ဆုတ်ယုတ်သွားသော နတ်ဘုရားမျိုးဆက်
Vol. 50 Ch. 678
တံငါသည်အဘိုးအိုက အပြုံးတစ်ခုဖြင့် ပြောသည်။ “ဒီကောင်လေးကတော့ နှောင်ကြိုးလေးတွေ ထားခဲ့တတ်တာပဲ”
ထိုသို့ပြောပြီးနောက် သူက ချီမျှင်ကို လှုပ်ခါလိုက်ရာ သန့်စင်သော ယင်ချီသည် နဂါးငယ်လေးတစ်ကောင်သဖွယ် ယန်ကျင့်ကျင့်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်ဝင်ရောက်သွား၏။
ယန်ကျင့်ကျင့်မှာ အတွေ့အထိကို ခံစားလိုက်ရသော်လည်း မည်သို့မျှထူးထူးခြားခြား ဖြစ်မသွားပေ။ နဖူးသာ အတန်ငယ် အေးသွားသဖြင့် မေးလိုက်မိသည်။ “တံငါသည်ဆရာသခင်၊ သန့်စင်ယင်ချီရဲ့ အကျိုးကျေးဇူးက ဘာလဲဟင်... ကျွန်မ ဘာမှမရလိုက်သလိုပဲ”
တံငါသည်အဘိုးအိုမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “ဒါက မင်း ပြောနေတဲ့ တူနှစ်ကိုယ်ကျင့်ကြံတာမျိုး မဟုတ်ဘူးကွယ့်... စစချင်း ဘယ်လိုလုပ် သိသာမှာတုန်း... သန့်စင်ယင်ချီက မင်းရဲ့ယန်ကို ထိန်းညှိပေးမှာ.. အကျိုးကျေးဇူးကို ချက်ချင်း မြင်ရမှာမဟုတ်ဘူး... ဖြည်းဖြည်းချင်း ပြောင်းလဲလာလိမ့်မယ်”
ကောင်းကင်ထက်ရှိ အနီရောင်ခွန်က သာယာနာပျော်ဖွယ် အော်သံတစ်သံ ပြု၍ မဟာမြို့ပျက်၏အပေါ်မှ ပျံသန်းသွားသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် သူတို့ နီးသထက် နီးလာကြ၏။
တံငါသည်အဘိုးအိုက ပြောသည်။ “မင်းက သန့်စင်ယန်ခန္ဓာဆိုတော့ မင်းကိုယ်ထဲမှာ သန့်စင်ယန်ချီပဲ ရှိတယ်... နတ်ဘုရားမကျစ်ချင်း သွန်းလုပ်ခဲ့တဲ့ နေအပြင် နေသင်္ဘောတွေကလည်း အင်မတန် အားကောင်းပြင်းထန်တဲ့ သန့်စင်ယန်ချီကနေ တည်ဆောက်ထားတာ... မင်း နေစောင့်ရှောက်သူဖြစ်လာတော့ မင်းကိုယ်ထဲမှာ သန့်စင်ယင်ချီ ရှိမှာမဟုတ်ဘူး.... ဒီတော့ နေသင်္ဘောကို ထိန်းချုပ်လိုက်တိုင်း ပြင်းထန်အားကောင်းတဲ့ သန့်စင်ယန်ချီက မင်းကိုယ်နဲ့ တစ်သားတည်းဖြစ်ပြီး စုဝေးလာရောပေါ့.... အစကတည်းက သန့်စင်ယင်ချီကလည်း မရှိထားတဲ့အတွက် ချီနဲ့သွေးတွေ ခမ်းခြောက်လာမယ်.... ခမ်းခြောက်တယ်ဆိုတာ ဘာလဲသိလား”
ချင်မူ ဆက်ပြောသည်။ “ဘိုးဘိုးဆေးဆရာက ချီနဲ့သွေးခမ်းခြောက်သွားတဲ့ ဥပမာပဲ... သူ ပြောတာတော့ သူ့ချီနဲ့သွေး ခမ်းခြောက်သွားတာက ပန်းအိုးထဲ ပန်းထိုးသလိုပဲတဲ့... လန်းဆန်းတောက်ပနေတဲ့ ပန်းတွေကို ပန်းအိုးထဲ ထည့်လိုက်ရင် ပန်းတွေက လှလှလေး ပွင့်လာလိမ့်မယ်... ဒါပေမဲ့ ရက်ပိုင်းအတွင်း ညှိုးနွမ်းသွားမှာပဲ... ဘိုးဘိုးဆေးဆရာ ပြောပုံအရဆို ချီနဲ့သွေး ခမ်းခြောက်သွားရင် လူတစ်ယောက်ဟာ အလှဆုံးအချိန်မှာ ငေါက်ခနဲ သေရလိမ့်မယ်တဲ့”
