လူသတ်ပြီး ဓားပြတိုက်မှာလား
Vol. 87 Ch. 1216
အန်လင်းမှာ ကျင့်ကြံသူ အယောက်သုံးဆယ်ခန့်အား ကြည့်ရှုလိုက်သည်။
၎င်းတို့သည် ကောင်းကင်အဆင့်နှင့် ကမ္ဘာမြေ အဆင့်တွင် အများစုရှိကာ တောင့်တင်းသော နောက်ခံနှင့် အားကောင်းသော ကျင့်ကြံရေးအဆင့်များ ပိုင်ဆိုင်ထားကြသည်။
“စိတ်ဝင်စားစရာပဲ။”
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
ရန်သူသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ဟု ပိုင်လင်မှ ပြောပြထားသောကြောင့် ရှာဖွေရသည်မှာ ပိုမိုလွယ်ကူသည်။
ထိုအချိန်တွင် လေလံစျေးမှာ သုံးသန်းအထိ မြင့်နေလေပြီ။
ဟွမ်ဖုဝမ်နှင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦး အပြိုင်လေလံဆွဲနေသည်။
ထိုသူသည် မိုးကြိုးပြည်နယ်၏ အငယ်ဆုံး ဂိုဏ်းချုပ်ဖြစ်ကာ အံ့ဖွယ်ငှက်မွှေးဂိုဏ်းအား အုပ်ချုပ်သူ သွမ့်ဖေးရန်ဟု သိရသည်။
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
သွမ့်ဖေးရန်သည် နောက်ခံအင်အား တောင့်တင်းကာ ကျင့်ကြံရေးအဆင့်လည်း ကောင်းသောကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်ထိ မြှင့်တင်နိုင်လောက်သည်။
ဒီကောင်က အဓိက သံသယရှိသူပဲ.....
“ဒါပေမယ့် အဲ့ကောင်က အေးဆေးလွန်းတယ်။ ဒီမှာတောင် သက်တောင့်သက်သာ လေလံဆွဲနေတာဆိုတော့ စုကျိုးအင်မော်တယ်ဂိုဏ်းကို အထင်သေးတာလား။”
အန်လင်း၏ အမူအရာ အေးစက်သွားသည်။
ဟွမ်ဖုဝမ်နှင့် သွမ့်ဖေးရန်၏ လေလံစစ်ပွဲမှာ မပြီးသေးပေ။
သုံးသန်းခွဲ....
သုံးဆယ့်ခြောက်သိန်း....
သုံးဆယ့်ခုနစ်သိန်း.....
လေးသန်း.....
ငါးသန်း.....
အဆုံးတွင် သွမ့်ဖေးရန်မှ ငါးသန်းဖြင့် အနိုင်ရသွားသည်။
သွမ့်ဖေးရန်မှာ ငှက်မွှေးယပ်တောင်အားခတ်ကာ ဟွမ်ဖုဝမ်အား စူးစိုက်ကြည့်ရှုလိုက်သည်။
၎င်းကြောင့်သာ မဟုတ်ပါက သုံးသန်းမျှဖြင့် လေလံအောင်နိုင်လိမ့်မည်။
မှော်နှင်းစက် နတ်ရေခဲမြစ်သည် အလွန်ရှားပါးသည့်အပြင် သူ၏အေးခဲနတ်တောင်ပံကျင့်စဥ်အတွက် လိုအပ်နေသည်။ ထိုသို့မဟုတ်ပါက ငါးသန်းပေးဝယ်စရာ အကြောင်းမရှိပေ။
ဟွမ်ဖုဝမ်သည်လည်း သွမ့်ဖေးရန်အား အေးစက်စက် ကြည့်ရှုလာသည်။
