နောက်ဘဝမှာလည်း စုကျိုးအင်မော်တယ်ဂိုဏ်းကို မစော်ကားမိစေနဲ့
Vol. 87 Ch. 1218
ဟွမ်ဖုဝမ် ကြောင်တောင်တောင် ဖြစ်သွားသည်။
ငါဘယ်သူလဲ.... ငါဘယ်မှာလဲ.... ဘာတွေဖြစ်သွားတာလဲ.....
သူသည် ခေါင်းတစ်ခုလုံး နာကျင်စွာ ဦးနှောက်များ ဆုတ်ဖြဲခံလိုက်ရသလို ခံစားနေရသည်။
အန်လင်း ဟွမ်ဖုဝမ်ထံ သွားလိုက်သည်။
“မဟူရာအဆီအနှစ် သလင်းကျောက်.... မင်းကမှ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အံ့ဖွယ်ကြေးမုံပြင်တပ်မဟာကို ဒုက္ခပေးတဲ့သူပေါ့။”
“စုကျိုးအင်မော်တယ်ဂိုဏ်း.... အံ့ဖွယ်ကြေးမုံပြင်တပ်မဟာ...”
ဟွမ်ဖုဝမ် မြေပြင်မှ ကုန်းရုန်းထလိုက်သည်။
“မင်းကဘယ်သူလဲ။”
“အဟက်.... တကယ်ကိုမင်းပဲ။ ငါကအန်လင်း...”
အန်လင်းမှာ ဖုံးကွယ်ထားသည်များ ဖယ်ရှားလိုက်သည်။
ဟွမ်ဖုဝမ် အမူအရာ ပြောင်းလဲသွားသည်။
“အကြီးအကဲမင်...”
သူအော်ဟစ်လိုက်သည်။
“ကျွန်တော့်ကို ကူညီပါဦး။”
သူအထင်သေးခဲ့သူမှာ ကိုးပြည်ထောင်တခွင် မသိသူ မရှိအောင် ကျော်ကြားလှသည့် လူငယ်ပါရမီရှင် စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် ဖြစ်နေသည်။
အနက်ရောင်ပုလဲမှာ လင်းလက်တောက်ပလာသည်။
အဖြူရောင်ဆံပင်နှင့် အဖိုးအိုမှာ ဟွမ်ဖုဝမ် ခန္ဓာထဲ ဝင်ရောက်သွားသည်။
ဟွမ်ဖုဝမ်၏ အရှိန်အဝါမှာ ဟင်းလင်းပြင်သို့အပြန် အဆင့်ထိ ထိုးတက်လာပြီးနောက် သေမင်းတမာန် သက်ဆင်းလာသည့်အလား ငါးကီလိုမီတာ အတွင်းရှိ သက်ရှိများအားလုံး သေကြေပျက်စီးကုန်သည်။
အကြီးအကဲမင် စကားဆိုလာသည်။
“ဟွမ်ဖုဝမ် ငါတို့ အန်လင်းကို မနိုင်နိုင်ဘူး။ အရင်ဆုံး လွတ်အောင်ပြေးရအောင်။”
ဟွမ်ဖုဝမ်သည်လည်း ထိုသည်ကို သိရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ တစ်နေ့နေ့တွင် အန်လင်းအား နင်းခြေနိုင်မည့်နေ့ ရောက်ကိုရောက်လာလိမ့်မည်။
ထိုအချိန်မှသာ အန်လင်းအား အနိုင်ယူသင့်သည်။
ဟွမ်ဖုဝမ် ဟစ်ကြွေးလိုက်သည်။
“အန်လင်း မင်းနေနှင့်ဦးပေါ့။ ကံကြမ္မာဘီး တစ်ပတ်လည်တဲ့ အချိန်ကြရင် မင်းအကြိတ်ခံရမှာကွ။ ငါ့ကို အခုလို....”
သူစကားမဆုံးခင်မှာပင် အန်လင်းမှ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
အကြီးအကဲမင်၏ ကျေးဇူးကြောင့် ယခုတစ်ခါတွင် တုံ့ပြန်နိုင်လေပြီ။
အကန့်အသတ်မဲ့သော အဖျက်စွမ်းအင်များ ဖြာထွက်လာသည်။
သို့သော် အန်လင်း၏ လက်သီးသည် အမှောင်ထုအား ဖြိုခွင်းကာ ဟွမ်ဖုဝမ်၏ ရင်ဘတ်ထံ ကျဆင်းသွားသည်။
“အား.....”
