အမှောင်ထုတာအိုဂိုဏ်း၏ လျှို့ဝှက်ချက်
Vol. 87 Ch. 1219
အန်လင်းမှာ ဟွမ်ဖုဝမ်တို့အား ရှင်းလင်းပြီးနောက် စုကျိုးအင်မော်တယ်ဂိုဏ်းထံ သွားလိုက်သည်။
သူသည် ကြယ်စင်မီးလျှံ စစ်သင်္ဘောအတွက် လိုအပ်သော မဟူရာအဆီအနှစ် သလင်းကျောက်အား ရရှိခဲ့ပြီပင်။
ဟွမ်ဖုဝမ်၏ သိုလှောင်လက်စွပ်အား သန့်စင်လိုက်သည်။
သွမ့်ဖေးရန်နှင့် ဟွမ်ဖုဝမ်တို့၏ ပိုင်ဆိုင်မှုများမှာ ထိုလက်စွပ်ထဲ၌ ရှိနေလေသည်။
လက်စွပ်ထဲတွင် စိတ်ဝိဥာဥ်ကျောက်တုံး ငါးသန်းတန်သော မှော်နှင်းစက် နတ်ရေခဲမြစ် ရှိနေသည်။ ထို့အပြင် စိတ်ဝိဥာဥ်လက်နက် ဆယ့်သုံးခု၊ စိတ်ဝိဥာဥ်ဆေးလုံး ရာကျော်၊ အင်မော်တယ်ဆေးလုံး သုံးလုံး၊ စိတ်ဝိဥာဥ်ကျောက်တုံး ငါးသန်းရှစ်သိန်း၊ အင်မော်တယ်ရတနာ မိစ္ဆာဧကရာဇ်၏ အရိုးခေါင်းနှင့် ရောင်စုံ ပုတီးစေ့ငါးလုံး ရှိနေသည်။
“အမ် ဘာအလုံးတွေလဲ။”
အန်လင်း စိတ်ဝင်စားသွားသည်။
သူသည် ပုတီးစေ့များအားယူကာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်၏။
(ကောင်းကင်ချိပ်စည်း အမှောင်ထုဘုရင်ပုတီးစေ့ : ပုတီးစေ့ ကိုးစေ့အား စုနိုင်ခဲ့ပါက အမှောင်ထုဘုရင်နန်းတော်မှ ကောင်းကင်ချိပ်စည်း အမှောင်ထုဘုရင်၏ အစစ်အမှန် အမွေအနှစ်အား ရရှိနိုင်ခြေ ရှိသည်။)
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
“ကောင်းကင်ချိပ်စည်း အမှောင်ထုဘုရင်လား။”
ထိုက်ချူကုန်းမြေတွင် ကောင်းကင်ချိပ်စည်း အမှောင်ထုဘုရင်အား မသိသူ မရှိပေ။ ကိုးပြည်ထောင်တွင် သူ၏အမည်အား ကြားရသည်နှင့် ကြောက်ရွံ့ကြရသည်။
နှစ်သောင်းနှင့်ချီ အကြာက ကိုးပြည်ထောင်တွင် ကောင်းကင်ချိပ်စည်း အမှောင်ထုဘုရင်မှာ အသန်မာဆုံး မိစ္ဆာ ဖြစ်ခဲ့သည်။ သူသည် အမှောင်ထုတာအိုဂိုဏ်းအား တည်ထောင်ကာ သူ၏လက်အောက်တွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး ရှိခဲ့သည်ဟူသော ကောလဟလများ ရှိသည်။ ထိုဂိုဏ်းထဲတွင်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ ရာနှင့်ချီ ရှိပေသည်။ သြဇာအာဏာ ကြီးမားလွန်းသောကြောင့် ကောင်းကင်ဘုံခုံရုံးသည်ပင် ထိတ်လန့်ခဲ့ရသည်။