သူသည် စျေးထပ်တင်ရန် ငွေမရှိခဲ့ပေ။
“လိုတဲ့ဟာ မှန်သမျှ ဘာမှလည်း မရဘူး။ တကယ်သောက်ချီးပဲ။”
“စိတ်လျှော့စမ်းပါ။ ကောင်းကင်က အခွင့်အရေးတွေ ပေးဦးမှာပါ။”
အကြီးအကဲမင် စကားဆိုလာသည်။
ဟွမ်ဖုဝမ် တည်ငြိမ်သွားကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဟုတ်တယ်။ နည်းလမ်းရှိဦးမှာပဲ။”
လေလံပွဲမှာ ပြီးဆုံးသွားလေပြီ။
အန်လင်းသည် ငွေနှစ်သန်းဖြင့် ရိုးတွင်းခြင်ဆီ အဆီအနှစ်အား ရယူလိုက်သည်။
သူ၏စိတ်အခြေအနေမှာ ချက်ချင်းကောင်းမွန်သွားလေသည်။
ထို့နောက် သူသည် သွမ့်ဖေးရန်နောက် လိုက်သွားလိုက်သည်။
“အန်လင်း ပစ်မှတ်က တောင်ဘက်ကို သွားနေတယ်။”
ပိုင်လင် အသံဖြင့် ဆက်သွယ်လာသည်။
အန်လင်း သွမ့်ဖေးရန်အားကြည့်ကာ ပြုံးလိုက်သည်။
သူလည်း တောင်ဘက်ကို သွားနေတာဆိုတော့ သေချာပြီပဲ....
အန်လင်းမှာ မြူနှင်းအင်မော်တယ်ကျင့်စဥ်နှင့် တိတ်တဆိတ် လိုက်သွားကာ မကြာမီတွင် ဟွမ်းကျီမြို့တော် အပြင်ဘက်သို့ ရောက်ရှိလာသည်။
“ဘယ်လိုနေလဲ။”
ပိုင်လင် မေးမြန်းလိုက်သည်။
“အေးအေးဆေးဆေးပဲ။”
အန်လင်း ရယ်မောလိုက်သည်။
“ကျွန်တော် လှုပ်ရှားမလို့ပဲ။ ဒါပေမယ့် အနောက်က လိုက်လာတဲ့သူ သုံးယောက်ရှိနေလို့လေ။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာပဲ။”
“သတိထားနော်။ ရန်သူက မလွယ်ကြော...”
ပိုင်လင် သတိပေးလာသည်။
“တိုက်ပွဲစရင် အချိန်မဆွဲနဲ့။ တစ်ခါတည်းသာ လက်စတုန်းလိုက်။”
“ဟုတ်ပါပြီ။”
အန်လင်းမှာ သွမ့်ဖေးရန်နောက်မှ ဆက်လိုက်သွားလိုက်သည်။
သူ၏နောက်မှ ပါလာသောသူ သုံးဦးမှာ ကောင်းကင်အဆင့်မှ ဖြစ်ကြသည်။
၎င်းတို့သည် အရှိန်အဝါများ ဖုံးကွယ်ထားကြပါသောအလည်း အန်လင်း၏ အံ့ဖွယ်အာရုံမှာ ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်များနှင့်ပင် ယှဥ်နိုင်သည်အထိ ထက်ရှနေသည်။
ထို့အပြင် ၎င်းတို့ထဲမှ တစ်ဦးမှာ လေလံအပြိုင်ဆွဲသူ ဟွမ်ဖုဝမ် ဖြစ်နေသောကြောင့် စိတ်ဝင်စားစရာပင်။
အန်လင်းနှင့် မီတာတစ်ထောင်အကွာတွင် အနက်ရောင် အလုံးတစ်လုံး ပျံသန်းနေသည်။
“ဟမ့် တကယ်ဟန်ကျတာပဲ။ နှစ်နေရာခွဲပြီး လိုက်ရမယ် ထင်ထားတာ။ အခုတော့ အေးဆေးပါလား။”
