← Chapters

အန်လင်းပရိသတ်

Vol. 87 Ch. 1221

အန်လင်းပရိသတ်

Vol. 87 Ch. 1221

တစ်နေရာတည်းကို သွားကြမှာလား.....

အန်လင်းတို့ သဘောပေါက်သွားကြသည်။

အနောက်နေ သည်းကြီးမည်းကြီး လိုက်နေတာ မထူးဆန်းတော့ဘူး......

ဓားပျံစီးသူ ငိုချင်လာရသည်။

ဒီကောင် အရှေ့ကနေ ဖင်မြှောက်အီးပေါက်နေတာ မထူးဆန်းတော့ဘူး.....

တပိုင် စိတ်လှုပ်ရှားသွားသည်။

“ငါ့ကို အထင်သေးမိတာ နောင်တရလား။ ဖေဖေက သေသေချာချာ ပြပေးလိုက်တာလေ။”

ဓားပျံစီးသူ အရိုအသေ ပေးလာသည်။

“စော်ကားမိတာ တကယ်တောင်းပန်ပါတယ်။”

သူသည် လုပ်သင့်သည်၊ မလုပ်သင့်သည်ကို ကောင်းစွာခွဲခြားနိုင်သည်။

တစ်နေရာတည်းသို့ သွားရမည် ဖြစ်သောကြောင့် ရန်စမရှည်သင့်တော့ပေ။

ထို့အပြင် ဦးစွာအထင်သေးမိသော သူသည်သာ အပြစ်ရှိသူ ဖြစ်သည်။

သူသည် မာနတရား မြိုသိပ်ရမည့် အချိန်အား နားလည်ကာ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်၏။

တပိုင် ခပ်ဖွဖွ ပြုံးလိုက်သည်။

“တွေ့လား။ တောင်းပန်ရတာ မခက်ပါဘူး။ ငါ့မှာ ကြိုးကြိုးစားစား အီးပေါက်ခဲ့ရတာ။”

ဓားပျံစီးသူ မျက်နှာပျက်သွားပါသော်လည်း ဘာမှပြောမလာပေ။

တာဝန်ပြီးလို့ကတော့ ခွေးသားစားပစ်မယ်....

ခွေးပျံနှင့် ဓားပျံတို့၏ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။

တပိုင်သည် အလျင်စလို ပျံသန်းစရာ မလိုတော့သဖြင့် အရှိန်အား လျှော့ချလိုက်သည်။

ဓားပျံစီးသူမှာ လိုက်မှီလာ၏။

သူသည် စိတ်တိုစရာ ခွေးသခင်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

ထို့နောက် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

“အန်.... အန်လင်းလား။”

သူရေရွတ်လိုက်သည်။

“သိနေတာလား။”

အန်လင်း ပြုံးကာပြောလာသည်။

“ဒါပေါ့။ ကိုးပြည်ထောင်က သတင်းစာတွေမှာပါလာတဲ့ ခင်ဗျား ပုံတွေကိုကြည့်ပြီး အမြဲလေးစားနေခဲ့ရတာ။”

သူသည် မျက်ဝန်းများ တောက်ပလာပြီး တစ်ချိန်တည်းမှာပင် ကြောက်စိတ်ဝင်လာမိသည်။

ငါသေချင်နေလွန်းလို့များ ဓားအင်မော်တယ်ရှေ့ ဖင်တောင်မိတာလား.....

အန်လင်းမှာ သဘောကောင်းနေသောကြောင့်သာ တော်တော့သည်။

အန်လင်း တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“ပျံသန်းတယ်ဆိုတာ နေရာကူးပြောင်းဖို့ အတွက်ပဲလေ။ ဓားနဲ့ခွေးကြား ဘာမှမကွာပါဘူး။ ဓားကဓားတစ်လက်ပဲ။ လိုအပ်တဲ့ နေရာမှာ တိုးတက်နေဖို့ပဲလိုတယ်။ ဓားမစီးတဲ့သူကို အထင်သေးစရာ မလိုပါဘူး။”

ဓားပျံစီးသူ အရိုအသေ ပေးလာသည်။

“သင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ခင်ဗျား စကားတွေက ဆယ်နှစ်စာ ကျင့်ကြံတာထက်တောင် ဉာဏ်အလင်း ရစေသေးတယ်။”

အန်လင်း ပြုံးလိုက်မိသည်။

ငါ့စကားနွားရ ပြောနေတာကိုတောင် ဉာဏ်အလင်း ရသွားသေးတာလား.....