တံငါသည်အဘိုးအိုက ဆက်လက်ရှင်းပြ၏။ “ဒီဘိုးဘိုးဆေးဆရာက ဗဟုသုတကြွယ်သားပဲ... သူ ပြောတဲ့ ဥပမာက မှန်တယ်... အဖော်မဲ့နေတဲ့ယန် မကြီးထွားလာတော့ရင် ချီနဲ့သွေး ခမ်းခြောက်ရတယ်... ချီနဲ့သွေးက ခမ်းခြောက်နေပေမယ့် ပြင်းပြင်းထန်ထန် တောက်လောင်နေသေးရင်တော့ အဲဒီလူ သေရဖို့ မဝေးတော့ဘူး... ဒီသန့်စင်ယင်ချီက မင်းအတွက် အားဖြည့်ဆေးပဲ... တူနှစ်ကိုယ်ကျင့်ကြံတာထက် အများကြီးကောင်းတယ်... ဟုတ်တာပေါ့ တူနှစ်ကိုယ်ကျင့်စဉ်က ပြဿနာတချို့ ဖြေရှင်းပေးနိုင်ပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကိုတော့ မရှင်းပေးနိုင်ဘူး”
ခြင်းထဲရှိ ငါးမ,လေးက ခေါင်းပြူထွက်လာကာ သရော်တော်တော် ပြော၏။ “သခင်အိုကြီးတော့ လူပျိုကြီးဘဝက ကျွတ်မှာကို မဟုတ်ဘူး”
အနီရောင်ခွန်ကြီးသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် မဟာမြို့ပျက် ထိစပ်နေသော နေရာသို့ ဝင်ရောက်လိုက်၏။ ထိုအချိန်တွင် သံလိုက်ဓာတ်မရှိသော နယ်မြေတစ်ခုအတွင်း ဝင်လိုက်သကဲ့သို့ သံလိုက်အားလှိုင်းတို့ ကမောက်ကမ ဖြစ်သွားသည်။ ဤနယ်မြေ၌ လူများသည် အပေါ်လည်းမတက်၊ အောက်လည်းမကျဘဲ ရှိနေ၏။ လေတွင် မျောလွင့်နေရန် ပျံသန်းခြင်းကောင်းကင်နတ်သိုင်းများ သုံးစရာမလိုပေ။
အဘယ်ကြောင့်ဆိုသော် မဟာမြို့ပျက်၏ သံလိုက်ဆွဲအားနှင့် ဤနေရာရှိ သံလိုက်ဆွဲအားက တစ်ခုနှင့်တစ်ခု ချေဖျက်ပြီး မျှခြေဖြစ်သွား၏။ သံလိုက်ဆွဲအားနှစ်ခု ညီမျှသွားသည့်အခါ လေတွင် မျောလွင့်နိုင်လိမ့်မည်။
ကောင်းကင်နတ်သိုင်းပညာရှင်များအတွက်တော့ အထူးအဆန်းမဟုတ်ပေ။ စီးဆင်းနေသော လေရှိနေသေးသည့်အတွက် ပျံသန်းခြင်းကောင်းကင်နတ်သိုင်းများဖြင့် ပျံသန်းနိုင်သေးသည် မဟုတ်ပါ၏လော။
“ချင်သားတော် မင်းကို ပေးလိုက်တဲ့ သန့်စင်ယင်ချီက သာမန်သန့်စင်ယင်ချီ မဟုတ်ဘူး... ခန္ဓာကိုယ်ကို စောင့်ရှောက်ပေးတဲ့ နတ်ဘုရားစွမ်းအင်ပဲ... အဲဒီယင်ချီကို ကျောက်စိမ်းရေကန်အဆင့် သိုင်းသမားတစ်ဦးရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲမှာ သန့်စင်ထားတာ”
တံငါသည်အဘိုးအိုက ချင်မူ့ကို ကြည့်၍ ပြောလိုက်သည်။ “နတ်ဘုရားကျစ်ချင်း ဖန်တီးခဲ့တဲ့ နေရဲ့ စွမ်းအားကို မင်း အပြည့်အဝ စုပ်ယူခဲ့ရင်တောင်မှ ခန္ဓာအစောင့်အရှောက် နတ်ဘုရားစွမ်းအင်က မင်းရဲ့ ပြဿနာတွေကို ရှင်းပေးဖို့ လုံလောက်တယ်”
ယန်ကျင့်ကျင့် အံ့အားသင့်သွားသည်။ “အဲဒီလောက် တန်ဖိုးကြီးတယ်လား”
“သိပ်ကြီးတာပေါ့”
