ပထမဆုံးပဋိပက္ခ
Vol. 87 Ch. 1215
အန်လင်းသည် ခန်းမထောင့်တစ်နေရာတွင် ထိုင်ခုံတစ်ခုရှာကာ ဝတ်ရုံအား ဖယ်လိုက်သည်။ မည်သူကမှ သတိမထားမိလိုက်ပဲ အေးအေးဆေးဆေးပင် နေရာယူလိုက်နိုင်သည်။
“လေလံစလိုက်ကြရအောင်။”
လေလံမယ်လေး ချိုမြိန်စွာ ကြေညာလိုက်သည်။
ချက်ချင်းပင် ကမ္ဘာမြေ အဆင့်မှ ကျင့်ကြံသူမှာ စိတ်ဝိဥာဥ်ကျောက်တုံး ခြောက်သိန်း ပေးလာသည်။
သေမျိုးအဆင့်မှ ကျင့်ကြံသူ တစ်ဦးမှာလည်း ခြောက်သိန်းခွဲထိ တိုးပေးလိုက်သည်။
အန်လင်းနှင့် ဟွမ်ဖုဝမ်မှာ ငြိမ်ငြိမ်သက်သက် ရှိနေကြဆဲပင်။
လေလံစျေးမှာ တဖြည်းဖြညး စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းထိ မြင့်တက်လာ၏။
လေလံဆွဲသူဦးရေလည်း နည်းပါးသွားလေပြီ။
အများစုမှာ အင်မော်တယ်ရတနာဟု ထင်ရသော သစ်သားစအတွက် စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းထက်ပို၍ မရင်းရဲကြပေ။
“ဆယ့်တစ်သိန်း...”
အန်လင်း လေလံစဆွဲလိုက်သည်။
အားလုံးမှာ သူ့အားကြည့်ရှုလာကြသည်။
သေမျိုးအဆင့်တွင် ထိုကဲ့သို့ တစ်သန်းထက်ပို၍ လေလံဆွဲနိုင်သူ မရှိပေ။
“သူက ဘယ်သူလဲ။”
“မပြောတတ်ဘူး။ အခုမှ မြင်မိတာ။”
“ကြည့်ရတာတော့ သာမန်ပါပဲ။ ချမ်းသာမယ် မထင်ထားဘူး။”
ကျင့်ကြံသူများမှာ စတင်ဆွေးနွေးကြတော့သည်။
“ဆယ့်နှစ်သိန်း....”
ကောင်းကင်အဆင့်မှ စကားသံ ထွက်ပေါ်လာသည်။
ထိုသည်မှာ မိုးပြာရောင် အဝတ်အစားနှင့် ဟွမ်ဖုဝမ်ပင်။
အန်လင်းသည်လည်း ၎င်းအား ကြည့်ရှုလိုက်သည်။
လိုက်နှောင့်ယှက်နေတဲ့ကောင်ပဲ.....
သူစိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ငုံးမသား.....
သူရွေးချယ်စရာ မရှိပဲ ကြေးမြှင့်လိုက်ရသည်။
“ဆယ့်သုံးသိန်း....”
အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
“ဒီလူက ကောင်းကင်အဆင့်က သူနဲ့တောင် လေလံပြိုင်ဆွဲရဲတယ်လား။”
“ကောင်းကင်အဆင့်ကသူက ဟွမ်ဖုဝမ်လေ။ ကောင်းကင်မြစ်ပြည်နယ်က ပါရမီရှင်တဲ့။ သူက ထိမ်းမြားကတိကို ဖျက်လို့ မီးလျှံမြစ်အင်ပါယာမိသားစုရဲ့ မင်းသမီး ရန်မန့်ကို တိုက်ခိုက်မှာလို့ ပြောကြတယ်။”
“သူက ကံကြမ္မာသားတော်ပဲ။ သေမျိုးအဆင့်ကကောင်က သေများသေချင်နေတာလားကွာ။”
ဟွမ်ဖုဝမ်လည်း အမူအရာ ခက်ထန်နေသည်။
ဘယ်သူကမှ ရတနာမှန်း မသိကြပါဘူး.... အဲ့ကောင်က သိနေတာများလား.... မဖြစ်နိုင်ဘူး... ငါ့ကို သက်သက်မဲ့ လာစမ်းနေတာပဲ ဖြစ်ရမယ်....