လူတစ်ဦးသည် အောင်မြင်မှု မရှိပါက မည်သည့်အကြံမဆို အသုံးဝင်မည် မဟုတ်ပေ။ နေရာတစ်ခုသို့ တက်လှမ်းနိုင်ခဲ့ပါကမူ ပြောလိုက်သည့် စကားတိုင်း အလွန်တရာ တန်ဖိုးရှိနေလိမ့်မည်။

အဓိပ္ပါယ် မရှိသော စကားဆိုလျှင်ပင် တနည်းတဖုံး အသုံးဝင်နေလိမ့်မည်။

“မရဏဝိဥာဥ်မိစ္ဆာမြေကို ဘာလာလုပ်တာလဲ သိလို့ရမလား။ ကူညီနိုင်တာဆို ကူညီပေးဖို့ အသင့်ပါပဲ။”

ဓားပျံစီးသူ မေးမြန်းလာသည်။

“ဒါနဲ့... မင်းက....”

အန်လင်း အမည်မေးလိုက်သည်။

“ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးဖို့ မေ့သွားတယ်။”

ဓားပျံစီးသူ စကားဆိုလိုက်သည်။

“ကောင်းကင်ဓားဂိုဏ်းရဲ့ မျိုးဆက်ဆယ့်ရှစ်ခုမြောက်တပည့် စွန်းယွီလော့ပါ။”

စွန်းယွီလော့ အလျင်အမြန် စကားဆက်လိုက်သည်။

“ကျွန်တော်က ကောင်းကင်ဓားဂိုဏ်းက ဆိုပေမယ့် ခင်ဗျားအပေါ် မကျေနပ်တာမျိုး မရှိပါဘူး။ အမြဲတမ်း လေးစားခဲ့ရတာပါ။”

အန်လင်းသည် ကောင်းကင်ဓားဂိုဏ်းချုပ် လျှိုမင်ရွှမ်းနှင့် ရန်ကြွေးရှိသည် မဟုတ်ပါလော။

အန်လင်းသည်လည်း ထိုသည်ကို ဂရုမစိုက်ပေ။

“မင်းကရော မရဏဝိဥာဥ်မိစ္ဆာမြေကို ဘာလာလုပ်တာလဲ။”

စွန်းယွီလော့ တုံ့ပြန်လာသည်။

“ဂိုဏ်းက လွတ်သွားတဲ့ ရှေးဟောင်းဓားကို ရှာမလို့ပါ။”

“ရှေးဟောင်းဓားက သူ့ဘာသာ ထွက်ပြေးနိုင်တာလား။”

အန်လင်း အံ့အားသင့်သွားသည်။

စွန်းယွီလော့ ခေါင်းညိတ်ပြလာသည်။

“အသင်္ချေဓားခေါင်းတလားထဲက ဓားတွေက ပိုင်ရှင် မရှိကြဘူး။ ဒါပေမယ့် ဓားတစ်လက်က ရုတ်တရတ် ဝိဥာဥ်မွေးဖွားလာပြီး ထွက်ပြေးသွားတယ်လေ။ ယင်အမျိုးအစား မရဏဝိဥာဥ်ဓားဆိုတော့ မရဏဝိဥာဥ်မိစ္ဆာမြေ ရောက်နေလောက်တယ်လို့ မှန်းထားကြတာ။ တခြားတပည့်တွေလည်း လိုက်ရှာနေကြမှာ။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

ရှဲ့လေးလိုပဲပေါ့....

ရှေးဟောင်းဓားမှ ဝိဥာဥ်မွေးဖွားလာသည်မှာ ရှားပါးလှသည်။

ကိုးပြည်ထောင်၏ နံပါတ်တစ် ဓားဂိုဏ်းဖြစ်သော ကောင်းကင်ဓားဂိုဏ်းမှာ ဓားများအား တန်ဖိုးထားသောကြောင့် အသည်းအသန် လိုက်ရှာနေသည်မှာ မထူးဆန်းပေ။

အန်လင်း စကားဆိုလိုက်သည်။

“ငါက ဆယ်စုနှစ်တစ်ခါ သွေးတွေထွက်လာတတ်တဲ့ တောင်တန်းနီကို ရှာမလို့။ မင်းရော အဲ့အကြောင်းသိလား။”

“သွေးထွက်တဲ့တောင်...”