တံငါသည်အဘိုးအိုက မျက်လုံးများ မှေးကျဉ်းရင်း တည်ငြိမ်စွာ ပြောသည်။ “ဒီလို ရတနာမျိုးကို လက်ဆောင်ရဖို့ အင်မတန်မှ ခက်ခဲခဲ့မှာပဲ... ထိုက်ဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားတစ်ပါးဘက်က သန့်စင်ယန်ချီနဲ့ သန့်စင်ယင်ချီကို ပေးရတာနဲ့တန်အောင် သူ သေခြင်းရှင်ခြင်းစစ်ဆေးမှုတွေ ကျော်ဖြတ်ခဲ့ရလောက်တယ်... နှစ်ခါမစဉ်းစားဘဲ မင်းကို ပေးလိမ့်မယ် မထင်ထားခဲ့ဘူး”
ယန်ကျင့်ကျင့် အကျေနပ်ကြီး ကျေနပ်သွားပြီး ချင်မူ့ကို ခိုးကြည့်ကာ ရှက်ရွံ့စွာ ခေါင်းငုံ့သွားတော့သည်။
ချင်မူ ခေါင်းကုတ်လိုက်မိ၏။ “အဲဒီလောက်လည်း မခက်ပါဘူး... ကျွန်တော် အခြားဟင်းလင်းပြင်တစ်ခုရဲ့ သဲကန္တာရထဲမှာ ခိုင်ဧကရာဇ်ခေတ် စစ်သူကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ... သူ့ကို ပြန်နှိုးပြီး သူ့စစ်သည်တော်တွေ အနားယူနိုင်အောင် သင်္ချိုင်းဗိမာန်တစ်ခု ကူဆောက်ပေးလိုက်လို့ သူက ကျေးဇူးတင်တဲ့အနေနဲ့ ဒီချီမျှင်နှစ်မျှင် ပေးလိုက်တာပါ”
တံငါသည်အဘိုးအို ဒေါသကြောင့် တုန်ရီလာသည်။
ခြင်းထဲရှိ ငါးမလေးက ခေါင်းပြူထွက်လာပြန်ကာ တခစ်ခစ် ရယ်သည်။ “သခင်အိုကြီး၊ ချင်သားတော်က သခင်အိုကြီးနဲ့ သိပ်တူတယ်နော်... နှစ်ယောက်လုံး တစ်သက်လုံး လူပျိုကြီးဖြစ်မယ့် ကံဇာတာ ပါတယ်”
တံငါသည်အဘိုးအိုက ခြောက်ကပ်ကပ် ပြောလိုက်၏။ “ဒီည ငါးခေါင်းစွပ်ပြုတ် သောက်ကြမယ်”
ငါးမလေးမှာ အလျင်အမြန် ဇက်ပုသွားပြီး စကားမပြောရဲတော့ပေ။
“ထူးဆန်းတယ်... စောစောက သန့်စင်ယင်ချီကို ဆွဲထုတ်လိုက်တုန်းက မင်းရဲ့ မျက်လုံးနှစ်ဖက်ကြားမှာ တစ်ခုခု ရှိနေသေးသလို ခံစားရတယ်... ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲမှာ မဟုတ်ဘူး”
တံငါသည်အဘိုးအိုက ချင်မူ့ကို အကဲခတ်နေပြီး သူ့အကြည့်သည် သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ကျရောက်သွား၏။ သူက အရောင်ပြောင်းနေသော မိုးမခသစ်ရွက်အောက်ရှိ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားကို အလွန်သိချင်နေသည်။ “မိုးမခသစ်ရွက်အောက်က ဘာလဲ.. ငါ မမြင်ရဘူး... ခွာကြည့်လို့ရလား”
ချင်မူ ဖြေလိုက်သည်။ “မိုးမခသစ်ရွက်အောက်က ကျွန်တော့် တတိယမျက်လုံးပါ... အထဲမှာ ကျွန်တော့်အစ်ကိုကြီး နေ,နေတာမလို့ မိုးမခသစ်ရွက်ကို မခွာတာ အကောင်းဆုံးပါပဲ... ဗြဟ္မဗုဒ္ဓ၊ ကောင်းကင်နယ်စားမင်းနဲ့ ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်လည်း ကျွန်တော့်အစ်ကိုကြီးနဲ့ အတူ နေနေကြတယ်”