“ဒင်းကိုကြည့်ရတာ သွမ့်ဖေးရန်ဆီက ပစ္စည်းခိုးမလို့ ထင်တယ်။ သူခိုးပြီးတော့မှ မတရားမှုအတွက် သူ့ကိုသတ်ပစ်လိုက်မယ်။ အဲ့လိုဆို ပစ္စည်းနှစ်ခုလုံး ရမယ့်အပြင် တရားမျှတရာပါ ကျသွားပြီ။”
ဟွမ်ဖုဝမ် တွေးကာပြုံးလိုက်သည်။
“သောက်ရူးကောင် ငွေရှိတာနဲ့ မောက်မာနေတာ။ ရာဇဝတ်သားဆိုတာ အပြစ်ပေးခံရမှာပဲ။”
အကြီးအကဲမင် စကားဆိုလာသည်။
“သွမ့်ဖေးရန်နောက်ကို နောက်နှစ်ယောက်လည်း လိုက်နေသေးတယ်။ သတိထားဦး။”
ဟွမ်ဖုဝမ် ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့။”
ထို့နောက် သူလျင်မြန်စွာ ပျံသန်းသွားတော့သည်။
မကြာမီပင် ညည်းညူသံနှစ်ခု ထွက်ပေါ်လာသည်။
ဟွမ်ဖုဝမ်သည် သွေးစွန်းနေသည့်အပြင် သိုလှောင်လက်စွပ် နှစ်ခုလည်း ရရှိလိုက်သည်။
“ဟမ့် မိစ္ဆာကျင့်ကြံသူတွေဆိုတာ အပြစ်ပေးခံရမှာပဲ။”
ထို့နောက် သူအန်လင်းတို့နောက် ဆက်လိုက်သွားသည်။
အန်လင်း အံ့အားသင့်သွားသည်။
ဟွမ်ဖုဝမ်က ငါတို့ကို ဓားပြတိုက်မလို့လား... ဒါပေမယ့် သွမ့်ဖေးရန်က ဟင်းလင်းပြင်သို့အပြန် အဆင့်ထိတောင် မြှင့်နိုင်တယ်လေ... ဒင်းကိုသွားစမ်းရင် သေမှာပဲ....
ထိုအချိန်တွင် သွမ့်ဖေးရန်းမှာ ပျံသန်းခြင်းအား ရပ်တန့်လိုက်သည်။
“အနားမှာရှိတာသိတယ်။ ထွက်လာခဲ့။”
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်တွေတောင် ငါ့ကိုခြေရာမခံနိုင်ပါဘူး.....
တကယ့်ကို ဆရာကြီးပါလား....
အန်လင်း ထွက်လာတော့မည့် အချိန်မှာပင် သွမ့်ဖေးရန် စကားဆက်လိုက်သည်။
“ခုနက တိုက်ခိုက်နေတဲ့သူ ငါမသိဘူးများ ထင်နေလား။”
အန်လင်း : “.....”
ငါ့ကိုပြောတာ မဟုတ်ဘူးပေါ့.....
အနက်ရောင် အလုံးတစ်လုံး ပေါ်ထွက်လာသည်။
ထိုသည်မှာ ဟွမ်ဖုဝမ်ပင်။
“ချီးပဲ ဘယ်လိုသိသွားတာလဲ။”
ဟွမ်ဖုဝမ် မကျေမနပ် ဖြစ်နေသည်။
သူသည် အစစအရာရာ အဆင်မပြေနေသလိုပင်။
သွမ့်ဖေးရန်ကို ဟိုကောင်ကသတ်ပြီးမှ အဲ့ကောင်ကို ပြန်သတ်ပြီး တရားမျှတမှု ယူပေးမလို့လေ... အခုကြ ဘာတွေဖြစ်ကုန်တာလဲ.....
ဟွမ်ဖုဝမ်မှာ သူ၏အစီအစဥ် အလုပ်မဖြစ်တော့ကြောင်း သိလိုက်ရသည်။
လုံးဝလွဲနေပြီ.....