ဟွမ်ဖုဝမ်မှာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ သွေးအန်လိုက်ရပြန်သည်။
အန်လင်း မထီမဲ့မြင် ပြုံးလိုက်သည်။
“သနားစရာကောင်ပါလား။ မင်းကိုယ်မင်း ရှောင်ယန်ထင်နေလား။ မင်းကို အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ။”
(ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းထဲက ရှောင်ယန်ကို ရည်ညွှန်းတာပါ။)
ဟွမ်ဖုဝမ် ဒေါသထွက်ကာ တုန်ရီနေသည်။
“ငါ့ကို မလွတ်သွားစေနဲ့။ မဟုတ်ရင် ဒီအကြွေးကို အဆထောင်သောင်းမက ပြန်ယူမှာ။”
ဝုန်း.....
ဟွမ်ဖုဝမ်၏ အရှိန်အဝါများ ထပ်မံထိုးတက်လာကာ လက်မောင်းများပင် ပွင့်ထွက်လာသောကြောင့် သွေးများမွစာကြဲကုန်သည်။
သူသည် နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ပြင်းထန်သော လျှို့ဝှက်ကျင့်စဥ်အား အသက်သွင်းလိုက်ပုံရသည်။
မည်းနက်နေသော လက်သည်းများ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ထိုလက်သည်းများတွင် မဟူရာပျံလွှားငှက်၏ အံ့ဖွယ်တာအိုများ ပါဝင်နေလေသည်။
“ဂမ္ဘီရ မဟူရာလက်သည်း.....”
ဟွမ်ဖုဝမ် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
ထိုတိုက်ခိုက်မှုသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်နှင့်ပင် ညီမျှသည်။
အန်လင်း တည်ငြိမ်စွာ ပြုံးလိုက်ပြီးနောက် မီးတောက်များကြား သူ၏ခန္ဓာကိုယ်မှာ ရွှေကြေးနီရောင် ဖြစ်လာသည်။
သူသည် လျင်မြန်စွာပင် လက်သည်းများထံ တိုးဝင်သွားပြီးနောက် ထိုလက်သည်းများ လောင်ကျွမ်းပြာကျသွားတော့သည်။
အန်လင်း ဟွမ်ဖုဝမ်ထံ ဆက်လက်ဦးတည်သွားသည်။
“မဖြစ်ဘူး။”
ဟွမ်ဖုဝမ်မှာ တိုက်ခိုက်ခြင်းမှ ခုခံခြင်းအဖြစ် ပြောင်းလဲလိုက်သည်။
အန်လင်းသည် ဟွမ်ဖုဝမ်အား လည်မြိုမှကိုင်ကာ မြေပြင်ပေါ် ကိုင်ပေါက်လိုက်သည်။
ဝုန်း.....
မြေပြင်တွင် ချိုင့်ကြီးတစ်ခု ဖြစ်သွားရသည်။
ဟွမ်ဖုဝမ်မှာ သွေးပွက်ပွက်အန်ကာ မသက်မသာ ဖြစ်နေလေသည်။
“အသက်အတွက် အသက်နဲ့ပဲ အကြွေးယူရမယ်။ ဒါက အံ့ဖွယ်ကြေးမုံပြင်တပ်မဟာနှစ်က အဖွဲ့ဝင် ငါးဆယ့်ငါးယောက်အတွက် လက်စားချေတာပဲ။”
အန်လင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဟွမ်ဖုဝမ် ဒေါသထွက်နေသည်။
“ငါဘာမှမမှားဘူး။ သူတို့က ငါပိုင်တဲ့ မဟူရာအဆီအနှစ် သလင်းကျောက်ကို ခိုးချင်နေကြတာ။ သေကိုသေသင့်တယ်။”
အန်လင်း : “.....”
ဒီကောင် ဦးနှောက်ချောင်နေတာလား.....
“ဟွမ်ဖုဝမ်ဆိုတဲ့ငါက ကံကြမ္မာသားတော်ပဲ။”
ဟွမ်ဖုဝမ် စကားဆိုလာသည်။
“ငါက မဟူရာအမြစ်နဲ့ မွေးဖွားလာတာ။ ငါ့ကို ကူညီပေးမယ့် အကြီးအကဲမင်လည်း ရှိတယ်။ ငါက တာအိုတရားရဲ့ အထွဋ်အထိပ်ကို ရောက်မယ့်သူမျိုး... မင်းငါ့ကို သတ်လို့မရဘူး။ သတ္တိရှိရင် ဆယ်နှစ်အချိန်ပေးလိုက်။ အဲ့အချိန်ကြရင်ငါ.....”
ခရက်.....
ကျိုးပဲ့သံတစ်ခု ထွက်ပေါ်လာသည်။
ဟွမ်ဖုဝမ် လည်ကျိုးသွားလေပြီ။
သူသည် သေရတော့မည်ကို အနည်းငယ်ပင် လက်မခံနိုင်ခဲ့ပေ။
“သောက်ရေးမပါတာတွေ....”