တံငါသည်အဘိုးအို အံ့အားသင့်သွားပြီး ချင်မူ့ဆီသို့ စိုက်ကြည့်သည်။ “ကြွားနေတာတော့ မဟုတ်ဘူးမလား... မင်းရဲ့ တတိယမျက်လုံးကို ပိုလို့တောင် စိတ်ဝင်စားသွားပြီ... ခွာကြည့်၊ ငါ့ငါးမျှားတံနဲ့ မင့်အစ်ကိုကြီးကို မျှားထုတ်ပေးနိုင်တယ်”
ချင်မူ ကပျာကယာ ပြောလိုက်သည်။ “ဗြဟ္မဗုဒ္ဓ၊ ကောင်းကင်နယ်စားမင်းနဲ့ ချိဧကရာဇ်တို့က သူ့ကို ချုပ်ပေးထားတာဗျ... မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင်တောင် ရှိသေးတယ်... သူ့ကို လွှတ်ပေးလို့မရဘူး”
တံငါသည်အဘိုးအိုက ပို၍ပင် အံ့အားသင့်သွားပြီး စပ်စုချင်လာသည်။
ချင်မူမှာ သူ့အပြုအမူများကြောင့် ထိတ်လန့်နေ၏။ ‘ကောင်းကင်ဆရာသခင်အားလုံး ဒီလိုစပ်စုကြတာပဲလား’
အနီရောင်ခွန်ကြီးသည် ဆူးတောင်များကို ခတ်ရင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲတွင် လျင်မြန်စွာ ကွေ့၍ ဆင်းသက်လိုက်၏။ သို့သော် ချင်မူတို့အတွက်သာ လျင်မြန်စွာ ကွေ့လိုက်လိုက်သကဲ့သို့ ခံစားရသည်။ အနီရောင်ခွန်ကြီးအတွက်တော့ အေးအေးဆေးဆေး ကွေ့နေခြင်းသာ ဖြစ်ချေသည်။
သူတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ရောက်သည့်အခါ မဟာမြို့ပျက်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ဘေးတွင် ဒေါင်လိုက် ထောင်မတ်နေသကဲ့သို့ ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ဤမြင်ကွင်းမှာ မယုံနိုင်စရာကောင်းသော်လည်း သံလိုက်ဆွဲအားကြောင့်သာ ဖြစ်၏။
‘မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ သံလိုက်ဆွဲအား၊ မြေဆွဲအားနဲ့ ပတ်သက်တဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိပေမယ့် နည်းတယ်... အဘွားစစ်ဆို သိလောက်တယ်’
ချင်မူ့အတွေးများ ပျံ့လွင့်သွားသည်။ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတို့သည် အလွန်အသုံးဝင်ပုံရသည့်အတွက် လေ့လာသင့်သော နယ်ပယ်တစ်ခုဖြစ်၏။ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကျောင်းသားများအား သုတေသနလုပ်ခိုင်းရမည်။
သို့ဆိုလျှင် ကောင်းကင်နတ်သိုင်းစနစ်တစ်ခုကိုပင် ဖန်တီးမိကောင်း ဖန်တီးမိကြလိမ့်မည်။
တံငါသည်အဘိုးအိုမှာ သူ့ကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေ၏။ ‘ချင်သားတော်က ခဏခဏ ငေးငိုင်သွားတတ်တယ်... ဒီလောက်လှတဲ့ မိန်းကလေးနဲ့အတူ ရှိနေရတာတောင် တခြားကိစ္စတွေ လျှောက်တွေးနေတုန်းပဲ’
ချင်မူက စာအုပ်အသေးလေးတစ်အုပ် ထုတ်၍ သူ၏စိတ်ကူးများ ချရေးလိုက်သည်။ ထို့နောက် မင်ခြောက်သွားအောင် မှုတ်ပြီး သူ့ဘာသာသူ တွေးနေ၏။ ‘ပြန်ရောက်ရင် အဘွားစစ်ကို ပြောပြပြီး သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတွေအကြောင်း အဓိကထား လေ့လာဖို့ ကျောင်းသားတွေကို ဦးဆောင်ခိုင်းရမယ်”