“တစ်သန်းခွဲ....”
ဟွမ်ဖုဝမ် စျေးမြှင့်လိုက်သည်။
ကြမ်းခင်းစျေးထက် တစ်သန်းပင် ပိုလာသောကြောင့် လေလံစင်မြင့်မှ သူများသည်ပင် အမူအရာ ပြောင်းလဲကုန်ကြသည်။
အင်မော်တယ်ရတနာဟု ထင်ရသော ပစ္စည်းသည် ထိုမျှမထိုက်တန်ပေ။
အဲ့နှစ်ယောက်က တစ်ခုခု သိနေတာများလား....
ကျင့်ကြံသူများ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
“ဆယ့်ခြောက်သိန်း...”
အန်လင်းလည်း အလျှော့မပေးပေ။
ဟွမ်ဖုဝမ် စူးစိုက်ကြည့်ရှုလာသည်။
“မင်းက မီးနဲ့ကစားနေတာပဲ။”
သူ၏စကားသံမှာ ခက်ထန်နေသည်။
အန်လင်း မျက်ဆံလှန်လိုက်သည်။
“စျေးလိုက်တင်နေတဲ့ကောင် ငါက ဒီသစ်သားကို တကယ်စိတ်ဝင်စားနေတာ။ မင်းမဝယ်နိုင်မယ့်စျေးထိ လိုက်တင်မနေနဲ့။”
ဟွမ်ဖုဝမ် ပေါက်ကွဲသွားသည်။
“စိတ်ဝိဥာဥ်ကျောက်တုံး ဆယ့်ရှစ်သိန်း...”
အန်လင်း အေးအေးဆေးဆေး လက်ထောင်လိုက်သည်။
“နှစ်သန်း....”
အားလုံး မျက်လုံးပြူးကုန်သည်။
အင်မော်တယ်ရတနာကို အဲ့လောက်တောင် ကြိုက်ကြတာလား.... စိတ်ဝိဥာဥ်ကျောက်တုံးက အပင်ကနေများ ခူးလို့ရနေလို့လား....
ဟွမ်ဖုဝမ် မကျေမနပ် ဖြစ်သွားပါသော်လည်း အကြီးအကဲမင် သတိပေးလာသည်။
“ထားလိုက်တော့။ မင်းတကယ်လိုတဲ့ ပစ္စည်းကို မဝယ်နိုင်ပဲနေမယ်။”
ဟွမ်ဖုဝမ် အသက်ပြင်းပြင်းရှူကာ လက်အားချလိုက်ရသည်။
“နှစ်သန်း တစ်ကြိမ်.... နှစ်သန်း နှစ်ကြိမ်.... ရောင်းလိုက်ပါပြီ။”
လေလံမယ်လေး အတည်ပြုပေးလိုက်သည်။
အန်လင်း အောင်နိုင်သူလို ပြုံးလိုက်သည်။
နတ်ရတနာအား နှစ်သန်းမပြောနှင့် သန်းနှစ်ဆယ်ဆိုလျှင်ပင် သူဝယ်ရလိမ့်မည်။
ဟွမ်ဖုဝမ် အန်လင်းအား စိုက်ကြည့်လိုက်သည်။
ပျော်ထားနှင့်ပေါ့.... အဲ့ဒါ ငါ့အပိုင်ပဲ.... ငါ့ဆီကနေ ဘယ်သူမှ ယူသွားလို့ မရဘူး.....