စွန်းယွီလော့ ဖြူဖျော့သွားရသည်။

“သရဲတွေ ဘာတွေများလား။ ကျွန်တော့်ကို မခြောက်ပါနဲ့။”

အန်လင်း : “....”

စွန်းယွီလော့သည် အကြောက်ပိုတတ်ပုံပင်။

အဲ့ဒါနဲ့များ မရဏဝိဥာဥ်မိစ္ဆာမြေကို လာနေသေးတယ်.....

အဲ့မှာ သရဲပေါတယ် မဟုတ်ဘူးလား....

အန်လင်း မြေပုံအား လေ့လာလိုက်သောအခါ ထိုတောင်သည် မရဏဝိဥာဥ်မိစ္ဆာမြေ၏ အလယ်ဗဟိုတွင် ရှိနေသောကြောင့် ကိုယ့်ဘာသာ စူးစမ်းလေ့လာ သွားရမည့်ပုံပင်။

“ကိုယ့်အားကိုယ်ကိုးရမှာပဲ။”

စွန်းယွီလော့အား မျှော်လင့်နိုင်မည့်ပုံ မရပေ။

စွန့်ယွီလော့ အန်လင်းအား ကြည့်ရှုလာသည်။

“စီနီယာ ကျွန်တော့်ကို ခေါ်သွားပါနော်။”

“ရပါတယ်။ ကိုယ့်တာဝန် ကိုယ်လုပ်ပါ။”

အန်လင်း ငြင်းပယ်လိုက်သည်။

“ကျွန်တော် အလေးစားရဆုံး ဓားအင်မော်တယ် ဘေးမှာပဲ လိုက်နေချင်တယ်။ မရဏဝိဥာဥ်မိစ္ဆာမြေကိုလည်း နှစ်ယောက်လုံး မရောက်ဖူးကြဘူးလေ။”

စွန်းယွီလော့ တောင်းဆိုလာသည်။

အန်လင်း မျက်နှာပျက်သွားသည်။

“မင်းငါ့ကို လေးစာတာနဲ့ပဲ နေရာတကာ ခေါ်သွားလို့ မရဘူးလေ။ ငါ့ကို လေးစားတဲ့သူတွေမှ အများကြီး...”

စွန်းယွီလော့ ပြန်မပြောနိုင်တော့ပေ။

“ပြီးတော့....”

အန်လင်း ပြုံးကာပြောလိုက်သည်။

“မင်းက ကောင်းကင်ဓားဂိုဏ်းကလေ။ မင်းအလေးစားဆုံးက လျှိုမင်ရွှမ်းပဲ ဖြစ်မှာပေါ့။ မင်းက တကယ်ရယ်ရတာပဲ။”

စွန်းယွီလော့ ရင်ဘတ်အားပုတ်ကာ ပြောလိုက်သည်။

“ဓားအင်မော်တယ် အန်လင်း ကျွန်တော့် နှလုံးသားက အမှန်ပါ။ ဂိုဏ်းချုပ်ထက်တောင် လေးစားတယ်ဆိုတာ ဘယ်လိုလုပ်ပြမှ ယုံမှာလဲ။”

တပိုင်မှာ လိင်တူချစ်ခြင်းအား ကြည့်နေရသလို ခံစားလာရသည်။

“အစ်ကိုကြီးအန် ကျွန်တော် အရှိန်မြှင့်လိုက်ရမလား.... ဝုတ်။”

စွန်းယွီလော့ အလျင်အမြန် ပြောလာသည်။

“ဓားအင်မော်တယ်အန်လင်း ကျွန်တော့်မှာ မရဏဝိဥာဥ်မိစ္ဆာမြေရဲ့ မြေပုံရှိတယ်။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ။ တူတူသွားကြတာပေါ့ စွန်းလေး...”

“ကျေးဇူးတင်ပါတယ် ဓားအင်မော်တယ် အန်လင်း...”

စွန်းယွီလော့ စိတ်လှုပ်ရှားသွားသည်။

တပိုင် : “....”

All Chapters