ယန်ကျင့်ကျင့်မှာ ချင်မူ၏လေးနက်နေသော မျက်နှာကို ကြည့်ပြီး အတော်လေး ခံ့ညားသည်ဟု ခံစားနေရသည်။
“ဒီမိန်းကလေးလည်း ကယ်တင်လို့မရတော့ဘူး”
ခြင်းထဲရှိ ငါးမလေးက ခေါင်းယမ်းသည်။ “အဲဒီနလပိန်းတုံးကိုမှ ကြွေနေရတယ်လို့”
ချင်မူ ငုံ့ကြည့်လိုက်သည့်အခါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ချော်ရည်လှိုင်းများ အေးခဲသွားသဖြင့် လှိုင်းတွန့်သဏ္ဍာန် တောင်တန်းများ ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။ အပူရှိန် မရှိတော့သောကြောင့် ဆန်းကြယ်သားရဲတချို့သည် ဤနေရာသို့ ရောက်လာခဲ့ကြပြီး ငှက်တချို့ဆိုလျှင် အစေ့များပင် သယ်ဆောင်လာကြ၏။ မြေပြင်မှာလည်း အနည်းငယ် စိမ်းစိုစပြုလာသည်။
လောလောဆယ်တွင် မဟာမြို့ပျက်၏ ဆန်းကြယ်သားရဲများ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ နေရာရွှေ့ပြောင်းနေကြသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံက မြင့်မားသည့်အပြင် မဟာမြို့ပျက်၏ညအချိန်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေ့ဖြစ်သဖြင့် အမှောင်ထု၏ ဝါးမြိုခံရမည်ကိုလည်း ကြောက်စရာမလိုတော့ပေ။ ထို့ကြောင့် မဟာမြို့ပျက်၏ ဆန်းကြဲသားရဲများလည်း ဤနေရာကို သဘောကျနေကြ၏။
“နှစ်နှစ်သောင်း.... အရင် ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားမျိုးဆက်တွေဟာ အခုတော့ အသိဉာဏ်မဲ့တဲ့ ဆန်းကြယ်သားရဲတွေ ဖြစ်ကုန်ကြပြီ... နှမြောစရာပဲ... နှမြောစရာပဲ” တံငါသည်အဘိုးအိုက ခေါင်းယမ်းလိုက်၏။
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ဆရာဦးလေး ဆိုလိုတာက ... ဒီဆန်းကြယ်သားရဲအားလုံး...”
တံငါသည်အဘိုးအိုက ပြောသည်။ “ခိုင်ဧကရာဇ်ကောင်းကင်ဘုံရဲ့ လက်ကျန်နတ်ဘုရားမျိုးဆက်တွေပဲ... ဒါပေမဲ့ မျိုးဆက်က ဆိုးဆိုးရွားရွား ဆုတ်ယုတ်သွားပြီ”
ချင်မူ တုန်ရီနေသောအသံဖြင့် မေးလိုက်မိသည်။ “ဒါဆို ကြက်နဂါးတွေကလည်း ကောင်းကင်နတ်ဘုံကနေ အသက်ရှင်ကျန်ခဲ့တဲ့သူတွေလား”
ပွဲတော်အချိန် ရောက်တိုင်း ကြက်နဂါးများအား မျိုးစုံချက်စားတတ်သည်ကို ပြန်တွေးရင်း ချင်မူ လိပ်ပြာမလုံတော့ပေ။
“ကြက်နဂါးတွေလား”
