မဟူရာအဆီအနှစ်သလင်းကျောက်အတွက်တိုက်ပွဲ
Vol. 87 Ch. 1213
မဟူရာအဆီအနှစ်မိုင်းတွင်း အပြင်ဘက်တွင် ပုံရိပ်တစ်ခုမှာ တောအုပ်ထဲ ဖြတ်ပြေးသွားသည်။
သူ၏အရှိန်မှာ လျင်မြန်လွန်းလှပြီး အတားအဆီးများအား နင်းပြားအဖြစ် အသုံးချကာ ကောင်းကင်ထက်သို့တက်ရန် ကြံရွယ်လိုက်သည်။
ဟွမ်ဖုဝမ်သည် ကောင်းကင်မြစ်ပြည်နယ်မှ နယ်လှည့်ကျင့်ကြံသူတစ်ဦးပင်။
သူသည် မိသားစု တစ်ခု၏ ပစ်ပယ်ခြင်းခံရသော ကလေးတစ်ဦးဖြစ်ကာ အနှောင့်အယှက်များစွာ တွေ့ကြုံခဲ့ရသည်။ သို့သော် တိုက်ဆိုင်သော အခွင့်အရေးတစ်ခုကြောင့် အဖိုးအိုတစ်ဦး၏ ဝိဥာဥ်ပါသော အနက်ရောင် ပုတီးစေ့အား ရရှိခဲ့သည်။
အဖိုးအိုသည် သူမွေးဖွားစဥ်တည်းက ပါလာသော မဟူရာအမြစ်အား ခွဲခြမ်းစိတ်ဖြာကာ အမှောင်ထု စွမ်းအင်အား မည်သို့အသုံးပြုရမည်ကို လမ်းညွှန်ပေးသောကြောင့် သူ၏ကျင့်ကြံရေးမှာ လွန်စွာလျင်မြန်လာခဲ့သည်။
သူသည် ချောမောခန့်ညားပြီး လက်ထဲတွင် အနက်ရောင် သလင်းကျောက်တစ်ခု ကိုင်ဆောင်ထားသည်။
“မဟူရာအဆီအနှစ် သလင်းကျောက်နဲ့သာဆို ရန်မန့်တောင် ငါ့ကို ယှဥ်နိုင်တော့မှာ မဟုတ်ဘူး။”
ထိုအချိန်တွင် အနက်ရောင် ပုတီးစေ့ထဲမှ အဖိုးအို ထွက်ပေါ်လာသည်။
“ဟွမ်ဖုဝမ် မာနကြီးလာတယ်ဆိုတာ ကျင့်ကြံရေးအတွက် မကောင်းဘူး။ မင်းက ပါရမီကောင်းတယ် ဆိုပေမယ့် မင်းရဲ့ရန်သူကို ဘယ်တော့မှ အထင်မသေးသင့်ဘူး။ တာအိုလမ်းစဥ်နောက် လိုက်ဖို့အတွက် မဆုတ်မနစ်တဲ့ နှလုံးသား ရှိရမယ်။”
ဟွမ်ဖုဝမ် စိတ်ထဲမထားပေ။
“ကောင်းပါပြီ အကြီးအကဲမင် ကျုပ်က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ပဲ ရှိသေးလို့ ဘာမှမလုပ်ပေးနိုင်ပေမယ့် ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်ရင်တော့ ခင်ဗျားကို ခန္ဓာကိုယ်တစ်ခု လုပ်ပေးနိုင်မှာပါ။”
အကြီးအကဲမင် ခပ်ဖွဖွ ပြုံးသွားသည်။
ဟွမ်ဖုဝမ် ပြုံးကာပြောလိုက်သည်။
“စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ဖွတ်နဂါးက တကယ်ကို ခေါင်းကိုက်စရာပဲ။ ဒါပေမယ့် အဖွဲ့တစ်ဖွဲ့က သတ်ပေးသွားတယ်လေ။ သူများကြိုးစားမှုကို ဖြတ်စားရတာ ဆိုးတော့မဆိုးဘူး။”
“အဲ့အဖွဲ့က မလွယ်လောက်ဘူး။ ဒီကနေ မြန်မြန်ထွက်သွားတော့။”
အကြီးအကဲမင်မှာ ထိုသို့ပြောလိုက်ပါသော်လည်း စိုးရိမ်ပူပန်ပုံ မရပေ။
ရုတ်ချည်းဆိုသလို ကောင်းကင်ထက်မှ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“သူခိုးကောင် အသက်မသေချင်ရင် မဟူရာအဆီအနှစ် သလင်းကျောက်ကို လာပေးလိုက်။”
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် နဂါးတစ်ကောင်မှ အရှေ့ဆုံးမှ ဦးဆောင်လာသည်။
“မမှားနိုင်ဘူး။ မဟူရာအဆီအနှစ် သလင်းကျောက် က သူ့ဆီမှာပဲ။”
ပုံရိပ်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။
“မဟူရာအဆီအနှစ် သလင်းကျောက်က သဘာဝအတိုင်း ဖြစ်လာတာ။ ပိုင်ရှင်မှ မရှိတာ။ မင်းတို့ဟာလို့ ပြောလို့ရမလား။”
ဟွမ်ဖုဝမ် အော်ဟစ်လိုက်သည်။
အားလုံး ဒေါသထွက်သွားကြသည်။
၎င်းတို့သည် ဖွတ်နဂါးအား တိုက်ခိုက်ခဲ့ရပါသော်လည်း ဟွမ်ဖုဝမ်မှာ ရတနာအားယူကာ ထွက်ပြေးသွားသောကြောင့် ခိုးဝှက်မှုနှင့် မခြားလှပေ။
“ပြောတဲ့အတိုင်း မလုပ်မှတော့ ငါတို့ကို အပြစ်မတင်နဲ့တော့။”
နဂါးကြီးမှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ကောင်းကင်ထက်မှ လျှပ်စီးများ ကျဆင်းလာတော့သည်။
ဟွမ်ဖုဝမ် မြန်ဆန်စွာ ရှောင်ရှားရင်း မဟူရာအဆီအနှစ် သလင်းကျောက်အား သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်သည်။
“သူတို့တွေ့သွားမယ် မထင်ထားဘူး။ ကြည့်ရတာ တိုက်ရတော့မယ့်ပုံပဲ။”
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ငါးဦးမှာ စတင်တိုက်ခိုက်လာလေပြီ။
ဟွမ်ဖုဝမ် ရှောင်ရှားလိုက်ရပြန်သည်။
“မဟူရာအဆီအနှစ် သလင်းကျောက်ကိုပေးစမ်း။”
နဂါးကြီး၏ စကားသံမှာ ဟိန်းထွက်နေသည်။
“မင်းက ဖိအားပေးနေတာပဲ။”
ဟွမ်ဖုဝမ်မှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ နဂါးကြီးထံ ဦးတည်လာသည်။
“ဘာ....”
ရန်သူသည် ထိုသို့စွမ်းဆောင်နိုင်မည်ဟု နဂါးကြီး ထင်မှတ်မထားခဲ့ပေ။
ထို့အပြင် ဟွမ်ဖုဝမ်၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“သေလိုက်တော့။”
မဟူရာအမြစ်၏ စွမ်းအင်များ ဖြာထွက်လာသည်။
တစ်ချိန်တည်းမှာပင် ဓားမော့စိတ်ဆန္ဒများနှင့်အတူ ၎င်း၏လက်များမှာ ဓားမော့သဖွယ် ဖြစ်လာသည်။
ဟွမ်ဖုဝမ်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်သာ ရှိပါသော်လည်း နောက်ဆုံးအဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်လောက်သည်။
အနက်ရောင် ဓားမော့မှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် နဂါးအား ပိုင်းဖြတ်သွားသည်။
“အား....”
နဂါးကြီး နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ် အသက်မဲ့စွာ ပြုတ်ကျသွားသည်။
“ညီအစ်ကို ရှုလီ...”
တောင်ပံနက်မျိုးနွယ်စုင် ပေါက်ကွဲသွားသည်။
၎င်းတို့သည် မဟူရာအဆီအနှစ် သလင်းကျောက်ကိုသာ ပြန်လည်ရယူရန် ကြိုးစားနေပါသော်လည်း ရန်သူသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ရှိနေသည်။
“ငါ့ကိုတားတဲ့သူမှန်သမျှ သေရမယ်။”
ဟွမ်ဖုဝမ် ကြွေးကြော်လိုက်သည်။
အားလုံးမှာ အမူအရာ ပြောင်းလဲသွားကြသည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းသားကို သတ်တဲ့သူ မှန်သမျှ သေရမယ်။”
တောင်ပံနက်မျိုးနွယ်စုဝင် ကြေညာလိုက်သည်။
စုကျိုးအင်မော်တယ်ဂိုဏ်းလား.....
ဟွမ်ဖုဝမ်နှင့် အကြီးအကဲမင် မျက်နှာပျက်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ဟွမ်ဖုဝမ်မှာ အေးစက်စက် ရယ်မောလိုက်သည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းဆိုရင်ရော ဘာဖြစ်လဲ။ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ အညံ့မခံဖူးဘူး။ မင်းတို့ တိုက်ခိုက်ရင် ပြန်တိုက်ပေးလိုက်မယ်။”
“ဖွဲ့စည်းပုံအတိုင်းနေကြ။”
တိုက်ပွဲ စတင်ခဲ့လေပြီ။
ငါးကီလိုမီတာ ပတ်ဝန်းကျင်မှာ စုတ်ပြတ်သတ်နေသည်။
စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းနှင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်များ ပြုလုပ်ထားသော ဝင်္ကပါမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူကိုပင် တစ်ချက်တည်း သေစေနိုင်သောကြောင့် ဟွမ်ဖုဝမ်လည်း ခြွင်းချက်တစ်ခု မဟုတ်ပေ။
မကြာမီပင် ဟွမ်ဖုဝမ် မြေပြင်ပေါ် ပြုတ်ကျသွားသည်။
“အကြီးအကဲမင်....”