ထိုစဥ်အချိန်က မိစ္ဆာဂိုဏ်းများစွာ ရှိခဲ့ပြီး ၎င်းတို့သည် ပေါ်ပေါ်ထင်ထင်ပင် နေထိုင်ရဲခဲ့ကြသည်။ မကောင်းမှု ဒုစရိုက်များကိုလည်း စိတ်ရှိသလို လုပ်ဆောင်ခဲ့ကြ၏။
ထိုသည်မှာ အမှောင်ထုတာအိုဂိုဏ်းကြောင့်ပင် ဖြစ်သည်။
အဆုံးတွင် ကောင်းကင်ဘုံ ဧကရာဇ် ငါးပါးသည် အမှောင်ထုတာအိုဂိုဏ်းအား ရှင်းထုတ်ရန် ဂိုဏ်းကြီးလေးဂိုဏ်းနှင့် ပူးပေါင်းခဲ့ရသည်။ ထို့အပြင် ကိုးပြည်ထောင်မှ မိစ္ဆာဂိုဏ်းများအားလုံးကို ဖယ်ရှားရှင်းလင်းကာ မိစ္ဆာကျင့်ကြံသူများကိုပါ သုတ်သင်ခဲ့သည်။
ယနေ့ထိတိုင် ထိုစစ်ပွဲအကြောင်း တခုတ်တရ ပြောနေကြဆဲပင်။
“အမှောင်ထုတာအိုဂိုဏ်းရဲ့ ကောင်းကင်ချိပ်စည်း အမှောင်ထုဘုရင်နဲ့ သူ့ရဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က သေတာကြာပြီလေ။ အဲ့ဒါကို အမွေက ရှိနေသေးတာလား။”
“ဟွမ်ဖုဝမ်က ပါရမီကောင်းပြီး ကူညီပေးမယ့် အဖိုးကြီးလည်း ရှိတယ်။ အဲ့အမွေသာ ရသွားရင် တော်တော်ကြောက်စရာကောင်းသွားမှာ။ ဒါပေမယ့် ငါနဲ့မှ လာဆုံရတယ်လို့။”
အန်လင်း ခပ်ဖွဖွ ပြုံးမိသည်။
ကံကြမ္မာသားတော်.... တာအိုတရားရဲ့ အထွဋ်အထိပ်....
တကယ်တော့ ရူးနေတဲ့ကောင်ပါပဲ....
ဘာပဲဖြစ်ဖြစ် အဲ့သောက်ရူးက အကွက်ချ ကျွမ်းသားပဲ.....
“ရတနာတွေကိုရဖို့ ပင်ပန်းခဲ့မှာပဲ။ ငါက ထိန်းသိမ်းပေးရမှာပေါ့။”
အန်လင်းမှာ ပုတီးစေ့များသိမ်းကာ သိုလှောင်လက်စွပ်ထဲ ဆက်လက်ရှာဖွေလိုက်သည်။ ထင်မှတ်ထားသည့်အတိုင်း အမှောင်ထုတာအိုဂိုဏ်း၏ မြေပုံတစ်ခုအား တွေ့လိုက်ရသည်။
ထိုသည်မှာ ယခင် အမှောင်ထုတာအိုဂိုဏ်း ရှိခဲ့သော နေရာမဟုတ်ပဲ မူလဂိုဏ်း မပျက်စီးမီ အမွေအနှစ်များ လက်ဆင့်ကမ်းရန် လျှို့ဝှက်တည်ထောင်ခဲ့သော ဂိုဏ်းအသစ်နေရာ ဖြစ်သည်။
စိတ်ဝင်သားစရာပဲ.....