တံငါသည်အဘိုးအို ခေါင်းယမ်းလိုက်သည်။ “ကောင်းကင်နတ်ဘုံ ပြိုကျတုန်းက ကြက်နဂါးတွေ မသေသွားဘူးလား... သူတို့က လက်ကျန်နတ်ဘုရားမျိုးဆက်မဟုတ်ဘူး... လူတော့ သိပ်မသိပေမယ့် ခိုင်ဧကရာဇ်ခေတ်တုန်းက ကောင်းကင်နဂါးတစ်ကောင်က ကြက်မတစ်ကောင်နဲ့ ပတ်သက်ခဲ့တယ်လေ... အဲဒါနဲ့ ကြက်နဂါးတွေ မွေးလာတာ.... ကောင်းကင်နဂါးတွေရဲ့ ဘဝလည်း ကမောက်ကမဖြစ်ကုန်တယ်... နောက်ပိုင်း ကြက်နဂါးတွေက စားကောင်းမှန်း လူတွေ သိလာကြပြီး နဂါးအသည်းတို့၊ ဖုန့်ဟွမ်ဦးနှောက်တို့ စားလို့လည်း အဆင်မပြေဖြစ်လာတော့ ကြက်နဂါးတွေကို မွေးလာကြတာပဲ”
ထိုအခါမှ ချင်မူ စိတ်သက်သာရာရသွားသည်။
သူတို့ လော့ဖူကောင်းကင်ကို ပတ်သွားပြီး တစ်ရက်၊ နှစ်ရက်ကြာမှ မဟာမြို့ပျက်၏ အနောက်ဘက်သို့ ရောက်သွားကြသည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ကျသွားသည့်နေရာက မာန်ဟုန်မြစ်အစနှင့် သိပ်မဝေးကြောင်း မြင်လျှင် ချင်မူ တအံ့တဩ အော်လိုက်သည်။ ဤအချိန်တွင် သဘာဝကျောက်ကမ်းပါး၏ ချောက်နက်ကြီးသည် ပို၍မတ်စောက်နက်ရှိုင်းလာခဲ့ချေပြီ။
ကမ်းပါးနံရံထက်၌ အက်ကွဲကြောင်းများစွာလည်း ဖြစ်ပေါ်နေပြီး အက်ကွဲကြောင်းများမှ ဖြာထွက်နေသော အလင်းရောင်တို့သည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အနောက်ပိုင်းသို့ ဖြာကျနေ၏။
ထိုစဉ်တုန်းက ရှင်းအန်းကို ရှောင်ရန် သူ၊ ပန်ကုန်းစုန်နှင့် နဂါးချီလင်တို့သည် သေတ္တာကြီးကို စီး၍ လွန်ခဲ့သောနှစ်လေးသောင်းက ချုံဧကရာဇ်ခေတ်သို့ ပြန်ရောက်သွားခဲ့ကြ၏။ အက်ကွဲကြောင်းတို့မှာ ထူးဆန်းသော ကမ္ဘာတစ်ခုစီသို့ ဦးတည်နေသော လမ်းကြောင်းများ ဖြစ်နေခဲ့လေသည်။
သူနှင့် ပန်ကုန်းစုန် သဲကန္တာရတစ်ခုဆီ ရောက်သွားကြပြီး အမှောင်ထု သဲကန္တာရကို ဖုံးလွှမ်းသွားသောအချိန်တွင် တစ်နည်းနည်းဖြင့် လွန်ခဲ့သောနှစ်လေးသောင်းထံ ရောက်သွားခဲ့ကြသည်။
ထို့အပြင် ထိုအဖြစ်အပျက်ကသာ မာန်ဟုန်မြစ်၏ ဆန်းကြယ်သောဖြစ်ရပ် မဟုတ်သေး။ မာန်ဟုန်မြစ်ပြင်ထက်၌ ခိုင်ဧကရာဇ်နှင့်ပင် ဆုံတွေ့ခဲ့ဖူးသည်။
“ဆရာဦးလေး မာန်ဟုန်မြစ်အစနဲ့ပတ်သက်ပြီး ထူးခြားတာတွေ ရှိလား” ချင်မူ ရုတ်တရက် မေးလိုက်မိသည်။
“ရှိတာပေါ့ အများကြီးပဲ”
တံငါသည်အဘိုးအိုသည် မာန်ဟုန်မြစ်အစရှိ ဆန်းကြယ်သော မြင်ကွင်းများနှင့် အသားကျနေပုံရပြီး အနီရောင်ခွန်ကြီးအား အလင်းရောင်များကို ရှောင်သွားစေလိုက်သည်။ “ဒီမှာ အခြားကမ္ဘာဆီ ဝင်ပေါက်တွေ ရှိနေတယ်... တချို့ကမ္ဘာတွေက ခိုင်ဧကရာဇ်ခေတ်တုန်းက ကျန်ခဲ့တဲ့ မြို့ပျက်တွေ... တချို့တွေကတော့ ချိမင်ခေတ်နဲ့ နဂါးဟန်ခေတ်ရဲ့မြို့ပျက်တွေပဲ... တစ်ခါတုန်းက ခိုင်ဧကရာဇ် နတ်ဘုရားတွေကို လွှတ်ပြီး စုံစမ်းခိုင်းခဲ့ဖူးပေမယ့် နောက်ဆုံးတော့ ဘာမှမရခဲ့ကြဘူး.... အလင်းရောင်တွေကို မထိနဲ့... စုပ်ယူမခံရအောင် သတိထား”