သူအော်ဟစ်လိုက်သည်။
ဆံပင်ဖြူဖြူနှင့် အဖိုးအိုမှာ ဟွမ်ဖုဝမ် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတော့သည်။
ဝုန်း.....
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် အရှိန်အဝါများ
ဟွမ်ဖုဝမ်ထံမှ ဖိအားများသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်မှ နောက်ဆုံးအဆင့် ထိုမှတဆင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သို့ပင် ရောက်ရှိလာသည်။
၎င်းတို့အားလုံး အမူအရာ ပြောင်းလဲသွားရသည်။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဝင်မှာ စုကျိုးအင်မော်တယ်ဂိုဏ်းထံ အရေးပေါ် အကူအညီ တောင်းခံလိုက်သည်။
ဟွမ်ဖုဝမ် ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်။
“အကြီးအကဲမင်ရဲ့ အစွမ်းကို ဖြုန်းတီးခိုင်းရဲတယ်ပေါ့။ စုကျိုးအင်မော်တယ်ဂိုဏ်း မင်းတို့ဂိုဏ်းကို ငါတစ်နေ့ ဖျက်စီးပြမယ်။”
တစ်ဖွဲ့လုံး တိတ်ဆိတ်သွားကြသည်။
အမျိုးသမီးတစ်ဦး ကူကယ်ရာမဲ့စွာ ရေရွတ်လာသည်။
“သူက ရူးနေတာလား။”
“သေလိုက်တော့။”
ဟွမ်ဖုဝမ် တိုက်ခိုက်လာသည်။
၎င်းတို့သည် မိစ္ဆာနတ်ဘုရား သတ်ဖြတ်ခြင်းလှံသွားဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။
ဟွမ်ဖုဝမ်မှာ မျက်နှာပင် မပျက်ပဲ ခန္ဓာကိုယ်ထဲမှ အနက်ရောင် စွမ်းအင်လုံးတစ်ခု ထွက်ပေါ်လာသည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကိုပင် သတ်ဖြတ်နိုင်သော လှံသွားမှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားရလေသည်။
“သေလိုက်ကြတော့။”
ဟွမ်ဖုဝမ် လက်များဆန့်ထုတ်လိုက်သည်နှင့် အနက်ရောင် အမှောင်ထု စွမ်းအင်များ ပြန့်ကားလာသည်။
တစ်ဖွဲ့လုံးလည်း ဝါးမြိုခံလိုက်ရသောကြောင့် မကြာမီတွင် ဟွမ်ဖုဝမ် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
အခြားသော သက်ရှိများအား အမှောင်ထုမှ လွှမ်းခြုံသွားလေပြီ။
ဟွမ်ဖုဝမ် ကောင်းကင်အား မော့ကြည့်လိုက်သည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းက ဘာမှလည်း မဟုတ်ပါဘူး။ လောကကြီးရဲ့ ထိပ်ဆုံးမှာ ငါပဲရှိရမယ်။”
.......
စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၌....
အန်လင်းသည် မြေကမ္ဘာအင်မော်တယ် ကန်းချင်၏ အရှိန်အဟုန် သင်ခန်းစာအား နားထောင်နေသည်။
သူ၏ အသံဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ ရုတ်ချည်းလင်းလက်လာသည်။
“အစ်မကြီးပိုင် ဘာလို့ ရုတ်တရက် ခေါ်လာတာလဲ။ သတိရနေတာလား။”
အန်လင်း ခပ်တိုးတိုး ပြောလိုက်သည်။
“အရူးထမနေနဲ့။ အရေးကြီး ပြောစရာရှိတယ်။”
ပိုင်လင် တုံ့ပြန်လာသည်။
“ဘာဖြစ်လို့လဲ။”
အန်လင်း မေးမြန်းလိုက်သည်။
“အံ့ဖွယ်ကြေးမုံပြင်တပ်မဟာနှစ်က မဟူရာ အဆီအနှစ် သလင်းကျောက်အတွက် တာဝန်ထမ်းဆောင်နေတုန်း အားလုံး သတ်ခံလိုက်ရတယ်။”
ပိုင်လင် စကားဆိုလိုက်သည်။
အန်လင်း : “.....”