မြေပုံဘေးတွင် ပုတီးစေ့များ တည်ရှိနေသော နေရာများကိုလည်း မှတ်သားထားသည်။ တည်နေရာ ကိုးခုတွင် ဟွမ်ဖုဝမ် ရရှိထားပြီးဖြစ်သော နေရာငါးခုအား အမှတ်အသား ပြုထား၏။
“ကျွတ်.... ကျွတ် ပုတီးစေ့ကိုးစေ့ရရင် အစွမ်းထက်လာမှာလား။ ကူညီပေးမယ့် အဖိုးကြီးကလည်းအသင့်... ဘယ်လောက်မိုက်လိုက်သလဲ။”
အန်လင်း ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
ထိုပုတီးစေ့ တည်နေရာများအား အဖိုးအိုမှ ဆွဲထားပေးပုံရသည်။
အဖိုးအို၏ အံ့ဖွယ်အာရုံသည် မတည်ငြိမ်ပဲ ပျက်စီးတော့မည့် လက္ခဏာများ ရှိနေသောကြောင့် နှစ်ထောင်သောင်းမက တည်ရှိခဲ့ပုံ ရသည်။ ထိုသည်ကိုပင် အလွန်ကြောက်မက်ဖွယ် ကောင်းနေသောကြောင့် အသက်ရှင်စဥ်က တာအိုပေါင်းစည်းခြင်းအဆင့် ဖြစ်ဖို့များသည်။
၎င်းသည် ကျင့်ကြံရေးအဆင့် မြင့်သည့်အပြင် အမှောင်ထုတာအိုဂိုဏ်းအကြောင်း ကောင်းစွာနားလည်နေသောကြောင့် ထိုဂိုဏ်းမှသူ ဖြစ်နိုင်သည်။
“ကြီးမြတ်တဲ့ မိစ္ဆာဘုရင်ကို မတော်တဆ သတ်လိုက်မိတာများလား။”
အန်လင်း ဂုဏ်ယူမိသွားသည်။
မကြာမီပင် သူသည် စုကျိုးအင်မော်တယ်ဂိုဏ်းထံ ရောက်ရှိလာသည်။
ပိုင်လင်သည် သပ်သပ်ရပ်ရပ် ဝတ်စားကာ အန်လင်းအား စောင့်ကြိုနေသည်။
သူမ၏ဘေးတွင် အဓိကတပည့်များအပြင် အံ့ဖွယ်ကြေးမုံပြင်တပ်မဟာ အဖွဲ့သားများလည်း ရှိနေကြသည်။
အန်လင်း နိမိတ်ရနေသလို ခံစားလိုက်ရသည်။
“ကြိုဆိုပါတယ် ဂိုဏ်းချုပ်.... သြဇာအာဏာ ထာဝစဥ် ကြီးမားပြီး ဂိုဏ်းချုပ်ရဲ့ ကြီးကျယ်မြင့်မြတ်ပုံတွေအကြောင်း နောင်မျိုးဆက်တွေအထိ သီကျူးဂုဏ်ပြုရပါလိမ့်မယ်။”
၎င်းတို့မှာ အတူတကွ ရွတ်ဆိုလာကြသည်။
အန်လင်း မျက်နှာမဲ့သွားသည်။
ထင်တဲ့အတိုင်းပဲ....
“ဒီတိုင်းလာလည်တာပါ။”
အန်လင်း ရှင်းပြလိုက်သည်။
“လောကဝတ်တွေ မလိုပါဘူး။”
ပိုင်လင် ခေါင်းခါပြလာသည်။
“ဂိုဏ်းချုပ်က တာဝန်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့တာလေ။ ပြဿနာကိုလည်း မြန်မြန်ဆန်ဆန် ရှင်းလိုက်တယ်။ တကယ်ကို အားကိုးရတာပဲ။”
“ဟွမ်ဖုဝမ်ကို သတ်လိုက်ပြီ။ စုကျိုးအင်မော်တယ်ဂိုဏ်းကို ထိရဲတဲ့ကောင်မှန်သမျှ အပြစ်ပေးခံရမှာပဲ။”
အန်လင်း လေးလေးနက်နက်ပြောကာ မဟူရာအဆီအနှစ် သလင်းကျောက်အား ထုတ်ပေးလိုက်သည်။
တပည့်များမှာ ဂုဏ်ယူဝံ့ကြွားစိတ်များ ဖြစ်ပေါ်လာသည်။
အံ့ဖွယ်ကြေးမုံပြင်တပ်မဟာ အဖွဲ့သားများမှာလည်း မျက်ဝန်းများ နီရဲလာကြသည်။
၎င်းတို့သည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ဖြစ်သောကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းအပေါ် နက်ရှိုင်းစွာ မခံစားမိကြပေ။
သို့သော် အံ့ဖွယ်ကြေးမုံပြင်တပ်မဟာနှစ် သတ်ခံလိုက်ရပြီးနောက် ဂိုဏ်းချုပ်အန်လင်းကိုယ်တိုင် သွားရောက်ဖြေရှင်းသည်မှာ ၎င်းတို့အား လှုပ်ခတ်သွားစေသည်။
အန်လင်းမှာ ကြယ်စင်မီးလျှံ စစ်သင်္ဘော၏ အခြေအနေအား စစ်ဆေးသွားရန် ဆုံးဖြတ်လိုက်သည်။
ပြန်လည်ပြင်ဆင်ခြင်းမှာ ဆယ်ရာခိုင်နှုန်းခန့် ပြီးစီးနေလေပြီ။
ပိုင်လင်မှာ ကမ္ဘာငယ်အား အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို လက်ပေါင်းများစွာ ပေါ်ထွက်လာကာ သင်္ဘောအား အဘက်ဘက်မှ စတင်ပြင်ဆင်တော့သည်။ အန်လင်းသည် ထိုသည်ကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ကမ္ဘာငယ်အား ထိန်းချုပ်နိုင်မည့် စွမ်းအင်သာမက ဦးနှောက်စွမ်းအင်ကိုလည်း အပြည့်အဝ အသုံးချရမည်ပင်။
ထိုသည်မှာ သောင်းနှင့်ချီသော အလုပ်များအား တပြိုင်နက် လုပ်ဆောင်နေသလိုပင်။
အန်လင်းသည် ပိုင်လင်အား ယှဥ်နိုင်မည် မဟုတ်ဟု ခံစားရကာ တိတ်တဆိတ် ထွက်ခွာသွားလိုက်သည်။
......