အနီရောင်ခွန်ကြီးက ကျောက်ကမ်းပါးမှ အလင်းရောင်တို့ကို ရှောင်ပြီး သူတို့ကို ထိုနေရာမှ ဝေးရာသို့ ခေါ်ဆောင်ရင်း လရေတွင်းဆီ ဦးတည်နေသည်။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ မာန်ဟုန်မြစ်အစက ဝေးသထက် ဝေးကျန်ခဲ့ကြောင်း မြင်လိုက်ရ၏။ “ဒါဆို ဒီကနေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ခေတ်တစ်ခေတ်ကို သွားလို့ရလား”
တံငါသည်အဘိုးအိုက တဟားဟား ထရယ်သည်။ “အဲဒီလိုအရာမျိုး ဘယ်လိုလုပ် ရှိနိုင်မှာတုန်း... ကြားတောင် မကြားဖူးဘူး... ငါ သိသလောက်ဆို ဒီကမ္ဘာဝင်ပေါက်တွေက တခြားကောင်းကင်နတ်ဘုံတွေ ချန်ရစ်ခဲ့တဲ့ မြို့ပျက်တွေ ဖြစ်လိမ့်မယ်... အဲဒီကောင်းကင်နတ်ဘုံတွေက တစ်ခုနဲ့တစ်ခု ထပ်နေလို့ ကမ္ဘာတွေကလည်း တစ်နေရာတည်း ဆုံသွားပြီး ထူးဆန်းတဲ့အရာတွေ ဖြစ်ပေါ်လာတာ ဖြစ်လောက်တယ်”
ချင်မူ စဉ်းစားသွား၏။ သူနှင့် ပန်ကုန်းစုန် အဘယ်သို့ပြု၍ အတိတ်သို့ ပြန်သွားနိုင်ခဲ့မှန်း နားမလည်သေးပေ။
ပိုင်ချွီအာနှင့် ဆုံတွေ့ခဲ့မှုကလည်း အိပ်မက်သက်သက်သာ မဟုတ်။
‘မာန်ဟုန်မြစ်ထဲက လျှို့ဝှက်ချက်အားလုံးကို ဘယ်လိုဖော်ထုတ်ရမလဲ’
သူ အကြည့်လွှဲပြီး နောက်ပြန်လှည့်လိုက်သည်။ ‘ဒီလျှို့ဝှက်ချက်တွေကို ငါ သေချာပေါက် ဖော်ထုတ်နိုင်တယ်’
နောက်ဆုံးတော့ လရေတွင်းသို့ ရောက်လာကြ၍ ချင်မူ အနီရောင်ခွန်ကြီး၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ အနီရောင်ခွန်ကြီးက သေးသွားပြီး ငါးနီလေးတစ်ကောင်အသွင် ပြန်ပြောင်းကာ ဆင်းထဲ ခုန်ဝင်လိုက်၏။ ငါးနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောရင်း ချစ်ကြည်နူး တစ်တီတူးနေကြတော့သည်။
ယန်ကျင့်ကျင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လရေတွင်းမှ လရောင်ခြည်တို့ကလည်း မမြင်ရသော အကာအရံတစ်ခု ဖွဲ့တည်၍ ဤနေရာကို ကာကွယ်ရင်း သီးခြားကမ္ဘာတစ်ခု တည်ဆောက်ထားကြောင်း မြင်လိုက်ရ၏။ အပြင်လူများ ရောက်လာပြီး အထဲဝင်နိုင်မည့် လမ်းကို မသိလျှင် လရေတွင်းထဲ ဝင်နိုင်မည်မဟုတ်ပေ။ သူတို့အနေဖြင့် ရေတွင်းကိုလည်း မြင်ရမည်မဟုတ်။ အရှေ့၌ တောအုပ်တစ်အုပ်သာ ရှိနေလိမ့်မည်။
တံငါသည်အဘိုးအိုက ဤနေရာသို့ ရောက်ဖူး၍ လမ်းသိလေသည်။
လရေတွင်း၏အတွင်းမှာ ဖရိုဖရဲ ဖြစ်နေသည်။ ပျက်စီးကြေမွနေသော ကြမ်းခင်းများ ပြန့်ကြဲနေသလို၊ ပြိုကျနေသည့် အဆောက်အဦများလည်း ပြည့်နှက်နေ၏။ မြေပြင်ပေါ်တွင် အရိုးစုများလည်း ရှိနေသည်။