သူအမှန်တကယ် စိတ်တိုနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် လေလံမယ်လေး အန်လင်းထံ ရောက်ရှိလာသည်။
“ရှင်ပေးရမယ့် ပမာဏက များတာမို့ ကျေးဇူးပြုပြီး ပိုင်ဆိုင်မှု ပမာဏကို စစ်ဆေးလို့ ရမလား။ ကောင်းကင်ရတနာဘုရားကျောင်းက ရှင်ဝယ်နိုင်၊ မဝယ်နိုင် အတည်ပြုဖို့ လိုလို့ပါ။”
အခြားသူများလည်း အန်လင်းအား ကြည့်ရှုလာသည်။
ဟွမ်ဖုဝမ်၏ အကြည့်များမှာ အလွန်စူးရှနေ၏။
မဝယ်နိုင်ပဲ အာချောင်ခြင်းသာ ဖြစ်ပါက သိပင်မသိလိုက်ပဲ သေရပေလိမ့်မည်။
အန်လင်း အေးအေးဆေးဆေးပင် သိုလှောင်လက်စွပ်အား ဖွင့်ပေးလိုက်သည်။
“ကိုယ့်ဘာသာစစ်လိုက်...”
မိန်းမငယ်လေးမှာ အံ့ဖွယ်အာရုံအား ပို့လွှတ်လိုက်သည်။
ထို့နောက် များပြားလှသော စိတ်ဝိဥာဥ်ကျောက်တုံးများကြောင့် မျက်လုံးပင် ကန်းတော့မလိုပင် ဖြစ်သွားရ၏။
“အမလေး.. ဘုရားရေ....”
အမျိုးသမီးမှာ ချက်ချင်းပင် ခေါင်းငုံ့တောင်းပန်လိုက်သည်။
“သံသယ ဝင်မိတာ တကယ်တောင်းပန်ပါတယ်။”
အားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။
သောက်ကျိုးနည်း အပြောင်းအလဲ မြန်လိုက်တာ....
ဘာတွေဖြစ်နေတာလဲ.....
ဟွမ်ဖုဝမ်လည်း အတွေးများသွားသည်။
ထိုသူသည် ချမ်းသာလွန်းသောကြောင့်သာ ထိုသို့ပြောင်းလဲသွားခြင်း ဖြစ်ရမည်။
အဲ့လောက်ချမ်းသာတာတောင် သေမျိုးအဆင့်မှာ ထိုင်နေတယ်ဆိုတော့ ဖုံးကွယ်ထားတဲ့ ဆရာ့ဆရာကြီးများလား....
အန်လင်းမှာ မည်သည်ကိုမှ ဂရုမစိုက်ပေ။
“ကိစ္စမရှိပါဘူး။ စစ်ပြီးရင် သွားလို့ရပြီ။”
“ဟုတ်ကဲ့ပါ။”
အမျိုးသမီးမှာ ရိုရိုကျိုးကျိုး ထွက်ခွာသွားတော့သည်။
ချန်အယ်အား သန်းတစ်ရာ ပေးပြီးနောက် သူ့ထံတွင် ငါးဆယ့်ငါးသန်း ရှိနေသေးသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် ထိုမျှမချမ်းသာနိုင်သောကြောင့် အမျိုးသမီးလေး ထိတ်လန့်သွားသည်မှာ မထူးဆန်းပေ။
လေလံပွဲအား ဆက်လက်ကျင်းပနေသည်။
ဟွမ်ဖုဝမ်မှာ မည်သည်ကိုမှ လေလံမဆွဲတော့ပေ။
မကြာမီပင် နောက်ဆုံး ပစ္စည်းဖြစ်သော မှော်နှင်းစက် နတ်ရေခဲမြစ် လေလံစတင်ခဲ့သည်။
ကြမ်းခင်းစျေးမှာ တစ်သန်းခွဲ ဖြစ်၏။
ထိုသည်မှာ ရှားပါးဆေးပင်ဖြစ်ပြီး အဆင့်မြင့်နေသည်။ အင်မော်တယ်ဆေးလုံးနှင့် မခြားသောကြောင့် ကောင်းကင်အဆင့်မှ ကျင့်ကြံသူများမှာ အပြိုင်အဆိုင် လေလံဆွဲကြတော့သည်။
အန်လင်းမှာ ခန်းမတစ်ခုလုံးအား ကြည့်ရှုလိုက်သည်။
မဟူရာအဆီအနှစ် သလင်းကျောက်သည် လေလံပစ္စည်းထဲ မပါသောကြောင့် ရန်သူသည် လေလံလာဝယ်သူများထဲမှတစ်ဦး ဖြစ်နိုင်ပေသည်။