အန်လင်း ရေရွတ်လိုက်သည်။
“ပြန်မွေးဖွားလာရင် နောက်ဘဝမှာ စုကျိုးအင်မော်တယ်ဂိုဏ်းကို မစော်ကားမိစေနဲ့။”
အန်လင်း လက်ဖြောက်တီးကာ အလောင်းအား လောင်ကျွမ်းစေလိုက်သည်။
ဟွမ်ဖုဝမ်၏ မယုံကြည်နိုင်စွာ ပြူးကျယ်နေသော မျက်ဝန်းများမှာ မီးတောက်အောက် ပျောက်ကွယ်သွားခဲ့သည်။
“အရူးတစ်ကောင် လျော့သွားတာပေါ့။”
အန်လင်း သက်ပြင်းချကာ ၎င်း၏ သိုလှောင်လက်စွပ်အား ကောက်ယူလိုက်သည်။
ထိုအချိန်တွင် အနက်ရောင် ပုလဲတစ်လုံးအား တွေ့လိုက်ရသည်။
“အမ်... ဘာကြီးလဲ။”
အန်လင်းမှာ ထိုအလုံးထဲမှ အရိပ်တစ်ခု ထွက်လာကာ ဟွမ်ဖုဝမ် ခန္ဓာထဲ ဝင်ခဲ့သည်ကို ပြန်လည်မြင်ယောင်သွားမိသည်။ ထိုသည်မှာ ဝိဥာဥ်တစ်ခု ဖြစ်ပုံရသည်။
သူသည် ပုလဲအား ကောက်ယူကာ စစ်ဆေးလိုက်ပါသော်လည်း သာမန်ပုလဲသာဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကြည့်ရတာ သာမန်ဆိုပေမယ့် ဘယ်လိုမှ သာမန်မဖြစ်နိုင်ဘူး.....
အန်လင်း၏ မျက်ဝန်းများတွင် အဖြူရောင်အလင်းများ ဖြတ်ပြေးသွားသည်။
နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.....
(ဝိဥာဥ်သယ်ဆောင်ပုလဲ : အံ့ဖွယ်အာရုံအား ပုလဲထဲ ထည့်သိမ်းနိုင်သည်။ ရူပခန္ဓာနှင့် သဘောတရား တူညီ၏။ သို့သော် ထိန်းသိမ်းရန်အတွက် စွမ်းဆောင်မပြတ် ပေးနေရန် လိုအပ်သည်။)
စွမ်းဆောင်ထည့်ရမှာလား....
အဲ့လိုအလုပ်လုပ်တာလား....
အန်လင်းမှာ သက်ရှိစွမ်းအင်အချို့ ထည့်သွင်းလိုက်လေသည်။
ပုလဲမှာ တောက်ပလာပြီးနောက် အဖိုးအိုတစ်ဦး ပေါ်ထွက်လာသည်။
“ငါ့တပည့်အတွက် လက်စားချေရမယ်။ သေလိုက်တော့။”
အဖိုးအိုမှာ အန်လင်းထံ ခုန်ဝင်လာသည်။
၎င်း၏ အံ့ဖွယ်အာရုံမှာ မတည်ငြိမ်ပါသော်လည်း ထုတ်လွှတ်လိုက်သော အဖျက်စွမ်းအင်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သာမန် ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် ၎င်းအားကြောက်ရလောက်သည်။
သို့သော် အန်လင်းသည်လည် အံ့ဖွယ်အာရုံ အားကောင်းလွန်းသူ မဟုတ်လော။
ဝှစ်.....
အဖိုးအိုမှာ အန်လင်း၏ အံ့ဖွယ်အာရုံကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
“ငါ့ခန္ဓာသာ ရှိနေရင် မင်းအခုလို လုပ်နိုင်မှာတဲ့လား။”
၎င်းသည် အလွန်စိတ်တိုနေပုံပေါ်သည်။
“ပြောလို့ပြီးပြီလား။ တာ့တာနော်။”
အန်လင်း ခြေထောက်အား ဆောင့်ချလိုက်သည်။
“မဟုတ်ဘူး။ မင်းငါ့ကို ချမ်းသာပေးရင် ငါ...”
ဘန်း...
မြေပြင်မှာ တုန်ခါသွားသည်။
အဖိုးအို စကားမဆုံးခင်မှာပင် ၎င်း၏ အံ့ဖွယ်အာရုံ ပျက်စီးသွားတော့သည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းက လူတွေအများကြီး သတ်ထားပြီးတော့....”
အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘယ်လိုလုပ် အလွတ်ပေးရမှာလဲ။”
အန်လင်းမှာ အဖိုးကြီး၏ စကားများအား အနည်းငယ်ပင် နားထောင်ချင်စိတ် မရှိပေ။
ဒင်းက သေကိုသေသင့်တယ်....