ဤနေရာ အဘယ်ကြောင့် ယခုလိုဖြစ်သွားရသလဲ ချင်မူ သိသည်။
ရန်သူတို့၏ ကျူးကျော်ဝင်ရောက်မှု။
သို့သော် လစောင့်ရှောက်သူက မျိုးနွယ်ကို စွန့်ပစ်၍ လသင်္ဘောကို ဖုန်းတုသို့ မောင်းနှင်သွားခဲ့သည်။
သူ၏မျိုးနွယ်ဝင်များမှာ လေရေတွင်း၏ ပတ်ဝန်းကျင်၌ သေဆုံးခဲ့ကြရပြီး လစောင့်ရှောက်သူကိုလည်း မျိုးနွယ်စုအပေါ် သစ္စာဖောက်ခဲ့မှုကြောင့် ယမမင်းက ဖုန်းတုတွင် လက်မခံခဲ့ဘဲ အပြင်၌သာ နေစေခဲ့သည်။
ပို၍ပင် ဒေါသထွက်စရာကောင်းသည်မှာ မိစ္ဆာနတ်ဘုရားတစ်ပါးက သူနှင့်အတူ ဖုန်းတုဆီ လိုက်လာခဲ့ကာ အလစ်ချောင်းနေခဲ့သေး၏။ ထိုမိစ္ဆာနတ်ဘုရားမက ချင်မူ့ကို ညှို့ငင်ပြီး ဖမ်းနိုင်လုဆဲဆဲ ဖြစ်ခဲ့သည်။ ကံကောင်းထောက်မ၍ ရွာလူကြီးကြောင့် သူမ ဒဏ်ရာရသွားခဲ့လေသည်။
ချင်မူ လသင်္ဘောကို ထိန်းချုပ်ပြီးနောက် လစောင့်ရှောက်သူမှာ လသင်္ဘော၏ ဝါးမြိုခြင်းခံခဲ့ရသည်။ ထိုအဆုံးသတ်က သူနှင့် ထိုက်တန်၏။
ချင်မူ လထိန်းကျောင်းသူများ၏ အရိုးတို့ကို ဂရုတစိုက် ရှောင်ရင်း နဂါးချီလင်အား ပြောလိုက်သည်။ “ဒီလထိန်းကျောင်းသူတွေက မဟာမြို့ပျက်ရဲ့ စောင့်ရှောက်သူတွေပဲ.... သူတို့ကို လေးစားသင့်တယ်... မင်း တက်နင်းမိလိုက်လို့ သူတို့ မနာသွားအောင် ဂရုစိုက်”
နဂါးချီလင် အကြောက်ဆုံးကလည်း ယခုလိုအရာများ ဖြစ်သည်။ သူက အမြီးကုပ်ပြီး တုန်ရီနေသောအသံဖြင့် ပြောသည်။ “တက်နင်းမိလိုက်လို့ မနာသွားအောင် ဟုတ်လား... ဂိုဏ်းသခင်၊ သူတို့က အသက်ရှင်နေသေးတာလား”
“ခဏနေရင် ငါ သူတို့ကို အသက်သွင်းပြီး မြေမြှုပ်ပေးမှာ”
ချင်မူက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြောသည်။ “မဟာမြို့ပျက်ကို စောင့်ရှောက်ပေးတဲ့ စစ်သည်တော်တွေရဲ့ အလောင်းတွေ ဒီလို ဗြဲလယမ်း ရှိမနေသင့်ဘူး”
တံငါသည်အဘိုးအိုက ရေတွင်းဘေး၌ ခုံပုလေး ချကာ ထိုင်လိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မင်းက ကြင်နာတတ်တာပဲ... ကောင်းကင်ဆရာသခင်ကောင်းချာ မင်းကို မြင်ရင် သေချာပေါက် သဘောကျလိမ့်မယ်”
ချင်မူ မေးလိုက်မိသည်။ “ကောင်းကင်ဆရာသခင်ကောင်းချာ ဆိုတာက”
“ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးယောက်ထဲက တစ်ယောက်ပဲ... သူက နွားတစ်ကောင်နဲ့ လယ်ထွန်တယ်”
တံငါသည်အဘိုးအိုက ငါးမျှားကြိုးချလိုက်ပြီး ခြင်းထဲရှိ အနီရောင်ငါးမလေးက လရေတွင်းထဲ ဆင်းသွားသည်။ တံငါသည်အဘိုးအို ဆက်ပြောလိုက်၏။ “သူက ကောင်းကင်ဆရာသခင်လေးယောက်ထဲမှာ သိုင်းပညာ ကောင်းကင်ဆရာသခင်လေ... သူ့အစွမ်းအစတွေက သန်မာအားအကောင်းဆုံးပဲ”