လင်းမှာ မီးနတ်ဘုရားအသွင်ထုတ်ရန် အချိန်မရလိုက်သောကြောင့် အုတ်ခဲနက်နှင့်သာ ကာလိုက်ရသည်။
ဘန်း.....
တံထွေးဗုံး ပေါက်ကွဲကာ အန်လင်းလည်း လွင့်ထွက်သွားရသည်။
စုရှောင်လန် သက်ပြင်းချလိုက်သည်။
“နင်တိတ်တိတ်နေလို့ မရဘူးလား။ ကျောင်းအုပ်က တံထွေးပဲ ထွေးနိုင်တာ သိရက်သားနဲ့ ဘာလို့ မဟုတ်တာတွေ ပြောနေတာလဲ။”
“ထွီ....”
ဝေလငါးမှာ စုရှောင်လန်ကိုပါ ထွေးလိုက်သည်။
စုရှောင်လန် အမူအရာ ပြောင်းလဲကာ အစစ်အမှန် နဂါးနံရံနှင့် မြင့်မြတ်သော ဗာမီလီယမ်မီးတောက်တောင်ပံပါ ထုတ်ဖော်လိုက်သည်။
ဝုန်း.....
တံထွေးဗုံး ပေါက်ကွဲကာ စုရှောင်လန် လွင့်ထွက်သွားရသည်။
ဒုကျောင်းအုပ် ယွီဟွား : “.....”
ကောင်းကင်အရှင်သခင် : “......”
စုချန်းရန်နှင့် ရွှမ်းယွမ်ချန်မှာ ဘာမှမပြောရဲကြပေ။
“အတန်းဖော် စုရှောင်လန်က အတန်းဖော် အန်လင်းဆီကနေ ရောဂါကူးသွားတာများလား။ ကျောင်းအုပ်ကိုတောင် ပြောရဲဆိုရဲနဲ့....”
စုချန်းရန် တိုးညင်းစွာ ပြောလိုက်သည်။
“အတန်းဖော် အန်လင်းအပြစ်ပဲ။ အရင်တုန်းက အတန်းဖော် စုရှောင်လန်က အရမ်းချစ်စရာကောင်းတာ။ အခုလိုတွေ မပြောတတ်ဘူး။”
ရွှမ်းယွမ်ချန် ဝေဖန်သုံးသပ်လိုက်သည်။
ဝေလငါးမှာ အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။
အရင်တုန်းက သမုဒ္ဒရာထဲ ကူးခတ်ပြီး လွတ်လပ်နေတဲ့ ငါးတွေကို မနာလို ဖြစ်ခဲ့ဖူးတယ်.... ငါကိုယ်တိုင် ငါးဖြစ်တော့မယ်ဆိုမှ ဘယ်လောက်အဆင်မပြေမှန်း သိတော့တယ်.....
ဝမ်ရှန်းယွီ ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
စကားလည်း မပြောနိုင်ဘူး.... လူသားအသွင်လည်း ပြန်မပြောင်းနိုင်ဘူး.... တဖြည်းဖြည်းနဲ့ ခွမ်းဖန်ဖြစ်လာရတော့မယ်.....
ငါ့အပူကို ဘယ်သူနားလည်မှာလဲ... ငါသာ ခွမ်းဖန်ဖြစ်သွားရင် ခွမ်းဖန်က သူ့သွေးမျိုးဆက်နဲ့ ငါ့ကိုဖိနှိပ်လာနိုင်တယ်... အဲ့အစား ငါသေသာသေလိုက်ချင်တယ်....
ဝမ်ရှန်းယွီမှာ အလုံးများ မှုတ်ထုတ်နေသည်။
အန်လင်းနှင့် စုရှောင်လန်မှာ စိတ်မကောင်း ဖြစ်မိသွားကြသည်။
ကောင်းကင်အရှင်သခင်မှာ ဝေလငါးထံမှ သွေးတစ်စက်ထုတ်ကာ စစ်ဆေးလိုက်သည်။
“ဒဏ္ဍာရီလာသားရဲရဲ့ ကျိန်စာက တကယ်ထူးခြားတာပဲ။ ငါတောင် အဲ့စွမ်းအင်ကို ဒီအတိုင်း မရှင်းပြနိုင်ဘူး။”
ဝမ်ရှန်းယွီ စိတ်ပျက်သွားသည်။
ကောင်းကင်အရှင်သခင် လက်နှစ်ချောင်း ထောင်ပြလာသည်။
“နည်းလမ်း နှစ်ခုတော့ ရှိတယ်။ ပထမတစ်ခုက မင်းရဲ့ သွေးမျိုးဆက်ကို ဖယ်ထုတ်ပြီး သွေးမျိုးဆက်အသစ် လုပ်ရမယ်။ ဒါပေါ့.... အဲ့ဒါက မင်းရဲ့ ကျင့်ကြံရေးကို ထိခိုက်နိုင်တယ်။ အခန့်မသင့်ရင် တာအိုအခြေခံပါ ပျက်စီးသွားလိမ့်မယ်။”
ဝမ်ရှန်းယွီ ခေါင်းခါပြလိုက်သည်။
ကောင်းကင်အရှင်သခင် ပြုံးကာပြောလာသည်။
“နောက်တစ်နည်းကတော့ အဆင့်မြင့် ဆေးဆရာကိုရှာပြီး သွေးမျိုးဆက် ခွဲခြားပေးတဲ့ ဆေးလုံးကို သန့်စင်ခိုင်းရမယ်။ အဲ့လိုဆို ခွမ်းဖန်သွေးမျိုးဆက်လည်း ကွဲထွက်သွားလိမ့်မယ်။”
ဝမ်ရှန်းယွီ မျက်ဝန်းများ တောက်ပလာကာ ပြန်လည်မှေးမှိန်သွားသည်။
အဆင့်မြင့် အံ့ဖွယ်ဆေးလုံးက စျေးကြီးလွန်းတယ်.... ငါ့မှာ ပိုက်ဆံမရှိဘူး.....
ထို့နောက် သူသည် ကောင်းကင်အရှင်သခင်အား ကြည့်ရှုလာသည်။
သို့သော်.....
“ဟားဟားဟား..... ကောင်းကင်ဘုံ မက်မွန်ပွဲတော်အတွက် လုပ်စရာလေးတွေ ရှိသေးတာပဲ။ သွားလိုက်ဦးမယ်နော်။”
ကောင်းကင်အရှင်သခင်မှာ လှစ်ခနဲနေအောင် ပျောက်ကွယ်သွားသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွား၏။
တိုက်ခတ်လာသောလေမှာ အေးစိမ့်နေသည်။
ဝမ်ရှန်းယွီမှာ ဒုကျောင်းအုပ် ယွီဟွားအား ကြည့်ရှုလိုက်သည်။
ဒုကျောင်းအုပ် ယွီဟွား တုန်ယင်သွားသည်။
“ကျောင်းအုပ် ကျုပ်ဘယ်လောက်ဆင်းရဲလဲ သိတယ်မလား။”
ဝမ်ရှန်းယွီ အန်လင်းတို့အား လှည့်ကြည့်လာသည်
အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန် : “.....”