သူသည် ပုတီးစေ့များအား ရှာဖွေရန် စဥ်းစားထားသည်။
ဟွမ်ဖုဝမ် မသွားခဲ့သော နေရာလေးခုတွင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ဟု မှတ်သားထားသော နေရာတစ်ခု၊ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်ဟု ရေးသားထားသော နေရာနှစ်ခုနှင့် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ဟု ရေးသားထားသော နေရာတစ်ခုတို့ ပါဝင်သည်။
လိုအပ်ချက်က နိမ့်သားပဲ.....
အန်လင်းအနေဖြင့် ၎င်းတို့အား ရယူနိုင်လောက်သည်။
မည်သို့ပင်ဆိုစေကာမူ ဟွမ်ဖုဝမ်သညိ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်နှင့်ပင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ် အဆင့်များအား တိုက်ခိုက်နိုင်သူ ဖြစ်သည်။ ထို့ကြောင့် ထင်မှတ်ထားသည်ထက် အနည်းငယ် ခက်ခဲနိုင်သည်။
သို့သော် အန်လင်းသည် ကိစ္စမရှိလောက်ဟု ခံစားနေရသည်။
သူသည် အမွေအနှစ်နှင့် မကိုက်ညီမည်ကိုသာ စိတ်ပူနေမိသည်။ သူ၏စိတ်သည်လည်း အမွေအနှစ်ပေါ် ကျရှုံးကာ မိစ္ဆာအရှင် ဖြစ်သွားပါက မကောင်းလောက်ပေ။
သူသည် လူကောင်းသူကောင်းသာ ဖြစ်လို၏။
အန်လင်းမှာ ဂိုဏ်းတွင် တစ်ရက်ခန့် နေထိုင်ကာ ရဲ့လင်အား ဓားသိုင်း သင်ပေးဖြစ်သည်။
ရဲ့လင်သည် အလွန့်အလွန် ကြိုးစားကာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး သင်ယူချိန်တွင် သူမ၏ မျက်လုံးဝိုင်းလေးများမှာ တောက်ပနေသည်။
ရဲ့လင်အား စိတ်ကျေနပ်သောကြောင့် အန်လင်းမှာ စိတ်ဝိဥာဥ်ဆေးလုံးနှင့် စိတ်ဝိဥာဥ်သစ်သီးများ ဆုချလိုက်သည်။
“ကျေးဇူးပါဆရာ....”
“သမီး ဒါနဲ့ဒါ၊ ပြီးတော့ ဒါရော လိုချင်တယ်။”
“ကောင်းပြီ။ အာ....”
အန်လင်းမှာ စိတ်ဝိဥာဥ်သစ်သီးအား ခွံ့ကျွေးလိုက်သည်။
တပည့်လေးအား ခွံ့ကျွေးရသည်မှာ ကောင်းလှသည်။
တစ်ရက်ကြာပြီးနောက်....
သူသည် စီးတော်တပိုင်အားခေါ်ကာ ပုတီးစေ့ ခရီးစဥ် စတင်လိုက်သည်။
မရဏဝိဥာဥ်မိစ္ဆာမြေ....